အခန်း ၂၅
Vol. 3 Ch. 25
25
လုရှီမန် သူထွက်သွားရာနောက်သို့ လိုက်ကြည့်ရင်း သူ့ကျောပြင်ကိုကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ ဟောင်ကောင်ဆိုသည်မှာ မဖြစ်နိုင်သည့်ကိစ္စရပ်တစ်ခုဖြစ်ပြီး သူ့ကံကြမ္မာအတွက် အနောက်မြောက်ဒေသကြီးကသာ စောင့်ကြိုနေပေသည်။
သူ အနောက်မြောက်ဒေသသို့ရောက်ရှိကာ ဂိုဘီသဲကန္တာရကြီးကို မျက်နှာမူရသည့်အခါ ယခုကဲ့သို့ အားရပါးရရယ်မောနိုင်ပါဦးမလားဆိုသည်ကို သူမ မြင်တွေ့ချင်လှ၏။
လီရှီချွမ်းအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် လီ၀မ်မြန်နှင့် ထိုအမျိုးသမီးတို့အတူနေထိုင်သည့် အခန်းဆီသို့ခြေဦးလှည့်လိုက်သည်။ တံခါးဘောင်ကို မှီလိုက်ကာ စကားတစ်ခွန်းမှမဆိုဘဲ သူမလက်တစ်ဖက်ကိုသာ ဆန့်တန်းပေးလိုက်သည်။
လီ၀မ်မြန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှန်ဟုန်မိန်၏မျက်နှာမှာမူ သွေးဆုတ်ဖြူရော်သွားခဲ့၏။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့ရင်ထဲတွင် မကျေနပ်မှုများနှင့် နာကြည်းမှုများပြည့်နှက်နေသော်လည်း နေ့လယ်က ကြုံတွေ့ခဲ့ရသည့် အရှက်ကွဲမှုများကို ပြန်လည်အမှတ်ရသွားချိန်တွင်တော့ ဆန့်ကျင်အာခံရန်မဝံ့ရဲကြတော့ပေ။
သို့သော်လည်း ရှန်ဟုန်မိန်တွင် သူမကိုယ်ပိုင်ဉာဏ်နီဉာဏ်နက် ကောက်ကျစ်မှုလေးများရှိနေသေးသည်။ ငွေထုတ်ပေးရသည့်အခါတွင် လီရှီချွမ်းက လီ၀မ်မြန်အတွက်ပေးထားသည့် ငွေပမာဏကိုသာ ထုတ်ပေးလိုက်သည်။ ထိုငွေသည် သူမ၏နောက်ဆုံးလက်ကျန်ဘဝအာမခံချက်ဖြစ်ရာ မည်သူကပင် တောင်းဆိုလာပါစေ လုံးဝ လက်လွှတ်ခံမည်မဟုတ်ချေ။
ကမ်းပေးလာသည့် ငွေထုပ်ကိုကြည့်ရင်း လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ သူမမျက်ဝန်းထဲတွင် လှောင်ပြောင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“လီရှီချွမ်းက နင်တို့အပေါ်သိပ်သဘောမကောင်းပါလား၊ ဒီလောက်လေးပဲ ပေးတယ်ဆိုတော့လေ”
ခန့်မှန်းခြေအားဖြင့် ယွမ်တစ်ထောင်ခန့်သာရှိမည်ဟု သူမတွက်ဆလိုက်သည်။ ပြင်ပလူများအတွက် ဤပမာဏသည် အလွန်များပြားလှသော ငွေကြေးဖြစ်သော်လည်း ယခင်ကယွမ်တစ်သိန်းကျော်အထိ ပိုင်ဆိုင်ခဲ့ဖူးသော လီရှီချွမ်းအတွက်မူ ဤငွေသည် ပင်လယ်ထဲမှ ရေတစ်စက်မျှသာပင်။
“ကျွတ်ကျွတ် ပြည့်တန်ဆာလုပ်ရတာထက်တောင် ပိုပြီးသနားစရာကောင်းနေသေးတယ်”
သူမ စကားပြောရင်း ခေါင်းခါယမ်းလိုက်ရာ သူမမျက်ဝန်းများထဲတွင် သနားဂရုဏာသက်မှုလား သို့မဟုတ် လှောင်ပြောင်သရော်မှုလား ခွဲခြား၍မရသောအရိပ်အယောင်များ ပြည့်နှက်နေသည်။
လီ၀မ်မြန်၏မျက်နှာ ဖြူရော်သွားခဲ့သည်။ သူမဖခင်ဖြစ်သူက လုရှီမန်အား ပေးလေ့ရှိသည့်မုန့်ဖိုးငွေနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ဤငွေပမာဏသည် အမှန်တကယ်ပင် သနားစရာကောင်းလောက်အောင် နည်းပါးလွန်းလှ၏။
ရှန်ဟုန်မိန်မှာမူ ထိုလှောင်ပြောင်မှုကြောင့် ပို၍ပင်အရှက်ရသွားခဲ့သည်။
သူမဘဏ်စာအုပ်ထဲရှိ ယွမ်နှစ်ထောင်ဆိုသည့်ငွေပမာဏသည် အလွန်များပြားသည်ဟု မူလကတွေးထင်ထားခဲ့သော်လည်း ယခုသူမပြောသည့် စကားကိုကြားလိုက်ရချိန်တွင်တော့ သူတို့အခြေအနေသည် အမှန်တကယ်ပင် သနားစဖွယ်ဖြစ်နေကြောင်း သိလိုက်ရသည်။
“အရမ်းကပ်စေးနှဲတာပဲ၊ သူ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့တုန်းက နင်တို့တွေ ဘာတွေများ တွေးနေခဲ့ကြတာလဲဆိုတာ ငါ တကယ်နားမလည်နိုင်ဘူး”
လုရှီမန် စိတ်မရှည်ဖြစ်ကာလက်ယမ်းပြလိုက်၏။
“နင်တို့ပစ္စည်းတွေသိမ်းပြီး ထွက်သွားကြတော့”
သူတို့တတွေ ငွေတချို့ဖွက်ထားကြလိမ့်မည်ကို သူမကောင်းကောင်းသိနေသော်လည်း ဂရုစိုက်နေစရာမလိုပေ။
ဟန်ဆောင်ကောင်းလှသော လီရှီချွမ်းသည် သူတို့ပိုင်ဆိုင်သမျှငွေကြေးအားလုံးကို သူ့လက်ထဲသို့ရောက်ရှိလာစေရန် နည်းလမ်းပေါင်းစုံရှာ၍ လုပ်ဆောင်မည်မှာ သေချာလှသည်။
ရှန်ဟုန်မိန်ဆိုသည်မှာ လှည့်စားရန် အလွန်လွယ်ကူသူဖြစ်ရာ ချိုသာသော စကားအနည်းငယ်ပြောရုံမျှဖြင့် ထိုငွေများကို ပေးအပ်လာစေရန် သူ သွေးဆောင်ဖြားယောင်းနိုင်ပေလိမ့်မည်။
၎င်းအပြင် သူတို့သည် ဟောင်ကောင်သို့သွားရန် စီစဉ်နေကြသေးရာ ထိုခရီးအတွက် ငွေကြေးအမြောက်အမြား ကုန်ကျမည်ဖြစ်သည်။
သူမက သူတို့ကိုစိုက်ကြည့်ကာ ထိုင်နေသည့်အတွက် ထိုနှစ်ဦးမှာ ပစ္စည်းများကို အလျင်အမြန်သိမ်းဆည်းလိုက်ကြသည်။ အမှန်တကယ်တော့ သူတို့တွင် အစကတည်းက ပစ္စည်းပစ္စယများများစားစား မရှိခဲ့ပေ။
အခြားပစ္စည်းများကို မဆိုထားဘိ အဝတ်အစားပင် အလုံအလောက်မရှိကြချေ။ အချိန်ခဏလေးအတွင်းမှာပင် သူတို့၏နည်းပါးလှသော ပစ္စည်းများကို သိမ်းဆည်းပြီးစီးသွားခဲ့သည်။
လုရှီမန်လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်သည်။
“အခု ထွက်သွားကြတော့”
ရှန်ဟုန်မိန်သည် လီ၀မ်မြန်နှင့်အတူ တံခါးဝတွင်ရပ်နေရင်း ကြီးမားခမ်းနားလှသော လုစံအိမ်ကြီးကို နောက်ဆုံးအကြိမ်အဖြစ် ဝေ့ကြည့်လိုက်၏။
လီ၀မ်မြန် သူမလက်သီးများကို တင်းတင်းဆုပ်ထားပြီး မျက်ဝန်းများထဲတွင် မုန်းတီးမှုအရိပ်အယောင်များ လင်းလက်သွားခဲ့သည်။
သူမရင်တွင်း၌ ကြီးမားလှသော ရည်မှန်းချက်မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေခဲ့သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင် သူမသည် တရားမဝင်သမီးတစ်ယောက်အနေဖြင့် မဟုတ်ဘဲ တရားဝင်ဂုဏ်သိက္ခာရှိစွာဖြင့် ဤစံအိမ်ကြီးထဲသို့ ပြန်လည်ဝင်ရောက်လာရပေမည်။
ထိုအချိန်ကျလျှင် လုရှီမန် ဘယ်တော့မှ ပြန်လည်နလန်မထူနိုင်တော့သည်အထိ သူမခြေဖဝါးအောက် ဖိချေပစ်မည်ဟု စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
သူတို့အားလုံး ထွက်သွားကြပြီးနောက် လုစံအိမ်ကြီးသည် နောက်ဆုံးတွင်တော့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လုရှီမန် သက်ပြင်းတစ်ချက်ကို ချလိုက်သော်လည်း ချက်ချင်းပင် သူမမျက်ခုံးများက စိုးရိမ်မှုကြောင့် ပြန်လည်တွန့်ချိုးသွားခဲ့၏။
စုန့်ကျီပိုင် နှုတ်ခမ်းတင်းတင်းစေ့ထားပြီးမှ စကားစလိုက်သည်။
“စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုခု ရှိနေလို့လား၊ ကျွန်တော် ကူညီပေးရမလား”
“နည်းနည်းတော့ ပြဿနာရှိနေတယ်၊ ကျွန်မက ရှင်နဲ့အတူဟိုင်နန်ကျွန်းကို သွားရမှာဆိုတော့ ဒီအိမ်ကြီးကို ဘယ်လိုလုပ်ရမလဲ၊ ကျွန်မတို့ထွက်သွားတာနဲ့ တစ်ပြိုင်နက် တစ်ယောက်ယောက်က ဝင်နေကြမှာကို စိုးရိမ်တယ်”
မြို့ထဲတွင် နေထိုင်စရာအိမ်ရာရရှိရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။ လူတစ်ဒါဇင်ခန့်သည် အခန်းနှစ်ခန်းထဲတွင် ကျပ်ညပ်ကာနေထိုင်ရခြင်းမှာ သာမန်ကိစ္စတစ်ခုကဲ့သို့ဖြစ်နေပြီး စုံတွဲတစ်တွဲလက်ထပ်ပြီးနောက် သီးသန့်နေထိုင်လိုလျှင်ပင် အခြားသူများကို အပြင်သို့အရင်ထွက်ပေးရန် တောင်းဆိုရသည့် အခြေအနေမျိုးဖြစ်၏။
လုစံအိမ်ကြီးသည် အလွန်ခမ်းနားသော စံအိမ်ကြီးတစ်ခုဟု သတ်မှတ်နိုင်ရာ သူမထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် လူအများအပြား ဝင်ရောက်လာကြလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။
စုန့်ကျီပိုင်သည် သူ့စိတ်ထဲတွင်ကူညီနိုင်မည့်သူများကို တစ်ယောက်ပြီးတစ်ယောက် စဉ်းစားနေရင်းမှ တစ်စုံတစ်ယောက်အား သတိရသွားခဲ့သည်။
“သခင်မလေးကို ကူညီပေးနိုင်မယ့်သူ တစ်ယောက်ရှိမယ်လို့ ထင်တယ်၊ အိမ်ရာစီမံခန့်ခွဲရေးရုံးက ဝေ့စန်းလီပါ”
လုရှီမန် မေးစေ့ကို လက်ဖြင့်ထောက်လိုက်သည်။
“ဒါပေမဲ့ သူက ကျွန်မကိုဘာလို့ကူညီပေးမှာလဲ”