← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

23

သူ ဟောင်ကောင်သို့ထွက်ပြေးရန် ကြံစည်နေချိန်တွင်ကော သူ့သမီးဖြစ်သူကို အဘယ်ကြောင့်များ ထည့်သွင်းမစဉ်းစားခဲ့ရသနည်း။ သူမ အေးစက်စက်ဟန်ဖြင့်နှာခေါင်းရှုံ့လိုက်ပြီး ဘာစကားမျှဆက်မပြောတော့ဘဲ သူမမှတ်ဉာဏ်များအရ လုမိသားစု သင်္ချိုင်းဂူရှိရာဆီသို့သာ ဦးတည်လျှောက်သွားလေသည်။

လီလိုင်ဇီက သူတို့ကိုခွေးများကဲ့သို့ ဆွဲခေါ်သွားပြီး ရှေ့ဆက်မသွားချင်သူ မည်သူ့ကိုမဆို ခြေထောက်ဖြင့် အကြမ်းပတမ်း ကန်ကျောက်ကာ ခွေးမောင်းသလို မောင်းထုတ်နေလေသည်။

လမ်းမထက်တွင် သူတို့ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်ရှုနေ့သည့် လူအုပ်ကြီးက ပို၍များပြားလာပြီး လီရှီချွမ်းမှာ သူ့ခေါင်းကို ပို၍ပင် ငုံ့ချထားမိတော့သည်။

သူ တစ်သက်လုံး တည်ဆောက်လာခဲ့သော ဂုဏ်သိက္ခာများ လုံးဝစိစိညက်ညက်ကြေမွသွားခဲ့ပြီဖြစ်ရာ သူ နောင်တစ်ချိန်တွင် ဘယ်တော့မှ ခေါင်းမော့နိုင်တော့မည်မဟုတ်ချေ။

လီ၀မ်မြန်မှာလည်း ထိုနည်းတူပင် ခံစားနေရသည်။ ဘေးပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ကဲ့ရဲ့ပြောဆိုသံများကို ကြားနေရချိန်တွင် သူမ၏မိမိကိုယ်ကိုအထင်ကြီးလေးစားမှုများ အားလုံး စုတ်ပြတ်သတ်သွားခဲ့ပြီဖြစ်သည်။ သူမကိုယ်ပေါ်တွင် အဝတ်အစားများရှိနေသော်ငြားလည်း အဝတ်ဗလာကျင်းနေသကဲ့သို့ ရှက်ရွံ့နေမိ၏။ လီလိုင်ဇီက အော်ဟစ်ဆဲဆိုနေသည်။

“မြန်မြန်လျှောက်စမ်း၊ ဘာလို့ တွန့်ဆုတ်နေတာလဲ၊ ထမင်းမစားထားဘူးလား၊ တိတ်တိတ်ပုန်း မယားငယ်ထားဖို့ကျတော့ သတ္တိရှိပြီး လမ်းလျှောက်ဖို့ကျတော့ အားမရှိတော့ဘူးလား”

“လီရှီချွမ်း၊ မင်းကလေ…”

“ရှန်ဟုန်မိန်…”

လီလိုင်ဇီက သူ့လူဆိုးလူမိုက်စရိုက်လက္ခဏာများကို အပြည့်အဝအသုံးချကာ လမ်းတစ်လျှောက်လုံး အဆက်မပြတ် ဆဲဆိုကြိမ်းမောင်းလာခဲ့သည်။ လုရှီမန် စကားတစ်ခွန်းမျှပင် ဝင်ပြောရန်မလိုအပ်ဘဲ ဘေးမှကြည့်ရှုနေသူများအားလုံးက အခြေအနေ အရပ်ရပ်ကို အပြည့်အဝနားလည်သဘောပေါက်သွားကြလေပြီ။

ပျော်ပွဲရွှင်ပွဲတစ်ခုကို ကြည့်ရှုလိုသော စိတ်ဆန္ဒများကြောင့် လုမိသားစုသင်္ချိုင်းဂူသို့ ဦးတည်သွားနေသော ထိုအဖွဲ့နောက်သို့ လိုက်ပါလာသူများမှာ ပို၍ပင် များပြားလာခဲ့သည်။

သင်္ချိုင်းဂူကျောက်တိုင်ပေါ်ရှိ အလွန်ကြင်နာတတ်သောမျက်နှာပိုင်ရှင်နှစ်ဦး၏ပုံကို မြင်လိုက်ရသောအခါ လုရှီမန်နှလုံးသားမှာ ဆစ်ခနဲနာကျင်သွားရ၏။ ဤခန္ဓာကိုယ်၏မူလပင်ကိုယ်အသိစိတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သူမ ငိုရန်ပင် အားထုတ်စရာမလိုဘဲ မျက်ရည်များက ချက်ချင်းပင်အလိုလိုစီးကျလာတော့သည်။

လီလိုင်ဇီသည် စကားနည်းပြီး ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို လုပ်ဆောင်တတ်သူဖြစ်သည်။

သင်္ချိုင်းဂူသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သူက လီရှီချွမ်းဒူးခေါက်ကွေးကို အားပါပါဖြင့်ကန်ချလိုက်၏။ ရုတ်တရက် အငိုက်မိသွားသော လီရှီချွမ်းမှာ ဘုတ်ခနဲဒူးထောက်ကျသွားပြီး လုရှီယင်၏သင်္ချိုင်းဂူရှေ့တွင် ဒူးထောက်လျက်သားဖြစ်သွားလေသည်။

လီလိုင်ဇီ ခြိမ်းခြောက်လိုက်သည်။

“မင်းတို့နှစ်ယောက်ရော ငါကူညီပေးဖို့ လိုသေးလား”

ဆူညံပွက်လောရိုက်နေသော အသံများကို ကြားရသောအခါ လုရှီမန်က သူမစိတ်ထဲမှပင် လက်မထောင်၍ချီးကျူးလိုက်မိ၏။ အကယ်၍ လီလိုင်ဇီက ဤမျှအသုံးဝင်သော အရည်အချင်းရှိသူမှန်း သူမသာစောစောသိခဲ့လျှင် သူ့ကို ဤထက်စော၍ ရှာဖွေခဲ့မိပေလိမ့်မည်။

သူတို့သုံးယောက်လုံး သင်္ချိုင်းဂူရှေ့တွင် အတူတကွဒူးထောက်နေသည်ကို မြင်သောအခါ လီလိုင်ဇီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လုရှီမန်ထံသို့ ဖားယားသောအပြုံးဖြင့် လှည့်ကြည့်လိုက်သည်။

“သခင်မလေး ကျေနပ်ရဲ့လား”

လုရှီမန် ညင်သာစွာခေါင်းညိတ်ပြလိုက်သည်။ သူမ စကားမပြောရသေးခင်မှာပင် လီလိုင်ဇီက နောက်ထပ်အကွက်တစ်ကွက်ကို စတင်လိုက်ပြန်သည်။ လီလိုင်ဇီက ယုတ်မာသောအကြံတစ်ခုကို တင်ပြလာလေ၏။

“ဒီမှာ ကျုပ်ဆားနည်းနည်းပြင်ဆင်လာတယ်၊ ကြိမ်လုံးတစ်ချောင်းရှာပြီး ဆားရည်စိမ် ပြီးမှ သူတို့ကို အဲ့တာနဲ့ရိုက်ရင်ရော ဘယ်လိုလဲ၊ ဆားရည်စိမ်ထားတဲ့ ကြိမ်လုံးဆိုတာ ခါးသီးမှုအပေါ် ထပ်ဆင့်လာတဲ့ ခါးသီးမှုပဲ၊ ဒါက သူတို့ ရသင့်ရထိုက်တဲ့ပြစ်ဒဏ်ပဲလေ၊ ဒီလို ညစ်ပတ်ပြီး ပင်ပန်းတဲ့အလုပ်မျိုးကို သခင်မလေး အပင်ပန်းခံပြီး လုပ်စရာမလိုပါဘူး၊ ကျုပ်ပဲ တာဝန်ယူပါ့မယ်၊ ဒါပေမဲ့လို့…”

သူက လက်မနှင့် လက်ညှိုးကို ပွတ်သပ်ပြလိုက်ရာ ဆိုလိုရင်းက စကားလုံးများဖြင့် ဖော်ပြရန်ပင် မလိုအပ်လောက်အောင် ရှင်းလင်းနေသည်။

လုရှီမန် အံ့အားသင့်သွားရ၏။ ဤလုပ်ရပ်က အနည်းငယ်တော့ လွန်ကဲ ရက်စက်လွန်းသော်လည်း တကယ်ကို အကောင်းဆုံးပင်။

သူတို့ကို ရှင်းပြည်နယ်သို့ပို့ပြီး လယ်ယာအလုပ်များလုပ်ခိုင်းရုံသက်သက်ဖြင့် သူမလိပ်ပြာလုံနိုင်ပါမည်မဟုတ်‌ပေ။

ယခုမူကား သူတို့၏ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ လုံးဝ ထိခိုက်ပျက်စီးသွားစေပြီး တစ်သက်လုံး ခေါင်းမမော့နိုင်အောင် သူမဖန်တီးပေးတော့မည်ဖြစ်သည်။

လီလိုင်ဇီက အားတက်သရောဆိုလိုက်သည်။

“ဒါဆိုရင် ကျုပ်စလုပ်လိုက်တော့မယ်၊ အကောင်းဆုံးဖြစ်အောင် သေချာစီစဉ်ပေးပါ့မယ်”

လုရှီမန်သည် အလွန်လက်ဖွာသူဖြစ်၏။ သူမ ကျေနပ်နေသရွေ့ ငွေကြေးများက သေချာပေါက် ဆက်တိုက်ဝင်ရောက်လာမည်ပင်။ ယွမ်တစ်ရာထက်ပင် ပိုရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။

သူက ထိုအကြောင်းကို တွေးမိလေလေ ပို၍စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။

လီလိုင်ဇီက ကြိမ်နွယ်တစ်ခုကို ရှာဖွေလိုက်ပြီး သူယူလာသော ဆားများကို ရေထဲတွင်ဖျော်ကာ ထိုကြိမ်လုံးကို ဆားရည်ထဲ၌ စိမ်ထားလိုက်သည်။

လူအများအပြားက ဝိုင်းဝန်းကြည့်ရှုနေကြသဖြင့် လီရှီချွမ်းမှာ ထွက်ပြေးရန်ပင်မရဲတော့ချေ။ သူသိကျွမ်းသောသူ အများအပြားရှိနေပြီး ထိုသူများထဲမှ အများစုမှာ သခင်ကြီးလုအပေါ် ကျေးဇူးကြွေးတင်နေသူများဖြစ်ကြသည်။

အကယ်၍ သူသာထွက်ပြေးမည်ဆိုပါက သေချာပေါက် ဝိုင်းဝန်းရိုက်နှက်ခံရပေလိမ့်မည်။

ရှန်ဟုန်မိန်၏နှလုံးသားမှာ ပြာကျသွားသကဲ့သို့ဖြစ်နေပြီး သူမကခေါင်းငုံ့ကာ တိတ်တဆိတ် ငိုကြွေးနေမိသည်။ လီ၀မ်မြန်မှာလည်း ခေါင်းမော့ကြည့်ရန်ပင် သတ္တိမရှိတော့ချေ။

မူလက သူမသည် ဟောင်ကောင်သို့ သွားရတော့မည်ဟူသော အတွေးဖြင့် ကျေနပ်ဂုဏ်ယူနေခဲ့သော်လည်း ယခုအခါတွင်မူ သူမဘ၀ကိုပင် မုန်းတီးနေမိပြီဖြစ်သည်။

သူမက အဘယ်ကြောင့်များ တရားမဝင်သမီးတစ်ယောက် ဖြစ်နေရပါသနည်း။

*ဖြန်း ဖြန်း*

လေထုကိုခွင်းသွားသော ကြိမ်လုံးသံက လေချွန်သံကဲ့သို့ ထွက်ပေါ်လာသည်။ ကျယ်လောင်သော ဖြန်းခနဲအသံနှင့်အတူ ထိုကြိမ်လုံးက လီရှီချွမ်းကျောပြင်ပေါ်သို့ ပြင်းထန်စွာကျရောက်သွားတော့သည်။

သူ့အဝတ်အစားများ စုတ်ပြဲသွားပြီး ပေါ်ထွက်လာသော အသားအရေမှာ ချက်ချင်းပင် နီရဲသွားလေ၏။

ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုက ဘာမှမဟုတ်သေးပေ။ လီလိုင်ဇီသည် လုရှီမန်ကို ပို၍ကျေနပ်စေမည့်နည်းလမ်းများကိုပါ သိရှိထားသူဖြစ်သည်။

သူက ကြမ်းတမ်းစွာအမိန့်ပေးလိုက်သည်။

“ပြောစမ်း ငါကလူယုတ်မာပါ၊ လုမိသားစုရဲ့ကျွေးမွေးစောင့်ရှောက်မှုကို ကျေးဇူးကန်းခဲ့မိပါတယ်လို့ ပြောလိုက်စမ်း”

All Chapters