အခန်း ၁၂
Vol. 2 Ch. 12
12
လုရှီမန် သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။ အကယ်၍ စုန့်ကျီပိုင်က ကျေးဇူးဆပ်ရန်အတွက် ဤမျှလောက်အထိ တောင်းဆိုရဲပါလျှင် ဝတ္ထုစာအုပ်ထဲမှ မူလပိုင်ရှင်က ဘာကြောင့်များသဘောမတူခဲ့ရသနည်း။
သူမ၏မူလဇာတ်ကြောင်းပါ အဆင့်အတန်းကို စွန့်လွှတ်လိုက်နိုင်သရွေ့ စည်းစိမ်ချမ်းသာများဖြင့် ပြည့်နှက်နေသောဘဝမျိုးမရနိုင်လျှင်တောင်မှ ကျေးလက်ဒေသသို့ နယ်နှင်ဒဏ်ပေးခံရခြင်းထက်တော့ သေချာပေါက် ပိုကောင်းနေမည်ဖြစ်သည်။
မူလပိုင်ရှင်၏ ထူးခြားလှသောမာနတရားကြောင့်လော။ လုမိသားစု၏ သမီးတစ်ယောက်ဟူသော ဂုဏ်ပုဒ်ကို မစွန့်လွှတ်လိုခြင်းလော။ သို့မဟုတ် သခင်မလေးတစ်ယောက်၏သိက္ခာတရားကြောင့် ယခင်က မိမိနောက်လိုက်ဖြစ်ခဲ့ဖူးသူကို လက်မထပ်လိုခြင်းများလော။ သို့မဟုတ် စစ်တပ်ထဲသို့လိုက်ပါရခြင်း၏ ကြမ်းတမ်းခက်ခဲသော အခြေအနေများကြောင့်လော။
“စစ်တပ်ထဲကို လိုက်ရမယ်ဆိုရင် ကျွန်မက ဘယ်ကိုသွားရမှာလဲ”
“ဟိုင်နန်ကျွန်းကိုပါ၊ အဲဒီက ပတ်ဝန်းကျင်က ဒီကလောက်တော့မကောင်းဘူး၊ ဒါပေမဲ့ မင်းအတွက် အကောင်းဆုံးအခြေအနေတွေ ဖန်တီးပေးနိုင်အောင် ကျွန်တော်ကြိုးစားပါ့မယ်"
စုန့်ကျီပိုင်သည် သူ့နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်မိကာ အနည်းငယ် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။ ဟိုင်နန်ကျွန်း၏ရာသီဥတုသည် ကျဲ့မြို့လောက် သက်တောင့်သက်သာမရှိလှသလို အရင်းအမြစ်များကလည်း ရှားပါးလှသည်။ နယ်စပ်တွင် တာဝန်ထမ်းဆောင်ရခြင်းက ပို၍ပင် ကြမ်းတမ်းခက်ခဲပေဦးမည်။
ဤမျှဆိုးရွားသော ပတ်ဝန်းကျင်အခြေအနေက သခင်မလေးနှင့်မည်သို့မျှ မထိုက်တန်နိုင်ပေ။
‘ငါ ဘယ်လိုလုပ်ပြီး ဒီလိုတောင်းဆိုမှုမျိုးကို လုပ်ရဲခဲ့တာလဲ'
သူက ခေါင်းငုံ့ချလိုက်ကာ မျက်ဝန်းများထဲတွင် မိမိကိုယ်ကိုအပြစ်တင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသာ ဒီထက်ပိုပြီး ကြိုးစားနိုင်ခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မည်နည်း။
သူသာ ရာထူးမြင့်မြင့်တစ်ခုကိုရရှိခဲ့ပြီး ပြည်တွင်းတွင် တပ်စွဲထားသောတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မည်နည်း။
‘ဟိုင်နန်ကျွန်းလား'
အားလပ်ရက်အပန်းဖြေနိဗ္ဗာန်ဘုံလေး၏ပုံရိပ်သည် လုရှီမန်စိတ်အာရုံထဲတွင် လျှပ်တစ်ပြက်ဖြတ်ပြေးသွားခဲ့သည်။ တစ်ခါက အားလပ်ရက်ခရီးစဉ်အဖြစ် ထိုနေရာသို့ နှစ်ရက် သုံးရက်ခန့် သူမ သွားရောက်ခဲ့ဖူးသည်။ ပြာလဲ့နေသောပင်လယ်ပြင်နှင့် ကောင်းကင်ပြာကြီးသည် သူမအတွက် အစစ်အမှန် အပန်းဖြေအနားယူရာနေရာလေးတစ်ခုဖြစ်ခဲ့၏။
ဆိုးရွားသည်ဟုပြောလျှင်လည်း လုံးလုံးလျားလျားမှန်ကန်နေမည်မဟုတ်သလို မဆိုးလှဘူးဟုပြောလျှင်လည်း လိမ်ရာကျနေပေမည်။
ဤခေတ်တွင် နယ်စပ်ဒေသရှိရိက္ခာနှင့် အရင်းအမြစ်ထောက်ပံ့မှုများသည် ကျဲ့မြို့ထက် သေချာပေါက်နိမ့်ကျနေမည်ပင်။
သို့သော်လည်း အနောက်မြောက်ဘက်သို့ နယ်နှင်ခံရခြင်းနှင့် နှိုင်းယှဉ်လျှင် ဟိုင်နန်ကျွန်းသည် သေချာပေါက် ကောင်းမွန်သော နေရာတစ်ခုဖြစ်သည်။ သူမ လက်ထပ်ရန်ငြင်းဆန်ခဲ့ခြင်းမှာ သူမ၏သိက္ခာတရားကြောင့်ဖြစ်နိုင်၏။
သို့သော် သူမက မူလပိုင်ရှင်မဟုတ်ချေ။ ထို့ကြောင့် သူမတွင် မည်သည့် သိက္ခာတရားမှရှိမနေပေ။
သူမအတွက်တော့ အသက်ရှင်သန်ရေးနှင့် သက်တောင့်သက်သာနေထိုင်ရရေးကသာ အရေးအကြီးဆုံးဖြစ်သည်။ ကိုယ်ပိုင်ရည်မှန်းချက်များကသာ သူမဘဝကို လမ်းပြပေးနေသည်။
လုမိသားစုကိုဖြိုခွဲပြီးနောက် သူမအတွက် လွတ်မြောက်ရာလမ်းကိုရှာဖွေရမည်ဖြစ်သည်။ အပေါ်ယံကြည့်လျှင် သူမတွင် ထူးချွန်သောမိသားစုနောက်ခံ သို့မဟုတ် သင့်တော်သော အလုပ်အကိုင်တစ်ခုမှမရှိပေ။
‘ဖြစ်နိုင်တာက’
သူမသည် စုန့်ကျီပိုင်ကိုအကဲခတ်လိုက်ရင်း စိတ်ထဲတွင်ဝေခွဲမရဖြစ်နေမိသည်။ ရင်းနှီးကျွမ်းဝင်သူများပြည့်နှက်နေသော ဤနေရာမှထွက်ပြေးရမည်ဆိုသောအတွေးက အတော်လေးဆွဲဆောင်မှုရှိနေသည်။
“လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ရှင့်ရဲ့ကတိကဝတ်တွေကို အချက်သုံးချက်ပါတဲ့စာချုပ်တစ်ခုအနေနဲ့ ရေးလာခဲ့ပြီး မနက်ဖြန်ကျရင် ဝူဟုန်ဖေးနဲ့အတူ ကျွန်မကို လာရှာလိုက်၊ ဒါပေမဲ့ စုန့်ကျီပိုင်…”
သူမက စကားကိုခဏရပ်လိုက်၏။
“ရှင်က ကျေးဇူးဆပ်ဖို့အတွက်ပဲ ဒီလိုလုပ်တာ၊ ရှင်နဲ့ကျွန်မကြားမှာ အချစ်ဆိုတဲ့ကစားပွဲမျိုးတွေ မရှိဘူးနော်”
ခံစားချက်များကဲ့သို့ အန္တရာယ်များလှသောအရာမျိုးကို သူမလုံးဝ အထိအတွေ့ခံမည်မဟုတ်ပေ။ သူတို့နှစ်ဦးကြားတွင် ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးမျိုးသာရှိနိုင်သည်။
ထိုထက်ပိုသော ပတ်သက်မှုမျိုးဆိုသည်မှာ လုံးဝကိုမဖြစ်နိုင်သောအရာပင်။
“ကျွန်တော် သိပါတယ်”
သူ့လိုလူမျိုးသည် မြင့်မြတ်လှသော သခင်မလေးနှင့် မည်သို့ထိုက်တန်နိုင်ပါမည်နည်း။
လုမိသားစုသာ ဤကဲ့သို့သော အကျပ်အတည်းမျိုးနှင့် မရင်ဆိုင်ခဲ့ရပါက သူတို့နှစ်ဦးစကားပြောခွင့်ရရန်ပင် အကြောင်းဖန်လာမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူမကိုကူညီခွင့်ရသည့်အတွက် သူအလွန်ပျော်ရွှင်မိသည်။
“ဒါဆိုရင်လည်း သဘောတူညီမှုရပြီပေါ့”
ဆွေးနွေးမှုများပြီးဆုံးသွားပြီဖြစ်ရာ ဤနေရာတွင် ဆက်လက်နေထိုင်ရန် အကြောင်းပြချက်မရှိတော့ပေ။ ဤပတ်ဝန်းကျင်က သူမအပေါ် အနည်းငယ်မျှပင်ဖော်ရွေမှုမရှိလှချေ။
သူမက နီရဲနေသောလက်မောင်းကို လှမ်းကုတ်လိုက်ရင်း သက်ပြင်းတစ်ချက်ကို ထပ်မံချလိုက်ပြန်သည်။
ယခုတော့ သူမကိုယ်သူမပဲစေ့လေးတစ်စေ့ကြောင့် အိပ်မပျော်နိုင်ဖြစ်ရသည့် မင်းသမီးလေးကဲ့သို့ အလွန်တရာနူးညံ့သိမ်မွေ့လွန်းနေသည်ဟုခံစားနေရသည်။ ဤမျှလောက် အထိမခံနိုင်သော အခြေအနေမှ မည်သည့်အချိန်တွင် လွတ်မြောက်နိုင်မည်ကိုလည်း သူမကိုယ်တိုင်ပင်မသိနိုင်တော့ပေ။
သူမက စက်ဘီးပေါ်သို့တက်ကာ အိမ်စက်ဘီးစီး၍ပြန်လာခဲ့သည်။ အိမ်ကြီးတစ်ခုလုံးက အပ်ကျသံကြားရလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ သူမက မီးဖိုချောင်ထဲသို့ဦးစွာ ဝင်ရောက်သွားပြီး အေးစက်နေသော မီးဖိုကိုကြည့်ကာ မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်၏။
ရှန်ဟုန်မိန်မှာ တကယ့်ကို အမြော်အမြင်ကြီးမားလွန်းလှပေသည်။ သူမကဆူပူကြိမ်းမောင်းရန် အကြောင်းပြချက်မရှိမည်ကို စိုးရိမ်သဖြင့် ကိုယ်တိုင်ကိုယ်ကျပင်အပြစ်ရှာစရာဟာကွက်တစ်ခုကို ဖန်တီးပေးထားခဲ့သည်။
အကယ်၍ ဤအခွင့်အရေးကိုအသုံးချပြီး ပြဿနာမရှာလျှင် သူတို့စေတနာကို စော်ကားရာရောက်ပေလိမ့်မည်။
သူမက အောက်ထပ်တွင် ဟိုဟိုဒီဒီလျှောက်သွားကာ ညစ်ပတ်ရှုပ်ပွနေသောနေရာအားလုံးကို သေချာမှတ်သားထားလိုက်ပြီးနောက် အပေါ်ထပ်သို့ ဖြည်းညင်းစွာတက်သွားခဲ့သည်။
“အဖေ အဖေငှားထားတဲ့ အိမ်အကူက ဘာဖြစ်နေတာလဲ၊ သူမက တံမြက်စည်းလည်းမလှည်းဘူး၊ ထမင်းလည်း မချက်ဘူး၊ ကျွန်မတို့က ဘိုးဘေးတစ်ယောက်ကို ကျွေးမွေးပြုစုနေရတာလား”
သူမက အဆုတ်ကွဲမတတ်အသံကုန်ဟစ်အော်လိုက်ရာ အခန်းထဲတွင် ကြည်နူးနေကြသော လူနှစ်ယောက်မှာ လန့်ဖြပ်ပြီး သတိလစ်မတတ်ပင်ဖြစ်သွားကြ၏။ လီရှီချွမ်းက သူမကျောပြင်ကို ညင်သာစွာပုတ်ပေးလိုက်သည်။
“ရပါတယ်၊ ဒီခွေးမလေးကို ငါကိုယ်တိုင်သွားပြီး ပညာပေးလိုက်မယ်”