← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

26

ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် သူမ အသက်ရှင်ခဲ့သည့် အချိန်တိုလေးအတွင်း လူတော်တော်များများကို စော်ကားပြစ်မှားခဲ့ဖူးသည်။

ဤဝေ့စန်းလီဆိုသည့်သူကိုပါ စော်ကားခဲ့ဖူးခြင်းရှိမရှိ သူမ မသိပေ။ အကယ်၍ စော်ကားခဲ့ဖူးလျှင် သူက သူမကိုအမှန်တကယ် ကူညီပေးမည်မဟုတ်ပေ။

“သခင်ကြီးလုက သူ့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးတယ်၊ သူက သခင်ကြီးရဲ့တပည့်တစ်ယောက်လို့တောင် သတ်မှတ်လို့ရပါတယ်၊ ဒါ့အပြင် ဝေ့စန်းလီက သခင်ကြီးအတွက်တော့ သားမက်တစ်ယောက်လိုပါပဲ”

စုန့်ကျီပိုင်က စကားကိုခေတ္တရပ်တန့်လိုက်သည်။ အခြားသူများက သခင်ကြီးကို သစ္စာဖောက်ကောင်းဖောက်နိုင်သော်လည်း ထိုသူကတော့ ဘယ်တော့မှ သစ္စာဖောက်မည်မဟုတ်ပေ။

လုရှီမန် မျက်ခုံးများပို၍တွန့်ချိုးသွားခဲ့သည်။

“သားမက်လား”

ဤမျှရင်းနှီးသော ဆက်ဆံရေးမျိုးကို သူမ အဘယ်ကြောင့်မသိရသနည်း။

သူမမှတ်ဉာဏ်များထဲတွင် ထိုသို့သောသူတစ်ယောက်ရှိနေသော်လည်း ဆက်ဆံရေးက ထိုမျှလောက်ရင်းနှီးပုံမပေါ်ပေ။ စုန့်ကျီပိုင် ခေတ္တမျှတိတ်ဆိတ်သွားခဲ့သည်။

သူသည် သခင်ကြီးဘေးတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသောကြောင့်သာ ဤကိစ္စကိုသိရှိနေခြင်းဖြစ်သည်။ သခင်မလေး အဘယ်ကြောင့်မသိရသည်ကို သူ ခန့်မှန်းကြည့်နိုင်၏။

“ဒါ လီရှီချွမ်းကြောင့်ဖြစ်နိုင်ပါတယ်၊ သခင်မလေးရဲ့အမေ လီရှီချွမ်းနဲ့ လက်မထပ်ခင်တုန်းက သခင်ကြီးလုက သူမကို ဝေ့စန်းလီနဲ့လက်ထပ်ပေးချင်ခဲ့တယ်လို့ပြောတာ ကျွန်တော်ကြားဖူးတယ်”

ယခုမူ လုရှီမန်တစ်ယောက် တိတ်ဆိတ်သွားရမည့်အလှည့်ဖြစ်လာသည်။ သူမအနေဖြင့် သူ့အပေါ်တွင်နက်ရှိုင်းသော မှတ်ဉာဏ်များမရှိခဲ့ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

ထိုကဲ့သို့သော အတိတ်ရာဇဝင်မျိုးရှိနေသည့်အတွက် သူက သူမနှင့်ရင်းနှီးနေမည်မဟုတ်သည်မှာ သေချာလှပြီး လီရှီချွမ်းလို လူယုတ်မာတစ်ယောက်ရှိနေချိန်တွင်တော့ ဆိုဖွယ်ရာပင်မရှိတော့ချေ။

“ငါ နားလည်ပြီ၊ အိမ်သန့်ရှင်းရေးလုပ်ဖို့ လူတချို့ရှာပေးပါ”

သူမအနေဖြင့် အိမ်တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ကာ ပိတ်သိမ်းထားခဲ့မည်။ နောက်တစ်ကြိမ် သူမပြန်လာမည့်အချိန်မှာ ရှစ်နှစ်ကြာပြီးနောက်မှလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဤ လှုပ်ရှားမှုကြီးပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူမပွင့်ပွင့်လင်းလင်း ပြန်လာနိုင်မည်ဖြစ်ပြီး အကြောက်တရားများဖြင့် နေထိုင်ရတော့မည်မဟုတ်ပေ။ ရဲဝံ့ပြတ်သားသော ခြေလှမ်းများဖြင့် သူမပြန်လည်အခြေချနိုင်မည်ဟု ယုံကြည်ထားသည်။ စုန့်ကျီပိုင် ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ၊ ကျွန်တော့်ကိုသာ တာဝန်ပေးလိုက်ပါ”

ဤကဲ့သို့သော ကိစ္စသေးသေးလေးကို သူ သေချာပေါက်ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။ လုရှီမန် လည်ချောင်းတစ်ချက် ရှင်းလိုက်၏။

“ငါ ဗိုက်ဆာနေပြီ”

သူမ ဗိုက်ထဲမှအသံများမြည်လာခဲ့ရာ ဤကိစ္စများကြောင့် တစ်နေကုန်ဘာမှ မစားရသေးကြောင်း သူမသတိပြုမိသွားသည်။

စုန့်ကျီပိုင်မှာ တစ်ခဏမျှကြက်သေသေသွားခဲ့ပြီးနောက် ပြုံးလိုက်သည်။

“ကျွန်တော် ဟင်းချက်တတ်ပါတယ်၊ သခင်မလေး ကျွန်တော့်အိမ်ကို ညစာလာစားမလား”

လုရှီမန် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏။

“ကောင်းတာပေါ့”

စုန့်မိသားစုအိမ်က မည်သို့မည်ပုံရှိသည်ကို လေ့လာရန်အတွက် ဤသည်မှာ အခွင့်အရေးကောင်းတစ်ရပ်ပင်။

လုရှီမန် တံခါးကိုသော့ခတ်ပြီးနောက် စုန့်ကျီပိုင်နောက်သို့လိုက်ကာ ထိုလမ်းကြားလေးထဲရှိ စုန့်မိသားစုအိမ်ဆီသို့ ဦးတည်သွားခဲ့သည်။

လမ်းကြားလေးမှာ သိပ်မသန့်ရှင်းလှသော်လည်း စုန့်မိသားစုအိမ်သို့ရောက်ရှိသွားချိန်တွင်တော့ အိမ်ကလေးကို အစက်အပြောက်မရှိ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားသည်ကို သူမတွေ့လိုက်ရသည်။ မှန်ချပ်များကပင် အလင်းပြန်နေသည့်အထိ ပြောင်လက်နေ၏။

“ရှင်က တော်တော်လေး သန့်သန့်ရှင်းရှင်းထား ထားတာပဲ”

လုရှီမန် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သန့်ရှင်းသပ်ရပ်ခြင်းသည် ကောင်းမွန်သော အရည်အသွေးတစ်ခုဖြစ်ရာ မဆိုးလှပေ။

အနည်းဆုံးတော့ ဤနေရာတွင် သူမ၏အားနည်းလှသော ခန္ဓာကိုယ်လေး အနီစက်များထွက်လာမည်ကို စိုးရိမ်ရန်မလိုတော့ချေ။

သို့သော် သူမသည် လုစံအိမ်ကြီးတွင် နေထိုင်ခွင့်ရှိနေပါလျက်နှင့် စုန့်မိသားစုအိမ်တွင် အဘယ်ကြောင့် နေထိုင်ရန် လိုအပ်ရသနည်း။

စောစောပိုင်းက လုမိသားစုကို လျစ်လျူရှုထားရန် သူမဆုံးဖြတ်ခဲ့သောကြောင့် စုန့်မိသားစုနှင့်အတူ နေထိုင်ရန် လိုအပ်ခဲ့ခြင်းဖြစ်သည်။ ယခုမူ လီရှီချွမ်းကို သူမမောင်းထုတ်လိုက်ပြီဖြစ်ရာ ဤနေရာတွင် အဘယ်ကြောင့် နေထိုင်ရဦးမည်နည်း။

'ဒါက ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာမျိုး မဟုတ်ဘူးလား'

သူမခေါင်းကုတ်လိုက်ကာ မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်များဖြတ်ပြေးသွားခဲ့သည်။ စုန့်ကျီပိုင်မှာ အပင်ပန်းခံကာ သန့်ရှင်းရေးလုပ်ထားရသည်ဖြစ်ရာ နောက်ပိုင်းတွင် သူ့ကိုမည်သို့ ရှင်းပြရမည်နည်း။

သူမ မျက်နှာပေါ်ရှိ ရှက်ရွံ့မှုအရိပ်အယောင်ကို စုန့်ကျီပိုင်မြင်လိုက်ရာ အလျင်အမြန်မေးလိုက်သည်။

“သခင်မလေး သဘောမကျတာ တစ်ခုခုရှိနေလို့လား”

“မရှိပါဘူး၊ ငါ့အိမ်မှာ ငါပြန်နေလို့ရတယ်ဆိုတာကို သတိထားမိသွားလို့ပါ၊ တောင်းပန်ပါတယ်”

သူမလေသံထဲတွင် အနည်းငယ် အနေခက်မှုများပါဝင်နေသည်။ စုန့်ကျီပိုင် တိုးဖွဖွရယ်မောလိုက်၏။ သခင်မလေး တစ်ခုခုကိုသဘောမကျဖြစ်နေသည်ဟု သူထင်မှတ်ခဲ့ခြင်းဖြစ်သည်။

“ရပါတယ်၊ သခင်မလေးစိတ်ချမ်းသာဖို့က အဓိကပါပဲ၊ ကျွန်တော် အရင်သွားပြီး ဟင်းချက်လိုက်ပါဦးမယ်”

စုန့်ကျီပိုင်က သူမအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်ပြီး မက်မွန်ကွတ်ကီးအကြွပ်တစ်ပွဲကိုရှာကာ သူမအရှေ့သို့ချပေးလိုက်သည်။

“အဆာပြေတစ်ခုခု အရင်စားထားလိုက်ပါဦး”

သူမက ရေခွက်ကိုလှမ်းယူလိုက်ပြီး မက်မွန်ကွတ်ကီးအကြွပ်ကို ကြည့်ကာ နှုတ်ခမ်းများ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်၏။

စုန့်ကျီပိုင်သည် အမှန်တကယ်ပင် မျက်နှာအကဲခတ်တတ်ပြီး အရည်အချင်းရှိသူတစ်ဦးဖြစ်ကြောင်း သူမ ဝန်ခံရမည်။

သူမက မက်မွန်ကွတ်ကီးအကြွပ်တစ်ချပ်ကို ကောက်ယူကာ စတင်စားသောက်လိုက်သည်။ မကြာမီမှာပင် မီးဖိုချောင်ထဲမှ မွှေးပျံ့သောရနံ့များ လွင့်ပျံလာခဲ့၏။

“ရိုးရိုးခေါက်ဆွဲလေးပဲ ပြုတ်ထားတာပါ၊ သခင်မလေး အကြိုက်မတွေ့ရင် အစိုးရပိုင်စားသောက်ဆိုင်ကို ကျွန်တော် ခေါ်သွားပေးပါ့မယ်”

သူက ခေါက်ဆွဲပွဲကိုယူဆောင်လာပြီး လုရှီမန်အရှေ့သို့ ချပေးလိုက်သည်။ သူမက ပန်းကန်လုံးကိုငုံ့ကြည့်လိုက်၏။

ကြက်ဥနှင့် အရွက်ခေါက်ဆွဲပြုတ်ဖြစ်ပြီး အတော်လေး စားချင်စရာကောင်းနေသည်။

လုရှီမန် သူ့ကို လှမ်းကြည့်လိုက်သည်။

“တစ်ပွဲတည်းလား”

တစ်ယောက်တည်းစားရသည်မှာ သူမအတွက် အနေခက်လှ၏။

“ကျွန်တော် မဆာသေးလို့ပါ”

“သွားပြီး နောက်တစ်ပွဲထပ်ယူခဲ့၊ မြန်မြန်”

သူမ တိုက်တွန်းလိုက်သည်။

ခေါက်ဆွဲပမာဏ အတော်လေးများပြားရာ သူမတစ်ယောက်တည်း အကုန်စားနိုင်မည်မဟုတ်ပေ။

စုန့်ကျီပိုင် မလှုပ်မယှက်ရပ်နေသည်ကို မြင်ပြီး သူမ နောက်ထပ်နှစ်ကြိမ်ခန့် ထပ်မံတိုက်တွန်းလိုက်မှသာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခေါက်ဆွဲတစ်ပွဲသွားယူလေတော့သည်။

“ဒါကို အကုန်စားဖို့ ငါအမိန့်ပေးတယ်၊ စားပြီးသွားရင် ငါတို့ရဲစခန်းကိုသွားပြီး အမှုဖွင့်ကြမယ်၊ ပြီးရင် ပစ္စည်းတချို့ဝယ်ပြီး အိမ်ရာစီမံခန့်ခွဲရေးရုံးက ဦးလေးဝေကို သွားရှာကြတာပေါ့”

All Chapters