← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

20

ဂနာမငြိမ်ဖြစ်နေသော လီ၀မ်မြန်၏အမူအရာကို မြင်လိုက်ရသောအခါ လီရှီချွမ်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်နှာထက်တွင် မကျေမနပ်ဖြစ်မှုများ ဖုံးလွှမ်းသွားသည်။ ရှီမန်က ၀မ်မြန်ကို မနှစ်မြို့သည်မှာလည်းမဆန်းပေ။

ယခုကဲ့သို့သော ပုံစံမျိုးကိုကြည့်ရသည်မှာ သူမ၌မည်သည့်ကျက်သရေမျိုးမှမရှိသည့်အပြင် အနည်းငယ်ခါးသီးပြီး စိတ်ထားသေးသိမ်သည့်ဟန် ပေါက်နေသည်။

ကျေးလက်တောရွာတွင် ကြီးပြင်းလာရသူပီပီ သူမစိတ်နေသဘောထားက အမှန်တကယ်ပင် ကျဉ်းမြောင်းလှပေသည်။ လုရှီမန်လက်ပိုက်လိုက်၏။

“ငါက ဘာတွေယုတ်မာနေလို့လဲ၊ နင်တို့သားအမိ ငါတို့အိမ်ကို ဘာကိစ္စနဲ့လာကြတာလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ၊ ငါထင်တာတော့ နင်တို့ကသာ ပြဿနာလာရှာတဲ့သူတွေပဲ၊ နင် ဒီကိုရောက်နေပြီဆိုတော့လည်း ငါခပ်ရှင်းရှင်းပဲပြောလိုက်မယ်၊ ငါ့အိမ်က ငွေအများကြီးပျောက်သွားတယ်၊ ပြီးတော့ အဲဒါကို နင်တို့နှစ်ယောက်လုပ်တာလို့ ငါ သံသယရှိတယ်”

သူမ မေးငေါ့ကာ မာမာထန်ထန်ပြောလိုက်သည်။ သူမမျက်ဝန်းများထဲတွင် ယခင်ကလို အထင်သေးရုံသက်သက် မဟုတ်တော့ဘဲ လုံးဝရွံရှာစက်ဆုပ်သည့် အရိပ်အယောင်များ အထင်းသားပေါ်လွင်နေ၏။

ဤကဲ့သို့ မတရားစွပ်စွဲခံရခြင်းက လီ၀မ်မြန်ကို ဒေါသပိုထွက်စေသည်။ သူတို့က ရိုးသားဖြောင့်မတ်သူများဖြစ်ရာ ဤကဲ့သို့သောလုပ်ရပ်မျိုးကို အဘယ်ကြောင့် လုပ်နိုင်မည်နည်း။

သူတို့က ဆင်းရဲချင် ဆင်းရဲမည်ဖြစ်သော်လည်း ဆင်းရဲသားများ၏မာနတော့ ရှိနေပေသည်။

သူမက အကူအညီတောင်းခံသည့် အကြည့်ဖြင့် လီရှီချွမ်းထံသို့ လှမ်းကြည့်လိုက်သော်လည်း သူက မျက်နှာလွှဲသွားလေသည်။

သူက ဘာစကားမှမဆိုသော်လည်း အရာအားလုံးကို ပြောပြလိုက်သကဲ့သို့ လီ၀မ်မြန် ခံစားလိုက်ရ၏။ သူမဖခင်အရင်းကပင်လျှင် သူတို့ကိုမယုံကြည်ပေ။

လုရှီမန် တုန်ယင်နေသော သူမကိုကြည့်ရင်း စိတ်ထဲမှလှောင်ရယ်လိုက်သည်။

“အဖေ တစ်ခုခုပြောလိုက်ဦး ဒါမှမဟုတ်ရင် ဒီအိမ်အကူမလေးက သမီး သူ့ကို အမြဲတမ်းအနိုင်ကျင့်နေတယ်လို့ ထင်နေလိမ့်မယ်”

လီ၀မ်မြန်ကို ရန်စရန်အတွက် သူမက ဒေါသထွက်နေပြစရာအကြောင်းမရှိပေ။ ထိုသားအဖနှစ်ယောက် အချင်းချင်း ပြန်လည်ကိုက်ဖြတ်ကြသည်ကို စောင့်ကြည့်ရခြင်းက ပိုကောင်းလေသည်။

သူမရည်မှန်းချက်မှာ သူတို့အချင်းချင်း ရန်တိုက်ပေးကာ မိသားစုအတွင်းပြိုကွဲသွားစေရန်ပင်။

လီရှီချွမ်း ခပ်ဖွဖွချောင်းဟန့်လိုက်သည်။ ၀မ်မြန့်မျက်လုံးများကို တည့်တည့်မကြည့်ရဲချေ။ သူ ခေါင်းငုံ့ထားကာ တိုးညှင်းသောအသံဖြင့် ဆိုလာသည်။

“ငါတို့ ရှာကြည့်လိုက်ရင်ရော ဘယ်လိုလဲ၊ ဒါဆို ရှီမန်လည်း မင်းကိုသံသယမဝင်တော့ဘူးပေါ့”

လီ၀မ်မြန် မျက်လုံးများပြူးကျယ်သွားပြီး သူမလက်များက အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိ၏။ သူမပါးပြင်ထက်တွင် မျက်ရည်စများက တားဆီး၍မရနိုင်လောက်အောင် တသွင်သွင် စီးကျလာလေသည်။

လွန်ခဲ့သော စက္ကန့်ပိုင်းလောက်အထိ သူမကိုယ်သူမ ဖြေသိမ့်နိုင်ခဲ့သေးသော်လည်း ယခုအခါတွင်မူ မည်သို့မှ မဖြေသိမ့်နိုင်တော့ချေ။

သူမနှုတ်ခမ်းကို သွေးထွက်မတတ် ဖိကိုက်ထားရာ ပါးစပ်ထဲတွင်သွေးညှီနံ့လေး ပျံ့နှံ့သွားသော်ငြား အနည်းငယ်မျှပင် ဂရုမစိုက်နိုင်တော့ဘဲ လီရှီချွမ်းမျက်ဝန်းများကိုသာ စူးစူးရဲရဲစိုက်ကြည့်နေမိသည်။

သူမက ကျောကိုမတ်ထားလိုက်ပြီး မေးမော့ကာ ခေါင်းမာမှုများပြည့်နှက်နေသော မျက်ဝန်းများဖြင့်ပြောလိုက်၏။

“ဒါဆိုရင်လည်း ရှာလေ၊ ကျွန်မအပြစ်ကင်းကြောင်း သက်သေပြဖို့ရာ ဘာကိုမှမထိဘူး၊ ရှင်တို့ဘာသာရှင်တို့ ရှာကြ”

လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ခွေးခြေပုခုံလေးတစ်လုံးကို ဆွဲယူကာ အခန်းတွင်း၌ ထိုင်ချလိုက်သည်။

လီ၀မ်မြန်မှာ တိတ်ဆိတ်နေသော လီရှီချွမ်းကိုကြည့်လိုက်ရင်း သူမနှလုံးသားထဲတွင် အမုန်းတရားအချို့ယှက်သန်းလာခဲ့သည်။ သူတို့နှစ်ယောက်လုံးက သူ့သမီးများဖြစ်ပါလျက်နှင့် ဖခင်ဖြစ်သူက လုရှီမန်ကိုသာ အကြွင်းမဲ့ ယုံကြည်နေ၏။

‘ငါကျတော့ရော၊ ဒီလိုလူမျိုးက တကယ်ပဲ ငါ့အဖေအရင်းဟုတ်ရဲ့လား’

သူမစိတ်အစဉ်မှာ ကမောက်ကမဖြစ်နေ၏။ လီရှီချွမ်း အခန်းတွင်းရှိပစ္စည်းများကို သတိလက်လွတ်မွှေနှောက်ရှာဖွေနေမိသည်။ အခန်းတစ်ခုလုံး ပြောင်းပြန်လှန်ရှာပြီးသည့်တိုင် မည်သည့်အရာမှ မတွေ့ရသောအခါ လီရှီချွမ်းမှာ နောင်တရလာတော့၏။

လုရှီမန် ဇိမ်ကျကျနေရင်းဖြင့် သတိပေးလိုက်သည်။

“ကုတင်ကို မရှာရသေးဘူးလေ”

လီ၀မ်မြန် အံကျိတ်လိုက်ပြီး လုရှီမန်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ ဤမျှယုတ်မာကောက်ကျစ်သော မိန်းမမျိုးက အဘယ်ကြောင့်များ ယခုတိုင် ငရဲမကျသေးရသနည်း။ သူမအံကြိတ်ကာ ဆိုလိုက်သည်။

“ရှာလိုက်လေ”

သူမ အိပ်ရာခင်းများကိုဆွဲခွာပစ်လိုက်ပြီး စောင်ကိုလည်း လှန်ပစ်လိုက်သည်။ လုရှီမန် ဘာစကားမှဆက်ပြော၍မရအောင် ကုတင်ပျဉ်ပြားများကိုပါဆွဲမလိုက်လေ၏။

ကုတင်ပျဉ်ပြားများ ဆွဲမလိုက်သည်နှင့် တစ်ပြိုင်နက် တောက်ပနေသောရွှေဝါရောင်အတုံးတစ်တုံးက ကြမ်းပြင်ပေါ်သို့ ခလွမ်ခနဲအသံမည်ကာပြုတ်ကျလာတော့သည်။

လီ၀မ်မြန်မှာ ထိုနေရာတွင်ပင် အေးခဲသွားပြီး လီရှီချွမ်းကမူ မျက်လုံးများ ပြူးကျယ်သွားသည်။ လုရှီမန်ကမူ ဤအရာအားလုံးကို ကြိုတင်မျှော်လင့်ထားသည့် အမူအရာမျိုးဖြစ်နေသည်။

သူမ အေးစက်စက်သာနှာခေါင်းရှုံ့လိုက်၏။

“နင်တို့ မဟုတ်ဘူးလို့ငြင်းနေတုန်းပဲလား၊ ဒီရွှေက နင့်ကုတင်အောက်ကို သူ့ဘာသာသူ လမ်းလျှောက်သွားတာလား၊ ဒီရွှေက နင်တို့ဟာလို့တော့ မပြောနဲ့နော်၊ ငါတို့အိမ်ကို ရောက်လာတုန်းက နင်တို့နှစ်ယောက်လုံး အဝတ်အစားအသစ်တောင်မဝယ်နိုင်ကြဘူးလေ”

သူမအနီးသို့လျှောက်သွားပြီး ရွှေကို ကောက်ယူလိုက်သည်။ လီရှီချွမ်းအတွက် တစ်ပြားတစ်ချပ်ကိုမျှ သူမ ချန်ထားပေးမည်မဟုတ်ပေ။ လီရှီချွမ်းမှာ ဘာမှမကျန်တော့သည့်အချိန်ကျမှသာ ရှန်ဟုန်မိန်နှင့် သူမသမီးအပေါ် အကောက်ကြံရန် စတင်စဉ်းစားပေမည်။

လီ၀မ်မြန် အလိုအလျောက်ပင် ငြင်းဆန်လိုက်သည်။

“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး၊ ငါ့အမေက ဒီလိုကိစ္စမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး”

သို့သော် မျက်စိရှေ့တွင်ပေါ်လာသော ရွှေချောင်းကြောင့် သူမအသိအာရုံများ ကင်းလွတ်သွားရသည်။

လုရှီမန် ရွှေချောင်းကို ဝှေ့ယမ်းပြလိုက်သည်။

“ဒါပေမဲ့ အမှန်တရားက ဒီမှာရှိနေတယ်လေ၊ ဒီနေ့ သူ့ကို ငါတွေ့တုန်းက မျက်နှာအမူအရာမကောင်းဘူးလို့ ထင်သားပဲ၊ ခိုးထားလို့ စိတ်မလုံဖြစ်နေတာကိုး”

ထိုအရာက လီလိုင်ဇီနှင့် တွေ့ဆုံခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်း သူမသိထားသော်လည်း အခြားသူကို အပြစ်ပုံချရန်အတွက် အမှန်တရားအတိုင်း လိုက်နာနေရန်မလိုအပ်ပေ။

လီ၀မ်မြန် ဒေါသတကြီးအော်ဟစ်လိုက်သည်။

“နင် လိမ်နေတာ”

လုရှီမန် မျက်လုံးလှန်ပြလိုက်သည်။

“သက်သေက မျက်စိရှေ့မှာတင်ရှိနေတာလေ”

သူမ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ဖိနပ်တစ်ရန်ကို မတော်တဆ ကန်မိသွားသကဲ့သို့ အချိန်ကိုက်ဖန်တီးလိုက်၏။ ဖိနပ်ကလန်ကျသွားပြီး အတွင်းမှ သော့တစ်ချောင်းက ချွင်ခနဲမြည်ကာပြုတ်ကျလာတော့သည်။

သူမ နှာခေါင်းရှုံ့လိုက်သည်။

“ကံဆိုးလိုက်တာ၊ အနံ့ဆိုးထွက်နေတဲ့ ဖိနပ်ကိုတောင် ကန်မိသွားသေးတယ်”

သူမက ရွံရှာစက်ဆုပ်သည့်ဟန်ဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ အလိုလိုက်ခံထားရသော သခင်မလေးတစ်ဦး၏အခန်းကဏ္ဍကို အပီအပြင် သရုပ်ဆောင်လိုက်သည်။ ထိုဖိနပ်ကို သူမ မည်မျှရွံရှာကြောင်းနှင့် သူမအနေဖြင့် ဤကဲ့သို့သောလုပ်ရပ်မျိုးကို လုံးဝလုပ်မည်မဟုတ်ကြောင်း သွယ်ဝိုက်ပြသလိုက်ခြင်းပင်။

လီရှီချွမ်းကမူ သော့ကျလာသည်နှင့်တစ်ပြိုင်နက် ပြေးသွားပြီးကောက်ယူလိုက်သည်။ သော့ပုံစံကို သေချာမြင်လိုက်ရသောအခါ သူ့မျက်နှာတစ်ခုလုံး လုံးဝမည်းမှောင်သွားတော့၏။

သူက သော့ကိုလက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး သူ့မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားသည်။

‘ငါက ဟုန်မိန်ကို ဒီလောက်ယုံကြည်ခဲ့တာတောင် သူမက ဒီလိုလုပ်ရပ်မျိုး ဘာလို့လုပ်ရက်ရတာလဲ’

လုရှီမန် လှောင်ပြောင်လိုက်သည်။

“အိုး သော့ကို ဒီမှာဝှက်ထားတာကိုး၊ တော်တော်ကောက်ကျစ်တာပဲ၊ အနံ့ဆိုးထွက်နေတဲ့ ဖိနပ်ထဲကို ဘယ်သူကများ လိုက်ရှာရဲမှာလဲ”

လုရှီမန် အပြစ်ပုံချကာ နောက်တစ်လှမ်း ဆုတ်လိုက်ပြန်၏။

“ဒီမှာ ကြည့်စမ်း၊ အိမ်ထဲကို ဝံပုလွေသွင်းထားသလိုဖြစ်နေပြီ၊ သမီး ရဲကိုဖုန်းဆက်ပြီး သူတို့အကုန်လုံးကို ဖမ်းခိုင်းရမယ်”

မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ရှန်ဟုန်မိန်မှာ ဆူညံသံများကို ကြားလိုက်ရသဖြင့် အပြင်သို့ထွက်လာခဲ့သည်။

သူမအခန်းထဲတွင် လူများစုရုံးနေသည်ကို မြင်လိုက်ရသောအခါ သူမရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခုခပ်ရေးရေး ခံစားလိုက်ရသည်။

သူမ ဖျော့တော့တော့လေသံဖြင့် မေးလိုက်လေ၏။

“ဘာတွေ ဖြစ်နေကြတာလဲဟင်”

ဘာမှမသိနားမလည်သည့်ဟန်ပေါက်နေသော ထိုအမူအရာကြောင့် လီရှီချွမ်းမှာ တွေဝေသွားရပြန်၏။

‘တကယ်ပဲ သူမ မဟုတ်ဘူးလား'

သို့သော် သူမသာမဟုတ်ခဲ့လျှင် ရွှေချောင်းနှင့် သော့က အဘယ်ကြောင့် ဤနေရာတွင် ရောက်နေရသနည်း။ လုရှီမန်တွင် ဤကဲ့သို့ကြံစည်နိုင်သော ဉာဏ်ရည်မျိုးရှိလိမ့်မည်ဟု သူလုံးဝမယုံကြည်ပေ။ သူမဦးနှောက်က ငွေသုံးရန်ကိုသာ အာရုံစိုက်နေပြီး အခြားသူတစ်ဦးကို အပြစ်ပုံချရန်ဆိုသည်မှာ သူမစွမ်းရည်ထက် ကျော်လွန်နေသကဲ့သို့ပင်။

လုရှီမန် ခြေဆောင့်ကာ တိုက်တွန်းလိုက်သည်။

“အဖေ တစ်ခုခုပြောလိုက်လေ၊ ဒါက အရမ်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာပဲ၊ ပြတ်ပြတ်သားသား မရှိလိုက်တာ၊ ဟမ့် ဒီည အမေ့ဆီသွားတိုင်ပြီး အဖေ့အိပ်မက်ထဲ လာဆဲခိုင်းရမယ်”

သူမ ခါးထောက်ကာ နှာမှုတ်လိုက်ပြီး ရွှေချောင်းကိုကိုင်ရင်း အပြင်သို့ပြေးထွက်သွားလေသည်။ သို့သော် သူမက တကယ်ပြေးထွက်သွားခြင်းမဟုတ်ဘဲ ထောင့်တစ်နေရာတွင် ပုန်းကွယ်ကာပြဇာတ်ကို ဆက်လက်ကြည့်ရှုရန်နေရာယူထားလေ၏။

သူမကိုယ်တိုင် သေချာစီစဉ်ဖန်တီးထားသော ခွေးချင်းကိုက်သည့်ဇာတ်ကွက်ကို သူမအဘယ်ကြောင့် အလွတ်ခံနိုင်မည်နည်း။

လုရှီမန်ထွက်သွားခြင်းက တင်းမာနေသောလေထုကို အနည်းငယ် လျော့ကျသွားစေသော်လည်း အနည်းငယ်မျှသာပင်။

လီရှီချွမ်း သူတို့ကိုအေးစက်စက်မျက်နှာထားဖြင့်ကြည့်ကာ မေးလိုက်သည်

“နည်းနည်းလောက် ရှင်းပြချင်လား”

လုရှီမန် ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ကျစ် သူက ဒီလောက်တောင်ဖြစ်နေတာကို မသတ်ပစ်သေးဘူး၊ သူတို့ရဲ့ သံယောဇဉ်က တော်တော်ခိုင်မာတာပဲ”

အဝေးမှဖြစ်သဖြင့် အသံများကသိပ်မပီပြင်ချေ။ လုရှီမန် ခေါင်းခါရမ်းလိုက်သည်။ သူမသာဆိုလျှင် လူသတ်ချင်စိတ်များပင် ပေါက်နေလောက်ချေပြီ။

သူမ လျှာသပ်လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။

“အပူချိန်ကို နည်းနည်းထပ်တင်ပေးဖို့ လိုဦးမယ်ထင်တယ်”

မနက်ဖြန်တွင် ဖိအားပိုပေးရပေမည်။ လီရှီချွမ်းပေးကမ်းထားခဲ့သော ငွေများကို ပြန်လည်ရယူပြီးနောက် အဆက်အသွယ်ဖြတ်တောက်ရန် ကိစ္စများကို စတင်ဆောင်ရွက်ရဦးမည်။

သူမက ပျော်စရာမြင်ကွင်းကိုကြည့်ရှုရန် ဘေးတွင် ခေတ္တမျှထပ်မံရပ်စောင့်နေပြီးနောက် နောက်ဆုံးတွင် လုအိမ်တော်မှ ထွက်ခွာလာခဲ့လေသည်။

လုရှီမန် အိမ်သို့ပြန်ရောက်လာချိန်တွင် လုမိသားစုအိမ်တော်မှာ ယခင်ကထက်ပိုတိတ်ဆိတ်ငြိမ်သက်နေသည်။

လုရှီမန် သိချင်စိတ်ပြင်းပြစွာဖြင့် လီရှီချွမ်းကို မေးလိုက်၏။

“အဖေ၊ သူတို့ကို ရဲစခန်းပို့လိုက်ပြီလား”

လီရှီချွမ်း၏မျက်နှာအမူအရာကို ကြည့်ရသလောက် ထိုသို့လုပ်ခဲ့ပုံမပေါ်ချေ။

လီရှီချွမ်း သူ့ခေါင်းသူ နှိပ်နယ်ရင်း စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

“မန်မန်၊ ပိုက်ဆံတွေကို အဖေပြန်ရှာပေးပါ့မယ်၊ မစိုးရိမ်ပါနဲ့”

တစ်စုံတစ်ယောက်က ထောင်ချောက်ဆင်ထားခြင်းဖြစ်သည်ဟု သူ့အလိုအလျောက်သိစိတ်က သတိပေးနေ၏။ ဟုန်မိန်နှင့် အခြားသူများက သေချာပေါက် ဤကဲ့သို့သောလုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ပေ။

လုရှီမန်ကို အရင်ဆုံးတည်ငြိမ်အောင် သူ ထိန်းထားရပေမည်။

‘တကယ်လို့ ငါ့မိန်းမနဲ့ ငါ့ကလေးသာ ရဲစခန်းရောက်သွားမယ်ဆိုရင် ကပ်ဘေးဆိုက်ပြီပဲ’

လုရှီမန် ချက်ချင်းတုံ့ပြန်လိုက်သည်။

“သမီးက ဘယ်လိုလုပ်ပြီး မစိုးရိမ်ဘဲနေနိုင်မှာလဲ၊ အဲဒါတွေအကုန်လုံးက သမီးရဲ့ပိုက်ဆံတွေချည်းပဲလေ၊ အဖေ ဒီနေ့ သမီးအပြင်ထွက်တော့ ရှန်ဟုန်မိန်ရဲ့ယောက်ျားက သူ့ကိုလာရှာတယ်လို့ ကြားခဲ့တယ်၊ သမီးတို့ပိုက်ဆံတွေကို သူတို့နှစ်ယောက်ပေါင်းကြံပြီး ခိုးသွားတာများလား”

All Chapters