← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

24

လီလိုင်ဇီ လှောင်ပြောင်လိုက်သည်။

“မပြောဘူးပေါ့၊ သတ္တိတွေ အရမ်းကောင်းနေတယ်ပေါ့လေ”

လီလိုင်ဇီက ကြိမ်လုံးကို အားပါပါဖြင့် ခါရမ်းလိုက်သည်။ လေကိုခွင်းကာ ကျဆင်းလာသော ကြိမ်လုံးဒဏ်ကြောင့် လီရှီချွမ်းမှာ နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး ပုစွန်ထုတ်လေးတစ်ခုပမာ ကွေးကောက်သွားလေတော့သည်။

လုရှီမန် ပြုံးလိုက်မိသည်။ ဤငွေများက အမှန်တကယ်ပင် အကျိုးရှိရှိသုံးစွဲလိုက်ရသည်ဟု သူမခံစားမိ၏။ လီရှီချွမ်း၏သနားစရာကောင်းလောက်အောင် စုတ်ပြတ်သတ်နေသော အခြေအနေကို မြင်ရသည်က သူမစိတ်ကို ပို၍ ကြည်နူးလန်းဆန်းသွားစေသည်။

ထို့အပြင် ဤအရာအားလုံးက လုမိသားစုသင်္ချိုင်းဂူရှေ့တည့်တည့်တွင် ဖြစ်ပျက်နေခြင်းဖြစ်ရာ အကယ်၍ သူမမိဘများ၏ဝိညာဉ်များသာ အထက်မှ ကြည့်ရှုနေမည်ဆိုပါက သေချာပေါက် ကျေနပ်ဝမ်းမြောက်နေကြမည်မှာ အမှန်ပင်။

လီရှီချွမ်း တုန်ရီနေသောအသံဖြင့် အော်ဟစ်လိုက်သည်။

“ပြောပါ့မယ်၊ ပြောပါ့မယ်”

ကြိမ်လုံးဖြင့် အချက်အနည်းငယ်အရိုက်ခံရပြီးသည်နှင့် လီရှီချွမ်း၏ မာနများ လုံးဝပျောက်ကွယ်သွားခဲ့ပြီပင်။ သူက တုန်ယင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ငါက လူယုတ်မာပါ၊ ငါ လုမိသားစုအပေါ် ပြစ်မှားခဲ့မိပါတယ်”

လုရှီမန် သူ့ကိုငုံ့ကြည့်လိုက်၏။ သူသည် တစ်ကိုယ်လုံးတုန်ယင်နေပြီး မျက်နှာတစ်ခုလုံးတွင်လည်း မျက်ရည်၊ နှပ်ချေးများဖြင့်ရွှဲနစ်နေကာ အမှန်တကယ် နောင်တရနေသည့်အသွင်ပေါက်နေ၏။

လီလိုင်ဇီ အော်ဟစ်ဆဲဆိုလိုက်သည်။

“ထမင်းမစားထားလို့ အသံက ဒီလောက်တိုးနေတာလား၊ ပိုကျယ်ကျယ်ပြောစမ်း”

လီလိုင်ဇီမှာပြောရင်း နောက်ထပ် ကြိမ်တစ်ချက် ထပ်မံရိုက်ချလိုက်သည်။ သူ့ကိုယ်ပေါ်ရှိ အဝတ်အစားများစုတ်ပြဲသွားပြီးနောက် အသားစများပါကွာကျလာခဲ့သည်။

ထိုကဲ့သို့သော အနာများအပေါ်သို့ ဆားရည်စိမ်ထားသောကြိမ်လုံးဖြင့် ရိုက်နှက်ခြင်းမှာ ငရဲကျသကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခြင်းပင်ဖြစ်၏။

လီရှီချွမ်းတစ်ကိုယ်လုံးမှာ နာကျင်မှုကြောင့် တွန့်လိမ်နေတော့၏။

သူက လူတိုင်းရှင်းရှင်းလင်းလင်းကြားနိုင်စေရန် အသံကုန်ဟစ်၍အော်လိုက်သည်။

“ငါက လူယုတ်မာပါ”

လုရှီမန်မှာ ပို၍ပင်စိတ်လှုပ်ရှားကြည်နူးလာရသည်။ ကြိမ်ရိုက်သံများနှင့်အတူ လီရှီချွမ်း၏ဝန်ခံသံများကို နားထောင်ရင်း ဤခန္ဓာကိုယ်အတွင်း ကျန်ရစ်နေဆဲဖြစ်သော မူလပိုင်ရှင်၏ဝိညာဉ်လေးမှာလည်း လွတ်မြောက်ရာလမ်းကိုတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

ဤနှိပ်စက်မှုက ဆယ်မိနစ်ခန့်ကြာမြင့်သွားပြီးနောက် လီရှီချွမ်းခန္ဓာကိုယ်ပေါ်တွင် ကောင်းမွန်သောနေရာဟူ၍ တစ်လက်မမျှပင် မကျန်တော့ချေ။ ထိုအချိန်ကျမှသာ လုရှီမန် ရပ်တန့်ရန် အမိန့်ပေးလိုက်လေသည်။

“တော်လောက်ပြီ လီလိုင်ဇီ၊ ဒီထက်ပိုရိုက်ရင် သူသေသွားလိမ့်မယ်”

အကယ်၍ သူသာသေဆုံးသွားမည်ဆိုပါက စာအုပ်ထဲတွင် သူမခံစားရမည့် ဆင်းရဲဒုက္ခများကို အနောက်မြောက်ဒေသသို့ သွားရောက်ကာ အစားထိုး ခံစားပေးနိုင်တော့မည်မဟုတ်ချေ။ သူမက ခွေးသေတစ်ကောင်ပမာ လဲလျောင်းနေသော လီရှီချွမ်းကို ငုံ့ကြည့်လိုက်ပြီးနောက် ကြိမ်လုံးအဖျားနှင့် အနည်းငယ်ရိုက်မိထားသော သားအမိနှစ်ယောက်ကိုပါ အကဲခတ်လိုက်သည်။

သူတို့ကိုယ်ပေါ်တွင်လည်း အညိုအမဲမျ အပြည့်ရှိနေသော်ငြား လီရှီချွမ်းနှင့်ယှဉ်လျှင်မူ အများကြီး ပိုကောင်းမွန်နေသေးသည်။

လီလိုင်ဇီက မလိုလားစွာဖြင့် ရပ်တန့်လိုက်သည်။ သူက ဆက်လက်ရိုက်နှက်ချင်သေးသော်ငြား အတင်းအကျပ် ရပ်တန့်ကာ ကြိမ်လုံးကိုချထားလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ ငွေပေးသူက သူဌေးဖြစ်ရာ သူဌေးကဆက်မရိုက်ရတော့ဘူးဆိုလျှင် ရပ်တန့်ရမည်ပင်။

လုရှီမန်က ဝိုင်းအုံကြည့်ရှုနေသော လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။

“လူကြီးမင်းတို့၊ ဒီနေ့ကစပြီး လီရှီချွမ်းနဲ့ ကျွန်မရဲ့သားအဖပတ်သက်မှုကို လုံးဝ ဖြတ်တောက်လိုက်ပါပြီ၊ ဒီနေ့ကစပြီး ကျွန်မမှာ အဖေမရှိတော့ပါဘူး၊ လုမိသားစုရဲ့ပိုင်ဆိုင်မှုတွေကို အဘိုး ကွယ်လွန်သွားကတည်းက လီရှီချွမ်းက စီမံခန့်ခွဲလာခဲ့တာပါ၊ မနေ့က လုမိသားစုရဲ့လျှို့ဝှက်ခန်း ဖောက်ထွင်းခံလိုက်ရပြီး မိသားစုပိုင်ဆိုင်မှုတွေအကုန်လုံးဆုံးရှုံးသွားခဲ့ပြီ၊ အခုကစပြီး အရင်က လုမိသားစုဆိုတာမရှိတော့ပါဘူး၊ လုမိသားစုက အခုတော့ ရှင့်တို့အားလုံးလို သာမန်လူတွေပါပဲ၊ အရင်က ကျွန်မအပေါ် သည်းခံပေးခဲ့ကြတဲ့ ရွာသူရွာသားအားလုံးကို ကျေးဇူးတင်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်”

သူမက လူတိုင်းကိုဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။ သူမ ထွက်သွားသည်ကို မြင်သောအခါ လီလိုင်ဇီအမြန်ပြေးလိုက်သွား၏။

ဆာလောင်နေသော ကုလားအုတ်တစ်ကောင်သည် မြင်းတစ်ကောင်ထက်တော့ ပိုကြီးနေသေးသည်ပင်။ သူမအနေဖြင့် သူ့လုပ်အားခကို သေချာပေါက် ပေးနိုင်စွမ်းရှိပေလိမ့်မည်။

လုရှီမန်စကားများကို ကြားသောအခါ လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားပြီး တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုနေကြတော့သည်။

အချို့က သက်ပြင်းချကြပြီး အချို့ကမူ ဝမ်းသာအားရဖြစ်နေကြသော်လည်း လူတိုင်းက ကြမ်းပြင်ပေါ်ရှိ ထိုသုံးယောက်ကိုမူ တညီတညွတ်တည်း လျစ်လျူရှုထားကြလေသည်။

လုရှီမန် တည်ငြိမ်စွာဖြင့်ဆိုလိုက်၏။

“ရှင့်ကို နှစ်ရာပေးမယ်”

လီလိုင်ဇီက အလွန်လှပသေသပ်သော အလုပ်တစ်ခုကို လုပ်ဆောင်ပေးခဲ့ရာ သူက ဤငွေများနှင့် အမှန်တကယ်ထိုက်တန်ပေသည်။

လီလိုင်ဇီ ပြုံးဖြီးဖြီးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် သခင်မလေး”

ဤယွမ်နှစ်ရာနှင့်အတူ မနက်ဖြန်တွင်လည်း လီအားကုန်းကို လာရောက်၍ ထပ်မံပြဿနာရှာရန် သူဆုံးဖြတ်လိုက်၏။ ငွေရရှိသွားပြီးနောက် လီလိုင်ဇီတွေဝေမနေတော့ဘဲ လှည့်ထွက်သွားလေတော့သည်။

လုရှီမန်က လုမိသားစုအိမ်တော်၏ခြံဝတွင်ရပ်ကာ တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းစွာ သက်ပြင်းချလိုက်ပြန်သည်။

သူမ ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ဒီခြံဝင်းကြီးက…”

သူမ ဤခြံဝင်းအတွင်း၌ ဆက်လက်နေထိုင်ရန် ရည်ရွယ်ထားခြင်းမရှိတော့သော်လည်း ၎င်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းရှာရဦးမည်ဖြစ်သည်။

စုန့်ကျီပိုင်ရောက်ရှိလာသောအခါ လုရှီမန်၏အနည်းငယ် လွမ်းဆွေးနေပုံရသော ကျောပြင်လေးကိုမြင်လိုက်ရသည်။ သူ့နှလုံးသားမှာ ဆစ်ခနဲနာကျင်သွားပြီး သူ့ခြေလှမ်းများမှာလည်း အနည်းငယ် နှေးကွေးသွားလေ၏။

သူက တိုးညှင်းသောအသံဖြင့် တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော် နောက်ကျသွားတယ်”

လုရှီမန် သူ့ကို အံ့အားသင့်ဟန်ဖြင့်ကြည့်လိုက်သည်။

“ရှင်ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ”

သူ နှစ်သိမ့်ပေးလိုက်၏။

“လူတွေအကုန်လုံး ဒီအကြောင်းပြောနေကြတာ ကြားလို့ပါ၊ သခင်မလေး ကျေးဇူးပြုပြီး ဝမ်းမနည်းပါနဲ့၊ ကျွန်တော် သခင်ကြီးလုကိုယ်စား သခင်မလေးကို ဂရုတစိုက် စောင့်ရှောက်ပေးပါ့မယ်၊ ကျွန်တော့်ကို လုပ်စေချင်တဲ့ကိစ္စရှိရင် ဘာပဲဖြစ်ဖြစ် အဆုံးထိတိုင်အောင်လုပ်ပေးပါ့မယ်”

သူက လုရှီမန်ကို နှစ်သိမ့်ပေးရန် မည်သည့်အဆင့်အတန်းမျိုးရှိနေသနည်းဆိုသည်ကိုလည်းကောင်း သူမကို တကယ်တမ်း မည်သို့နှစ်သိမ့်ပေးရမည်ကိုလည်းကောင်း လုံးဝမသိခဲ့ပေ။

လုရှီမန် ခပ်ဟဟ ရယ်မောလိုက်၏။ ထိုလူက အတော်လေးရိုးသားပွင့်လင်းပုံရသော်လည်း စကားပြောသည့်အခါတွင်မူ အလွန်တရာတွန့်ဆုတ်နေလေသည်။

သူမ ခေါင်းခါပြလိုက်သည်။

“ကျွန်မ အဆင်ပြေပါတယ်”

ပြီးနောက် သူမက ခေတ္တမျှရပ်တန့်လိုက်ပြီး စုန့်ကျီပိုင်ထံ နှုတ်ခမ်းလေးကွေးညွတ်သွားကာ ပြုံးရင်းကြည့်လိုက်၏။

သူမက ပွင့်ပွင့်လင်းလင်းပင် အကူအညီတောင်းလိုက်သည်။

“တကယ်တော့ ရှင့်အကူအညီလိုနေတဲ့ ကိစ္စတစ်ခုတော့ရှိတယ်၊ အမှိုက်တချို့ကို သွားပစ်ပေးပါဦး”

သူမအနေဖြင့် ဤအိမ်တွင်ဆက်မနေတော့လျှင်ပင် လီရှီချွမ်းနှင့် အခြားသူများအား ထိုအိမ်၏အကျိုးခံစားခွင့်ကို လုံးဝပေးမည်မဟုတ်ပေ။ သူတို့ကို အပြတ်ရှင်းပစ်ရန် ဤအခွင့်အရေးကို သူမအသုံးချလိုက်မည်ဖြစ်ပြီး လမ်းဘေးမှလွဲ၍ သူတို့အတွက်နေစရာ နေရာမရှိဖြစ်အောင် ဖန်တီးပစ်မည်ဖြစ်သည်။ စုန့်ကျီပိုင် ခေါင်းညိတ်လိုက်သည်။

“ရတာပေါ့၊ ဒီလို ညစ်ပတ်တဲ့အလုပ်မျိုးကို ကျွန်တော့်တာဝန်သာထားလိုက်ပါ”

သခင်မလေးကိုယ်တိုင် အမှိုက်သွားပစ်နေမည်ကို သူ လုံးဝမျက်စိထဲပြေးမြင်၍မရနိုင်ချေ။

သူ မေးမြန်းလိုက်သည်။

“ဘယ်အမှိုက်တွေကို ပစ်ရမှာလဲ”

လုရှီမန် ရှေ့မှ ဦးဆောင်လျှောက်သွားလိုက်သည်။

“နောက်ကလိုက်ခဲ့”

သူမက လီရှီချွမ်းအခန်းဆီသို့ အရင်ဆုံး ခေါ်ဆောင်သွားပြီး ညွှန်ကြားလိုက်၏။

“အကုန်လုံးကို ရှင်းလင်းပြီး လွှင့်ပစ်လိုက်၊ ရှန်ဟုန်မိန်တို့သားအမိရဲ့ ပစ္စည်းတွေကိုလည်း အပြင်ကိုလွှင့်ပစ်လိုက်”

စုန့်ကျီပိုင်က ဟာလာဟင်းလင်းဖြစ်လုနီးပါးရှိနေသော အခန်းကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ”

သူက ကုလားထိုင်တစ်လုံးကို အရင်ဆုံး ဆွဲယူလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ရေတစ်ခွက်ငဲ့လိုက်၏။ ထို့နောက် စာအုပ်တစ်အုပ်ကို ရှာဖွေလိုက်ပြီး ထိုအရာများကို လုရှီမန်ရှေ့တွင်ချထားပေးလိုက်သည်။ ဂရုတစိုက်ဖြင့် သူပြောလိုက်သည်။

“ဒီနေ့ တစ်နေ့လုံး ပင်ပန်းနေလောက်ပြီ၊ ခဏလောက်နားလိုက်ပါဦး၊ ကျန်တာတွေကို ကျွန်တော့်ကိုသာလွှဲထားလိုက်ပါ”

ထိုသို့ပြောပြီးနောက် ပစ္စည်းများ အပြည့်ရှိနေသော အခန်းဘက်သို့ သူလှည့်သွားလေ၏။ သူက အိပ်ရာခင်းတစ်ခုကို ဆွဲခွာလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ပြန့်နေအောင်ခင်းလိုက်ကာ ဗီရိုထဲမှ အဝတ်အစားများအားလုံးကို ထိုအပေါ်သို့ ပစ်ချလိုက်သည်။

ထို့နောက် အံဆွဲများနှင့် ဗီရိုများထဲမှ အရာအားလုံးကိုပါ ဆက်တိုက်ပစ်ထည့်လိုက်တော့သည်။

နေ့စဉ်သုံးပစ္စည်းများနှင့် အဝတ်အစားများက အမှိုက်ပုံကြီးတစ်ခုပမာ စုပုံသွားလေ၏။ ကြမ်းပြင်တစ်ခုလုံးရှုပ်ပွသွားသော်လည်း အခန်းနေရာအသီးသီးမှာမူ သိသိသာသာရှင်းလင်းသွားလေသည်။

မိနစ်နှစ်ဆယ်အတွင်းမှာပင် စုန့်ကျီပိုင်က အခန်းတစ်ခုလုံးကို ပြောင်စင်သွားအောင် ရှင်းလင်းပစ်လိုက်၏။ သူက အိပ်ရာခင်း၏ထောင့်လေးထောင့်ကို စုချည်လိုက်ပြီး ထိုအထုပ်ကြီးကို အပြင်သို့ဆွဲထုတ်ကာ လွှင့်ပစ်လိုက်လေသည်။

သူ ပြန်ရောက်လာချိန်တွင် လက်ထဲ၌ အဝတ်စတစ်ခု ကိုင်ဆောင်လာခဲ့သည်။ သူက ဗီရိုများကို ဖုန်သုတ်လိုက်ပြီးနောက် ကြမ်းတိုက်လေ၏။ သူ့လှုပ်ရှားမှုများက အလွန်တရာသွက်လက်လွန်းလှသဖြင့် လုရှီမန်မှာ မည်သည့်အဆင့်ကို အရင်ကြည့်ရမည်မှန်းပင် မသိတော့ချေ။

သူမ မေးထောက်ကာ စုန့်ကျီပိုင်ကို ကြည့်ရင်း သူမစိတ်ထဲမှပင် လက်မထောင်၍ ချီးကျူးလိုက်မိသည်။ ဤလူက အမှန်တကယ်ပင်မဆိုးလှချေ။

အလုပ်ကြိုးစားပြီး အရည်အချင်းရှိ၏။ ဤသည်က ယောကျ်ားအများစုတွင် မရှိသော မွန်မြတ်သည့်အရည်အသွေးတစ်ခုပင်ဖြစ်သည်။

လီရှီချွမ်း အိမ်ထဲသို့တရွတ်ဆွဲကာ ဝင်လာပြီး အော်ဟစ်လိုက်သည်။

“လုရှီမန် မင်း တကယ်ပဲရူးသွားပြီလား”

အမှိုက်ပုံကြီးကို မြင်လိုက်ရသောအခါ သူ အလွန်တရာထိတ်လန့်သွားတော့သည်။

‘ငါ့ပစ္စည်းတွေ အကုန်လုံး တကယ်ပဲ အခုလို လွှင့်ပစ်ခံလိုက်ရပြီလား'

လုရှီမန် မျက်ခုံးပင့်လိုက်သည်

“ရှင်ကသာ ရူးနေတာ၊ ကျွန်မအိမ်ကို လာရဲသေးတယ်ပေါ့”

သူမ ဆက်ပြောလိုက်၏။

“ရှင် ရောက်နေမှတော့ ဟိုနှစ်ယောက်လည်း ရောက်နေလောက်ပြီ”

သူမ မတ်တတ်ရပ်လိုက်ပြီး စုန့်ကျီပိုင်ကို မျက်ရိပ်ပြလိုက်သည်။ ထို့နောက် သူတို့နှစ်ဦး အတူအပြင်သို့ထွက်လာခဲ့ကြ၏။

သူမက လီ၀မ်မြန်ကိုအေးစက်စက်ဖြင့် အမိန့်ပေးလိုက်သည်။

“လီ၀မ်မြန်၊ လီရှီချွမ်းပေးထားတဲ့ ငွေတွေအကုန် ပြန်ပေးစမ်း၊ အဲဒါတွေ အကုန်လုံးက ငါ့လုမိသားစုရဲ့ငွေတွေချည်းပဲ၊ ပြီးတော့ နင်လည်း ကိုယ့်အခြေအနေကိုယ်သိစမ်းပါ”

သူမက လီ၀မ်မြန်နှင့် ရှန်ဟုန်မိန်တို့ကို အေးစက်စက်လေသံဖြင့် ပြတ်သားစွာ ပြောလိုက်သည်။ လီရှီချွမ်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး သူမကို ပြင်းပြင်းထန်ထန်သင်ခန်းစာပေးရန် ရှေ့သို့အပြေးအလွှား တက်လာခဲ့၏။ သို့သော် လုရှီမန်ကို သူထိခွင့်မရလိုက်ခင်မှာပင် စုန့်ကျီပိုင်၏ကန်ထုတ်ခြင်းကို ခံလိုက်ရလေသည်။

ယခင်က သူ အနည်းငယ်ထိန်းချုပ်နေခဲ့ရသော်လည်း ယခုအခါ လီရှီချွမ်းမှာ လူယုတ်မာတစ်ဦးမှန်း သူသိရှိသွားပြီဖြစ်ရာ ယဉ်ကျေးနေရန်မလိုအပ်တော့ချေ။

လုရှီမန် မျက်ခုံးပင့်လိုက်သည်။ စုန့်ကျီပိုင်က အတော်လေးအသုံးဝင်သောသူတစ်ဦးပင်။ အလုပ်ကြိုးစားပြီး အရည်အချင်းရှိရုံသာမက တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အလွန်တရာ ကောင်းမွန်လှရာ အိမ်အတွက် ပြီးပြည့်စုံဆုံးသော လက်ထောက်တစ်ဦးပင်ဖြစ်လေသည်။

သူမ ပြတ်သားစွာ ပြောလိုက်သည်။

“စကားများမနေနဲ့တော့၊ ကျွန်မတို့က အဆက်အသွယ် ဖြတ်ပြီးသွားပြီ၊ ပြီးတော့ ရှင်တို့တွေ လုအိမ်တော်ကနေ နှင်ချခံလိုက်ရပြီ၊ ကျွန်မရှေ့မှာ နောက်တစ်ခါ ပေါ်မလာစေနဲ့၊ မြင်တာနဲ့ မြင်တဲ့နေရာမှာ ရိုက်ပစ်မယ်၊ ကျွန်မက ပြောရင် ပြောတဲ့အတိုင်း တကယ်လုပ်တယ်နော်”

သူမ အသာပြုံးလိုက်ပြီး သူမဘေးရှိ စုန့်ကျီပိုင်ကို လက်ညှိုးထိုးပြလိုက်၏။ လီရှီချွမ်း အံတင်းတင်းကြိတ်ကာ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး တရွတ်ဆွဲကာ လှည့်ထွက်သွားလေတော့သည်။

သူ အပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အိပ်ရာခင်းကိုဖြေကာ အထဲမှပစ္စည်းများကို စတင်မွှေနှောက်ရှာဖွေတော့သည်။ သူ့လက်ထဲရှိသင်္ဘောလက်မှတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခြားပစ္စည်းများကိုပါဝေ့ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

သူ ကိုယ့်ကိုကိုယ်အားပေးစကားဆိုလိုက်၏။

“ဟောင်ကောင်ကို ရောက်သွားတာနဲ့ အကုန်လုံးအဆင်ပြေသွားမှာပါ”

All Chapters