အခန်း ၁၆
Vol. 2 Ch. 16
16
လီ၀မ်မြန်မှာ နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လုရှီမန်လက်ကို လှမ်းဆွဲလိုက်သည်။
“နင် ဘာတွေလျှောက်ပြောနေတာလဲ”
သူမမျက်နှာလေးမှာ အထိတ်တလန့်ဖြစ်နေရှာ၏။
‘အဖေက ဘယ်လိုလုပ်ပြီး နွားတင်းကုပ်ကို အပို့ခံရမှာတဲ့လဲ၊ တကယ်တမ်း နွားတင်းကုပ်ကို အပို့ခံရမယ့်သူက အရင်းရှင်းကြီးရဲ့မြေးအရင်း လုရှီမန်ပဲဖြစ်သင့်တာ၊ အဖေနဲ့ ဘာဆိုင်လို့လဲ’
လုရှီမန်က မျက်ခုံးတစ်ဖက်ကိုပင့်တင်လိုက်သည်။
“ငါ ဘယ်တုန်းကများ အဓိပ္ပာယ်မရှိတာတွေ ပြောဖူးလို့လဲ၊ အမှန်တရားကို ပြောပြနေရုံပါ”
သူမနှုတ်ခမ်းထောင့်စွန်းတွင် ပြုံးရိပ်တစ်ခု ခပ်ရေးရေးထင်ဟပ်သွား၏။ သူမစကားတစ်ခွန်းတည်းဖြင့်ပင် ထိုသားအဖနှစ်ဦးကြား သွေးခွဲရန် မည်မျှလွယ်ကူလိုက်သနည်း။
လီရှီချွမ်းက နွားတင်းကုပ်အပို့ခံရမည်ကို ကြောက်ရွံ့နေလောက်မည်ပင်။ သူ အမြတ်တနိုး တန်ဖိုးထားရသော သမီးဖြစ်သူက ထိုသို့သောစကားမျိုးဆိုလာသည့်အခါ သူ့နှလုံးသား မည်မျှနာကျင်ရမည်ကို တွေးကြည့်ရုံမျှဖြင့် သိနိုင်ပေသည်။
လာမည့်ရက်များတွင် လီရှီချွမ်းက သူ့အသည်းနှလုံး သမီးလေးကို ဆက်လက်ချစ်ခင်နိုင်ဦးမည်လား။ သို့မဟုတ် ဒေါသအမျက်ချောင်းချောင်းထွက်ကာ ရိုက်သတ်ချင်စိတ်များပင် ပေါက်လာမည်လား။
ထိုအရာများကို တွေးတောမိလေလေ သူမနှုတ်ခမ်းထောင့်ရှိအပြုံးက ပိုမိုနက်ရှိုင်းလာလေလေ ဖြစ်သည်။ အရာအားလုံး ကမောက်ကမဖြစ်ကာ ဗြောင်းဆန်သွားမည်ဆိုလျှင် အမှန်တကယ် စိတ်ဝင်စားဖွယ်ကောင်းလှပေလိမ့်မည်။
တံခါးပွင့်နေသဖြင့် လီ၀မ်မြန်၏ပြာပြာသလဲရှင်းပြသံများ၊ လီရှီချွမ်း၏ ဒေါသတကြီးအော်ဟစ်သံများနှင့် ရှန်ဟုန်မိန်၏ကြားဝင်ဖျန်ဖြေပေးသံများကို ကြားနေရ၏။ လုရှီမန်မှာ ဘီစကွတ်မုန့်စားရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဒီအချိန်လေးမှာသာ ‘အချိန်ကာလရေယာဉ်စု’သီချင်းလေး ဖွင့်ထားလို့ရရင် အရမ်းပြီးပြည့်စုံသွားမှာပဲ”
ကံဆိုးလှစွာဖြင့် သီချင်းမရှိချေ။ အသံဗလံများကလည်း အလွန်ဆူညံလွန်းနေ၏။
သူမက နားကိုကလော်လိုက်ပြီးနောက် တံခါးကို ခပ်မြန်မြန်ပိတ်ချလိုက်သည်။ အောက်ထပ်မှဆူညံသံများမှာ အချိန်အတန်ကြာ ဆက်လက်ထွက်ပေါ်နေပြီးနောက် နောက်ဆုံးတွင်တော့ တိတ်ဆိတ်သွားလေသည်။
နောက်တစ်နေ့နံနက် သူမနိုးထလာသောအခါ ထိုသူများမှာ ချစ်ခင်ကြင်နာတတ်သော မိသားစုဝင်များအဖြစ် ပြန်လည်ဟန်ဆောင်နေကြသည်ကို မြင်တွေ့လိုက်ရ၏။ သူမက မျက်ခုံးပင့်လိုက်မိပြီး ရှန်ဟုန်မိန်နှင့် လီ၀မ်မြန်တို့အပေါ် အမြင်သစ်များပင်ရရှိသွားသည်။
သူတို့စည်းရုံးမှုက အမှန်တကယ်ပင် ကောင်းမွန်လှသည်ဟု ထင်ရသော်လည်း ချော့မော့ဖျောင်းဖျခြင်းလား သို့မဟုတ် မြူဆွယ်ဖြားယောင်းခြင်းလားဆိုသည်ကိုတော့ သူမ သံသယဖြစ်နေမိသည်။
သို့သော် ထိုအရာက အရေးမကြီးပေ။ လီလိုင်ဇီသာပေါ်လာပါက မည်သို့သော မြူဆွယ်ဖြားယောင်းမှုမျိုးကမှ အလုပ်ဖြစ်တော့မည်မဟုတ်ချေ။ သူမက သီချင်းတစ်ပုဒ် ညည်းတွားရင်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဝူဟုန်ဖေးနှင့် စုန့်ကျီပိုင်တို့မှာလည်း လုမိသားစုအိမ်တော်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
လုရှီမန်က သူတို့နှစ်ဦးကိုမြင်သောအခါ ဧည့်ခန်းဆီသို့ တိုက်ရိုက်ခေါ်ဆောင်သွားပြီး တံခါးပိတ်လိုက်ကာ ခိုးနားထောင်ချင်နေသော လီ၀မ်မြန်၏ဆန္ဒများကို ဖြတ်တောက်လိုက်သည်။
ဝူဟုန်ဖေးက စတင်စကားဟလာ၏။
“လူကိုတော့ရှာတွေ့ပြီ၊ သခင်မလေး သူ့ကိုတွေ့ချင်လား”
လုရှီမန်က ခေါင်းခါပြလိုက်သည်။
“ဒီလိုလူမျိုးကို ငါကဘာကိစ္စတွေ့ချင်ရမှာလဲ၊ အဲဒီလိုလူနဲ့များဆုံမိရင် ကံဆိုးမိုးမှောင်ကျမှာတောင် ကြောက်ရသေးတယ်၊ ရှန်ဟုန်မိန်နဲ့ သူ့သမီးက လူချမ်းသာတစ်ယောက်ကို ချိတ်မိသွားပြီး ပိုက်ဆံတွေပေါနေပြီလို့သာ သူ့ကိုပြောလိုက်ပါ၊ သူက ငါတို့ထင်ထားတာထက် ပိုပြီးပါးနပ်မယ်လို့ ငါထင်တယ်”
ငွေကြေးအနံ့ရသည်နှင့် သူကခွေးတစ်ကောင်လိုအနံ့ခံပြီး ရောက်လာမည်မှာ အသေအချာပင်။ ဤကိစ္စကို သူမက ထပ်ပြောနေရန် လိုအပ်မည်မဟုတ်ပေ။
ဝူဟုန်ဖေးက ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ သခင်မလေးက အခြေအနေများကို ဤမျှတိတိကျကျမြင်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူကိုယ်တိုင်လည်း လီလိုင်ဇီအကြောင်း အနည်းငယ်စုံစမ်းထားခဲ့သည်။
ထိုသူက ပျင်းရိပြီး လောင်းကစားစွဲနေကာ အမှုအခင်းအသေးစားများကိုလည်း ခိုးကြောင်ခိုးဝှက်ကျူးလွန်ခဲ့ဖူးသူဖြစ်သည်။ အကယ်၍ ယခင်က ရှန်ဟုန်မိန်နှင့် သူ့မိခင်အိုကြီးတို့သာ မိသားစုကို မထောက်ပံ့ခဲ့ပါက သူသည် လမ်းဘေးတွင် သေဆုံးနေခဲ့သည်မှာ ကြာလှပြီဖြစ်၏။
ယခုမူ ရှန်ဟုန်မိန်က သူ့ကိုကွာရှင်းထားခဲ့ပြီဖြစ်ပြီး သူ့မိခင်အိုကြီးမှာလည်း သူရှုပ်ထားသမျှကို လိုက်ရှင်းပေးရန် အသက်အရွယ်ကြီးရင့်လွန်းနေပြီဖြစ်သည်။ သို့တိုင် သူ့စရိုက်လက္ခဏာများမှာ အနည်းငယ်မျှ ပြောင်းလဲမသွားခဲ့ချေ။
ဤအခြေအနေမျိုးတွင် သူသာ ရှန်ဟုန်မိန်ကို အသေအလဲမဖက်တွယ်ထားပါက တကယ့်အရူးပင်ဖြစ်ပေလိမ့်မည်။
လုရှီမန်က ထပ်လောင်းပြောဆိုကာ သူမရှေ့ရှိ စားပွဲပေါ်သို့ ဆယ်ယွမ်တန် ငွေစက္ကူတစ်ရွက်ကို ချထားလိုက်သည်။
“သူတို့ဘာသာသူတို့ ငြင်းခုံရန်ဖြစ်ကြပါစေ၊ နင်က ငါ့အတွက် သူတို့ကို လမ်းကြောင်းပေးရုံပဲ၊ ဒီကိစ္စအတွက် နင့်ကိုပဲ ဒုက္ခပေးရတော့မယ်”
ထိုသို့ပြောပြီးနောက် သူမက စုန့်ကျီပိုင်ကို ကြည့်လိုက်သည်။ သူမအကြည့်တစ်ချက်အောက်တွင်ပင် စုန့်ကျီပိုင်က ကြိုတင်ရေးသားထားသော သဘောတူညီချက်စာချုပ်ကို သူမရှေ့သို့ချထားပေးလိုက်၏။
လုရှီမန်က စာချုပ်ပါအကြောင်းအရာများကို ဖတ်ရှုလိုက်ပြီး ကျေနပ်သွားသဖြင့် ခေါင်းညိတ်လိုက်သည်။ စုန့်ကျီပိုင်က အမှန်တကယ်ပင် ရိုးသားဖြောင့်မတ်လှ၏။
သူက စိတ်ကစားသည့်လှည့်ကွက်များ မသုံးသည့်အပြင် သူ့လစာသုံးပုံနှစ်ပုံကိုပင် သူမ၏နေ့စဉ်အသုံးစရိတ်အတွက် ပေးအပ်ရန် လိုလားနေပြီး အိမ်မှုကိစ္စအားလုံးကိုလည်း သူတာဝန်ယူမည့်အကြောင်း စာရွက်ပေါ်တွင် ရေးသားထားလေသည်။
သူမ၏ဘဝရပ်တည်မှုနှင့် လွတ်လပ်ခွင့်အတွက် ဤသည်မှာ အလွန်ကောင်းမွန်သော အခွင့်အရေးပင်။
အချုပ်အားဖြင့်ဆိုရလျှင် သူမအနေဖြင့် အိမ်ထောင်ပြုခြင်းဟူသော အကြောင်းပြချက်ဖြင့် ဤနေရာမှ ထွက်ခွာသွားရန်သာ လိုအပ်သည်။
ကျန်သည့် စားရေးသောက်ရေး၊ နေထိုင်ရေးမှစ၍ ဖျော်ဖြေရေးအထိ အရာအားလုံးကို စုန့်ကျီပိုင်က တာဝန်ယူဖြေရှင်းပေးမည်ဖြစ်သည်။ သူပေးနိုင်သမျှနှင့် လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို သူက စိတ်လိုလက်ရပင်ပေးဆပ်ရန် အသင့်ရှိနေ၏။
ကျေးဇူးဆပ်ရန်အတွက် သူ့ဘဝလက်ကျန်တစ်သက်တာလုံးကို စတေးနေခြင်းဖြစ်သည်။ ဤကျေးဇူးတရားက မည်မျှတိုင် လေးလံကြီးမားနေသနည်းဟု သူမစဉ်းစားမိလိုက်သည်။
လုရှီမန်က ထပ်မံအတည်ပြုလိုက်၏။
“ရှင် တကယ်သေချာပြီလား”
စုန့်ကျီပိုင်က ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော် သေချာပါတယ်”
ဝူဟုန်ဖေးက ကူကယ်ရာမဲ့စွာခေါင်းခါရမ်းလိုက်သည်။ ရှောင်ပိုင်အနေဖြင့် ကျေးဇူးဆပ်ရန်အတွက် ဤမျှလောက်အထိ မိမိကိုယ်ကိုစတေးရန် မလိုအပ်ဟု သူ ခံစားမိသော်လည်း လုမိသားစု၏သူတို့အပေါ်ထားရှိသော ကျေးဇူးတရားမှာ ထိုက်တောင်တမျှကြီးမားလေးလံလှသည်ကတော့ အမှန်ပင်။
အကယ်၍သာ သူတို့သာ နေရာချင်း ပြောင်းလဲသွားပြီး သူက ရှောင်ပိုင်ဖြစ်နေမည်ဆိုလျှင် သူလည်း ဤသို့ပင်ပြုမူမိမည်လား မသေချာပေ။
သခင်မလေးနှင့် ရှောင်ပိုင်တို့လက်ထပ်ပြီးနောက် သခင်မလေး၏ခက်ထန်သော စရိုက်လက္ခဏာများ အနည်းငယ်ပျော့ပျောင်းလာစေရန်သာ သူ မျှော်လင့်မိတော့သည်။
လုရှီမန်က စားပွဲပေါ်ရှိဘောပင်ကို ကောက်ကိုင်လိုက်ပြီး စာချုပ်နှစ်စောင်လုံးတွင် သူမနာမည်ကိုတိုက်ရိုက်လက်မှတ်ရေးထိုးကာ လက်ဗွေနှိပ်လိုက်သည်။ စုန့်ကျီပိုင်ကပင် နောင်တမရဘူးဆိုလျှင် သူမကရော အဘယ်ကြောင့် နောင်တရနေရမည်နည်း။
သူမနှုတ်ခမ်းထောင့်စွန်းများ အသာကွေးညွတ်သွားကာ စုန့်ကျီပိုင်ကိုကြည့်လိုက်သည်။
“ရှင်နဲ့ လက်တွဲရတာဝမ်းသာပါတယ်”
စုန့်ကျီပိုင်ကလည်း စာရွက်ပေါ်တွင် နာမည်ရေးထိုး၍ လက်ဗွေနှိပ်လိုက်ပြီးနောက် သူမအားတောင်းပန်သည့် အကြည့်ဖြင့် ကြည့်လာ၏။
“ကျွန်တော် သခင်မလေးကို စိတ်အနှောင့်အယှက်ပေးမိသလိုဖြစ်သွားပြီ”
မြင့်မြတ်လှသော သခင်မလေးတစ်ဦးဘဝမှ အာဏာ၊ ဩဇာတိက္ကမနှင့် ငွေကြေး မည်သည်အရာမျှမရှိသော သူလိုစစ်သားတစ်ယောက်လက်ထဲသို့ ကျဆင်းလာရခြင်းမှာ သေချာပေါက် ဆင်းရဲဒုက္ခခံရခြင်းပင်ဖြစ်ပေလိမ့်မည်။
သူ့စကားများကိုကြားသောအခါ လုမိသားစုက သူ့အပေါ် မည်မျှလောက်အထိ ကောင်းမွန်ခဲ့ကြောင်း လုရှီမန် ပို၍ပင်နားလည်သဘောပေါက်သွားမိသည်။
သူမကိုယ်တိုင်က နယ်ဆင်းရမည့် အရေးနှင့် ရင်ဆိုင်နေရသော်လည်း သူကမူ သူမကို အနိုင်ကျင့်မိနေသည်ဟု ခံစားနေရဆဲဖြစ်သည်။
အခြားကိစ္စများကို သူမ မသိသော်လည်း စုန့်ကျီပိုင်နှင့် အတုအယောင်လက်ထပ်ခြင်းဖြင့် မည်သည့်ဆင်းရဲဒုက္ခကိုမျှ ခံစားရမည်မဟုတ်ကြောင်းကိုမူ သူမ သေချာပေါက်သိထား၏။
သူမက နောက်ဘက်ရှိအိတ်ထဲမှ ယွမ်သုံးထောင်ကိုထုတ်ကာ စုန့်ကျီပိုင်ရှေ့သို့ ချပေးထားလိုက်သည်။
“ဘာဆင်းရဲဒုက္ခမှမရှိပါဘူး၊ ရှင် ဒီပိုက်ဆံတွေကို အရင်ယူထားလိုက်ပါ၊ ကျွန်မရဲ့လက်ဖွဲ့ငွေလို့ပဲ သဘောထားလိုက်”
သူမက ချက်ချင်းပင်ထွက်ခွာသွားချင်သော်လည်း သူမနေရာလွတ်အတွင်းရှိ သုံး၍မကုန်နိုင်သော ငွေကြေးများကို တွေးမိသောအခါ ဝမ်းနည်းမိသည်။
ယခုအချိန်တွင် ထိုငွေများထဲမှတစ်စိတ်တစ်ပိုင်းကို ထုတ်ယူသုံးစွဲလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
စုန့်ကျီပိုင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
“လက်ဖွဲ့ငွေဆိုရင်တောင် ဒါက သခင်မလေးပိုက်ဆံပဲလေ”
လုရှီမန်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်ကာ ခါးထောက်လိုက်သည်။
“ကျွန်မတို့ လက်တောင်မထပ်ရသေးဘူး၊ ရှင်က ကျွန်မကို ချုပ်ကိုင်ဖို့ ကြိုးစားနေတာလား၊ ရှူး လိမ္မာတယ်ဆိုရင် ဒါကိုသေချာသိမ်းထားလိုက်စမ်းပါ”
ဝူဟုန်ဖေးမျက်လုံးများ မှောင်မိုက်သွား၏။ သခင်မလေး၏စရိုက်ကို ပြုပြင်ပြောင်းလဲရန်မှာ လုံးဝမဖြစ်နိုင်သည့် အရာတစ်ခုပင်။
ရှောင်ပိုင်၏ကံကြမ္မာက အမှန်တကယ်ပင် ခါးသီးလှပေသည်။
စုန့်ကျီပိုင်က စိတ်အနှောင့်အယှက်ဖြစ်ဟန်မပြဘဲ ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ သခင်မလေး”
သခင်မလေး မည်သို့ပင်ပြောစေကာမူ သူက နာခံစွာဖြင့် လိုက်နာမည်သာပင်။ မည်သို့ပင်ဖြစ်စေ သခင်မလေးက သူ့ကို ဒုက္ခပေးမည်မဟုတ်ချေ။
လုရှီမန်က ဝူဟုန်ဖေးကို တစ်ချက်လှည့်ကြည့်လိုက်သည်။ တစ်ဆယ်တန်ငွေစက္ကူမှာ စားပွဲပေါ်တွင်ရှိနေဆဲဖြစ်ပြီး သိမ်းဆည်းမထားသည်ကိုမြင်လိုက်ရ၏။
“ဒီလိုမှပေါ့၊ ပြီးတော့ ဝူဟုန်ဖေး နင်ကရော ငါ့ကိုအထင်သေးနေတာလား”
ဤလူများက အမှန်တကယ်ပင် ထူးဆန်းလှသည်။ သူတို့ရှေ့တွင် ငွေရှိနေပါလျက်နှင့် ယူရန်ဝန်လေးနေကြ၏။ သူတို့အားလုံးက ငွေကို ဤမျှလောက်ပင် ရွံရှာကြသည်လား။
အကယ်၍သာ တစ်စုံတစ်ယောက်က သူမကိုငွေပေးမည်ဆိုလျှင် သူမက တစ်စက္ကန့်မျှပင် တွေဝေမနေဘဲ အိတ်ကပ်ထဲသို့ ချက်ချင်းကောက်ထည့်လိုက်မည်သာပင်။
ဝူဟုန်ဖေးနှင့် စုန့်ကျီပိုင်တို့ အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီးနောက် ငွေများကို ကိုယ်စီအိတ်ကပ်များထဲသို့ ခပ်မြန်မြန်ထည့်လိုက်ကြသည်။ သူတို့သာ အချိန်ဆွဲနေမည်ဆိုပါက သခင်မလေး သေချာပေါက် ဒေါသထွက်လာတော့မည်ဖြစ်သည်။
သူမက စုန့်ကျီပိုင်ကိုကြည့်ကာ လေးလေးနက်နက် ပြောလိုက်၏။
“ဒီလိုမှပေါ့၊ စုန့်ကျီပိုင် ဒီနှစ်ရက်အတွင်း ရှင့်အိမ်ကိုသန့်ရှင်းရေး သေချာလုပ်ထား၊ သိပ်မကြာခင် အဲဒီကို ကျွန်မပြောင်းလာတော့မယ်”
ယင်က သူမဝမ်းကွဲအစ်ကိုဖြစ်သူအိမ်သို့ သူမသွားဖူးခဲ့သည်။ ထိုအိမ်မှာ လုံးဝကို ကမောက်ကမဖြစ်ကာ အမှိုက်ပုံကြီးတစ်ခုဟုဆိုလျှင်ပင် ချဲ့ကားပြောဆိုရာမကျပေ။
အကယ်၍သာ စုန့်ကျီပိုင်အိမ်က ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါက သေချာပေါက် သေချင်စော်နံလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် အတုအယောင်လက်ထပ်ရခြင်းဆိုလျှင်ပင် သူမက ရထားတစ်စင်းပေါ်တက်ကာ တစ်စက္ကန့်မျှတွေဝေမနေဘဲ ညတွင်းချင်း ထွက်ပြေးမိလိမ့်မည်ဖြစ်သည်။
စုန့်ကျီပိုင်က ထိုနေ့က သူမြင်တွေ့ခဲ့ရသော အနီရောင်အမှတ်အသားများကို ပြန်လည်အမှတ်ရသွား၏။
“သေချာ သန့်ရှင်းရေးလုပ်ထားပါ့မယ်”
သူက အပြစ်အနာအဆာကင်းစင်အောင် မသန့်ရှင်းနိုင်လျှင်တောင်မှ သခင်မလေး သက်တောင့်သက်သာရှိစေရန်နှင့် စိတ်အနှောင့်အယှက်မဖြစ်စေရန် သေချာပေါက်လုပ်ဆောင်ရမည်ဖြစ်သည်။
လုရှီမန် လက်ကာပြလိုက်သည်။
“ကောင်းပြီ၊ ရှင်သာ မလုပ်နိုင်ဘူးဆိုရင် ကျွန်မချက်ချင်းထွက်သွားမှာနော်၊ ပြောလို့ပြီးပြီဆိုတော့ မင်းတို့နှစ်ယောက် သွားလို့ရပြီ”
အိမ်တွင်းဇာတ်လမ်းကြီး စတင်တော့မည်ဖြစ်သည်။ လီရှီချွမ်းကို အံ့အားသင့်သွားစေရန်အတွက် သူမက သူလျှို့ဝှက်သိမ်းဆည်းထားသော ပစ္စည်းများကို အရင်ဆုံးသွားရောက်ရှင်းလင်းရဦးပေမည်။
ထို့နောက် ဤကိစ္စကို ရှန်ဟုန်မိန်နှင့် သူမသမီးအပေါ်သို့ ပုံချလိုက်မည်ဆိုပါက တတိယကမ္ဘာစစ်ကြီး မကြာမီစတင်လာတော့မည်ဖြစ်သည်။