အခန်း ၁၅
Vol. 2 Ch. 15
15
သူမ သော့ပျောက်သွားစဉ်က ထိုသော့ကိုယူထားခဲ့သူမှာ သူပင်ဖြစ်၏။ သူမ ပြာယာမခတ်ခြင်းမှာ ဟန်ပန်အမူအရာ တည်ငြိမ်သောကြောင့်မဟုတ်ဘဲ သူမတွင် ဦးနှောက်မရှိသောကြောင့်သာပင်။
သူမလို အရူးမတစ်ယောက်ကသာ ယခုလို အဓိပ္ပာယ်မရှိသော စကားများကို ပြောထွက်မည်ဖြစ်၏။
“မန်မန်၊ အဲဒီသော့က အဖေ့အတွက် အရမ်းအရေးကြီးတယ်၊ အဲဒါက သမီးအမေရဲ့ပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာရဲ့ သော့လေးမို့လို့ပါ၊ အဖေ...”
လီရှီချွမ်းသည် ဇနီးသည်အပေါ် အလွန်ချစ်မြတ်နိုးသော ခင်ပွန်းကောင်းတစ်ယောက်အသွင် ဖန်တီးကာ သူ့ပေါင်သူ ပြန်ဆိတ်၍ မျက်ရည်များထွက်ကျလာစေရန် အတင်းအကြပ်ညှစ်ထုတ်လိုက်သည်။
လုရှီမန် စိတ်ထဲမှ လှောင်ပြောင်ရယ်သွမ်းသွေးလိုက်သည်။
‘အမေ့ပစ္စည်းတွေ ဟုတ်လား’
လီရှီချွမ်းသည် လုမိသားစုထဲသို့ အိမ်ပါသားမက်အဖြစ် ဝင်ရောက်လာရခြင်းကို မည်သည့်အရာထက်မဆို ပိုမုန်းတီးသူဖြစ်၏။ သူက လုရှီယင်ကို ပို၍ပင် ရွံရှာမုန်းတီးသေးသည်။
သူ့အခန်းထဲရှိ သူမနှင့်ပတ်သက်သော အရိပ်အယောင်ဟူသမျှကို အစအနမကျန်အောင် ဖျောက်ဖျက်ရှင်းလင်းပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ သူမက မျက်လွှာချလိုက်ပြီး ဝမ်းနည်းနေသော အသွင်ကို ဖန်တီးယူလိုက်၏။
“သမီးလည်း အမေ့ကိုလွမ်းတယ်၊ သမီးတို့အမေနဲ့ အဘိုးဆီကို သွားလည်ကြမလား၊ အမေ့ရဲ့မြေပုံရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းကြရအောင်၊ သော့ပျောက်သွားတဲ့အတွက် အမေက အဖေ့ကို သေချာပေါက်ခွင့်လွှတ်ပေးမှာပါ”
သူမက အလွန်တရာအလေးအနက်ထား၍ပြောလိုက်ရာ ဟန်ဆောင်ငိုကြွေးနေသော လီရှီချွမ်းတစ်ယောက် လည်ချောင်းထဲတွင် တစ်ဆို့သွားသည့်အလား ခံစားလိုက်ရသည်။
‘ငါပြောနေတာက အဲဒီအကြောင်းဟုတ်လို့လား၊ လုရှီယင် တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီးရလာတဲ့ အရူးမလေးကိုများ မွေးထားခဲ့တာလား၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင်တုံးအတဲ့လူမျိုး ရှိနေနိုင်ရတာလဲ၊ အခုက မှောင်တောင်မှောင်နေပြီလေ၊ လုမိသားစုရဲ့သင်္ချိုင်းမြေမှာ ဒူးထောက်ရမှာကို သူမက နည်းနည်းလေးမှမကြောက်ဘူးလား”
သူက လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး မျက်ရည်များရစ်သိုင်းနေသော လုရှီမန်ကို တစ်ချက်စွေကြည့်ကြည့်လိုက်သည်။ သေချာပြန်စဉ်းစားကြည့်လျှင် သူမလိုအရူးမတစ်ယောက်က သူ့ကို လှည့်စားနိုင်စွမ်းရှိမည်မဟုတ်ပေ။
‘တကယ်ပဲ ပျောက်သွားတာများလား'
“အဖေ အိမ်ထဲက လူတစ်ယောက်ယောက်ကများ အဖေ့သော့ကို ခိုးသွားတာဖြစ်နိုင်မလား”
လုရှီမန်က သူမအသံကို နှိမ့်ချလိုက်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်မတို့အိမ်မှာ ဇာတိရွာဟောင်းက ဆွေမျိုးနှစ်ယောက်ရှိနေတယ်လေ၊ ဒီအိမ်အကူနှစ်ယောက်က ယုတ်မာပြီး ကျွန်မတို့ဆီကနေ ခိုးထားတာလည်း ဖြစ်နိုင်တာပဲ”
သူမက သွေးခွဲစကားများကို စတင်ပြောဆိုလိုက်သည်။ သံသယမျိုးစေ့တစ်ခု ချထားပြီးသည်နှင့်တစ်ပြိုင်နက် ထိုအရာ အပင်ပေါက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရန်သာ လိုအပ်တော့၏။
“မဖြစ်နိုင်ပါဘူး၊ သူတို့က အဖေ့ဆီကနေ ဘယ်တော့မှ ခိုးမှာမဟုတ်ဘူး”
ရှန်ဟုန်မိန်သည် သူ့မိန်းမဖြစ်ပြီး လီ၀မ်မြန်ကလည်း သူ့သမီးအရင်းဖြစ်သည်။
သူတို့က သူ့ဆီကနေ အဘယ်ကြောင့် ခိုးဝံ့မည်နည်း။ လုရှီမန်က မကျေမနပ်ဖြစ်ဟန်ဖြင့်ပြောလိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဒါပေမဲ့ သမီးတို့ကလွဲရင် ဒီအိမ်မှာ သူတို့ပဲရှိတာလေ၊ ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် အဖေက သမီးပြောသမျှကို ယုံမှာမှ မဟုတ်တာ၊ သမီး အခန်းထဲပဲပြန်တော့မယ်”
လီရှီချွမ်းနှင့် ဤကဲ့သို့သောကစားပွဲငယ်လေးများ ကစားရသည်ကို သူမ အတော်လေး ငြီးငွေ့နေပြီဖြစ်သည်။
သူမ သရုပ်ဆောင်ရသည်မှာလည်း လုံလောက်နေပြီဖြစ်ရာ အလွန်တရာ ပင်ပန်းနွမ်းနယ်နေချေပြီ။ လီရှီချွမ်းအနေဖြင့် ယခုအချိန်တွင် မည်မျှပင် ပြတ်သားနေပါစေ နောက်ဆုံးတွင်တော့ ထိုသားအမိနှစ်ယောက်အပေါ် သံသယဝင်လာမည်မှာ အသေအချာပင်။
သူမက နှုတ်ခမ်းများကို တွန့်ကွေးကာ ပြုံးလိုက်ပြီး အပေါ်ထပ်သို့ ဖြည်းညင်းစွာ တက်သွားခဲ့သည်။
လီ၀မ်မြန်သည် အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူမက နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး လုရှီမန်အား ကြည့်နေသော သူမအကြည့်များထဲတွင် အငြိုးအာဃာတများဖြင့် ပြည့်နှက်နေခဲ့၏။
"နင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အသည်းနှလုံးမရှိ ရက်စက်ရတာလဲ၊ ငါတို့အပေါ်ကို ဒီလိုလွဲချရဲတာလား၊ ဘယ်သူမှ နင့်ကိုမချစ်ကြတာ အံ့ဩစရာတော့ မဟုတ်ပါဘူးလေ၊ နင်လို မိန်းမယုတ်ကို ဘယ်သူကချစ်မှာလဲ"
လုရှီမန်က မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ရင်ဘတ်ပေါ်လက်ပိုက်ကာ သူမကို ရွံရှာစက်ဆုပ်သည့် အကြည့်ဖြင့်ကြည့်လိုက်သည်။
“အိုး နင်ပါလား၊ ရေမြောင်းထဲက ကြွက်စုတ်မလေး၊ ငါ ဘာတွေများမှားပြောမိလို့လဲ၊ လူတွေ ငါ့ကိုမချစ်ကြတာကရော နင့်အတွက် အရေးကြီးလို့လား”
အာဏာပါဝါများကို အံတုနေသည့် ဤကြာဖြူပန်းလေး၏ဟန်ပန်က တကယ့်ကို ရယ်ချင်စရာကောင်းလှသည်။ ဤကဲ့သို့သော ဇာတ်လမ်းမျိုးထဲသို့ သူမ ဘာကြောင့်များ ကူးပြောင်းလာရသနည်းဆိုသည်ကို သူမလုံးဝနားမလည်နိုင်အောင်ဖြစ်ရ၏။
ဟောင်ကောင်က သူဌေးကြီးများသည် တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပြီး အတူတကွကြီးပွားတိုးတက်နိုင်မည့် မိန်းမမျိုးကို ပို၍သဘောကျသင့်သည်ပင်။
‘ငိုဖို့လောက်ပဲသိတဲ့ ကြာပန်းဖြူမလေးတစ်ယောက်ကို သူတို့က ဘာကြောင့်များ သဘောကျသွားတာလဲ၊ လီ၀မ်မြန်က လှပချောမောနေလို့များလား၊ ဒါပေမဲ့ အလှတရားက ထမင်းစားလို့ရတဲ့အရာမှ မဟုတ်ဘဲ'
လှပတင့်တယ်သော အသက်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးများက အမြဲတမ်း ရှိနေမည်သာပင်။
သူမ ခေါင်းကို ထပ်မံခါယမ်းလိုက်ကာ သူမမျက်ဝန်းထဲရှိ ရွံရှာစက်ဆုပ်မှုများက ပို၍ပင်ပေါ်လွင်ထင်ရှားလာတော့သည်။
“နင်ကမှ ရေမြောင်းထဲက ကြွက်စုတ်မ၊ နင့်လိုလူမျိုးကို လမ်းမတွေပေါ် လှည့်လည်အရှက်ခွဲပြီး နွားတင်းကုတ်ဆီပို့ပစ်ရမှာ”
“ချီးပေမ နင်က ငါ့မိသားစုရဲ့ပိုက်ဆံတွေကို သုံးနေပြီးတော့များ ဒီလိုစကားမျိုး ပြောရဲသေးတယ်ပေါ့လေ၊ နင် တကယ်သတ္တိရှိတယ်ဆိုရင် အဲဒီစကားကို ငါ့အဖေ့ရှေ့မှာ သွားပြောလိုက်စမ်း”
ထိုသို့ပြောပြီးနောက် လုရှီမန်က သူမလက်ကို မြှောက်လိုက်ပြီး ကျယ်လောင်သော ဖြတ်ရိုက်သံနှင့်အတူ သူမပါးကို ထပ်မံရိုက်ချလိုက်၏။
ယနေ့နံနက်က ရိုက်ထားသော ပါးရာနှင့် အတိအကျထပ်တူကျနေသည်။
‘ကောင်းလိုက်တဲ့ လက်ရာ'
လုရှီမန်က သူမလက်ရာကိုသူမ ကျေနပ်အားရစွာ ကြည့်လိုက်ပြီးနောက် အောက်ထပ်သို့ လှမ်းအော်ပြောလိုက်သည်။
“အဖေငှားထားတဲ့ အိမ်အကူမလေးက သမီးတို့ကို လမ်းမတွေပေါ် လှည့်လည်အရှက်ခွဲပြီး နွားတင်းကုတ်ဆီပို့ပစ်ရမယ်လို့ ပြောနေတယ်”