← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

18

အခန်းတွင်းသို့ ဝင်ရောက်ပြီးနောက် သူမက တံခါးကိုအတွင်းမှသော့ခတ်လိုက်ပြီး လျှို့ဝှက်ခန်းတံခါးကို တိုက်ရိုက်ဖွင့်လိုက်သည်။ လျှို့ဝှက်ခန်းတံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ရာစုနှစ်တစ်ခုတိုင်တိုင် စုဆောင်းထားခဲ့သော လုမိသားစု၏အခြေခံပိုင်ဆိုင်မှုကြီးက ပေါ်လွင်လာတော့၏။

သို့သော် မြင်ကွင်းအရဆိုလျှင် လျှို့ဝှက်ခန်းအတွင်းရှိ ပစ္စည်းအများစုမှာ ရွှေအဖြစ်သို့ပြောင်းလဲထားပြီးဖြစ်နေသည်။

သူမ ခေါင်းခါရမ်းလိုက်၏။

“လောဘကြီးလိုက်ကြတာ၊ ဒီလောက်များတဲ့ရွှေတွေကို ဟောင်ကောင်အထိ အောင်အောင်မြင်မြင်သယ်သွားနိုင်လိမ့်မယ်လို့ ထင်နေကြတာလား၊ စာရေးသူရဲ့မျက်နှာသာပေးမှုသာမပါရင် သူတို့တွေ သင်္ဘောပေါ်မှာတင် ပစ္စည်းလုပြီး အသတ်ခံရမှာသေချာတယ်”

သူမက သေတ္တာတစ်လုံးကိုဖွင့်လိုက်သောအခါ အပြည့်အသိပ်ထည့်ထားသော ရွှေချောင်းများကို မြင်တွေ့လိုက်ရသဖြင့် မျက်ဝန်းများထဲတွင် အံ့ဩမှုရိပ်များ ဖြတ်သန်းသွားသည်။ ဤကဲ့သို့သော သေတ္တာမျိုးက တစ်လုံးတည်းမဟုတ်ချေ။

သေချာရေတွက်ကြည့်မည်ဆိုပါက ဆယ်လုံးနီးပါးပင် ရှိနေသေးသည်။

နောက်ထပ် သေတ္တာကြီးတစ်လုံးကိုဖွင့်ကြည့်လိုက်ပြန်သည်။ အတွင်းရှိပစ္စည်းအများစုမှာ လက်ဝတ်ရတနာများဖြစ်ပြီး ငွေသားအဖြစ်ပြောင်းလဲရန် အလွန်လွယ်ကူလှပေ၏။ ထိုအရာများအပြင် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ အထပ်လိုက်ပါဝင်သော သေတ္တာငယ်လေးများလည်း ရှိနေသေးသည်။

သူတို့လက်ရှိနေထိုင်နေသော အဆောက်အအုံအတွက်သာမက အနောက်တိုင်းစတိုင်အိမ်ကြီးများနှင့် ဆိုင်ခန်းများအတွက်ပါဖြစ်သည်။

လုရှီမန်က သေတ္တာကိုပိတ်လိုက်ပြီး ခပ်ဖွဖွရယ်မောလိုက်၏။ လီရှီချွမ်း၏ ဟောင်ကောင်သို့ထွက်ပြေးရန် အကြံအစည်မှာ လုဟန်ရှန်းကွယ်လွန်ပြီးသည်နှင့် ချက်ချင်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ဤမျှများပြားလှသောပစ္စည်းများကို ရောင်းချရန်အတွက် အချိန်အတော်အတန်ယူရမည်ဖြစ်သောကြောင့်ပင်။

သူမက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သေတ္တာအားလုံးကို ပိတ်ကာ လက်တစ်ချက်ဝှေ့ရမ်းရင်း အရာအားလုံးကို နေရာလွတ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။

ဤကိစ္စပြီးစီးသွားသောအခါ သူမက တံခါးပိတ်ကာ ခြေရာလက်ရာများကို ရှင်းလင်းလိုက်ပြီး အပြင်သို့ထွက်၍ တံခါးကို သော့ပြန်ခတ်လိုက်သည်။

သူမမျက်ဝန်းများထဲတွင် ကျေနပ်မှုများ အပြည့်အဝဖုံးလွှမ်းနေပြီး လက်ခုပ်တစ်ချက်တီးလိုက်၏။

“ပြီးပြီ၊ အခုတော့ အပြစ်ပုံချဖို့ပဲကျန်တော့တယ်”

ဤကိစ္စကို အောင်မြင်စွာလုပ်ဆောင်နိုင်ခြင်းက သူမ၏အဓိကစိုးရိမ်ပူပန်မှုကြီးတစ်ခုကို ဖြေရှင်းနိုင်လိုက်ခြင်းပင်။

သူမက သော့ကိုကိုင်ကာ ရှန်ဟုန်မိန်၏အခန်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ ဟောင်းလောင်းပွင့်နေသော တံခါးကို မြင်လိုက်ရသောအခါ သူမမျက်နှာပေါ်ရှိအပြုံးက ပိုမိုကျယ်ပြန့်လာတော့၏။

ဤသည်က သူမအတွက် လမ်းခင်းပေးထားသကဲ့သို့ ဖြစ်နေသည်ပင်။ သော့မည်သို့ဖွင့်ရမည်ကိုပင် စဉ်းစားနေစရာမလိုဘဲ တိုက်ရိုက်ဝင်ရောက်သွားနိုင်ချေပြီ။

သူမက ရှန်ဟုန်မိန်၏အခန်းအတွင်းသို့ အကဲခတ်ကြည့်လိုက်ပြီးနောက် ဘေးဘက်တွင်ချွတ်ထားသော ဖိနပ်တစ်ရန်အတွင်းသို့ သော့ကိုဝှက်ထားလိုက်သည်။ သို့သော် ဤမျှနှင့် လုံလောက်မည်မဟုတ်သေးချေ။

ဝံပုလွေကိုဖမ်းချင်လျှင် သားကောင်ကို စတေးရဲမှ ဖြစ်မည်ပင်။ သူမက ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုလိုက်ပြီး နေရာလွတ်အတွင်းမှ ရွှေချောင်းတစ်ချောင်းကိုထုတ်ယူကာ ကုတင်ဘောင်ကြားထဲသို့ ထိုးသိပ်ထည့်ထားလိုက်သည်။

အခန်းတွင်းမှထွက်လာရင်း သူမအကြည့်များက လီရှီချွမ်း၏အခန်းဆီသို့ စူးစိုက်သွား၏။

“နောက်တစ်ခုက…”

ခွေးချင်းကိုက်သည့်ပြဇာတ်ကို ကြည့်ရှုလိုသည်ဖြစ်ရာ လီရှီချွမ်းထံတွင် ငွေကြေးများ ဆက်လက်ကျန်ရှိနေ၍မဖြစ်ပေ။ ရှန်ဟုန်မိန်နှင့် သူမသမီးထံတွင် လီရှီချွမ်းပေးထားသော ငွေကြေးအတော်များများရှိနေမည်မှာ သေချာသည်။

ဤခင်ပွန်း၊ ဤဖခင်အပေါ် သူတို့ မည်သို့သောသံယောဇဉ်မျိုးရှိနေသနည်းဆိုသည်ကို စောင့်ကြည့်ရဦးမည်။ ငွေကြေးက ပိုအရေးကြီးသလော။ သို့မဟုတ် သံယောဇဉ်က ပိုအရေးကြီးသလော။

နောက်ပြောင်ချင်သော အရိပ်အယောင်တစ်ခု သူမမျက်ဝန်းများထဲတွင် ဖြတ်သန်းသွား၏။ သူမက လီရှီချွမ်း၏တံခါးကို ရဲဝံ့စွာဖွင့်လိုက်ပြီး အခန်းအတွင်းရှိ တန်ဖိုးရှိပစ္စည်းအားလုံးကို မွှေနှောက်သိမ်းဆည်းလိုက်သည်။

သဘာဝကျစွာပင် ဘေးတွင်တင်ထားသော ငွေသားများကိုလည်း တစ်ပြားမှ အကျန်မခံဘဲ ယူဆောင်သွားခဲ့သည်။

ပစ္စည်းများကို သိမ်းဆည်းပြီးနောက် စားပွဲပေါ်ရှိ စက္ကူနှင့် ဘောပင်ကို ကောက်ယူလိုက်၏။

“ငွေလိုနေလို့ အခန်းထဲကပိုက်ဆံတွေ ယူသွားတယ်”

သူမက စဉ်းစားခန်းဖွင့်လိုက်ပြီးနောက် လီရှီချွမ်း မမြင်မည်ကိုစိုးရိမ်သဖြင့် သူမရေးထားသော စာတိုလေးကို လူအမြင်သာဆုံးနေရာတွင် ကပ်ထားလိုက်သည်။

ဤအရာအားလုံး ပြီးစီးသွားပြီးနောက် လုရှီမန်သည် အိမ်ထဲမှဖြည်းညင်းစွာ ထွက်ခွာသွားလေတော့သည်။ ဇာတ်ခုံကို ပြင်ဆင်ထားပြီးပြီဖြစ်၍ ယခုအခါ ပြဇာတ်စတင်မည့်အချိန်ကို စောင့်ဆိုင်းရန်သာ လိုအပ်တော့၏။

လုမိသားစုအိမ်တော်မှအထွက်တွင် အလျင်စလိုပြန်လာသော ရှန်ဟုန်မိန်ကို မြင်တွေ့လိုက်ရ၏။ သူမက လုရှီမန်ကို မြင်သော်လည်း နှုတ်ဆက်စကားပင်မဆိုခဲ့ချေ။

သူမက ပြုံးလိုက်သည်။

“လီလိုင်ဇီတော့ လှုပ်ရှားနေပြီထင်တယ်”

လုရှီမန်၏အပြုံးက ပိုမိုတောက်ပလာခဲ့သည်။ သူမက အပြင်ဘက်တွင်အချိန်အနည်းငယ် ဖြုန်းလိုက်ပြီးနောက် နေ့လယ်စာစားချိန်အတိအကျတွင် အိမ်သို့ ပြန်ရောက်လာအောင် အချိန်ကိုက် လျှောက်လာခဲ့သည်။

အိမ်တွင်းသို့ ဝင်ဝင်ချင်းပင် အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်နေသော လီရှီချွမ်း၏မျက်နှာကြီးကို မြင်တွေ့လိုက်ရ၏။

သူမက အနည်းငယ်မျှပင် အပြစ်ရှိသည်ဟုမခံစားရဘဲ အပြုံးလေးဖြင့်ဆိုလိုက်သည်။

“အဖေ၊ မျက်နှာကြီးက အရမ်းမည်းနေတယ်၊ နေများမကောင်းလို့လား”

လီရှီချွမ်းက သူမအားပါးချည်းရိုက်ချင်နေသော ဆန္ဒကို ချုပ်တည်းထားလိုက်ကာ မှောင်မိုက်ခက်ထန်နေသော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

“မန်မန်၊ အခုတစ်လော ဘာတွေလုပ်နေလို့ အဲဒီလောက်တောင် ငွေတွေလိုနေရတာလဲ”

လုရှီမန်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ခေါင်းစဉ်ကို လျှို့ဝှက်ခန်းဆီသို့ မသိမသာ လှည့်ပြောင်းလိုက်သည်။

“သမီး လူကောင်းသွားလုပ်နေတာပါ၊ အဘိုးတုန်းကလည်း အဲဒီလိုပဲလုပ်ခဲ့တာမဟုတ်ဘူးလား၊ တခြားသူတွေကို ကူညီရတာ သမီးအတွက် အရမ်းနေလို့ကောင်းတယ်၊ ပြီးတော့ သမီးတို့မိသားစုက ငွေပြတ်နေတာမှမဟုတ်တာ၊ ကုသိုလ်ကောင်းမှုလေးတွေလုပ်တာ ကောင်းတယ်မဟုတ်ဘူးလား၊ တစ်ကယ်လို့ ပိုက်ဆံကုန်သွားရင်တောင် လျှို့ဝှက်ခန်းကို ဖွင့်လိုက်ရုံပဲလေ၊ အဘိုးက အဲဒီထဲမှာ ပိုက်ဆံတွေအများကြီး ထည့်ထားခဲ့တာပဲဟာကို၊ ဒါမှမဟုတ် လျှို့ဝှက်ခန်းထဲမှာ ပိုက်ဆံမကျန်တော့လို့များလား”

All Chapters