အခန်း ၁၃
Vol. 2 Ch. 13
13
ဟုန်မိန်ကိုအနိုင်ကျင့်ခြင်းက သူ့မျက်နှာကို ဖြတ်ရိုက်သကဲ့သို့ဖြစ်နေသည်ပင်။
လုရှီမန်သည် တင်းကျပ်စွာသော့ခတ်ထားသောတံခါးကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ယခုအချိန်တွင် သူတို့နှစ်ဦးကို သက်သေအထောက်အထားဖြင့်ဖမ်းမိရန် သူမဘက်က ကြိုတင်ပြင်ဆင်မှုမရှိသေးသောကြောင့်သာပင်။
ထိုသို့မဟုတ်လျှင် တံခါးကိုဆောင့်ကန်ဖွင့်လိုက်ပြီး လီရှီချွမ်းတစ်ယောက် ပန်းသေသွားသည်အထိ ခြောက်လှန့်ပစ်လိုက်မည်မှာ အသေအချာပင်။
သူမ တံခါးခေါက်လိုက်သည်။
“အဖေ ဘာလို့ တံခါးကိုသော့ခတ်ထားတာလဲ”
အခန်းတွင်းရှိ လူနှစ်ယောက်သည် အလျင်အမြန် သပ်ရပ်အောင်ပြင်ဆင်လိုက်ကြပြီးမှသာ ရှန်ဟုန်မိန်ကတံခါးကို လာဖွင့်ပေးလေ၏။
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် လုရှီမန်က လက်ဆန့်ထုတ်ကာ ရှန်ဟုန်မိန်အားဖြတ်ရိုက်လိုက်သည်။ သူမလှုပ်ရှားမှုက အလွန်တရာမြန်ဆန်လွန်းလှသဖြင့် ရှန်ဟုန်မိန်ခမျာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
“တံခါးကို သော့ခတ်ထားတယ်၊ နင်က ယောက်ျားတစ်ယောက်ကို မြှူဆွယ်နေတာများလား၊ ဘယ်လောက်တောင် အောက်တန်းကျလိုက်သလဲ၊ နင့်ကို အိမ်မှုကိစ္စလုပ်ဖို့ ငှားထားတာလေ၊ နင်က ဘယ်လိုလုပ်ပြီး ဘာမှမလုပ်ဘဲ ငါ့မိသားစုဆီကနေ လစာတောင်းရဲတဲ့သတ္တိရှိရတာလဲ၊ နင့်ပစ္စည်းတွေကို သိမ်းပြီး ဒီကနေထွက်သွားစမ်း၊ အရှက်မရှိတဲ့မိန်းမ သားအမိနှစ်ယောက်လုံးက ရွံစရာကောင်းလောက်အောင်ကိုတူကြတာပဲ”
သူမက ပွင့်ပွင့်လင်းလင်းပင်ကျိန်ဆဲလိုက်ရာ လီရှီချွမ်းနှင့် ရှန်ဟုန်မိန်တို့ မျက်နှာများ အလွန်တရာရုပ်ဆိုးအကျည်းတန်သွားတော့သည်။
“မန်မန် မင်းလိုမိန်းကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် ကြမ်းတမ်းတဲ့စကားမျိုး ပြောထွက်ရတာလဲ”
လုရှီမန်က ရင်ဘတ်ပေါ်လက်ပိုက်လိုက်ပြီး ရှန်ဟုန်မိန်ကို တစ်ချက်စောင်းကြည့်လိုက်၏။
“သမီးက အမှန်တရားကိုပြောနေတာပဲလေ၊ သမီး အိမ်ပြန်ရောက်တော့ ဗိုက်ဆာနေပြီ၊ ဒါပေမဲ့ ထမင်းကကျက်မနေဘူး၊ အဲဒါ သူမရဲ့အပြစ်မဟုတ်ဘူးလား၊ အဖေ အဖေက ဒီလိုအိုမင်းရုပ်ဆိုးပြီး ဗဟုသုတမရှိတဲ့တောသူမမျိုးကို သဘောကျနေတာတော့မဖြစ်နိုင်ပါဘူးနော်၊ သူမက သမီးအမေရဲ့ ခြေသလုံးမွေးကိုတောင် မယှဉ်နိုင်ပါဘူး၊ အဖေ့လိုအဆင့်အတန်းရှိတဲ့ ယောက်ျားတစ်ယောက်က ဒီလိုလူမျိုးကို သေချာပေါက်သဘောကျမှာမဟုတ်ဘူးမလား”
သူမက ရွံရှာစက်ဆုပ်သည့် မျက်နှာထားဖြင့် သူတို့နှစ်ဦးလုံးကို တိုက်ရိုက်စော်ကားပြောဆိုလိုက်သည်။
“ဘယ်သူမှ ထမင်းမချက်ထားမှတော့ သမီး အပြင်ထွက်စားလိုက်တော့မယ်၊ သမီးမှာ ပိုက်ဆံကုန်သွားပြီ တစ်ရာပေး ပြီးတော့ စားနပ်ရိက္ခာကူပွန်တွေပါ လိုချင်သေးတယ်”
သူမက လက်ဆန့်ထုတ်ကာ အလွန်ရဲတင်းစွာပင် ငွေတောင်းလိုက်သည်။
လီရှီချွမ်းမှာ ဒေါသကြောင့်အသက်ရှူပင် မှားသွားရပြီး ရင်ထဲတွင်မြိုသိပ်ထားရသော ဒေါသမီးတောက်များက လုံးဝမငြိမ်းသတ်နိုင်အောင် ဖြစ်လာ၏။
ရှန်ဟုန်မိန်၏မျက်နှာမှာလည်း မည်းမှောင်နေပြီး သူမက လီရှီချွမ်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကိုယ့်ပါးပြင်ကို ပြန်စမ်းကာ မိမိကိုယ်ကိုသာသနားနေမိသည်။
“နင်....ဒီယုတ်မာတဲ့ကောင်မစုတ်လေး”
လီရှီချွမ်းက အသံကျယ်ကြီးဖြင့်ဆဲဆိုလိုက်သည်။
“အဖေ အဖေက ပညာတတ်တစ်ယောက်ပဲလေ၊ ဘယ်လိုလုပ်ပြီး ဒီဆဲရေးတိုင်းထွာမှုတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ သုံးနေရတာလဲ၊ ဒီလို တောသူမမျိုးနဲ့ အချိန်အကြာကြီးနေလိုက်တော့ ဖတ်ဖူးသမျှစာတွေအကုန်လုံးကို မေ့သွားပြီလား၊ ဒီလိုဆိုမဖြစ်သေးဘူး၊ ဦးနှောက်လုံးဝပျက်စီးမသွားအောင် စာအုပ်တွေပိုဖတ်ဖို့ သမီးအကြံပေးချင်တယ်”
လုရှီမန်က စိတ်မရှည်စွာဖြင့် နားကို ကလော်လိုက်သည်။ ဤဆဲဆိုမှုက အနည်းငယ်မျှပင် ထိရောက်မှုမရှိချေ။ သူက ဘိုးဘေးဆယ့်ရှစ်ဆက်တိုင်အောင်ပင် ဆွဲမထုတ်ရဲခဲ့ပေ။
သူ မဝံ့ရဲဘူးဆိုသည်ကို သူမသိသည်။ မည်သို့ပင်ဆိုစေ သူက သူမ၏ဖခင်အရင်းဖြစ်နေသည်ပင်။
အကယ်၍ သူမဘိုးဘေးများကို ကျိန်ဆဲလိုက်ပါက သူ့ကိုယ်သူပြန်လည်ကျိန်ဆဲနေသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
စားပွဲပေါ်တွင်တင်ထားသော သားရေပိုက်ဆံအိတ်ကို သူမမျက်လုံးထောင့်မှ မြင်လိုက်ရသောအခါ နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေးအပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူမကရှေ့သို့တက်သွားပြီး ပိုက်ဆံအိတ်အားဆွဲယူလိုက်ကာ လီရှီချွမ်းကို အောင်ပွဲခံသည့်ဟန်ဖြင့် ဝှေ့ယမ်းပြလိုက်သည်။
“ဒါဆိုလည်း သမီးအားမနာတော့ဘူးနော်”
ထိုသို့ပြောပြီးနောက် သူမက မာန်ပါပါဖြင့် လျှောက်ထွက်သွားခဲ့ရာ လီရှီချွမ်းနှင့် ရှန်ဟုန်မိန်တို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေခဲ့ကြရ၏။
ပိုက်ဆံအိတ်ကိုကိုင်ကာ အောက်ထပ်သို့ဆင်းလာပြီးနောက် လုရှီမန်သည် အထဲရှိငွေများကို ထုတ်ယူလိုက်သည်။
*ချလွမ်*
အသံကတိုးလွန်းလှသော်လည်း လုရှီမန် ကြားလိုက်ရသေးသည်။ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသော သော့ချောင်းလေးကို ကောက်ယူရန် သူမက ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း သူမနှုတ်ခမ်းထောင့်များက အသာကွေးညွတ်သွားခဲ့သည်။
မည်သည့်အားထုတ်မှုမျှမလိုဘဲ အလွယ်တကူ လက်ထဲရောက်လာခဲ့ခြင်းပင်။ လီရှီချွမ်း ရွှေများဝှက်ထားသည့်နေရာကို သူမကောင်းကောင်း ရင်းနှီးကျွမ်းဝင်နေသည်။ မူလပိုင်ရှင် ငယ်ရွယ်စဉ်က အဘိုးဖြစ်သူနောက်သို့ မကြာခဏလိုက်သွားလေ့ရှိရာ လုမိသားစု၏လျှို့ဝှက်မြေအောက်ခန်းသို့ လီရှီချွမ်းထက်ပင် အကြိမ်ရေပိုရောက်ဖူးသေးသည်။
အမှန်တော့ မူလပိုင်ရှင်တွင် ထိုလျှို့ဝှက်မြေအောက်ခန်း၏သော့တစ်ချောင်းရှိခဲ့သော်လည်း သတိမေ့တတ်သူလေးမှာ ကြာမြင့်စွာကတည်းက ပျောက်ဆုံးသွားခဲ့ပြီးဖြစ်သည်။ မူလက တံခါးဖွင့်ဖို့ရာ အထူးနည်းလမ်းအချို့ကို အသုံးပြုရန် စီစဉ်ထားသော်လည်း ယခုတော့ ထိုသို့လုပ်ရန်မလိုအပ်တော့ပေ။
ထို့အပြင် ဤသော့ဖြင့် သူမသည် တိတ်ဆိတ်ငြိမ်သက်နေသောဤအိမ်ကြီးကို ပို၍စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးနိုင်တော့ပေမည်။
‘ပြည်တွင်းစစ်က ပိုပြီးပျော်စရာမကောင်းဘူးလား'
“ထမင်းသွားစားဖို့အချိန်ရောက်ပြီ”
သူမကသော့ကို သူမ၏လျှို့ဝှက်သိုလှောင်ရုံထဲသို့ သိမ်းဆည်းလိုက်ပြီး ငွေများကို လက်ထဲတွင်ဆုပ်ကိုင်ထားလိုက်သည်။ ပိုက်ဆံအိတ်ကိုတော့ ကံဆိုးစေသည်ဟု လုရှီမန်ခံစားရသဖြင့် ကြမ်းပြင်ပေါ်သို့ ခပ်ပေါ့ပေါ့ပင် ပစ်ချထားခဲ့လိုက်သည်။
လီရှီချွမ်း အောက်ထပ်သို့ဆင်းလာပြီး ပိုက်ဆံအိတ်ကိုမြင်သောအခါ ကောက်ယူရန် အလျင်စလိုပြေးသွားခဲ့၏။
ဗလာဖြစ်နေသော ပိုက်ဆံအိတ်ကိုမြင်လိုက်ရသောအခါ သူ့နှလုံးသားက ရပ်တန့်သွားမတတ်ပင်။
သူက သူမနောက်သို့ကမန်းကတမ်း ပြေးလိုက်သွားခဲ့သည်။
“မန်မန် ပိုက်ဆံအိတ်ထဲကသော့ကို သမီးမြင်လိုက်သေးလား”