အခန်း ၁၇
Vol. 2 Ch. 17
17
ထိုအကြောင်းကို စဉ်းစားမိလေလေ သူမမျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခုက ပို၍ထင်ဟပ်လာလေလေဖြစ်၏။ ဤသည်ကို မြင်လိုက်ရသော ဝူဟုန်ဖေးရင်ထဲတွင်မူ မသိမသာထိတ်လန့်သွားသော ခံစားချက်တစ်ခု ကိန်းအောင်းသွားရသည်။
သခင်မလေးက မည်သူ့ကို ပစ်မှတ်ထား၍ နှိမ်နင်းရန် ကြံစည်နေမှန်း သူမသိသော်လည်း သူမမျက်နှာအမူအရာကို ကြည့်ရုံမျှဖြင့် ထိုကံဆိုးသူမှာ သေချာပေါက် ဒုက္ခလှလှတွေ့တော့မည်ဖြစ်ကြောင်း ခန့်မှန်းမိပေသည်။ သူက ဘာမျှ ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိသည့်အတွက် ထိုသူ့အတွက် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်ဆုတောင်းပေးရုံမှလွဲ၍ အခြားမတတ်နိုင်ချေ။
ဝူဟုန်ဖေးက စုန့်ကျီပိုင်ကို ဆွဲထူလိုက်ကာ သခင်မလေး၏အစီအစဉ်များကို ဆက်လက်မနှောင့်ယှက်လိုတော့သဖြင့် နှုတ်ဆက်လိုက်သည်။
“ဒါဆိုရင် ရှောင်ပိုင်နဲ့ ကျွန်တော် အရင်ပြန်နှင့်ပါရစေ၊ သခင်မလေး စိတ်တိုင်းကျသာလုပ်ပါ”
လုရှီမန်က ခေါင်းညိတ်ပြလိုက်၏။ သူတို့နှစ်ဦး အပြင်သို့ထွက်သွားသည်နှင့်တစ်ပြိုင်နက် လီ၀မ်မြန်မှာ ဆက်လက်ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲ ရှေ့သို့ပြေးထွက်လာခဲ့သည်။
“နင် အခု ဘာတွေထပ်ယုတ်မာနေပြန်တာလဲ၊ ငါနဲ့ ငါ့အမေကို ပစ်မှတ်ထားဖို့ သူတို့ကို ခိုင်းနေတာလား”
သူမမျက်ဝန်းများက ဂနာမငြိမ်ဖြစ်နေပြီး စကားသံများကလည်း တုန်ယင်နေ၏။ လွန်ခဲ့သောနှစ်ရက်ခန့်မှစ၍ လုရှီမန်မှာ တစ်စုံတစ်ရာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သူမအပေါ် မည်သည့်ကြင်နာမှုမျိုးကိုမျှ မပြသတော့ချေ။ အရင်ကလိုပင် ဦးနှောက်မရှိသူတစ်ဦးပမာ ထင်ရသော်လည်း သေချာပေါက် ကွဲပြားခြားနားသွားသည့် အရာတစ်ခုတော့ရှိနေခဲ့ပြီဖြစ်သည်။
သူမနှင့် ဖခင်ဖြစ်သူကြားကိုပင် သွေးခွဲရန် ကြိုးစားခဲ့သေးသည်။ အကယ်၍သာ မိခင်ဖြစ်သူက ဖခင်ကို ချော့မော့ဖျောင်းဖျမထားပါက သူမသည် သေချာပေါက် အိမ်ပေါ်မှနှင်ချခံရမည်သာပင်။ ဤကဲ့သို့သော မိန်းမမျိုးကို အဘယ်ကြောင့်များ ချက်ချင်းဖမ်းဆီးပြီး နွားတင်းကုပ်သို့ မပို့ပစ်ရသနည်း။ သူမက ဘာကြောင့်များ ယခုတိုင် အကောင်းပကတိအတိုင်း လွတ်လပ်နေရသေးသနည်း။
ဖခင်ဖြစ်သူကသာ သူမကို ဘာမှမလုပ်ရန် တားမြစ်ထားခြင်းမရှိပါက ယနေ့တွင် သူမ သေချာပေါက်တစ်ခုခုလုပ်ပစ်မိမည်မှာ အသေချာပင်။
လုရှီမန်က သူမကို လမ်းဘေးလေလွင့်ခွေးတစ်ကောင်ကိုကြည့်သကဲ့သို့ အထင်သေးလှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်ကာ ဖြည်းဖြင်းခြင်း ပြောလိုက်သည်။
“နင့်ကိုယ်နင် ဘာကောင်မလို့ထင်နေတာလဲ၊ ကိုယ့်ကိုကို အထင်ကြီးနေတဲ့ မိန်းမ၊ နင်က ငါ့အဖေ ငါ့ကိုပြုစုဖို့ ငှားထားတဲ့ အိမ်အကူတစ်ယောက်ထက်မပိုဘူး၊ နင့်လိုမိန်းမကို ငါကနှိမ်နင်းနေစရာ လိုလို့လား၊ နင့်ကို ထွက်သွားခိုင်းဖို့ဆိုတာ စကားတစ်ခွန်းတည်းပြောလိုက်ရုံနဲ့တင် လုံလောက်တယ်၊ နင့်ကိုယ်နင် သိပ်အထင်မကြီးစမ်းပါနဲ့”
လီ၀မ်မြန်မှာ ဒေါသကြောင့်တစ်ကိုယ်လုံးတုန်ယင်လာ၏။ သူမက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး မျက်ရည်များ ဝဲတက်လာသည်အထိ နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။
သူမကိုယ်တိုင်ကလည်း အဖေ့သမီးအရင်းတစ်ယောက်ဖြစ်ပါလျက်နှင့် အပြင်လူများအမြင်တွင် အဘယ်ကြောင့်များ အိမ်အကူတစ်ယောက်အဖြစ်သာ သတ်မှတ်ခံနေရသနည်း။
ဘာကြောင့်များ လုရှီမန်၏အောက် တစ်ဆင့်နိမ့်သောနေရာတွင် နေနေရသနည်း။
လုရှီမန်က လက်ထဲမှလက်ဖက်ရည်ခွက်ကို အသာချထားပြီး မတ်တတ်ရပ်လိုက်သည်။
“ဘာကြည့်နေတာလဲ၊ ကြမ်းလှည်းပြီးပြီလား၊ ဖုန်သုတ်ပြီးပြီလား၊ အဝတ်လျှော်ပြီးပြီလား၊ ဈေးဝယ်ပြီးပြီလား၊ ဘာတစ်ခုမှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘဲနဲ့ မျက်နှာပြောင်တိုက်ပြီး လစာတောင်းရဲသေးတယ်”
လီ၀မ်မြန် အာဟာရချို့တဲ့နေခြင်းကြောင့်လော သို့တည်းမဟုတ် စာရေးသူက ဇာတ်လိုက်မင်းသမီး၏ သေးသွယ်လှပသောပုံရိပ်ကို ဖန်တီးထားခြင်းကြောင့်လော မဆိုနိုင်သော်လည်း လုရှီမန် မတ်တတ်ရပ်လိုက်ချိန်တွင် လီ၀မ်မြန်အပေါ်သို့ အမည်မသိဖိအားတစ်ရပ် သက်ရောက်သွားလေသည်။
လီ၀မ်မြန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ကျောကိုတတ်နိုင်သမျှ မတ်မတ်ထားရန် ကြိုးစားလိုက်သော်လည်း မည်မျှပင်ကြိုးစားစေကာမူ သူတို့နှစ်ဦးကြားရှိ အရပ်အမောင်း ကွာဟချက်ကိုမူ ဖုံးကွယ်၍မရနိုင်ပေ။
လုရှီမန်က အပြုံးလေးဖြင့်ကြည့်လိုက်ကာ အဓိပ္ပာယ်နှစ်ခွပါသော စကားကို ဆိုလိုက်သည်။
“ဟက် တချို့လူတွေက တစ်သက်လုံး ကြိုးစားရင်တောင် တခြားလူကိုမမီနိုင်ဘူး၊ အားအင်တွေ အချည်းနှီးမဖြုန်းတီးဖို့ပဲ အကြံပေးချင်တယ်”
တစ်ခါတစ်ရံတွင် လူတို့သည် ဆဲဆိုရိုက်နှက်ခံရပါများလာလျှင် ကျင့်သားရသွားတတ်ကြ၏။ ထိုအခါမျိုးတွင် ယခုကဲ့သို့သော အေးစက်စက် လှောင်ပြောင်သရော်မှုများက ပိုထိရောက်မှုရှိပေသည်။
အထူးသဖြင့် လီ၀မ်မြန်ကဲ့သို့ မိမိကိုယ်ကို အထင်တကြီးရှိလွန်းသူများအတွက် ပို၍ပင်နာကျင်စေသည်။
လီ၀မ်မြန်တစ်ယောက် မျက်ရည်များ ချက်ချင်းပင် ကျဆင်းလာတော့၏။ နီရဲနေသော မျက်ဝန်းများဖြင့် သူမက ရှိုက်ကြီးတငင်ငိုကြွေးလိုက်သည်။ သူမစိတ်အစဉ်တွင် ချေပလိုသော စကားလုံးအများအပြား ဖြတ်ပြေးသွားသော်လည်း မည်သို့ထုတ်ဖော်ပြောဆိုရမည်ကိုမူ မသိချေ။
ထိုသနားစရာကောင်းသော အမူအရာလေးက အခြားယောကျ်ားတစ်ယောက်ကိုသာဆိုလျှင် ရင်နာလွန်း၍ ရူးသွပ်သွားစေနိုင်သော်လည်း လုရှီမန်၏နှလုံးသားကမူ ကျောက်တုံးတစ်တုံးပမာ ခိုင်မာနေခဲ့သည်။
သူမ စကားပင်မဆုံးလိုက်ခင်မှာပင် လီ၀မ်မြန်၏ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်များ လုံးဝပြိုလဲသွားကာ အပြင်သို့ တန်းတန်းမတ်မတ် ပြေးထွက်သွားလေတော့သည်။
“ငါ ဘယ်နှစ်ခါပြောရမလဲ၊ အရမ်းငိုရင် နင့်ရဲ့ကံကောင်းမှုတွေ လွင့်စင်သွားလိမ့်မယ်လို့”
လုရှီမန်က လီ၀မ်မြန်နောက်ကျောကို ကြည့်ရင်း ရေရွတ်လိုက်၏။
“ကြာပန်းဖြူလေးဆိုတဲ့အတိုင်း ပြန်တောင်မပြောတတ်ဘူး၊ တော်တော်တုံးအတာပဲ”
လီ၀မ်မြန်တစ်ယောက် လုမိသားစုအိမ်တော်မှ ပြေးထွက်သွားခဲ့သည်။ ရှန်ဟုန်မိန်မှာမူ အိမ်အကူတစ်ယောက်၏ အလုပ်များကို တကယ်တမ်းလုပ်ဆောင်နေရရှာ၏။
အဝတ်လျှော်ခြင်း၊ ချက်ပြုတ်ခြင်း၊ ကြမ်းတိုက်ခြင်း၊ တံမြက်လှည်းခြင်းမှအစ အိမ်တစ်အိမ်လုံး၏ ကိစ္စအဝဝကို သူမတစ်ယောက်တည်းကသာ ဒိုင်ခံလုပ်ဆောင်နေရခြင်းဖြစ်သည်။ ဤအချိန်တွင်မူ သူမက ဈေးဝယ်ရန်ထွက်သွားချေပြီ။
သေချာစဉ်းစားကြည့်လျှင် လီရှီချွမ်းကလည်း တော်တော်လေးပါးနပ်သူဖြစ်သည်။ ငွေတစ်ပြားတစ်ချပ်မှ အကုန်အကျမခံဘဲ အလုပ်ကြိုးစားသော အိမ်အကူတစ်ယောက်ကိုရရှိခဲ့သည့်အပြင် အိပ်ရာပေါ်ကဝန်ဆောင်မှုများကိုပါ ရနေသေး၏။
သို့တိုင်အောင် ထိုမိန်းမကိုတရားဝင်အဆင့်အတန်းတစ်ခုပေးရန်မူ ဝန်လေးနေခဲ့၏။ ပြောရမည်ဆိုလျှင် ဤသည်မှာ အတော်လေးအဖြစ်ဆိုးလှပေသည်။
သို့သော် သူမ မည်မျှပင်အဖြစ်ဆိုးနေပါစေ လုရှီမန်လောက်တော့ ဆိုးရွားမည်မထင်ချေ။ သူမမိသားစုပိုင်ဆိုင်မှုများ အလွဲသုံးစားလုပ်ခံရရုံသာမက အခြားသူများအတွက် အပြစ်များကိုပါ ခံယူပေးခဲ့ရသေးသည်။
သူမ လျှာသပ်လိုက်ပြီး လျှို့ဝှက်သိုလှောင်ရုံအတွင်းမှ သော့ကိုထုတ်ယူလိုက်သည်။ သော့ကိုငုံ့ကြည့်ရင်း သူမနှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်ကွေးညွတ်သွားကာ လုမိသားစုအိမ်တော်ရှိ လူသိအနည်းဆုံးအခန်းဆီသို့ ဖြည်းညင်းစွာလျှောက်သွားလေ၏။