အခန်း ၂၂
Vol. 3 Ch. 22
22
လီရှီချွမ်းမှာလည်း သတိပြန်ဝင်လာခဲ့ပြီဖြစ်သည်။ လီလိုင်ဇီက အမှန်တကယ်ပင် ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲသော လူဆိုးလူမိုက်တစ်ဦးဖြစ်နေ၏။ ထိုအချိန်ကတည်းက သူ့ကိုအသက်ရှင်ခွင့်ပေးပြီး မိမိအပေါ်အညစ်အကြေးတွေ ပက်ဖျန်းခွင့်ပြုထားမည့်အစား လူငှား၍ သတ်ပစ်ခဲ့သင့်သည်။
သူက ကြမ်းပြင်ကိုခပ်ပြင်းပြင်း ဆောင့်နင်းလိုက်ပြီး အကြီးအကျယ်ဒေါသထွက်နေသည့်ဟန်ဖြင့် စကားဆိုလာသည်။
“မန်မန်၊ သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားမထောင်နဲ့၊ လီလိုင်ဇီက လူကောင်းမဟုတ်ဘူး၊ ငွေလိမ်ချင်လို့ လိမ်ညာပြီးပြောနေတာ”
လုရှီမန် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လီ၀မ်မြန်ဘက်သို့ အကြည့်လွှဲကာ သူတို့နှစ်ဦးမျက်နှာသွင်ပြင်များကို နှိုင်းယှဉ်ကြည့်နေသည့်အလား စူးစမ်းလိုက်သည်။
လီ၀မ်မြန်က ခပ်မြန်မြန်ပင်ခေါင်းငုံ့ချလိုက်ပြီး သူမမျက်နှာကို သေချာမမြင်စေရန် ဖုံးကွယ်ထားလိုက်၏။ တရားမဝင် သမီးတစ်ယောက်ဖြစ်နေရခြင်းက ဂုဏ်ယူဝင့်ကြွားဖွယ်ရာမဟုတ်ပေ။
အကယ်၍ လုရှီမန်သာ ထိုအချက်ကို ရိပ်မိသွားမည်ဆိုပါက သူမဂုဏ်သိက္ခာများအားလုံး စိစိညက်ညက်ကြေမွသွားမည်ဖြစ်ပြီး ထိုခံစားချက်က သေရသည်ထက်ပင် ပိုဆိုးရွားလှပေလိမ့်မည်။
လီရှီချွမ်းမှာလည်း အနေခက်စွာဖြင့် မျက်နှာကို တစ်ဖက်သို့လွှဲဖယ်သွားလေသည်။
လီလိုင်ဇီ နှာခေါင်းရှုံ့လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် အထင်သေးရွံရှာမှုများ အပြည့်အဝဖုံးလွှမ်းနေသည်။
“ဒါကို သေချာကြည့်နေစရာတောင်လိုသေးလို့လား၊ သူတို့နှစ်ယောက်လုံးက အပြစ်ရှိတဲ့ရုပ်ပေါက်နေတာကို”
လီအားကုန်း၏ မျိုးစေ့ပီသပါပေ၏။ ဤမျှလောက် အခြေအနေဆိုးရွားနေသည့်အချိန်မျိုးတွင်ပင် မျက်နှာလုပ်၍ ဂုဏ်သိက္ခာကို ကယ်တင်ရန်ကြိုးစားနေဆဲဖြစ်ရာ အမှန်တကယ်ပင် ရယ်စရာကောင်းလွန်းလှသည်။
သူ့နောက်သို့ ဆယ်စုနှစ်တစ်ခုကျော်မျှ လိုက်ပါနေထိုင်ခဲ့ပြီးနောက်တွင် ထိုကောင်မလေးက အသုံးဝင်သည့်အရာ တစ်ခုကိုမျှ သင်ယူတတ်မြောက်ခဲ့ခြင်း မရှိပေ။ တကယ့်ကို ကျေးဇူးကန်းသော ဝံပုလွေတစ်ကောင်ပင်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် လီရှီချွမ်းမျက်နှာမှာ ယခုအချိန်တွင် ဝက်ခေါင်းတစ်ခေါင်းကဲ့သို့ ဖောင်းအစ်ရောင်ရမ်းနေသဖြင့် သူတို့သားအဖနှစ်ဦးတူမတူကို ကြည့်ရှုခွဲခြားရန်ပင် မဖြစ်နိုင်တော့ချေ။
သို့တိုင်အောင် လုရှီမန်ကတော့ သရုပ်ဆောင်နေဆဲပင်။ သူမက မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားသည့်ဟန်ဖြင့် ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ပြီး နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ဖိကိုက်ထားလိုက်သည်။
“သူတို့က တကယ်ချွတ်စွပ်တူနေတာပဲ”
လီလိုင်ဇီ သူတို့အားကြည့်ရင်း လုရှီမန်ကိုအကြံပေးသည်။
“အခု ယုံပြီလား သခင်မလေး၊ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ၊ ကျုပ် သူတို့သုံးယောက်လုံးကို ကြိုးတုပ်ပြီး လုမိသားစုသင်္ချိုင်းဂူရှေ့မှာ အတူတူဒူးထောက်ခိုင်းဖို့ ခေါ်သွားပေးမယ်၊ သူတို့သုံးယောက်လုံးအတွက်မှ ယွမ်ငါးဆယ်တည်းပါ၊ တွက်ခြေကိုက်တယ်မဟုတ်ဘူးလား”
လီလိုင်ဇီက သူမကိုမျှော်လင့်တကြီး စိုက်ကြည့်နေ၏။ ကိစ္စများက ဤအခြေအနေအထိ ရောက်ရှိလာပြီဖြစ်ရာ လီရှီချွမ်းက သူ့ကိုသေချာပေါက် ငွေပေးမည်မဟုတ်သလို ငွေကို အသက်တမျှချစ်မြတ်နိုးသော ရှန်ဟုန်မိန်ကလည်း ပေးမည်မဟုတ်ချေ။
ထို့ကြောင့် ဤလက်ဖွာလှသော သခင်မလေးကိုသာ အားကိုးခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။ သခင်မလေးက ငွေကိုရေလိုသုံးစွဲတတ်သည်ဟု သတင်းကြီးရာ သူ အလိုရှိသော ထိုယွမ်ငါးဆယ်ကို သေချာပေါက်ရနိုင်လိမ့်မည်ဟု သူ ယုံကြည်နေသည်။
လုရှီမန် အံကြိတ်ကာ စကားလုံးများကို တစ်လုံးချင်းဖိပြောလိုက်ပြီး သူမမျက်ဝန်းများထဲတွင် အမုန်းတရားများက မီးတောက်မီးလျှံများပမာ တောက်လောင်လာသည်။
“သူတို့ကို ကြိုးတုပ်လိုက်၊ အကုန်လုံးကို ငါ့အတွက် ကြိုးတုပ်လိုက်စမ်း၊ ငါ့ဆီမှာ ယွမ်ငါးဆယ်ရှိတယ် လုပ်သာလုပ်”
ဤအကြံပြုချက်က အကောင်းဆုံးပင်။ လီလိုင်ဇီက သူမအလိုရှိဆုံးအချက်ကို အတိအကျထောက်ပြနိုင်ခဲ့သည်ဟု ဆိုရပေမည်။ လီရှီချွမ်း တစ်ယောက်တည်း ဒူးထောက်ရမည်ဆိုလျှင်ပင် လုံလောက်ပြီဟု သူမထင်မှတ်ထားခဲ့သော်လည်း လီ၀မ်မြန်နှင့် ရှန်ဟုန်မိန်တို့ကိုပါ ထပ်ပေါင်းထည့်လိုက်ခြင်းက ပို၍ပင်ကျေနပ်စရာကောင်းလှပေသည်။
ဤလူများက သူတို့အပြစ်များအတွက် သေချာပေါက်ပြန်ပေးဆပ်ခိုင်းသင့်ပေသည်။ သင်္ချိုင်းဂူရှေ့တွင် သူတို့ သေဆုံးသွားသည်အထိ ဒူးထောက်နေရမည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သူမစကားကိုကြားသောအခါ လီလိုင်ဇီက သူ့လက်ဖဝါးများထဲသို့ တံတွေးထွေးချလိုက်ပြီး ပွတ်သပ်လိုက်ကာ လီရှီချွမ်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်တော့သည်။ ထိုလုပ်ရပ်ကြောင့် လီ၀မ်မြန်မှာ ဘေးဘက်သို့ ကွေးကွေးလေးပုန်းရှောင်သွားပြီး တစ်ကိုယ်လုံးတုန်ယင်နေကာ အနည်းငယ်မျှပင် မလှုပ်ရှားရဲတော့ချေ။
သူမက အကြိမ်များစွာအရိုက်မခံခဲ့ရဖူးသော်လည်း အရိုက်ခံရသည့်အကြိမ်တိုင်းတွင် ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့သည်။ ထိတ်လန့်ကြောက်ရွံ့မှုများကြောင့် သူမက လီလိုင်ဇီကို အနည်းငယ်မျှပင် ပြန်လည်ခုခံလိုစိတ်မရှိတော့ပေ။
ရှန်ဟုန်မိန်က သူမသမီးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး မျက်ရည်များပြည့်နှက်နေသော မျက်ဝန်းများဖြင့် မေးခွန်းထုတ်လိုက်သည်။
“လီလိုင်ဇီ၊ ငါတို့ရဲ့နှစ်ပေါင်းများစွာ လင်မယားသံယောဇဉ်တွေက အလကားပဲလား”
လီလိုင်ဇီ မျက်လုံးလှန်လိုက်သည်။
“ငါတို့ကြားမှာ သံယောဇဉ်ရှိလို့လား၊ ငါက နင့်အိပ်ရာပေါ်တောင် တစ်ခါမှ ရောက်ဖူးတာမဟုတ်ဘူး”
သူက သူမနှင့်တစ်ကြိမ်တစ်ခါပင် အတူမအိပ်ခဲ့ဖူးသော်ငြား သူမက သံယောဇဉ်ကြီးမားလှသည့်ဟန်ဖြင့် စိတ်ခံစားမှုအပြည့်နှင့် ဟန်ဆောင်နေလေ၏။
သူက ရှန်ဟုန်မိန်ကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်သည်။
“စကားများမနေနဲ့၊ ငါ ပိုက်ဆံရှာနေတာကို ဝင်နှောင့်ယှက်ရင် နင့်ကို ရိုက်သတ်ပစ်မယ်၊ ဒူးထောက်ရုံနဲ့ မသေပါဘူး၊ နင် ဒူးမထောက်ချင်ရင် နင့်ကိုပါ တစ်ခါတည်း ရိုက်သတ်ပစ်လိုက်မယ်”
သူ့လုပ်ရပ်များကို ကြည့်ရင်း လုရှီမန်က နောက်ထပ်ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ တံတွေးထွေးခြင်းက အမှန်တကယ်ပင် အနည်းငယ်ရွံရှာဖွယ်ကောင်းလှ၏။
မကောင်းဆိုးဝါးများက အချင်းချင်း နှိပ်စက်ညှဉ်းပန်းရန် ကိုယ်ပိုင်နည်းလမ်းများရှိကြပြီး သူမအနေဖြင့် သူတို့အပေါ် အနည်းငယ်မျှပင် သနားကရုဏာသက်မိမည်မဟုတ်ပေ။ လီလိုင်ဇီက လီရှီချွမ်းအားကြိုးတုပ်နေသည်ကို သူမက အေးစက်ခက်ထန်စွာ ရပ်ကြည့်နေလိုက်သည်။
ရှန်ဟုန်မိန်နှင့် လီ၀မ်မြန်တို့မှာမူ ရုန်းကန်ခြင်းမရှိဘဲ အလွယ်တကူပင် ကြိုးတုပ်ခံလိုက်ကြရသည်။
ဤမျှနှင့်ပင် ကျေနပ်မှုမရှိသေးဘဲ လီလိုင်ဇီက မီးဖိုချောင်ထဲသို့ဝင်သွားကာ တစ်စုံတစ်ခုကို ဆွဲယူပြီးမှ အပြင်သို့ ပြန်ထွက်လာခဲ့၏။
သူက ဖားယားသောအပြုံးမျိုးဖြင့် ဆိုလိုက်သည်။
“သခင်မလေး၊ သွားကြစို့”
ငွေပေးသူက သူဌေးဖြစ်ရာ သူမအပေါ်၌မူ သူကကြမ်းတမ်းခက်ထန်စွာ ဆက်ဆံ၍မဖြစ်နိုင်ပေ။
လီရှီချွမ်းက လုရှီမန်ကို စိတ်ပျက်အားငယ်မှုများပြည့်နှက်နေသော မျက်နှာဖြင့် မော့ကြည့်လာသည်။
“မန်မန်၊ သမီးက တကယ်ကြီး ဒီလောက်အထိ ရက်စက်တော့မလို့လား၊ အဖေ့ကို အဖေအဖြစ် အသိအမှတ်မပြုတော့ဘူးလား”
လုရှီမန်မျက်လုံးများက ကောင်းကင်အထိ လန်သွားတော့မတတ်ပင်။ ယခုအခါ နောက်တစ်ယောက်က သံယောဇဉ်ကြိုးကို ဆွဲငင်ကာ ကစားကွက် ဆင်လာပြန်၏။