← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

29

လုရှီမန် မျက်ခုံးအသာတွန့်ချိုးလိုက်သည်။

‘သူက ငါ့ကို နှစ်ယောက်တည်း ဘာတွေများ ပြောစရာရှိနေလို့ပါလိမ့်'

စုန့်ကျီပိုင် ခေါင်းညိတ်လိုက်ပြီးနောက် ကိုယ်ရောင်ဖျောက်နိုင်သူတစ်ဦးအလား တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အပြင်သို့ တိုက်ရိုက်ထွက်ခွာသွားခဲ့သည်။

သူတို့နှစ်ဦးစကားပြောဆိုလိုသည်မှာ ဆန်းကြယ်လှသော ကိစ္စရပ်တစ်ခု မဟုတ်သလို သူကိုယ်တိုင်ကလည်း သိချင်စိတ်ရှိမနေခဲ့ပေ။

သူ ထွက်သွားပြီးနောက် ဝေ့စန်းလီသည် တံခါးကိုသော့ခတ်လိုက်ပြီး လုရှီမန်ကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“လီရှီချွမ်း ဘာတွေလုပ်ခဲ့တာလဲ”

သူသည် အရင်ဆုံးအနေဖြင့် အခြေအနေကို နားလည်သဘောပေါက်ထားရန် လိုအပ်သည်။

လုရှီမန်သည် ဤအချိန်အတောအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တစ်ခုမကျန် ပြန်လည်ပြောပြခဲ့၏။ ထိုစကားများကို ကြားရပြီးနောက် ဝေ့စန်းလီ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်ချင်သည့် အရိပ်အယောင်များ ပိုမိုပြင်းထန်လာခဲ့သည်။

သို့သော် သူ့ရင်ထဲတွင် ဒေါသအပြင် သူ့မွေးစားဖခင်အပေါ် ပို၍ပင်လေးစားကြည်ညိုစိတ်များဖြစ်ပေါ်လာပြီး ရှီယင်အတွက် အလွန်တရာနှမြောတသဖြစ်မိသည်။

“လီရှီချွမ်း သူပေးဆပ်သင့်တဲ့တန်ဖိုးကို ပေးဆပ်ရအောင် ငါလုပ်ပြမယ်”

သူ အံတင်းတင်းကြိတ်ကာပြောဆိုလိုက်၏။ အကယ်၍ သူသာလီရှီချွမ်းကို မသတ်နိုင်ခဲ့ပါက ဤဘဝတွင် လူဖြစ်ရကျိုးနပ်မည်မဟုတ်ပေ။

“သူ့အပြစ်နဲ့သူ ဝဋ်လည်မှာပါ”

လုရှီမန် ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။ သူ့ဝဋ်ကြွေးသည် ယခုပင် ဆိုက်ရောက်လာခဲ့ပြီပင်။

“ဟောင်ကောင်ကိုသွားရမယ်ဆိုတဲ့ သူ့အိပ်မက်တွေက တစ်စစီရိုက်ချိုးခံလိုက်ရပြီ၊ သူထွက်ခွာမယ့် မနက်ခင်းမှာ သူ့ကိုအနောက်မြောက်ဒေသကိုသွားမယ့် ရထားပေါ်ကို တိုက်ရိုက်ပို့ပေးဖို့ လူတစ်ယောက် ကျွန်မစီစဉ်ခဲ့တယ်၊ အဲဒီကိုသွားပြီး သူအိပ်မက်ဆက်မက်လို့ရပါတယ်”

“ဒါဆိုရင် သူ့ကို သေချာလေးစောင့်ရှောက်ပေးဖို့ လူတစ်ယောက်ကို ငါစီစဉ်လိုက်မယ်”

ဝေ့စန်းလီ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ နှစ်ပတ်လည်ကာလများတစ်လျှောက်တွင် ရှင်းပြည်နယ်မှ မိတ်ဆွေအချို့အပါအဝင် အဆက်အသွယ်အချို့ကို သူ တည်ဆောက်ထားနိုင်ခဲ့သည်။

မိတ်ဆွေဟောင်းများဖြစ်ကြသည်နှင့်အညီ သူ့ကိုသေချာကူညီစောင့်ရှောက်ကြပေလိမ့်မည်။

“လီရှီချွမ်းက သူ့ဝဋ်ကြွေးနဲ့သူလည်နေပြီဆိုတော့ ဦးလေး သမီးကို နောက်ထပ်ကိစ္စတစ်ခုပြောပြမယ်”

သူက အပြင်ဘက်သို့လျှောက်သွားကာ ပြတင်းပေါက်ကို အရင်ဦးဆုံးလှမ်းကြည့်လိုက်ပြီးနောက် တံခါးဖွင့်ကာ အကဲခတ်ကြည့်လိုက်ရာ စုန့်ကျီပိုင် အပြင်ဘက်တွင် အစောင့်အဖြစ်ရပ်နေသည်ကို မြင်တွေ့လိုက်ရမှ စိတ်အေးသွားပြီး တံခါးကိုပြန်ပိတ်လိုက်သည်။

သတိကြီးလွန်းလှသော သူ့ဟန်ပန်ကြောင့် လုရှီမန် မျက်ခုံးများပို၍ပင်တွန့်ချိုးသွားခဲ့ရသည်။

‘ဒီကိစ္စက ဘယ်လောက်အထိ အရေးကြီးနေလို့ပါလိမ့်'

“သမီးရဲ့အဘိုးက သမီးအတွက် နောက်ဆုံးထွက်ပေါက်တစ်ခု ချန်ထားခဲ့တယ်၊ ဒီည သူ့အုတ်ဂူကို သွားတူးကြမယ်”

ထိုစကားတစ်ခွန်းကြောင့် သူမ ဦးနှောက်တစ်ခုလုံး လုံးဝ ကြက်သေသေသွားခဲ့ရသည်။

‘အုတ်ဂူတစ်ခုကို တူးဖော်ရမယ်တဲ့လား၊ ဒါဘယ်လောက်တောင် ကိုယ်ကျင့်တရားမဲ့တဲ့ လုပ်ရပ်လဲ၊ ငါ တကယ်ပဲ နားကြားလွဲသွားတာလား'

“ဦးလေးဝေ၊ ဦးလေး စကားပြောမှားသွားတာတော့ မဟုတ်ပါဘူးနော်”

သူမတံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်၏။ သူမမျက်ဝန်းများထဲရှိ တုန်လှုပ်မှုများကို ဖုံးကွယ်ထား၍မရနိုင်ခဲ့ပေ။

ဝေ့စန်းလီ သေချာကြောင်း အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“သခင်ကြီးကိုယ်တိုင် ညွှန်ကြားသွားခဲ့တာပါ”

အကယ်၍များ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လုမိသားစုသည် ဆက်လက်မရပ်တည်နိုင်တော့သည့် အခြေအနေမျိုးသို့ရောက်ရှိလာပါက သူသည် လုမိသားစု၏မျိုးဆက်များကို နောက်ဆုံးတစ်ကြိမ်အနေဖြင့် ကာကွယ်ပေးသွားမည်ဖြစ်သည်။

နှစ်ပေါင်းများစွာ တစ်လျှောက်လုံးတွင် လုမိသားစု၌ အခြားအရာများမရှိလျှင်တောင်မှ ငွေကြေးကတော့ပေါများကြွယ်ဝစွာ ရှိနေခဲ့၏။ လုရှီမန် မွေးဖွားလာပြီးနောက် အစောပိုင်းကာလများကတည်းက သူကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ပြီး သူ့အနာဂတ်အုတ်ဂူထဲတွင် ရွှေများအပြည့်ပါသော သေတ္တာတစ်လုံးကို ကိုယ်တိုင်ကိုယ်ကျ မြှုပ်နှံထားခဲ့သည်။

ဤငွေကြေးများသည် လုမိသားစုကို ပြန်လည်ဦးမော့လာစေရန် မစွမ်းဆောင်နိုင်လျှင်တောင်မှ သူတို့အနာဂတ် ကြီးပွားတိုးတက်ရေးကို အာမခံချက်ပေးနိုင်ပြီး ငွေကြေးအတွက် ပူပန်စရာမလိုအောင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။

“လျှို့ဝှက်ခန်းထဲကငွေတွေ အခိုးခံလိုက်ရပြီဆိုပေမဲ့ သမီးသုံးစွဲဖို့အတွက် ငွေမရှိလို့တော့ မဖြစ်ဘူးလေ၊ သမီးသာ အလဟဿဖြုန်းတီးမပစ်ဘူးဆိုရင် တစ်သက်လုံး သုံးလို့လောက်ပါတယ်”

သူ မန်မန့်ကိုထောက်ပံ့ပေးဖို့ရာ ဆန္ဒရှိသော်လည်း သူမကထိုသို့လုပ်ဆောင်ရန် လက်မခံချင်မည်ကို စိုးရိမ်မိသည်။ မည်သို့ပင်ဖြစ်စေကာမူ လုမိသားစု၏ငွေကြေးများသည် သူမနှင့်သာ သက်ဆိုင်ရာ စောစောစီးစီး ပေးအပ်လိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

ထိုစကားကိုကြားလိုက်ရချိန်တွင် လုရှီမန် ဝမ်းနည်းပူဆွေးမှုတစ်ရပ်ကို ခံစားလိုက်ရသည်။

သခင်ကြီးလုကို သူမတစ်ကြိမ်တစ်ခါမျှ မဆုံတွေ့ဖူးခဲ့သော်လည်း ထိုသူသည် မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် အချိန်အတော်ကြာကတည်းက အများအပြား ကြိုတင်စီစဉ်ထားခဲ့ပြီးဖြစ်သည်။

“သမီးမှာ ငွေရှိပါတယ်”

သူမ ခေါင်းယမ်းလိုက်၏။

“ဘိုးဘေးရဲ့အုတ်ဂူကိုတူးဖို့ သိပ်ပြီး အလျင်စလိုလုပ်စရာမလိုပါဘူး”

ဝေ့စန်းလီ ခေတ္တမျှရပ်တန့်သွားပြီးနောက် ရယ်မောလိုက်သည်။ ဤသည်မှာ အမှန်တကယ်ပင် ဘိုးဘေး၏အုတ်ဂူကို တူးဖော်ခြင်းဖြစ်နေသည်ပင်။

“ဒါဆိုရင် ဦးလေးကပဲ ဆက်ပြီး စောင့်ရှောက်ပေးထားပါ့မယ်”

သူ့မွေးစားဖခင် ချန်ထားရစ်ခဲ့သော ငွေကြေးများကို စောင့်ရှောက်ခြင်း၊ လုမိသားစု၏အိမ်ကြီးကို စောင့်ရှောက်ခြင်း၊ ထို့နောက် ရှီယင်ကို စောင့်ရှောက်ခြင်း။

“ဒါဆိုရင် ဦးလေးကို ကျေးဇူးတင်ပါတယ်၊ မတ်လကုန်လောက်ကျရင် သမီး ဟိုင်နန်ကျွန်းကို သွားဖြစ်မယ်ထင်တယ်၊ လုမိသားစုအိမ်ကြီးကို ဦးလေးလက်ထဲမှာပဲ အပ်ခဲ့ပါ့မယ်”

သူမမတ်တပ်ရပ်လိုက်ပြီး ဝေ့စန်းလီအား ဦးညွှတ်အရိုအသေပေးလိုက်၏။

“ဒါတွေအားလုံးက ဦးလေးလုပ်သင့်လုပ်ထိုက်တာတွေချည်းပါပဲ”

ဝေ့စန်းလီ ခေါင်းယမ်းလိုက်သည်။

သူ့မွေးစားဖခင်အတွက်ဖြစ်စေ ရှီယင်အတွက်ဖြစ်စေ ဤသည်မှာ သူ့တာဝန်ဝတ္တရားပင်။

“ထွက်ခွာမယ့်ရက် အတိအကျ ဆုံးဖြတ်ပြီးတာနဲ့ ဦးလေးကို အကြောင်းကြားပါဦး”

ဟိုင်နန်ကျွန်းကဲ့သို့သော နေရာမျိုးကို သွားရောက်ရမည်ဖြစ်ရာ မန်မန်အတွက် ပစ္စည်းအချို့ သူပြင်ဆင်ပေးရ‌ပေမည်။ ငွေကြေး၊ အစားအသောက်နှင့် အဝတ်အထည် မည်သည့်အရာပင်ဖြစ်စေကာမူ လုံလုံလောက်လောက် ပြင်ဆင်ပေးရမည်ဖြစ်သည်။

ရထားဖြင့် ခရီးသွားရခြင်းမှာ ပို၍ပင် ပင်ပန်းဆင်းရဲလှသည်။ သူသည် အိပ်စင်လက်မှတ်များကို ကူညီရှာဖွေပေးရမည်ဖြစ်ပြီး အလွယ်တကူမပုပ်သိုးနိုင်သော ရိက္ခာအချို့ကိုလည်း ပြင်ဆင်ပေးရမည်။

သားသမီးများ ဝေးလံသောခရီးသို့ သွားရောက်သည့်အခါ မိခင်ဖြစ်သူသည် အမြဲတမ်းစိုးရိမ်ပူပန်နေတတ်သည်ဟု ဆိုသည့်အတိုင်း သူသည်လည်း မန်မန်အတွက်စိုးရိမ်ပူပန်မိသည်။

“ဟုတ်ကဲ့ပါ”

လုရှီမန် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

“ဦးလေး စုန့်ကျီပိုင်နဲ့ စကားနည်းနည်းလောက် သွားပြောလိုက်ဦးမယ်၊ မန်မန် သမီး ဒီမှာပဲခဏလောက်နေခဲ့နော်”

ယခင်က စုန့်ကျီပိုင်သည် အတော်လေး ယုံကြည်စိတ်ချရသူဟု သူထင်မြင်ခဲ့သော်လည်း ယခုအခါတွင်မူ သူသိပ်မသေချာတော့ပေ။

သူသည် ထိုကောင်လေးကို သွားရောက်၍ သင်ခန်းစာပေးရမည်ဖြစ်သည်။ မန်မန်သည် သူ့ကိုလက်ထပ်လိုက်ရခြင်းဖြင့် ဆင်းရဲဒုက္ခများခံစားနေရပြီဖြစ်ရာ အကယ်၍ သူသာသူမကို မြတ်မြတ်နိုးနိုး တန်ဖိုးမထားပါက သူသည် ဟိုင်နန်ကျွန်းသို့ သွားရောက်ကာ သူမကို ပြန်လည်ခေါ်ဆောင်လာမည်မှာ အသေအချာပင်။

ဤဘဝတွင် သူ့၌သားသမီးများမရှိခဲ့ပေ။ ရှီယင့်သမီးလေးကို ပြုစုပျိုးထောင်ပေးရန် သူအသင့်ရှိနေသည်။

ထိုသို့ပြောဆိုပြီးနောက် သူသည် အလျင်စလို ထွက်ခွာသွားခဲ့ရာ လုရှီမန်အတွက် တုံ့ပြန်ရန် အခွင့်အရေးပင်မရလိုက်ချေ။

သူ ထွက်သွားပြီးနောက် လုရှီမန်သည် နောက်ဆုံးတွင်တော့ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

ဇာတ်လမ်းသည် အမှန်တကယ်ပင် ဒရာမာဆန်လွန်းလှပြီး ဇာတ်ပို့အမျိုးသမီးဇာတ်ကောင်အတွက် အနည်းငယ်မျှပင် မတရားခဲ့ပေ။

သူမတွင် လှည့်ကွက်ပေါင်းများစွာရှိနေသည်မှာ ရှင်းလင်းနေသော်လည်း တစ်ခုမှ အသုံးပြုခွင့်မရခဲ့ချေ။ သို့သော် သူမ မသိခဲ့သည့်အချက်မှာ ဝတ္ထုထဲတွင် သူမအနောက်မြောက်ဒေသသို့ အပို့ခံရချိန်၌ ဝေ့စန်းလီ သူမကို ကယ်တင်ရန် အချိန်မရလိုက်ခြင်းပင်။

သူ အချိတ်အဆက်များကို အားတက်သရော ရှာဖွေနေစဉ်မှာပင် သူမသည် အနောက်မြောက်ဒေသကြီး၏လေပြင်းများ၊ ဆီးနှင်းများ၊ မိုးရွာသွန်းမှုများနှင့် အအေးဒဏ်များကို ခံနိုင်ရည်မရှိတော့ဘဲ ထိုနေရာတွင်ပင် သေဆုံးသွားခဲ့ရသည်။

သူမ သေဆုံးသွားကြောင်းသတင်းကို ကြားသိရချိန်တွင် ဝေ့စန်းလီသည် အသက်ရှင်သန်လိုစိတ်များ ပျောက်ဆုံးသွားခဲ့ပြီး လုရှီယင်၏အုတ်ဂူရှေ့တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

“သူတို့ ဘာတွေများပြောနေကြတာလဲ၊ စကားပြောနေတာ တော်တော်ကြာနေပြီ”

ထိုင်နေရင်းဖြင့် လုရှီမန်သည် ပျင်းရိငြီးငွေ့လွန်း၍ သေတော့မတတ်ခံစားနေရ၏။ သူတို့အပြင်ထွက်သွားခဲ့သည်မှာ မိနစ်နှစ်ဆယ်ခန့်ပင် ရှိနေပြီဖြစ်သည်။

လောကကြီးတွင် ဘယ်အရာများက ထိုမျှလောက် ပြောစရာများနေရသနည်း။

သူမသည် ခဏမျှထိုင်လိုက် မတ်တပ်ရပ်လိုက်ဖြင့် သူမသိချင်စိတ်များကို ထိန်းချုပ်၍မရနိုင်ခဲ့ပေ။

အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ဦး နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာခဲ့သည်။ သူတို့မျက်နှာအမူအရာများကို မြင်တွေ့ရချိန်တွင် သူမ ပို၍ပင် သိချင်စိတ် ပြင်းပြလာခဲ့၏။

“မန်မန်၊ လီရှီချွမ်း ပြန်လာပြီး လက်စားချေမှာကို ဦးလေးစိုးရိမ်တယ်၊ သမီးက ရှောင်စုန့်နဲ့လက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ သူ့ကို လုမိသားစုအိမ်မှာ လာနေခိုင်းလိုက်ပါ၊ သူ့အရည်အချင်းတွေက မဆိုးပါဘူး၊ သမီးကိုအတိုင်းအတာတစ်ခုအထိတော့ ကာကွယ်ပေးနိုင်မှာပါ”

လီရှီချွမ်းကဲ့သို့သော အောက်တန်းကျသူတစ်ယောက်သည် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို အမှန်တကယ် လုပ်ဆောင်နိုင်ပေ၏။

မန်မန့်လုံခြုံရေးအတွက် သူတို့အထူးသတိထားရမည်ဖြစ်သည်။

“ရှောင်စုန့်နဲ့ အပြင်ထွက်ပြီးသွားလည်လိုက်ဦး၊ ဦးလေး ဖြေရှင်းစရာကိစ္စလေးတွေ ရှိနေသေးလို့”

သူ့လက်ကိုဝှေ့ယမ်းကာ လုရှီမန်အား အပြင်သို့ မောင်းထုတ်လိုက်သည်။

“အာ ဟုတ်သားပဲ၊ ဒီပစ္စည်းတွေကို ပြန်ယူသွားလိုက်”

စားပွဲပေါ်ရှိ ပစ္စည်းများကို ကောက်ယူလိုက်ပြီး စုန့်ကျီပိုင်လက်ထဲသို့ အတင်းအကျပ် သူထည့်ပေးလိုက်သည်။ လူပျိုကြီးတစ်ယောက်ဖြစ်သည့် သူ့အတွက် ဤအရာများကို အသုံးပြုရန်မလိုအပ်ပေ။

ထိုအဖြစ်ကို မြင်တွေ့ရချိန်တွင် လုရှီမန်က ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် အချိန်အတော်ကြာသည်အထိ ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်မအောင်မြင်ခဲ့ပေ။

အကူအညီမဲ့စွာဖြင့် သူမသည် ပစ္စည်းများကို ယူဆောင်ကာ အပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့ရသည်။

အိမ်ရာစီမံခန့်ခွဲရေးရုံးမှ ထွက်ခွာလာပြီးနောက် သူမ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

“စုန့်ကျီပိုင် ကျွန်မ ဦးလေးဝေနဲ့ သူ့မိန်းမကို ညစာတစ်နပ်လောက်သွားကျွေးသင့်တယ်လို့ ရှင်ထင်လား”

ဦးလေးဝေက အိမ်ကိုစောင့်ရှောက်ပေးရန် ကူညီနေပြီး သူမက မည်သည့်အရာကိုမျှမပေးအပ်ဘဲ စကားဖြင့်သာ ပြောဆိုခဲ့ခြင်းမှာ အနည်းငယ်လွန်ကဲနေသည်ဟု ထင်ရသည်။

စုန့်ကျီပိုင် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်၏။ သခင်မလေးသည် ယခုအခါတွင် လူမှုဆက်ဆံရေးနိယာမများကို နားလည်သဘောပေါက်နေပြီ ဖြစ်သော်လည်း လုံးဝနားလည်ပုံတော့မပေါ်ပေ။

ဝေ့စန်းလီ၏ မိသားစုအခြေအနေကိုပင် သူမ မသိရှိခဲ့ပေ။

“သူ တစ်ခါမှအိမ်ထောင်မပြုဖူးဘူး၊ သားသမီးလည်းမရှိဘူး”

“ဟင်”

လုရှီမန်မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ ဤခေတ်ကြီးထဲတွင် အိမ်ထောင်မပြု သားသမီးမရှိဘဲ နေထိုင်သည့် ဤမျှတိုးတက်သော အမြင်ရှိသူတစ်ယောက် အမှန်တကယ် ရှိနေသည်လား။

တော်သေးသည်မှာ စောစောက သူမ တိုက်ရိုက်မမေးလိုက်မိခြင်းဖြစ်သည်။ မဟုတ်ပါက အလွန်တရာ ရှက်ဖွယ်ကောင်းသွားပေလိမ့်မည်။

“ဘာလို့လဲ”

သူမ သိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ဤအကြောင်းအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာမျှမရှိခဲ့သဖြင့် သူမ အမှန်တကယ်ပင်မသိရှိခဲ့ပေ။

စုန့်ကျီပိုင် နဖူးကိုလက်ဖြင့်ဖိကာ နောက်ထပ် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ အမှန်တကယ်နားမလည်ခြင်းလား သို့မဟုတ် ဟန်ဆောင်နေခြင်းလားဆိုသည်ကို မသေချာတော့ပေ။

“သူက သခင်မလေးရဲ့အမေ့ကို သဘောကျခဲ့တာလေ”

All Chapters