အခန်း ၂၇
Vol. 3 Ch. 27
27
စုန့်ကျီပိုင်သည် အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲများ အပြည့်ပါဝင်ပြီး ကြက်ဥတစ်လုံးပင် ပါဝင်နေသေးသည့် ပန်းကန်လုံးလေးကို စိုက်ကြည့်နေမိသည်။ သူနှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်ဝန်းများထဲတွင် အံ့ဩမှုအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့၏။
ဤသူသည် သူ့မှတ်ဉာဏ်များထဲတွင် စွဲထင်နေခဲ့သော သခင်မလေး အစစ်အမှန် ဟုတ်ပါလေစ။
သခင်မလေးမှာ အစားအသောက်များကို တစ်ဝက်ကျော်ချန်ထားခဲ့ပြီး အမြဲတမ်း လွှင့်ပစ်တတ်သည်ပင်။
ဤမျှ ရုတ်ခြည်းပြောင်းလဲသွားမှုက သူ့ကို အနည်းငယ် အနေခက်ကာ အသားမကျဖြစ်စေခဲ့သည်။ သခင်မလေး၏ အစေခံနောက်လိုက်ငယ်လေးအဖြစ် အရင်ကသူရှိနေစဉ်၌ သူမ စားကြွင်းစားကျန်များကိုသာ စားသောက်ခဲ့ရဖူး၏။
“ဘာကြည့်နေတာလဲ၊ မြန်မြန်စားလေ”
လုရှီမန် သူ့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီးနောက် သူမပန်းကန်ထဲရှိ ခေါက်ဆွဲများကို စတင်စားသောက်လေတော့သည်။
စုန့်ကျီပိုင်သည် ကြက်ဥနှစ်လုံးထည့်ပြုတ်ပေးခဲ့ခြင်းဖြစ်သည်။ သူမက ကြက်ဥတစ်လုံးကို ဆယ်ယူလိုက်ပြီးနောက် သူ့ပန်းကန်ထဲတွင်တစ်လုံး ကျန်ရှိနေသေး၏။
ကြက်ဥမှာ အနေတော်ကျက်နေပြီး သူမ နှစ်သက်သော အနှစ်မကျက်တကျက် အနေအထားလေးပင်။ ခေါက်ဆွဲများမှာ သာမန်ခေါက်ဆွဲခြောက်များသာ ဖြစ်သော်လည်း ချက်ပြုတ်လိုက်သည့်အခါ အရသာမဆိုးလှပေ။
လက်ဆက်သော အရွက်အနည်းငယ်နှင့် တွဲဖက်စားသောက်လိုက်သည့်အခါ လန်းဆန်းသော အရသာကို ပေးစွမ်းနိုင်ပေသည်။
သူမသည် စားပွဲကို ဖြတ်တိုက်သွားသော လေဆင်နှာမောင်းတစ်ခုကဲ့သို့ အလွန်မြန်ဆန်စွာ စားသောက်နေသော်လည်း ပရမ်းပတာနိုင်လွန်းသည့် အသွင်အပြင်မျိုးမရှိဘဲ ကျက်သရေရှိသောဟန်ပန်အချို့ပင် စွက်ဖက်နေသေးသည်။
“အရသာ တော်တော်လေးကောင်းတယ်”
သူမသည် ပန်းကန်ထဲရှိခေါက်ဆွဲများကို အကုန်အစင်စားသောက်လိုက်၏။ ဟင်းရည်တစ်စက်ကိုပင် အလဟဿ အဖြစ်မခံခဲ့ချေ။ ဗိုက်ထဲတွင် အစာအနည်းငယ် ဝင်သွားသည့်အတွက်ကြောင့် ဟာတာတာဖြစ်နေသည့် ခံစားချက်မျိုး မရှိတော့ပေ။
ဗိုက်ပြည့်သွားပြီးနောက်တွင်တော့ သူမခန္ဓာကိုယ်မှာ ပိုမိုသက်သောင့်သက်သာ ဖြစ်သွားခဲ့သည်။
သူမ စားသောက်ပြီးသွားသည်ကို မြင်လိုက်ရသောအခါ စုန့်ကျီပိုင်မှာလည်း စိတ်အေးသွားရလေသည်။
“လောက်ရဲ့လား၊ ကျွန်တော် ထပ်ချက်ပေးရဦးမလား”
သခင်မလေးသည် သူ့ပန်းကန်ထဲမှ အစားအသောက်များကို စားလိမ့်မည်မဟုတ်ဟု တွေးထားခဲ့သဖြင့် သူက ထပ်ချက်ပေးရမလားဟု မေးလိုက်ခြင်းပင်။
“တော်ပြီ၊ ဒီညကျရင် ရှင်နဲ့ ဝူဟုန်ဖေးကို အစိုးရပိုင်စားသောက်ဆိုင်မှာ သေချာကျွေးမွေးဖို့အတွက် ဗိုက်ထဲမှာနေရာနည်းနည်း ချန်ထားရဦးမယ်၊ သူလည်း ဒီရက်ပိုင်းအတွင်း တော်တော်လေး အပင်ပန်းခံထားရတာဆိုတော့လေ”
သူမသည် လူမှုဆက်ဆံရေးနိယာမများကို နားလည်သဘောပေါက်ထားဆဲပင်။
ငွေပေးပြီး ပစ္စည်းဝယ်ယူသည့်ကိစ္စရပ်တစ်ခု ဖြစ်သော်ငြားလည်း သူကူညီပေးခဲ့သည့်အချက်မှာ ကျေးဇူးတရားတစ်ခု ဖြစ်နေသေးသည်။
“အဲဒီအကြောင်းတွေ မပြောကြရအောင်၊ မြန်မြန်စားလိုက်ပါ၊ စားပြီးသွားရင် ငါတို့ရဲစခန်းကိုသွားပြီး အမှုဖွင့်ကြမယ်”
သူမက စုန့်ကျီပိုင်အား တိုက်တွန်းလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် သူသည် ပန်းကန်ထဲရှိ ခေါက်ဆွဲများကို ပါးစပ်အပြည့် အကုန်အစင်စားသောက်လိုက်၏။
ပန်းကန်ခွက်ယောက် ဆေးကြောရမည့် ကိစ္စမှာမူ ဖြေရှင်းရန် အလွန်လွယ်ကူလှသော အလုပ်တစ်ခုသာဖြစ်သည်။
ငါးမိနစ်ခန့် ကြာပြီးနောက် သူတို့နှစ်ဦးသည် အိမ်တံခါးဝမှ ထွက်ခွာလာခဲ့ကြသည်။ ရဲစခန်းအဝင်ဝသို့ ရောက်ရှိချိန်တွင် လုရှီမန်သည် တည်ကြည်ပြတ်သားသောဟန်ပန်ဖြင့် အထဲသို့ ဝင်ရောက်သွားခဲ့၏။
“ကျွန်မ အမှုဖွင့်ချင်ပါတယ်၊ ကျွန်မအိမ်မှာပမာဏအတိအကျမသိရတဲ့ ငွေတွေ ပျောက်ဆုံးသွားလို့ပါ”
သူမက ဖြောင့်မတ်မှန်ကန်သော အသံဖြင့် ဆိုလိုက်ရာ အထဲတွင်ထိုင်နေသော ရဲအရာရှိမှာ အချိန်အတော်ကြာသည်အထိ ကြက်သေသေသွားခဲ့ရသည်။
“ရဲဘော်လု၊ ခင်ဗျားအနေနဲ့ အကြမ်းဖျင်းပမာဏတစ်ခုလောက်တော့ ပြောပြမှ ရမယ်လေ ဒါမှမဟုတ်ရင် ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး စုံစမ်းစစ်ဆေးရမှာလဲ”
ဟယ်စုယွင် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချလိုက်သည်။ အစောပိုင်းကတည်းက လမ်းမများထက်တွင် ပျံ့နှံ့နေသော ကောလာဟလများကို သူ ကြားသိထားပြီးဖြစ်ကာ ဤသခင်မလေး ရောက်မလာစေရန် ဆုတောင်းနေခဲ့ခြင်းဖြစ်၏။ ဤမျှအချိန်တိုအတွင်း သူမ ရောက်ရှိလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
အထက်လူကြီးများက လုမိသားစုကို ပစ်မှတ်ထားတော့မည်ဆိုသည့် သတင်းစကားများကို သူကြားသိထားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သို့သော် သူတို့စတင်မလှုပ်ရှားနိုင်မီမှာပင် ဤငွေကြေးများ လေထဲသို့ပျောက်ကွယ်သွားလိမ့်မည်ဟု သူလုံးဝထင်မှတ်မထားခဲ့ချေ။
ဤမျှပြဿနာကြီးလေးလွန်းသော ကိစ္စရပ်ကြီးကို မည်သူကများ ရဲရဲဝံ့ဝံ့ တာဝန်ယူရဲမည်နည်း။ လုရှီမန် ကံကောင်းသလား၊ ကံဆိုးသလားဆိုသည်ကို သူမဝေခွဲတတ်တော့ပေ။
ငွေများပျောက်ဆုံးသွားခဲ့သော်လည်း သူမအသက်ကိုမူ ကယ်တင်နိုင်ဖွယ်ရှိနေသည်။
“အနည်းဆုံးတော့ တစ်သိန်းကျော်လောက်ရှိမယ်လို့ ထင်ပါတယ်၊ ရှင်တို့တွေ လီရှီချွမ်းကိုဖမ်းပြီး ဘာလို့ စစ်ဆေးမေးမြန်းမှုတွေ မလုပ်ကြတာလဲ၊ မနေ့ကတည်းက ငွေတွေပျောက်နေတာကို ကျွန်မသိခဲ့တယ်၊ ရှန်ဟုန်မိန်နဲ့ သူ့သမီးကို ကျွန်မသံသယရှိခဲ့ပေမဲ့ သူက ကျွန်မစကားကို မယုံကြည်ခဲ့ဘူး၊ အခုတော့ သူတို့သုံးယောက်ပေါင်းပြီး ဒီငွေတွေကို ခိုးယူသွားတယ်လို့ ကျွန်မ သံသယရှိတယ်၊ ဒီလောက်များတဲ့ ငွေကြေးတွေကို ပြန်လည်ရရှိဖို့အတွက် အရာရှိမင်းတို့က သေချာပေါက်ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်၊ အကယ်၍များ ဒီငွေတွေကိုပြန်ရခဲ့မယ်ဆိုရင် ငါးပုံလေးပုံကို နိုင်ငံတော်အတွက် အခမဲ့လှူဒါန်းပေးဖို့ ကျွန်မဆန္ဒရှိပါတယ်”
လုရှီမန်သည် ဖြောင့်မတ်မှန်ကန်သော ဒေါသတရားဖြင့် ပြောဆိုလိုက်သည်။ သူမ မည်မျှပင် အကျိုးအကြောင်းမဲ့ ကတိကဝတ်များပေးနေစေကာမူ ဤငွေကြေးများသည် ဘယ်သောအခါမှ ပြန်လည်ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်သည်မှာ အသေအချာပင်။
အပြစ်အားလုံးကို လီရှီချွမ်းခေါင်းပေါ်သို့ လွှဲချပစ်ခြင်းကသာ အမှန်ကန်ဆုံးသော လုပ်ရပ်ဖြစ်သည်။ အကယ်၍ သူမသာ လာရောက်အမှုဖွင့်ခြင်းမရှိခဲ့ပါက ဤလူများသည် သူမကိုယ်တိုင် ထိုငွေများကို ဖွက်ထားသည်ဟု သံသယဝင်လာနိုင်ချေရှိ၏။
ကိစ္စရပ်များက ဤအနေအထားအထိ ရောက်ရှိနေပြီဖြစ်ရာ ဟယ်စုယွင် ဘာများပြောနိုင်တော့မည်နည်း။
သူသည် သူမတိုင်တန်းချက်ကို လက်ခံယူထားလိုက်ပြီး အထက်လူကြီးများထံသို့ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို မေးမြန်းရန်သာ တတ်နိုင်တော့သည်။
အကြမ်းဖျင်း မှတ်တမ်းတင်မှုအချို့ ပြုလုပ်ပြီးစီးပြီးနောက် လုရှီမန်သည် စုန့်ကျီပိုင်အား ဦးဆောင်ခေါ်သွားကာ ရဲစခန်းအတွင်းမှ ထွက်ခွာလာခဲ့သည်။ သူမသည် အရင်ဦးဆုံးကုန်စည်နှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမဆိုင်သို့ သွားရောက်ကာ ကိတ်မုန့်များ၊ လက်ဖက်ခြောက်များ၊ သကြားလုံးများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ဝယ်ယူခဲ့၏။
စုန့်ကျီပိုင်က ပစ္စည်းအများအပြားကို သယ်ဆောင်ပေးလာပြီးနောက် သူတို့နှစ်ဦးသည် အိမ်ရာစီမံခန့်ခွဲရေးရုံးသို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
အိမ်ရာစီမံခန့်ခွဲရေးရုံးသည် ဤအချိန်တွင် အလုပ်ရှုပ်နေဆဲဖြစ်သော်လည်း ရုံးဆင်းချိန်နှင့် နီးကပ်နေပြီဖြစ်သောကြောင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အတော်လေးတိတ်ဆိတ်ငြိမ်သက်နေသည်။
“မင်္ဂလာပါရှင်၊ ကျွန်မ ဝေ့စန်းလီကို လာရှာတာပါ”
လုရှီမန် တံခါးခေါက်ကာ ယဉ်ကျေးပျူငှာစွာ မေးမြန်းလိုက်သည်။
“ခဏလောက်စောင့်ပါဦး၊ ညွှန်ကြားရေးမှူးဝေက…”