အခန်း ၁၄
Vol. 2 Ch. 14
14
စိုးရိမ်တကြီးအော်ဟစ်သံကို ကြားလိုက်ရသောအခါ လုရှီမန်သည် ခေါင်းကိုသာ ခါယမ်းလိုက်မိတော့သည်။
‘သူက စိတ်မရှည်ပါလား'
အချိန်တိုလေးသာရှိသေးသော်ငြား သူက ပြာယာခတ်နေပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်များတစ်လျှောက်လုံး သူ မည်သို့များ ကြိတ်မှိတ်သည်းခံခဲ့သလဲဆိုသည်ကို သူမ တကယ်ပင် စဉ်းစား၍မရနိုင်တော့ပေ။
သူမက နောက်လှည့်ကာ လီရှီချွမ်းကို အပြစ်ကင်းစင်သော မျက်နှာထားလေးဖြင့် ကြည့်လိုက်၏။
“သော့လား ဘာသော့လဲ၊ သမီးပိုက်ဆံပဲယူလိုက်တာ၊ တခြား ဘာမှမတွေ့မိဘူး၊ အိတ်က ကြမ်းပြင်ပေါ်မှာရှိနေသေးတယ်မဟုတ်လား၊ သေချာရှာကြည့်ပါဦး၊ အထဲမှာရှိနေနိုင်မှာပါ ဒါမှမဟုတ် ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာလည်း ဖြစ်နိုင်တယ်”
သူမက လက်ထဲရှိငွေစက္ကူများကို တစ်ရွက်ချင်းစီ ထုတ်ပြလိုက်သည်။
“ဒါနဲ့ အဖေ အဲ့ဒါက ဘာသော့မို့လို့လဲ၊ အဖေက ဘာလို့ဒီလောက်တောင် ပြာယာခတ်နေရတာလဲ”
လီရှီချွမ်းနဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့သည်။ လွှတ်ခနဲပြောချလိုက်မိခြင်းက သူ့ပေါ့ဆမှုပင်။
ထိုအရာက သူ့နောက်ဆုံးလက်နက်လေးဖြစ်နေ၏။ ရှန်ဟုန်မိန်နှင့် အချိန်များအတူတူကုန်ဆုံးလွန်း၍ သူပါ ဦးနှောက်တွေ ထိုင်းမှိုင်းသွားခြင်းဖြစ်နိုင်သည်။ သူ အတင်းအကြပ် ဟန်လုပ်၍ ရယ်မောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ အဖေ့အခန်းသော့လေးပါ၊ သမီး ထမင်းသွားစားမလို့ဆို သွားလေ၊ အိမ်ကိုစောစောပြန်လာခဲ့”
လုရှီမန်ယူသွားသော ငွေများအတွက် နည်းနည်းလေးမျှနှမြောမနေနိုင်တော့ပေ။ ယခုအချိန်တွင် သော့ရှာတွေ့ရန်ကလွဲ၍ အခြားမည်သည့်အရာကမျှ အရေးမကြီးတော့ချေ။
အကယ်၍သာ သော့ကိုရှာမတွေ့ပါက လျှို့ဝှက်သိုလှောင်ရုံ၏တံခါးကို ဖျက်ဆီးဖွင့်ရန် နည်းလမ်းရှာရပေတော့မည်။ သော့ဖွင့်ရန် လူတစ်ယောက်ငှားရမည်ဆိုပါကလည်း အထဲရှိပစ္စည်းများအားလုံးပေါက်ကြားသွားပေလိမ့်မည်။
ထိုရွှေချောင်းများကို တွေးမိသောအခါ လီရှီချွမ်း ခေါင်းကိုအလျင်အမြန်ခါရမ်းလိုက်မိသည်။ ထိုသို့ဆိုလျှင် သိပ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။
ထိုရွှေများနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်သာ သိသွားခဲ့မည်ဆိုလျှင် ဟောင်ကောင်သို့သွားဖို့နေနေသာသာ အိမ်ရှေ့ကမြစ်ကိုပင် ဖြတ်ကူးနိုင်တော့မည်မဟုတ်ပေ။
လမ်းထောင့်ချိုးလေးတွင် ရပ်နေသော လုရှီမန်သည် ကြမ်းပြင်ပေါ်တွင် ခွေးတစ်ကောင်သဖွယ် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းငုံ့ပြီး နေရာအနှံ့ရှာဖွေနေသော လီရှီချွမ်းကိုကြည့်ရင်း ရယ်ချင်စိတ်အား အောင့်ထားကာ ဗိုက်ကိုဖိထားလိုက်ရသည်။
မာနတခွဲသားနှင့် အမြဲတမ်းခေါင်းမော့နေတတ်သော လီရှီချွမ်းတစ်ယောက် ယခုအချိန်တွင် ခွေးတစ်ကောင်လိုဖြစ်နေမည်ဟု မည်သူက ထင်ထားမည်နည်း။
သူမဆီမှာသာ လက်ကိုင်ဖုန်းတစ်လုံးရှိနေခဲ့မည်ဆိုလျှင် ဤမြင်ကွင်းကို သေချာပေါက် မှတ်တမ်းတင်ထားပြီး သူ၏ခမ်းနားကြီးကျယ်မှုကြီးကို လူတိုင်းမြင်တွေ့နိုင်စေရန် အခေါက်ခေါက်အခါခါ ဖွင့်ပြနေမိမည်မှာ အသေအချာပင်။
အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် လုရှီမန်ငြီးငွေ့လာခဲ့သည်။ သူမ လှည့်ထွက်သွားခဲ့ပြီး ဟာသတစ်ခုလိုဖြစ်နေသော ဤမိသားစုကို ဆက်လက်ဂရုစိုက်မနေတော့ပေ။
ထိုအစား သူမ၏လွတ်လပ်ပြီးသာယာသော အနာဂတ်ဘဝရည်မှန်းချက်များကိုသာ အာရုံစိုက်လိုက်တော့သည်။
ပိုက်ဆံနှင့် ရိက္ခာကူပွန်များရှိနေသဖြင့် အပြင်တွင် စားသောက်ရန်မှာ အလွန်လွယ်ကူသော ကိစ္စတစ်ခုပင်။ နိုင်ငံပိုင်စားသောက်ဆိုင်မှ အစားအစာများက တကယ်ကို အရသာရှိလှသည်။
လုရှီမန်သည် တစ်ယွမ်၊ ဆန်ကူပွန်နှင့် အသားကူပွန်အချို့ကို အသုံးပြုကာ ဟင်းသုံးခွက်နှင့် ဟင်းရည်တစ်ခွက်ကို မှာယူခဲ့သည်။ ဝက်သားနီချက်မှာ အဆီပါသော်လည်း မအီလှပေ။ ဝက်သားစဉ်းကောနှင့် ပေါင်းထားသောကြက်ဥပေါင်းကလည်း ချောမွေ့နူးညံ့နေကာ ဟင်းသီးဟင်းရွက်ကြော်မှာလည်း ဝါးရသည်မှာ အနေတော်လေးပင်။
သူမက စားပွဲပေါ်ရှိဟင်းပွဲအားလုံးကို ပြောင်စင်အောင် စားသောက်လိုက်သည်။ လီရှီချွမ်းနှင့် အဆက်အသွယ် ဖြတ်တောက်ပြီးသွားလျှင်တော့ သူမ ဤကဲ့သို့ ဇိမ်ကျကျစားသောက်နိုင်တော့မည်မဟုတ်ပေ။
ဤကဲ့သို့သော ငွေကြေးသုံးစွဲနိုင်သည့် ဇိမ်ကျကျနေ့ရက်များက ရေတွက်လို့ပင် ရနေပြီဖြစ်သည်။ သူမ၏နောက်လိုက်လေး စုန့်ကျီပိုင်က သူမကို အလကားထောက်ပံ့ပေးရန် ဆန္ဒရှိနေသော်လည်း သူမအနေဖြင့် ဤကဲ့သို့ နေ့စဉ်နေ့တိုင်းစားသောက်နေ၍မဖြစ်ပေ။
ထိုသို့လုပ်ပါက တစ်စုံတစ်ယောက်က သေချာပေါက် တိုင်တန်းပေလိမ့်မည်။
ဗိုက်တင်းသွားအောင် စားသောက်ပြီးနောက် သူမသည် အိမ်သို့မပြန်မီ အပြင်ဘက်တွင် အချိန်အတန်ကြာ လမ်းလျှောက်နေလိုက်သည်။
တံခါးဝသို့ရောက်သောအခါ လီရှီချွမ်းတစ်ယောက် ခွေးခြေခုံလေးပေါ်တွင် မည်းမှောင်နေသော မျက်နှာထားဖြင့် ထိုင်နေသည်ကို မြင်လိုက်ရ၏။
သူ့ကြည့်ရသည်မှာ စိတ်အခြေအနေ အတော်လေး ဆိုးရွားနေပုံရသည်။ လုရှီမန်က မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။
သော့ကို ရှာမတွေ့ရာ သူ မည်သို့စိတ်ကြည်လင်နေနိုင်မည်နည်း။
“မန်မန် ပိုက်ဆံအိတ်ထဲကသော့ကို သမီး တကယ်မမြင်လိုက်ဘူးလား”
လုရှီမန်ကိုမြင်သည်နှင့် လီရှီချွမ်းအပြေးအလွှားရောက်လာပြီး ထပ်မေးလေသည်။ သူသည် အိမ်တစ်အိမ်လုံးကို အပေါ်အောက် ပြောင်းပြန်လှန်မတတ် ရှာဖွေခဲ့သော်လည်း သော့၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ခဲ့ရပေ။
သို့သော် ထိုသော့မှာ သူ့ပိုက်ဆံအိတ်ထဲတွင်ရှိနေခဲ့သည်ကိုတော့ အသေအချာသိနေသည်။ အလိုအလျောက်တော့ ပျောက်ကွယ်သွားစရာအကြောင်းမရှိပေ။
‘ဒါ တမင်သက်သက်ဖွက်ထားတဲ့ ဒီခွေးမလေး လုရှီမန်ရဲ့ လက်ချက်ပဲဖြစ်ရမယ်၊ သေချာပေါက် သူမပဲဖြစ်ရမယ်'
“အဲဒီတုန်းက သမီးဗိုက်ဆာလွန်းလို့ သေတော့မလိုဖြစ်နေတာ၊ စားသောက်ဖို့ကိုပဲ တွေးနေတာလေ၊ ဘယ်လိုလုပ်ပြီး သော့တစ်ချောင်းကို ဂရုစိုက်နေနိုင်မှာလဲ၊ ဘယ်လိုသော့မျိုးမို့လို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ၊ ပျောက်သွားရင်လည်း ပျောက်သွားပါစေပေါ့၊ သမီးတို့ မိသားစုရဲ့ ဘဏ္ဍာတိုက်သော့ ပျောက်သွားတုန်းကတောင် သမီး နည်းနည်းလေးမှ ပြာယာမခတ်ခဲ့ဘူး၊ အဖေကတော့ သာမန်အိမ်သော့လေးတစ်ချောင်းပျောက်တာကို ဒီလောက်တောင် စိုးရိမ်ပြာယာခတ်နေရသလား၊ ဒါမျိုးတော့ မဖြစ်သေးဘူးလေ၊ ကိုယ့်ရဲ့ ဟန်ပန်အမူအရာကို အပျက်ခံလို့မရဘူး၊ အောင်မြင်တဲ့ လူတစ်ယောက်ဆိုတာ ကိုယ့်ရဲ့ခံစားချက်တွေကို မျက်နှာပေါ်မှာ ပေါ်လွင်ခွင့်မပေးသင့်ဘူး”
လုရှီမန်က သူ့ကို တည်ကြည်သော မျက်နှာထားဖြင့် ဆုံးမစကားဆိုလိုက်ရာ လီရှီချွမ်းမှာ သူမကို ပါးချည်းသာ ဖြတ်ရိုက်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာတော့သည်။