← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

19

လျှို့ဝှက်ခန်းဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် လီရှီချွမ်း၏ ရင်ဘတ်တစ်ခုလုံး ဆို့နင့်သွားကာ သွေးကြောများပင် တင်းမာသွားသလို ခံစားလိုက်ရသည်။ သော့ကို မည်သည့်နေရာတွင် ကျပျောက်ခဲ့မှန်း သူ လုံးဝစဉ်းစား၍မရချေ။

‘ကိစ္စတော့ မရှိပါဘူး၊ တစ်ယောက်ယောက် ကောက်ရသွားရင်တောင်မှ အဲ့ဟာက ဘယ်နေရာကို ဖွင့်ရမယ့် လျှို့ဝှက်ခန်းသော့မှန်းသိမှာမဟုတ်ပါဘူးလေ’

ထိုသို့ကြိတ်မှိတ်တွေးကာ ကိုယ့်ကိုကိုယ် ဖြေသိမ့်နေမိသည်။ လုရှီမန်က စိတ်ညစ်နေဟန် ဟန်ဆောင်လိုက်ပြီး ခေါင်းငိုက်စိုက်ကျကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

“စကားမစပ် အဖေ၊ အဘိုးရဲ့လျှို့ဝှက်ခန်းထဲကနေ သမီးသုံးဖို့ ရွှေချောင်းနှစ်ချောင်းလောက် သွားယူပေးပါလား၊ ဒီပိုက်ဆံတွေက မျက်စိတစ်မှိတ်အတွင်း ကုန်သွားတာပဲ၊ ဘာမှတောင်ခံတာမဟုတ်ဘူး”

လီရှီချွမ်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။

“ငွေကို ရေလိုသုံးတဲ့ခွေးမလေး”

အကယ်၍ သခင်ကြီးလုသာ သက်ရှိထင်ရှားရှိနေသေးပါက သူမကို သေချာပေါက် ရိုက်သတ်ပစ်မည်မှာ အမှန်ပင်။

‘နေပါဦး၊ အဘိုး ဟုတ်လား'

ထိုစကားကြောင့် သူ ပို၍ပင်မူးမေ့ချင်သွားသည်။ သခင်ကြီးလုကို အဘိုးဟုခေါ်လိုက်ခြင်းက သူ့ကိုအိမ်ပါသားမက်ဟု သွယ်ဝိုက်ပြောဆိုနေခြင်းပင်။ သူက တကယ့်လက်တွေ့တွင် အိမ်ပါသားမက်တစ်ယောက် ဖြစ်နေသော်ငြားလည်း သူ့ဂုဏ်သိက္ခာအတွက် သခင်ကြီးလုပင်လျှင် ထိုသို့ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ချေ။

ပို၍ ဒေါသထွက်စရာကောင်းသည်မှာ လုရှီမန်က ထိုသို့ခေါ်ဝေါ်နေသည်မှာ ရက်အတန်ကြာနေပြီဖြစ်သော်လည်း သူက ယခုမှသတိထားမိခြင်းပင်။ တကယ်ကို ရူးချင်စရာကောင်းလှသည်။

လီရှီချွမ်းက မျက်မှောင်ကြုတ်လိုက်သည်။

“သမီးက ဘာလို့ သူ့ကို အဘိုးလို့ ရုတ်တရက်ကြီးခေါ်ရတာလဲ”

လုရှီမန်က သူမလက်ကို ခပ်ပေါ့ပေါ့ပင် ဝှေ့ယမ်းပြလိုက်၏။

“သူက အဘိုးမဟုတ်လို့လား၊ အဲဒီအကြောင်းတွေ ပြောမနေပါနဲ့တော့၊ လျှို့ဝှက်ခန်းထဲသွားပြီး ပိုက်ဆံသွားယူရအောင်ပါ”

သူမ၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လီရှီချွမ်းကို ဒေါသထွက်၍ ရူးသွပ်သွားစေရန်ပင်။ ရှင်းရှင်းပြောရလျှင် သူက အိမ်ပါသားမက်တစ်ယောက်သာဖြစ်ပါလျက်နှင့် သူကိုယ်တိုင်ကပင် လုရှီယင်ကို လက်ထပ်ခေါ်ယူလာခဲ့သည့်အလား ဟန်ဆောင်နေခြင်းမှာ အလွန်အရှက်မဲ့လွန်းလှသည်။

သူမက လီရှီချွမ်း၏သနားစရာကောင်းလှသော မိမိကိုယ်ကိုအထင်ကြီးမှု အတုအယောင်များကို အစအနမကျန် ဆွဲဆုတ်ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားသည်။

လုရှီမန်က မတ်တတ်ရပ်လိုက်ပြီး လီရှီချွမ်းကို တစ်ချက်စိုက်ကြည့်ကာ တိုက်တွန်းလိုက်၏။

“သွားကြစို့”

လီရှီချွမ်းမှာ နေရာမှအနည်းငယ်မျှပင် မလှုပ်ရှားချေ။ သူကိုယ်တိုင်လည်း သွားဖွင့်ချင်လှသော်လည်း သော့က ပျောက်ဆုံးနေပြီဖြစ်ရာ မည်သို့လုပ်၍ ရနိုင်မည်နည်း။

လုရှီမန်က ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား ဟန်ဆောင်လိုက်သည်။

“ဒါဆိုရင် အဖေပျောက်သွားတဲ့သော့က လျှို့ဝှက်ခန်းသော့ပေါ့”

လုရှီမန်က စိုးရိမ်တကြီးဖြင့်ဆက်ပြောလာသည်။

“ဒါကြောင့်မို့ အဖေ အရမ်းပြာယာခတ်နေတာကိုး၊ ကျစ် သော့ပျောက်သွားတယ်ဆိုရင် လျှို့ဝှက်ခန်းထဲကပစ္စည်းတွေ အခိုးခံလိုက်ရပြီလား၊ မဖြစ်ဘူး သမီး သွားစစ်ကြည့်မှရမယ်၊ အဲဒါတွေအကုန်လုံးက သမီးရဲ့ပိုက်ဆံတွေပဲ”

သူမက လျှို့ဝှက်ခန်းဆီသို့ အလျင်စလို ပြေးသွားလေ၏။ ဤသည်ကိုမြင်သောအခါ လီရှီချွမ်းမှာလည်း အငြိမ်မထိုင်နိုင်တော့ဘဲ နောက်မှအမြန်ပြေးလိုက်သွားတော့သည်။

ထိုနေရာသို့ရောက်သောအခါ လုရှီမန်က ရင်ဘတ်ထက်လက်ပိုက်လိုက်၏။ ယခင်ကလို အလျင်လိုနေသည့်ဟန်မရှိတော့ချေ။

“အဖေ သွားပြီးရိုက်ခွဲလိုက်”

သော့ခလောက်ကို ရိုက်ခွဲခြင်းကဲ့သို့သော အကြမ်းဖက်သည့်လုပ်ရပ်မျိုးကို သူမကဲ့သို့သော သခင်မလေးတစ်ပါးက မည်သို့လုပ်နိုင်မည်နည်း။

လီရှီချွမ်း မျက်စိရှေ့တွင် အမှောင်အတိကျသွားသလို ခံစားလိုက်ရသည်။ မည်သည့် မကောင်းမှုများကို သူကျူးလွန်ခဲ့မိ၍ ဤကဲ့သို့သောသမီးမျိုးကို ရရှိခဲ့ရပါသနည်း။

သူမက တကယ်ရော သူ့သမီးအရင်း ဟုတ်ပါလေစ။

လုရှီမန်က ထပ်မံတိုက်တွန်းလိုက်သည်။

“မြန်မြန်လုပ်ပါ၊ သမီးကို တကယ်ကြီးလုပ်ခိုင်းမလို့လား”

သူမက နှုတ်ခမ်းစူကာ မကျေမနပ် ရေရွတ်လိုက်၏။

“အဖေက ယောကျ်ားရောဟုတ်ရဲ့လား၊ သမီးကို လုပ်ခိုင်းနေတာလား၊ သမီးတော့ တကယ်စိတ်ညစ်တာပါပဲ”

သူမကနေရာတွင် မလှုပ်မယှက်ရပ်နေသော လီရှီချွမ်းကိုကြည့်ရင်း မကျေမချမ်း ဆက်တိုက်ညည်းတွားနေသော်လည်း သူမလှုပ်ရှားမှုများကမူ သူ့ကို စောင့်ဆိုင်းနေသည့်အလား နှေးကွေးလေးတွဲ့နေသည်။

အခြားကိစ္စများကို လီရှီချွမ်း သည်းခံနိုင်ကောင်း သည်းခံနိုင်မည်ဖြစ်သော်လည်း သူ့ကို ယောကျ်ားမဟုတ်ဘူးဟု ပြောဆိုလာခြင်းကိုမူ သည်းမခံနိုင်ချေ။ မည်သည့်ယောကျ်ားမှလည်း သည်းခံနိုင်မည်မဟုတ်ပေ။

လီရှီချွမ်းက သူ့အင်္ကျီလက်များကို ပင့်တင်လိုက်သည်။

“ငါ လုပ်မယ်”

သူက အိမ်တစ်ပတ်လှည့်ကာ ပုဆိန်တစ်လက်ကို ရှာဖွေလိုက်ပြီး လျှို့ဝှက်ခန်းတံခါးကို ရိုက်ချိုးဖွင့်ရန် ပြင်ဆင်လိုက်သည်။ သို့သော် လီရှီချွမ်းမှာ စာပေပညာရှင်တစ်ဦးဖြစ်နေသည့်အပြင် ကိုယ်လက်လှုပ်ရှားမှုလည်း မရှိသူဖြစ်ရာ ပုဆိန်ကိုကိုင်ထားသော သူ့လက်များက တုန်ရီနေပြီး မျက်နှာတစ်ခုလုံးလည်း ရှုံ့မဲ့နေ၏။

ဤပုံစံကိုမြင်သောအခါ လုရှီမန်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ၏။ သူ့ပုံစံက အမှန်တကယ်ပင် ရယ်စရာကောင်းလွန်းလှသည်။ ဤမျှ အားနည်းပျော့ညံ့သော ယောကျ်ားမျိုးကို မည်သူကများ သဘောကျနိုင်မည်နည်း။

လုရှီမန်၏လှောင်ပြောင်မှုကို ခံစားမိသွား၍လားမသိ လီရှီချွမ်းက အားပိုစိုက်ထုတ်လိုက်သည်။ ဆယ်ချက်ကျော်လောက် ခုတ်ထစ်လိုက်ရပြီး သူလုံးဝ မောဟိုက်နွမ်းနယ်သွားချိန်တွင်မှ လျှို့ဝှက်ခန်းတံခါးက ပွင့်သွားလေတော့သည်။ လုရှီမန် အပြုံးလေးဖြင့် ညင်သာစွာ သတိပေးလိုက်၏။

“အဖေတော့ လေ့ကျင့်ခန်းပိုလုပ်ဖို့လိုနေပြီထင်တယ်”

သူမအနီးသို့လျှောက်သွားကာ မောဟိုက်နေသော လီရှီချွမ်းကိုငုံ့ကြည့်လိုက်ပြီး သူမမျက်နှာပေါ်တွင် လှောင်ပြောင်ရိပ်များ အထင်းသားပေါ်လွင်နေသည်။

လီရှီချွမ်း ရင်ဘတ်ကိုဖိကာ လေကို ပြင်းပြင်းရှူသွင်းလိုက်သည်။

ဤမျှနှုတ်ကြမ်းသော သမီးမျိုး အဘယ်ကြောင့် မွေးဖွားလာခဲ့ရသနည်း။ သူမမွေးလာကတည်းက လည်ပင်းညှစ်သတ်ပစ်ခဲ့သင့်သည်။

လုရှီမန် တံခါးကိုတွန်းဖွင့်လိုက်ပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“အား အဖေ၊ သမီးတို့တော့သွားပါပြီ၊ ဘယ်ခွေးသူတောင်းစားက သမီးတို့ပစ္စည်းတွေကို ခိုးသွားတာလဲ”

လီရှီချွမ်းမှာ အမောဖြေရန်ပင် ဂရုမစိုက်နိုင်တော့ချေ။ သူ အထဲသို့ အပြေးအလွှားဝင်သွားပြီး ဟာလာဟင်းလင်းဖြစ်နေသော လျှို့ဝှက်ခန်းကို မြင်လိုက်ရသောအခါ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ်ခွေကျသွားတော့၏။

သူ့နှလုံးသားထဲမှ နာကျင်မှုလှိုင်းလုံးများ တရစ်ပြီးတရစ်ဖြတ်သန်းသွားစဉ် ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဖိဆုပ်ထားမိသည်။

‘ပြီးပြီ၊ အရာအားလုံးပြီးဆုံးသွားပြီ'

မျက်ရည်ပေါက်ကြီးများက တသွင်သွင်စီးကျလာပြီး မြှောက်ထားသော သူ့လက်များကလည်း ပြင်းထန်စွာ တုန်ယင်နေသည်။

သူ လေကို အသည်းအသန်ရှူသွင်းလိုက်ပြီး သူ့မျက်ဝန်းများထဲတွင် လူသတ်ချင်င်သောရက်စက်သည့်အရိပ်အယောင်များ ဖြတ်သန်းသွား၏။

“ဘယ်သူလဲ၊ ဘယ်သူလဲ၊ ငါတို့ပိုက်ဆံတွေကို ဘယ်သူခိုးသွားတာလဲ”

ထိုအရာများက ပေါင်ခြောက်ဆယ်အတိရှိသော ရွှေချောင်းများဖြစ်သည်။ ထိုအရာများက သူ့အသက်သွေးကြောများပင်။

ဟောင်ကောင်သို့ ရောက်သောအခါ ထိုရွှေများကို အားကိုး၍ စီးပွားရေး ပြန်လည်တည်ဆောက်ကာ အထက်တန်းလွှာအသိုင်းအဝိုင်းသို့ ထိုးဖောက်ဝင်ရောက်ရန် သူ မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

မည်သူက သူ့ငွေများကို ခိုးယူသွားသနည်း။ ဤသည်က သူ့ကိုသတ်ပစ်ခြင်းနှင့် မကွာခြားပေ။

သူ မူးမေ့သွားတော့မည့်ပုံပေါ်နေသည်ကို မြင်သောအခါ လုရှီမန်က သူမစိတ်ထဲမှနေ သူ့ကိုကျိန်ဆဲလိုက်ပြီး ဤသည်မှာ သူနှင့်ထိုက်တန်သည်ဟု တွေးလိုက်မိသည်။

သို့သော်လည်း သူမက စိုးရိမ်ပူပန်နေသောမျက်နှာထားဖြင့် လီရှီချွမ်းကိုထူပေးလိုက်သည်။

“အဖေ အဆင်ပြေရဲ့လား၊ သမီးကတော့ သေချာပေါက် ခိုးမှာမဟုတ်ဘူး၊ ကိုယ့်မိသားစုပိုက်ဆံကို ကိုယ်တိုင်ပြန်ခိုးစရာမှမလိုတာ၊ အဖေလည်း သေချာပေါက်မဖြစ်နိုင်ဘူးဆိုတော့ ဒါဆိုဘယ်သူဖြစ်နိုင်မလဲ”

သူမ အလေးအနက်စဉ်းစားနေသည့်အလား ခေါင်းငုံ့ထားလိုက်သည်။ လီရှီချွမ်းဦးနှောက်များလည်း အလုပ်များစွာ လုပ်နေရ၏။

‘ဘယ်သူ ခိုးသွားတာလဲ၊ သူတို့နှစ်ယောက်ကလွဲပြီး ကျန်တဲ့လူဆိုရင်...’

သူ မျက်ခုံးတင်းတင်းကြုတ်လိုက်မိပြီး သူ့စိတ်ထဲတွင်လည်း ဆိုးရွားသော သံသယတစ်ခုဖြစ်တည်လာသည်။ ဤတုံးအလှသော လုရှီမန်ကတော့ သေချာပေါက် ဤကဲ့သို့လုပ်မည်မဟုတ်ချေ။

အကယ်၍ သူမသာ မိသားစုငွေများကို ယူချင်ပါက ယနေ့နံနက်ကလိုဗြောင်ကျကျယူမည်ဖြစ်ပြီး ခိုးကြောင်ခိုးဝှက်လုပ်ရပ်မျိုးကို လုံးဝလုပ်မည်မဟုတ်ပေ။

သို့သော် ဟုန်မိန်မှာ ရိုးသားသူတစ်ဦးဖြစ်ရာ ဤကဲ့သို့သောလုပ်ရပ်မျိုးကို လုပ်နိုင်စွမ်းမရှိသင့်ပေ။ ၀မ်မြန်အတွက်မူ သူမကသတ္တိကြောင်သူဖြစ်၍ သေချာပေါက်လုပ်ရဲမည်မဟုတ်ချေ။

အပြင်မှ သူခိုးများဝင်လာခြင်းလား။ သို့သော် အပြင်သူခိုးက လျှို့ဝှက်ခန်းအကြောင်းကို မည်သို့သိနိုင်မည်နည်း။ သူတို့သိခဲ့လျှင်တောင်မှ တံခါးကိုသော့မပါဘဲ မည်သို့ဖွင့်လှစ်သွားသနည်း။

လုရှီမန် ဒေါသတကြီး အော်လိုက်သည်။

“သမီး အိမ်အကူအခန်းကို သွားရှာမယ်၊ သူတို့လုပ်တာသေချာတယ်”

သူ တွေဝေနေသည်ကိုမြင်သောအခါ လုရှီမန် မသိမသာမျက်လုံးလှန်လိုက်မိသည်။ ယခုအချိန်အထိပင် သူက ထိုသားအမိကို ယုံကြည်နေဆဲဖြစ်၏။

နောက်ပိုင်းတွင် ရှန်ဟုန်မိန်အခန်းထဲမှ ရွှေချောင်းများ အမှန်တကယ်ရှာတွေ့သွားသောအခါ သူ ဤကဲ့သို့တည်ငြိမ်နေနိုင်ဦးမည်လားဆိုသည်ကို သူမသိချင်မိသည်။

လီရှီချွမ်း ခေတ္တမျှ တွေဝေသွားပြီးနောက် လုရှီမန်နောက်မှလိုက်သွားခဲ့သည်။

သူမ ရုတ်တရက်ခြေလှမ်းများ ရပ်တန့်လိုက်ပြီး သူမနဖူးကိုသူမရိုက်လိုက်၏။

“နေဦး၊ ဒီလိုကိစ္စမျိုးဖြစ်လာရင် သမီးရဲကိုအရင်တိုင်သင့်တာ၊ သူခိုးကိုမိရင် သေနတ်နဲ့ ပစ်သတ်သင့်တယ်”

သူမမျက်ဝန်းများထဲတွင် စူးရှရှ အလင်းရောင်များ တောက်ပနေပြီး ရက်စက်ပြတ်သားစွာ ပြောလိုက်သည်။ ရှန်ဟုန်မိန်အပေါ်ထားရှိသော လီရှီချွမ်း၏သံယောဇဉ်အရဆိုလျှင် သူက သူမကို သေချာပေါက်ဟန့်တားမည်ပင်။

သူမက နှစ်ကြိမ်၊ သုံးကြိမ်ခန့်ငြင်းဆန်ပြပြီးနောက် သူမဝှက်ထားခဲ့သော ရွှေချောင်းများကို အလွယ်တကူပင် ထုတ်ယူပြလိုက်မည်ဖြစ်သည်။

လီရှီချွမ်း ပြာပြာသလဲတားမြစ်လိုက်သည်။

“မလုပ်နဲ့၊ အရင်ဆုံး အိမ်ထဲကိုရှာကြည့်ကြရအောင်”

ဤကိစ္စကို မိသားစုဝင်တစ်ဦးဦးလုပ်သည်ဟု သူမထင်သော်လည်း အကယ်၍သာဟုတ်နေခဲ့လျှင် မည်သို့လုပ်မည်နည်း။

‘တကယ်လို့ ဟုန်မိန်သာ တဒင်္ဂစိတ်ကူးလွဲပြီး သူ့ရွှေတွေကိုယူသွားခဲ့ရင်‌ရော'

ထိုသို့ဆိုလျှင်ပင် သူမကို ကာကွယ်ပေးရန် သူ့တွင်အခွင့်အရေးရှိနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ သူမက သူ့အတွက် သမီးတစ်ယောက် မွေးဖွားပေးထားခဲ့သည်ပင်။

လုရှီမန် အဓိပ္ပာယ်ပါပါစိုက်ကြည့်ကာ ဆိုလိုက်သည်။

“အဖေက သူတို့အပေါ် လိုတာထက်ပိုပြီး ကောင်းနေသလိုပဲ”

လီရှီချွမ်း နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်ပြီးနောက် အတင်းလုပ်ရယ်လိုက်၏။

“သမီး အများကြီးတွေးနေမိပြီထင်ပါရဲ့၊ အဖေက ဘာလို့သူတို့အပေါ်ကောင်းရမှာလဲ၊ အဖေ ကိုယ်တိုင်ပဲရှာလိုက်မယ်”

လုရှီမန် မျက်ခုံးပင့်လိုက်မိ၏။

“ကောင်းပြီလေ၊ သူတို့မဟုတ်ဖို့ မျှော်လင့်ပါတယ်”

သူမက အနံ့ဆိုးထွက်နေသောဖိနပ်များကို တကယ်တမ်း မမွှေနှောက်ချင်ပေ။ ဤကဲ့သို့ ပင်ပန်းဆင်းရဲသော အလုပ်များကို လီရှီချွမ်းကိုသာလုပ်ခိုင်းခြင်းက ပို၍ကောင်းမွန်ပေသည်။

သူတို့နှစ်ဦး ရှန်ဟုန်မိန်အခန်းတံခါးဝသို့ ရောက်ရှိသွားချိန်တွင် လီ၀မ်မြန်မှာလည်း စိတ်ကိုတည်ငြိမ်အောင်ထားပြီးနောက် အနားယူရန် အခန်းသို့အပြန်နှင့် အံကိုက်ကြုံသွားလေသည်။

လုရှီမန်ကိုမြင်သောအခါ သူမ အလိုအလျောက်ပင် မေးခွန်းထုတ်လိုက်၏။

“နင် ဒီမှာဘာလုပ်နေတာလဲ၊ အခု ဘာပြဿနာထပ်ရှာဦးမလို့လဲ”

All Chapters