အခန်း ၂၈
Vol. 3 Ch. 28
28
ထိုသူက ဝေ့စန်းလီအလုပ်ရှုပ်နေကြောင်း ပြောရန်ဟန်ပြင်လိုက်သော်လည်း ဝေ့စန်းလီကအပြင်သို့ ထွက်လာခဲ့၏။
သူသည် လုရှီမန်အား အချိန်အတော်ကြာသည်အထိ ကြက်သေသေကာ စိုက်ကြည့်နေမိသည်။
“ဝင်လာခဲ့လေ”
သူ့လေသံမှာ အနည်းငယ် အက်ကွဲနေပြီး စိတ်အခြေအနေမကောင်းသည့် အသွင်အပြင်မျိုးဖြစ်နေသည်။
လုရှီမန် ရင်ထဲတွင် ထိတ်လန့်သွားခဲ့သည်။
‘အခြေအနေတွေက အဆင်မပြေဖြစ်နေသလို ဘာကြောင့် ခံစားနေရတာလဲ’
သူမ စုန့်ကျီပိုင်ဘက်သို့ ခေါင်းစောင်းကြည့်လိုက်၏။ သူမမျက်ဝန်းများထဲတွင် မေးခွန်းထုတ်မှုများပြည့်နှက်နေသည်။
စုန့်ကျီပိုင် ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းပြလိုက်သည်။ သူသည်လည်း နှစ်ပေါင်းများစွာကြာအောင် ပြန်မလာခဲ့သည်ဖြစ်ရာ မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကိုမသိပေ။
လေးလံသော နှလုံးသားများဖြင့် သူတို့နှစ်ဦးသည် ဝေ့စန်းလီအနောက်သို့လိုက်ကာ ရုံးခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။
“ထိုင်ကြ”
ဝေ့စန်းလီ အားတင်းကာပြုံးပြလိုက်သည်။
“မန်မန်တောင် ကြီးလာပြီပဲ”
သူ့လေသံထဲတွင် နက်ရှိုင်းသော သံယောဇဉ်နှင့် လွမ်းဆွတ်မှုအရိပ်အယောင်များ ပါဝင်နေသည်။ အတိတ်က ကလေးမလေးသည် ယခုအခါတွင် သွယ်လျကျော့ရှင်းသော မိန်းမပျိုလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီဖြစ်၏။
သူ့မျက်စိရှေ့တွင် ပေါ်လာသော မိတ်ဆွေဟောင်းတစ်ဦး၏ပုံရိပ်ကို မြင်တွေ့လိုက်ရချိန်တွင် သူ့စိတ်အစဉ်များ အနည်းငယ် ဝေဝါးသွားခဲ့သည်။
စုန့်ကျီပိုင်က ပစ္စည်းများကိုချထားလိုက်ပြီးနောက် တစ်ဖက်တွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်၏။ စကားတစ်ခွန်းမှ ဝင်ရောက်ပြောဆိုခြင်း မပြုခဲ့ပေ။
ဤသည်မှာ သခင်မလေး၏ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တစ်ခုသာဖြစ်ရာ ပြင်ပလူတစ်ဦးဖြစ်သော သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိချေ။
“ဦးလေးဝေ၊ အခုလို အနှောင့်အယှက်ပေးရတဲ့အတွက် တောင်းပန်ပါတယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် လုရှီမန်၏လေးလံနေသော နှလုံးသားလေးမှာ အနည်းငယ် သက်သာရာရသွားခဲ့သည်။ အနည်းဆုံးတော့ သူက သူမအပေါ် လျစ်လျူရှုမည့်ဟန်မျိုးမရှိပေ။
“အနှောင့်အယှက်ဖြစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ သမီး ကြီးပြင်းလာတာကို ဦးလေးမျက်စိအောက်မှာတင် မြင်တွေ့ခဲ့ရတာပါ၊ တစ်ခုခုရှိရင် ဦးလေးဆီကိုသာလာခဲ့”
ဝေ့စန်းလီ ခေါင်းယမ်းလိုက်သည်။
“ဦးလေးကူညီပေးရမယ့် ကိစ္စတစ်ခုခုရှိနေလို့လား”
သူသည် တစ်နေကုန် ရုံးခန်းထဲတွင် အလုပ်ရှုပ်နေခဲ့ရာ အပြင်ဘက်တွင် မည်သို့သောအဖြစ်အပျက်များဖြစ်ပျက်နေသည်ကို မသိခဲ့သလို လူယုတ်မာ လီရှီချွမ်းက ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့သည်ကိုလည်း မသိရှိခဲ့ပေ။
“ဦးလေးကူညီပေးရမယ့် ကိစ္စတစ်ခုရှိနေပါတယ်၊ ကျွန်မ စုန့်ကျီပိုင်နဲ့ လက်ထပ်ပြီး သူနဲ့အတူဟိုင်နန်ကျွန်းကို လိုက်သွားဖို့ စီစဉ်ထားပါတယ်၊ ဘယ်သူကမှ ဝင်မနေနိုင်အောင် လုမိသားစုရဲ့အိမ်ကြီးကို သေချာလေးစောင့်ရှောက်ပေးထားဖို့ ဦးလေးဆီ အကူအညီတောင်းချင်လို့ပါ”
လုရှီမန် တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်သော်လည်း သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဝေ့စန်းလီမှာမူ အလွန်တရာတုန်လှုပ်ချောက်ချားသွားခဲ့ပြီး သူ့စားပွဲပေါ်ရှိ ရေခွက်ကိုပင် တိုက်ချမိသွားခဲ့သည်။
လက်ဖက်ရည်ကြမ်းများ နေရာအနှံ့ ဖိတ်စင်သွားခဲ့သော်လည်း သူက အပူဒဏ်ကို အနည်းငယ်မျှပင်မခံစားမိတော့ချေ။
“သမီး ဘာပြောလိုက်တယ်၊ ဘာဖြစ်လို့ ဒီလောက်တောင် ရုတ်တရက်ကြီးဖြစ်ရတာလဲ၊ လီရှီချွမ်းက သမီးအပေါ်မကောင်းတာတွေ လုပ်လို့လား”
သူ စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။ ဟိုင်နန်ကျွန်းဆိုသည်မှာ ကောင်းမွန်သော နေရာတစ်ခုမဟုတ်ပေ။ ထိုနေရာရှိ အခြေအနေများမှာ အလွန်ကြမ်းတမ်းခက်ထန်လှရာ မန်မန်တစ်ယောက် မည်သို့ခံနိုင်ရည်ရှိပါမည်နည်း။
၎င်းအပြင် သူမက အဘယ်ကြောင့် ရုတ်တရက်ကြီး လက်ထပ်ဖို့တွေးလိုက်ရသနည်း။ ထိုမျှမကသေး။ စုန်းကျီပိုင်လို ဆင်းရဲနွမ်းပါးသည့်ကောင်လေးတစ်ယောက်နှင့် လက်ထပ်မည်ဆိုသည်မှာ မဖြစ်နိုင်သောကိစ္စပင်။
သူ့မွေးစားဖခင်ဖြစ်သူက မန်မန်နှင့် သူ့ကို လက်ထပ်ပေးရန် တစ်ချိန်ကတွေးခဲ့ဖူးသော်လည်း သူတို့သည် ထိုကိစ္စကို တစ်ခါမှဖွင့်ဟမပြောခဲ့ကြဘဲ သီးသန့်သာ ဆွေးနွေးခဲ့ကြသည်။
ယခု မည်သို့ဖြစ်၍...
“ဒီကောင်လေးက သမီးကိုလှည့်စားထားတာလား”
သူက စားပွဲကို အားကုန်လွှဲကာ ရိုက်ချလိုက်ပြီး သူ့လေသံမှာလည်း စူးရှပြတ်သားနေကာ စုန့်ကျီပိုင်အား သတ်ဖြတ်ချင်သည့် အရိပ်အယောင်များ ပြည့်နှက်နေသောမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ သို့မဟုတ်ပါက မန်မန်တစ်ယောက် အဘယ်ကြောင့် စစ်တပ်နောက်သို့ လိုက်ရန် တွေးရမည်နည်း။
သူသည်လည်း ချိုသာသောစကားများကို အသုံးပြု၍ သွေးဆောင်ဖြားယောင်းတတ်သည့် လီရှီချွမ်းလို ခွေးတစ်ကောင်များ ဖြစ်နေခြင်းလား။
သူ လက်သီးကို တင်းတင်းဆုပ်ထားကာ စုန့်ကျီပိုင်၏မျက်နှာကို ထိုးကြိတ်ပြီး သင်ခန်းစာပေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။
“မဟုတ်ပါဘူး၊ ဦးလေးအထင်လွဲနေပြီ”
လုရှီမန် အလျင်အမြန်ဝင်ရောက်ရှင်းပြလိုက်သည်။
“လီရှီချွမ်းမှာ ကျွန်မနဲ့သက်တူရွယ်တူလောက်ရှိတဲ့ တရားမဝင်သမီးတစ်ယောက်ရှိနေတယ်၊ ကျွန်မ သူ့ကိုလုမိသားစုထဲကနေ မောင်းထုတ်လိုက်ပြီ၊ ကျွန်မ ဘာလို့ စုန့်ကျီပိုင်နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတော့ အထက်လူကြီးတွေဆီက လုမိသားစုကို ပစ်မှတ်ထားတော့မယ်ဆိုတဲ့ ကောလာဟလတချို့ ကြားလိုက်ရလို့ပါ၊ ကျွန်မပြဿနာတွေကို ရှောင်လွှဲချင်လို့ အခုလိုလုပ်လိုက်ရတာပါ”
သေချာသည်ကတော့ အရေးအကြီးဆုံးအချက်မှာ သူမသည် သူမကိုယ်တိုင်သာဖြစ်တည်ချင်ပြီး တစ်သက်လုံး ဟန်ဆောင်နေရသည့် မင်းသမီးတစ်ဦးအဖြစ် မနေထိုင်နိုင်ခြင်းကြောင့်သာပင်။
သူမ၏လွတ်လပ်သော ဘဝအသစ်ကို ပုံဖော်ရန် ဤနည်းလမ်းသည် အကောင်းဆုံးခြေလှမ်းတစ်ရပ်ပင်။
“သူ… သူက အသုံးမကျတဲ့သူဆိုတာကို ငါသိနေခဲ့တယ်”
ဝေ့စန်းလီ အံကိုတင်းတင်းကြိတ်လိုက်ရာ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်ချင်သည့် အရိပ်အယောင်များ အပြည့်အဝ ပေါ်ထွက်လာသည်။
သူ သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းရှူထုတ်လိုက်ပြီး သူမကို နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုလိုက်သည်။
“ဒါပေမဲ့လည်း သမီးအနေနဲ့ စုန့်ကျီပိုင်နဲ့ လက်ထပ်ပြီး အဲဒီလိုဆင်းရဲဒုက္ခများတဲ့နေရာဆီကိုသွားဖို့ စဉ်းစားနေစရာမလိုပါဘူး၊ သမီးကို ကာကွယ်ပေးနိုင်ဖို့အတွက် ဦးလေး နည်းလမ်းတစ်ခုခုရှာပေးပါ့မယ်”
သူ့အသက်ကို ပေးဆပ်ရမည်ဆိုလျှင်တောင်မှ ရှီယင်၏တစ်ဦးတည်းသော သမီးလေးကို ကာကွယ်ပေးရန် သူ သေချာပေါက် နည်းလမ်းရှာဖွေမည်ပင်။
“ကျွန်မ သေချာဆုံးဖြတ်ပြီးသွားပါပြီ”
လုရှီမန် ခေါင်းခါပြလိုက်သည်။
“အခု ကျွန်မစိတ်ပူနေတာက တစ်ခုတည်းပါ၊ ကျွန်မ ဟိုင်နန်ကျွန်းကို သွားလိုက်ရင် ဒီအိမ်ကြီးဘာဖြစ်သွားမလဲဆိုတာကိုပဲ”
ဝေ့စန်းလီ သူမ၏ခိုင်မာပြတ်သားသော မျက်နှာအမူအရာကိုကြည့်ကာ နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။
“ဒီအိမ်ကြီးကို သမီးအတွက် ဦးလေး သေချာစောင့်ရှောက်ပေးထားပါ့မယ်၊ သမီး ပြန်လာမယ့်အချိန်ကိုလည်း ဦးလေးစောင့်နေမှာပါ”
သူ့မိဘများ ကွယ်လွန်သွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး သူ့တွင် ဇနီးမယားနှင့် သားသမီးများလည်းမရှိပေ။ ဤအိမ်ကြီးကို စောင့်ရှောက်ရန်အတွက် သူ့ထက်ပိုသင့်တော်မည့်သူ မရှိနိုင်တော့ချေ။
“ရှောင်စုန့် ခဏလောက်အပြင်ထွက်ပေးပါလား၊ ငါ မန်မန်နဲ့နှစ်ယောက်တည်း ပြောစရာကိစ္စလေးတွေရှိနေလို့”