← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

21

လီရှီချွမ်းရင်ထဲတွင် ဒိန်းခနဲဖြစ်သွားပြီး လုရှီမန်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။

“သမီး အဲဒါကို ဘယ်သူ့ဆီကကြားလာတာလဲ”

လုရှီမန် သူမလက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။

“လမ်းဘေးကလူတွေ ပြောနေကြတာလေ၊ ဒီနေ့ သူယောကျ်ားတစ်ယောက်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတယ်ဆိုပဲ၊ သူ့နာမည်က လိုင်ဇီဆိုလား ဘာလား တကယ် ထူးဆန်းတာပဲ၊ ဘယ်လိုလူကများ ကိုယ့်နာမည်ကို လိုင်ဇီလို့ပေးထားရတာလဲ”

လီရှီချွမ်း လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထိုသို့ဆိုလျှင် မဖြစ်နိုင်စရာ အကြောင်းမရှိတော့ချေ။

သူ ရွာမှာရှိနေစဉ်တုန်းက လီလိုင်ဇီသည် ခွေးခိုး၊ ကြက်ခိုးလုပ်တတ်သော အလေအလွင့်တစ်ယောက် ဖြစ်ခဲ့သည်။ ဟုန်မိန်တစ်ယောက် သူ့ကိုယ်ဝန်ကို လွယ်ထားရပြီး လီလိုင်ဇီကို လက်ထပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိဖြစ်ခဲ့ရခြင်းသာမဟုတ်လျှင် သူတို့လမ်းကြောင်းများက လုံးဝဆုံတွေ့ခဲ့မည်မဟုတ်ပေ။

ထိုလူက အလွန်တရာနှောင့်ယှက်တတ်ပြီး အရှက်အကြောက်ကင်းမဲ့လွန်းလှသည်။ အကယ်၍သာ သူက ဟုန်မိန်ကို အမှန်တကယ်ခြိမ်းခြောက်ခဲ့မည်ဆိုလျှင်.....

လီရှီချွမ်း လေသံကို ပြတ်ပြတ်သားသားပြောင်းလဲလိုက်သည်။

“အဖေ နားလည်ပြီ၊ ဒီကိစ္စကို အဖေ့တာဝန်သာ ထားလိုက်ပါ”

လီရှီချွမ်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

အကယ်၍ ဟုန်မိန်နှင့် လီလိုင်ဇီတို့သာ အမှန်တကယ် ပူးပေါင်းကြံစည်နေခဲ့မည်ဆိုပါက ၀မ်မြန်တစ်ယောက်တည်းကိုသာ ဟောင်ကောင်သို့ သူခေါ်ဆောင်သွားရတော့ပေမည်။

ဤသမီးလေးက စကားနားထောင်ပြီး ရုပ်ရည်သွင်ပြင်လည်း အသင့်အတင့်ရှိရာ ဟောင်ကောင်သို့ရောက်ရှိသွားချိန်တွင် သူ့အလုပ်များအတွက် တစ်ဖက်တစ်လမ်းမှ အကူအညီဖြစ်နိုင်ပေသည်။

သို့သော် ထိုအရာများမတိုင်မီ သူ့ရွှေများကို အရင်ဆုံးပြန်လည်ရယူရဦးမည်ဖြစ်သည်။

လုရှီမန် မျက်ခုံးပင့်လိုက်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီလေ၊ သမီး သွားနားတော့မယ်”

တစ်နေ့လုံး ဆူညံပွက်လောရိုက်နေခဲ့သဖြင့် သူမကိုယ်တိုင်လည်း အတော်လေး ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

လုရှီမန် ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူက စားပွဲကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထုချလိုက်ပြီးမျက်ဝန်းများထဲတွင် လူသတ်ချင်လောက်အောင် ရက်စက်သော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

လီ၀မ်မြန်နှင့် ရှန်ဟုန်မိန်တို့မှာ တစ်ယောက်ကိုတစ်ယောက်ဖက်ကာ လှဲနေကြပြီး မျက်ရည်များကြောင့် အိပ်ရာခင်းများပင် ရွှဲနစ်နေသော်လည်း သူတို့ကိုယ်သူတို့ ခုခံကာကွယ်ရန် အနည်းငယ်မျှပင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ချေ။ လီ၀မ်မြန် ရှိုက်ငိုရင်း ပြောလိုက်၏။

“မေမေ၊ အဲဒီခွေးမလုရှီမန်လုပ်တာဖြစ်မယ်လို့ သမီးထင်တယ်”

သူမ တွေးကြည့်လေလေ သူမအမေအနေဖြင့် ဤကဲ့သို့သောလုပ်ရပ်မျိုးကို လုံးဝလုပ်မည်မဟုတ်ကြောင်း သေချာလေလေဖြစ်သည်။

လုရှီမန်ကဲ့သို့သော ယုတ်မာကောက်ကျစ်သူသာလျှင် သူတို့ကို အပြစ်ပုံချရန် တွေးတောကြံစည်နိုင်ပေမည်။ သူမမှလွဲ၍ အခြားမည်သူကိုမှ အမှန်တကယ် စဉ်းစား၍မရချေ။

ရှန်ဟုန်မိန် သံသယဝင်နေသောမျက်နှာဖြင့် ဆိုလေသည်။

“ဒါပေမဲ့ သူ့ဝက်ဦးနှောက်က ဒီလိုကိစ္စမျိုးလုပ်နိုင်မယ့်ပုံ ပေါက်နေလို့လား”

ရှန်ဟုန်မိန် သံသယဖြစ်မိသော်လည်း လုရှီမန်၌ ဤမျှကြံစည်နိုင်စွမ်းရှိမည်ဟု မထင်ချေ။ သူတို့လုအိမ်တော်သို့ ရောက်ရှိနေခဲ့သည်မှာ တစ်နှစ်ပင်ရှိနေပြီဖြစ်ပြီး လုရှီမန်မှာ အမှန်တကယ်ပင် ကြောက်ခမန်းလိလိ တုံးအလွန်းလှသည်။

စကားအနည်းငယ် သွေးထိုးလှုံ့ဆော်လိုက်ရုံဖြင့် သူမကမိုက်မဲသောလုပ်ရပ်ပေါင်းများစွာကို လုပ်ဆောင်တတ်သူဖြစ်သည်။

ပြဿနာရှာသည့်ကိစ္စဆိုလျှင် လုရှီမန်၏စွမ်းရည်ကို သူမအပြည့်အဝ ယုံကြည်သော်လည်း အခြားသူကို လျှို့ဝှက်ကြံစည်ရန်ဆိုသည်ကိုမူ သူမ သံသယရှိနေဆဲပင်။

လီ၀မ်မြန်မှာ ခေတ္တမျှရပ်တန့်သွားပြီး အနည်းငယ်တွေဝေသွားသည်။

“မနက်ဖြန်ကျရင် သူ့အခန်းထဲ သမီးခိုးပြီးရှာကြည့်မယ်”

‘တကယ်လို့ လုရှီမန်က ဝက်ယောင်ဆောင်ပြီး ကျားကိုစားမယ့်အကွက်မျိုး ဆင်နေခဲ့ရင်ရော တကယ်လို့သာ သူတို့အားလုံးလှည့်စားခံနေရရင်‌ရော'

သူတို့ သံသယ၀င်နေကြသော်ငြား လုရှီမန်မှာ အနည်းငယ်မျှပင်တုန်လှုပ်ခြင်းမရှိချေ။ သူမအခန်းက သူမမျက်နှာထက်ပင် ပိုသန့်ရှင်းရှင်းလင်းနေသေးသည်။

ဤခေတ်က စောင့်ကြည့်ကင်မရာများရှိသော ခေတ်သစ်မဟုတ်ပေ။ သူမလက်ထဲ၌ လျှို့ဝှက်သိုလှောင်ရုံတစ်ခုလုံးရှိနေရာ ရဲများလာရောက်စစ်ဆေးလျှင်ပင် တစ်သက်လုံးရှာတွေ့နိုင်မည်မဟုတ်ချေ။ လီ၀မ်မြန်ကဲ့သို့ အတွေ့အကြုံမရှိသူတစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ပေ။

သူမက အိမ်တစ်လုံးလုံးပြောင်းပြန်လှန်ရှာလျှင်ပင် အချည်းနှီးသာဖြစ်ပေလိမ့်မည်။

နောက်တစ်နေ့တွင် လုရှီမန်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲမှာပင် အောက်ထပ်မှဆူညံပွက်လောရိုက်နေသောအသံများ ထွက်ပေါ်လာခဲ့သည်။

သူမ နားစွင့်ကာ သေချာနားထောင်ကြည့်သော်လည်း အသံများကအလွန်တရာ ရှုပ်ထွေးဆူညံလွန်းနေသဖြင့် ဘာကိုမှရေရေရာရာ ကွဲကွဲပြားပြား မကြားရချေ။ လုရှီမန်သည် ကူကယ်ရာမဲ့စွာဖြင့် ကုတင်ပေါ်မှဆင်းကာ အဝတ်အစားများကို ခပ်မြန်မြန် လဲလှယ်လိုက်ရသည်။

သူမ အပြင်သို့ထွက်လာချိန်တွင် အပြင်ဘက်ရှိရန်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကြမ်းပြင်တစ်ခုလုံးမှာလည်း ရှုပ်ပွနေ၏။

ရှန်ဟုန်မိန်မျက်နှာမှာ ပေါက်စီတစ်လုံးကဲ့သို့ရောင်ရမ်းနေပြီး လီ၀မ်မြန်၏မျက်နှာထက်တွင်လည်း ပါးရိုက်ခံထားရသောအရာများက အလွန်သိသာထင်ရှားနေသည်။

လီရှီချွမ်းအခြေအနေမှာလည်း သိပ်မကောင်းလှချေ။ သူ့မျက်နှာက ပြာနှမ်းနေပြီး ဆံပင်အချို့မှာလည်း ဆွဲနှုတ်ခံထားရကာ သွေးများပင်စီးကျနေပုံရသည်။

သူတို့နှင့် မျက်နှာချင်းဆိုင်တွင်မူ လီလိုင်ဇီက ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် မကောင်းဆိုးဝါးတစ်ကောင်ပမာ ရပ်နေ၏။ သူ့အဝတ်အစားများက အနည်းငယ်စုတ်ပြဲနေသော်လည်း လီရှီချွမ်းထက်မူ ပိုဟန်ကျပန်ကျရှိနေသေးသည်။

ထိုပြဇာတ်ကိုကြည့်ရင်း လုရှီမန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်မိသည်။ လီရှီချွမ်းမှာ အမှန်တကယ်အသုံးမကျလွန်းသူပင်။ ပျင်းရိပျင်းတွဲလေသံဖြင့် သူမပြောလိုက်သည်။

“ဒီနေရာမှာ တော်တော်လေးစည်ကားနေပါလား”

လီလိုင်ဇီက လုရှီမန်ထံသို့လှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းများက မှောင်မိုက်သွားသည်။

လီရှီချွမ်း အေးစက်ခက်ထန်နေသော မျက်နှာထားဖြင့် အမိန့်ပေးလိုက်၏။

“မန်မန်၊ ရဲကို သွားခေါ်ချေ”

ရှန်ဟုန်မိန် အထိတ်တလန့်ဖြင့်အော်ဟစ်တားမြစ်လိုက်သည်။

“မသွားနဲ့”

လီလိုင်ဇီ ခပ်မဲ့မဲ့ပြုံးလိုက်ပြီး လီရှီချွမ်းထံ ရန်စလိုသောမျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“လီအားကုန်း မင်းက အရင်အတိုင်း အသုံးမကျတုန်းဘဲ၊ မိန်းမတစ်ယောက် မင်းဘေးမှာရှိနေရင်တောင် ငါ့ကိုပဲ သတိရနေသေးတာမဟုတ်ဘူးလား”

လီရှီချွမ်းမျက်လုံးများက နီရဲနေပြီး သူ့လက်သည်းများ လက်ဝါးပြင်ထဲသို့စူးဝင်လုမတတ် ဖိဆုပ်ထားမိ၏။ ရှန်ဟုန်မိန်ကိုကြည့်လိုက်သော သူ့အကြည့်များထဲတွင် ခပ်စိမ်းစိမ်းအေးစက်မှုများ ပိုမိုစွက်ဖက်လာခဲ့သည်။

လီလိုင်ဇီမှ ဆက်ပြောလိုက်သည်။

“ဒီနှစ်တွေတစ်လျှောက်လုံး မင်းရဲ့သမီးကို ငါကျွေးမွေးစောင့်ရှောက်ပေးခဲ့တယ်၊ ငါက လျော်ကြေးနည်းနည်းပါးပါးတောင်းတာ ဘာများမှားနေလို့လဲ”

လီလိုင်ဇီက လီ၀မ်မြန်ထံတစ်ချက်ကြည့်လိုက်ပြီးနောက် လုရှီမန်ကိုလှမ်းကြည့်လိုက်၏။ သူ့အသံကိုမြှင့်လိုက်သည်။

“သခင်မလေးလု၊ ခင်ဗျားမြင်ရဲ့လား၊ အဲဒါက ခင်ဗျားရဲ့မိထွေး ပြီးတော့ ဒါက ခင်ဗျားရဲ့သွေးသားရင်းချာညီမပဲ၊ ခင်ဗျားရဲ့အသုံးမကျတဲ့အဖေနဲ့ အမေတို့ ပထမဆုံးတွေ့ဆုံခဲ့ချိန်မှာတောင် သူက ရှန်ဟုန်မိန်နဲ့ ငြိစွန်းနေခဲ့ပြီးပြီ၊ သူတို့က ဒီတရားမဝင်တဲ့လူယုတ်မာမ လီ၀မ်မြန်ကိုတောင် ကိုယ်ဝန်ခိုးလွယ်ခဲ့ကြတာ၊ အဲဒီတုန်းကသာ ရှန်ဟုန်မိန်ကို သူလက်ထပ်ဖို့ ငွေပြားတစ်ရာသာ မပေးခဲ့ဘူးဆိုရင် ဒီမိန်းမဝက်လှောင်ချိုင့်ထဲထည့်ပြီး ရေနှစ်သတ်ခံရတာကြာလှပြီ”

လီလိုင်ဇီ၏မျက်နှာက ပိုပြီးမည်းမှောင်သွားသည်။ အကယ်၍သာ ငွေအတွက် မဟုတ်ပါက သူဆိုသည့် လီလိုင်ဇီအနေဖြင့် ဤကဲ့သို့သောကိစ္စကြီးကို တာဝန်ယူဖြေရှင်းပေးရန် လိုလားမည်မဟုတ်ပေ။

သူက လုရှီမန်ကိုကြည့်လိုက်ပြီး သူ့မျက်ဝန်းများက တဖျပ်ဖျပ်လက်သွားသည်။ ဤသခင်မလေးက သူ့ကိုဘာကြောင့် လာရောက်ရှာဖွေခဲ့မှန်း သူမသိသော်လည်း ထိုသားအမိကို နှိမ်နင်းသတ်ဖြတ်ပစ်ရန်မှလွဲ၍ အခြား ရည်ရွယ်ချက်မရှိနိုင်ဟု သူယူဆထားလိုက်၏။

လွန်ခဲ့သောနှစ်များက လီရှီချွမ်းပေးခဲ့သောငွေများကို သူအကုန်သုံးစွဲပစ်ခဲ့ပြီးပြီဖြစ်သည်။ ဤနောက်ဆုံးအခွင့်အရေးကို အသုံးချကာ နောက်ထပ် အသားတစ်ဖဲ့လောက်ဆွဲဆုတ်ယူလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

လီရှီချွမ်းမျက်နှာမှာ စိမ်းနေရာမှဖြူလျော်သွားလေသည်။ သူက လုရှီမန်ကို မော့ကြည့်လိုက်ပြီး သူ့ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားတော့သည်။

လုရှီမန် မျက်ခုံးပင့်လိုက်၏။ ဤလူက အဘယ်ကြောင့် ဤမျှအကင်းပါးနေရသနည်း။ သူမက နောက်ထပ်အချိန်အနည်းငယ်လောက် ဆက်ကစားရန် ရည်ရွယ်ထားခဲ့သော်လည်း လီလိုင်ဇီက သူမအတွက် ဇာတ်ခုံကို ဤမျှပြီးပြည့်စုံအောင်ပြင်ဆင်ပေးလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

ယခု ဇာတ်ခုံကအဆင်သင့်ဖြစ်နေပြီဖြစ်ရာ ၎င်းကို အကောင်းဆုံးအသုံးမချလိုက်လျှင် အချည်းနှီးဖြစ်သွားပေလိမ့်မည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမက အလွန်တရာအံ့အားသင့်သွားသည့် မျက်နှာအမူအရာကို ဖန်တီးလိုက်ပြီး လီရှီချွမ်းထံ ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်သည်။ သူမ မျက်လုံးများ ချက်ချင်းပင်နီရဲလာကာ မေးလိုက်၏။

“ဒါ တကယ်ပဲလား”

သူမလေသံထဲတွင် မယုံကြည်နိုင်မှုများ ရောယှက်နေ၏။ သူမအသံက မကျယ်လောင်သော်လည်း လီရှီချွမ်း၏လိပ်ပြာကို လှုပ်ခါသွားစေပြီး ကြီးလေးသော ပြစ်တင်ရှုတ်ချမှုတစ်ခုကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လီရှီချွမ်း အမြန်ချေပလိုက်သည်။

“သူ့စကားတွေက ယုံလို့ရလို့လား”

လီလိုင်ဇီ ကြားဖြတ်ပြောလိုက်၏။

“လီအားကုန်းက ချမ်းသာတဲ့မိသားစုကို လက်ထပ်ပြီး သူတို့ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကတည်းက ကြံစည်ထားခဲ့တာ၊ သူက လူကောင်းလို့ မင်းထင်နေလား ဟမ့်”

ထိုအထင်သေးလှောင်ပြောင်သော လေသံကြောင့် လီရှီချွမ်းမှာ ပို၍ပင် အရှက်ရသွားခဲ့သည်။

လုရှီမန် ခပ်တိုးတိုးရေရွတ်လိုက်၏။

“ဒါကြောင့်ကိုး၊ ဒါကြောင့် အဖေက လီ၀မ်မြန်အပေါ် ဒီလောက်တောင် ကောင်းနေခဲ့တာကိုး”

သူမ လီရှီချွမ်းကိုပြန်လည်မော့ကြည့်လိုက်ချိန်တွင် သူမမျက်ဝန်းများထဲရှိ အရိပ်အယောင်များက လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူမခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ လက်မြှောက်၍ လီရှီချွမ်းကိုပါးဖြတ်ရိုက်လိုက်သည်။ ထို့နောက် သူမ အော်ဟစ်လိုက်၏။

“အဖေက သမီးရဲ့အမေနဲ့ ထိုက်တန်ရဲ့လား၊ အဘိုးနဲ့ရော ထိုက်တန်ရဲ့လား၊ အဖေ့မှာ နှလုံးသားရောရှိရဲ့လား”

သူမက လီရှီချွမ်းကိုတုံ့ပြန်ရန် အခွင့်အရေးအနည်းငယ်မျှပင်မပေးဘဲ ပါးကိုနောက်တစ်ချက်ဆက်ရိုက်လိုက်ပြန်သည်။ သူမလက်များ နာကျင်လာသည်အထိ အချက်ပေါင်းများစွာ ရိုက်ချလိုက်ပြီးမှသာ ရပ်တန့်လိုက်၏။

လီရှီချွမ်းမှာ ထိုနေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်ပမာ အေးခဲသွားသည်။ သူ့နှုတ်ခမ်းများက လှုပ်ရှားသွားသော်လည်း လုရှီမန်၏အေးစက်စက် မျက်နှာကိုကြည့်ရင်း စကားတစ်ခွန်းမျှထွက်မလာတော့ချေ။

ကောက်ကျစ်သော သူ့အကြံအစည်များအားလုံးကို လီလိုင်ဇီမှဖော်ထုတ်ပစ်လိုက်ပြီဖြစ်သည်။ သူ၏ညစ်ပတ်ယုတ်မာမှုများက အများရှေ့တွင် အကုန်ပေါ်သွားခဲ့ပြီး မြေကြီးပေါ်သို့ပစ်ချကာ နင်းခြေခံလိုက်ရလေတော့သည်။

လီလိုင်ဇီ လှောင်ပြောင်လိုက်၏။

“သူ့မှာ ဘယ်လိုနှလုံးသားမျိုးရှိနိုင်မှာလဲ၊ ဝံပုလွေရဲ့နှလုံးသားနဲ့ ခွေးရဲ့ အဆုတ်လောက်ပဲ ရှိမှာပေါ့၊ ကျုပ်ကိုမေးရင်တော့ သူ့ကိုပါးနှစ်ချက် သုံးချက်လောက် ရိုက်နေလို့ ဘာအသုံးကျမှာလဲ၊ သူ့ကို လုမိသားစုသင်္ချိုင်းဂူရှေ့မှာဖိချပြီး သူ့အပြစ်တွေအတွက် ဒူးထောက်အပြစ်ပေးခံခိုင်းလိုက်တာက ပိုကောင်းလိမ့်မယ်၊ ပျောက်သွားတဲ့ငွေတွေကိုလည်း သူ့ဘာသာသူဝှက်ထားပြီး ကျုပ်ကိုအပြစ်ပုံချဖို့ ကြံနေတာ ဖြစ်နိုင်တယ်”

လီလိုင်ဇီ အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ သူက သုံးစွဲရန်ငွေထောင်ဂဏန်းကိုသာ လိုချင်ခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့်များ သူတစ်ပါးလျှို့ဝှက်ခန်းထဲမှ ငွေများကိုဝင်ခိုးရမည်နည်း။

သူက သေနတ်ကျည်ဆန်စားရမည်ကို မကြောက်သည့်လူဟုများ ထင်နေသည်လား။ သူသည် လောဘကြီးသော်လည်း အရူးတစ်ယောက်တော့ မဟုတ်ချေ။

လုရှီမန်မျက်လုံးများက ပို၍ပြူးကျယ်သွားသည်။ လီလိုင်ဇီ့စကားများက မဆိုးလှချေ။ သူက အကောင်းဆုံး တွဲဖက်တိုက်ခိုက်ရေးမှူးတစ်ယောက်ပင် ဖြစ်နိုင်လေသည်။

လီလိုင်ဇီ စိတ်အားထက်သန်စွာ ကမ်းလှမ်းလိုက်၏။

“သခင်မလေး၊ သူ့ကိုကြိုးတုပ်ပြီး အဲဒီကိုခေါ်သွားဖို့ ကျုပ်ကူညီပေးရမလား၊ ကျုပ်ကို ယွမ်ငါးဆယ်လောက်ပေးရင်ရပြီ၊ ဘယ်လိုလဲ”

All Chapters