အခန်း ၃၁
Vol. 4 Ch. 31
31
စဉ်းစားကြည့်မည်ဆိုလျှင် ထိုသူနှစ်ဦးသည် တရားဝင်ဇနီးမောင်နှံများ မဟုတ်ကြသလို တရားဝင်လက်ထပ်ထားခြင်းလည်း မရှိခဲ့ပေ။
လီရှီချွမ်းအတွက် သူမက အဘယ်ကြောင့် ကိုယ့်ကိုကိုယ် အောက်ကျို့ခံနေရမည်နည်း။
သူမက ကိုယ့်ကိုကိုယ် နှိပ်စက်ရတာ နှစ်သက်နေသူလား သို့မဟုတ် လီရှီချွမ်းက သူမ၏ပြောပြ၍မရသည့် အားနည်းချက်တစ်ခုခုကိုများ ကိုင်ထား၍လား။
ထိုကဲ့သို့သော အားနည်းချက်မျိုးရှိမနေနိုင်ကြောင်း သူမခန့်မှန်းမိသည်။
သို့သော် လီရှီချွမ်းနှင့် အတူနေထိုင်သရွေ့ နေ့စဉ်ရက်ဆက်ကံဆိုးမိုးမှောင်ကျမှုများ ကြုံတွေ့ရမည်ဟု တစ်စုံတစ်ယောက်ကသာ သူမကို သွားရောက်ပြောပြလိုက်မည်ဆိုပါက ရှန်ဟုန်မိန်သည် ထိုယောကျာ်းကို ချက်ချင်းပင် အိမ်ပေါ်မှမောင်းထုတ်ပစ်လိုက်မည်ဟု သူမအပြည့်အဝ ယုံကြည်ထားသည်။
စုန့်ကျီပိုင်သည် သူမမျက်ဝန်းများထဲတွင် တဖျပ်ဖျပ်လင်းလက်နေသော စိတ်လှုပ်ရှားမှုအရိပ်အယောင်များကို သတိပြုမိလိုက်၏။ သူက လီရှီချွမ်းအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
မနေ့ညက သူတို့အားနည်းသွားခဲ့ပုံရသည်။ ထိုသူသည် ယခုတိုင် လမ်းလျှောက်နိုင်သေးသည်ပင်။ နောက်ထပ် သင်ခန်းစာတစ်ခုပေးရန် လိုအပ်နေသေးပုံပေါ်သည်။
သူတို့နှစ်ဦးလုံး ကိုယ်ပိုင်အကြံအစည် အသီးသီးကို ရင်ဝယ်ပိုက်ထားခဲ့ကြ၏။ လီရှီချွမ်း ထွက်ခွာသွားပြီးနောက်မှသာ ပရိဘောဂအသစ်များ ဝယ်ယူမည့်ကိစ္စကို သူတို့အာရုံစိုက်လိုက်ကြတော့သည်။
ပရိဘောဂများဝယ်ယူပြီး ပစ္စည်းများကို နေရာချထားပြီးနောက် လုရှီမန်သည် ကြီးမားလှသော ရည်မှန်းချက်များကို ရင်ဝယ်ပိုက်လျက် စိတ်အားထက်သန်စွာ အိမ်အပြင်သို့ထွက်ခွာလာခဲ့သည်။
သူမသည် ရှန်ဟုန်မိန်ထံသို့ တိုက်ရိုက်မသွားဘဲ လီ၀မ်မြန်၏တည်နေရာကို စုံစမ်းရန် လူတစ်ယောက်ကို အရင်ဦးဆုံး ရှာဖွေခဲ့၏။
ကျဉ်းမြောင်းမှောင်မိုက်သော လမ်းကြားလေးတစ်ခုထဲတွင် လီ၀မ်မြန်၏မျက်လုံးများမှာ နီရဲနေဆဲဖြစ်ပြီး မျက်ရည်များ ရစ်သိုင်းနေခဲ့သည်။ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများက အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် သူမလမ်းမပေါ်ထွက်ရန်ပင် မဝံ့ရဲတော့ချေ။
လူအများ၏ထူးဆန်းသောအကြည့်များကို သူမ ကြောက်ရွံ့နေသလို ပတ်ဝန်းကျင်၏ဝေဖန်ပြောဆိုမှုများကိုလည်း ရင်ဆိုင်နိုင်စွမ်းမရှိခဲ့ပေ။
လုရှီမန်ပြောခဲ့သည့်အတိုင်း ရေမြောင်းထဲမှကြွက်တစ်ကောင်ကဲ့သို့ ပုန်းအောင်းနေရန်သာ သူမတတ်နိုင်တော့သည်။ မှောင်မိုက်သော လမ်းကြားလေးထဲတွင် ခန္ဓာကိုယ်ကို ကွေးကွေးလေးပြုလုပ်ကာ ခေါင်းပြူထွက်ရန်ပင် မဝံ့ရဲခဲ့ချေ။
လုရှီမန်သည် လီ၀မ်မြန်၏အဖြစ်ကိုကြည့်ရင်း စုတ်သပ်လိုက်မိ၏။
ဤကဲ့သို့သောအပြုအမူမျိုးဖြင့် ဇာတ်လိုက်မင်းသမီးသည် မည်သို့လုပ်၍ မားမားမတ်မတ် ရပ်တည်နိုင်မည်နည်း။ ဟောင်ကောင်မှလူအားလုံးသည် ဤကဲ့သို့သော ပြဇာတ်ဆန်ဆန် အဖြစ်အပျက်မျိုးကိုသာ နှစ်သက်ကြသည့် အရူးများဖြစ်နေကြသည်လား။
သူမ၏စုတ်သပ်သံကြောင့် လီ၀မ်မြန် မော့ကြည့်လာခဲ့ပြီး လုရှီမန်ကိုမြင်လိုက်ရသည့်ခဏတွင်ပင် သူမတစ်ကိုယ်လုံး တစ်ဆတ်ဆတ် တုန်ရီသွားခဲ့သည်။
လီ၀မ်မြန် အံတင်းတင်းကြိတ်ထားလိုက်၏။
“နင် ဒီမှာ ဘာလာလုပ်တာလဲ၊ ငါတို့တွေက လမ်းမပေါ်ပြေးလွှားနေရတဲ့ ကြွက်တွေဖြစ်နေပြီလေ၊ ဘာတွေများ မကျေနပ်စရာရှိနေသေးလို့လဲ”
လုရှီမန် လက်ပိုက်လိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
“နင့်ကိုယ်နင် ဘယ်လောက်တောင် သနားစရာကောင်းနေလဲဆိုတာ ပြန်ကြည့်လိုက်ပါဦး၊ နင် မပျော်မရွှင်ဖြစ်နေတာကို မြင်ရတာက ငါ့အတွက်တော့ အများကြီးပိုပျော်စရာကောင်းတယ်”
တစ်ဖက်လူကို ထိခိုက်စေမည့် မှတ်ချက်တစ်ခု သူမပေးလိုက်သည်။
“ဒါပေမဲ့ ငါ တကယ်သိချင်နေတာက နင်တို့ ဘာဖြစ်လို့ လီရှီချွမ်းကိုအနားမှာဆက်ထားဖို့ အဲဒီလောက်တောင် သန္နိဋ္ဌာန်ချထားရတာလဲ၊ သူ့အတွက် ခွေးတစ်ကောင်လို အလုပ်တွေလုပ်ပေးတယ်၊ သူ့အတွက် ငွေတွေအများကြီး အကုန်အကျခံတယ်၊ အဲဒါက ကိုယ့်ကိုကိုယ် ပြန်နှိပ်စက်နေတာလား၊ ငါက စေတနာနဲ့ သတိပေးရုံလေးပါ၊ တစ်ကယ်လို့ နင်တို့တွေ လီရှီချွမ်းနဲ့ဆက်နေမယ်ဆိုရင် ငါ့ကိုယ်ငါတားဆီးနိုင်မှာမဟုတ်ဘဲ လက်စားချေမှုတွေလုပ်လာမိလိမ့်မယ်၊ လူရော ငွေရော နှစ်ခုလုံး ဆုံးရှုံးသွားပြီး ဘာမှမကျန်တော့တဲ့ အခြေအနေမျိုး ရောက်တဲ့အထိတော့မစောင့်ပါနဲ့၊ ကောင်းပြီလေ၊ နောက်ဆုံးအနေနဲ့ ငါ သတိပေးခဲ့ပြီးပြီ၊ ကျန်တာကတော့ နင့်အပေါ်မှာပဲ မူတည်တယ်၊ ဒါပေမဲ့ ငါကတော့ နင့်အပေါ်မှာ ညှာတာနေမှာ မဟုတ်ဘူးနော်”
သူမမျက်ဝန်းများထဲတွင် ကောက်ကျစ်စဉ်းလဲမှု အရိပ်အယောင်များဖြတ်ပြေးသွားခဲ့ပြီး အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။
လူဆိုသည်မှာ အတ္တသမားများချည်းသာဖြစ်ရာ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် မိမိအတွက် အကျိုးအမြတ်အရှိဆုံးဖြစ်မည့် အရာကိုသာ အမြဲတမ်းရွေးချယ်လေ့ရှိကြသည်။
သူမ မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်လာမည်ဆိုပါက မကြာမီအချိန်အတွင်း လီရှီချွမ်း အိမ်ပေါ်မှမောင်းချခံရမည်မှာ သေချာလှသည်။
သို့သော် ဤရက်ပိုင်းများအတွင်း သူတို့ မည်မျှပင် ရုန်းကန်ကြိုးစားနေစေကာမူ ဆယ့်ရှစ်ရက်နေ့နံနက်ခင်းတွင်တော့ သူတို့ကံကြမ္မာသည် အတူတူပင်ဖြစ်သွားပေလိမ့်မည်။
ချိုမြိန်လှသော အိပ်မက်များသည် နောက်ဆုံးတွင်တော့ လေပူဖောင်းများအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ထိုသူတို့သည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိကာ မိမိတို့ကျူးလွန်ခဲ့သော ယုတ်မာမှုများအတွက် ထိုက်တန်သောတန်ဖိုးကို ပေးဆပ်ရမည်ပင်။
သူမသည် ပြုံးရွှင်စွာဖြင့် အပြင်သို့ ထွက်ခွာသွားခဲ့ပြီး လီ၀မ်မြန်မှာမူ လုရှီမန်စကားများကြောင့် အံ့အားသင့်ကာ ကြက်သေသေသွားခဲ့ရသည်။
သူတို့က အဘယ်ကြောင့် လီရှီချွမ်းကို ထောက်ပံ့နေရသနည်း။ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစားစုဆောင်းလာခဲ့ရသောငွေကြေးများကို သူ့အတွက် အဘယ်ကြောင့် ကုန်ကျခံနေရသနည်း။
ဟောင်ကောင်သို့ သွားရောက်ရန်အတွက်ဆိုလျှင်ပင် ဤမျှလောက်အထိ သည်းခံနေစရာမလိုပေ။ ဟောင်ကောင်သို့သွားမည့် လက်မှတ်များကိုရရှိသွားသည်နှင့် တစ်ပြိုင်နက် သူ့ကိုလိုအပ်ဦးမည်လား။
ပိုတွေးတောလေလေ လုရှီမန်၏စကားများက အဓိပ္ပာယ်ရှိနေကြောင်း သူမ ပိုနားလည်လာလေလေဖြစ်သည်။
လူတစ်ယောက်သည် မိမိကိုယ်မိမိ မစောင့်ရှောက်ပါက ကောင်းကင်နှင့် မြေကြီးကပင် ဖျက်ဆီးပစ်လိမ့်ပေမည်။ လီရှီချွမ်းသည် ဤနှစ်များတစ်လျှောက်လုံး ဖခင်တစ်ယောက်၏တာဝန်ဝတ္တရားများကို မကျေပွန်ခဲ့ပေ။
သူမမိခင်သည် သူ့တရားဝင်ဇနီး မဟုတ်ခဲ့ရာ ဇနီးတစ်ယောက်တာဝန်ဝတ္တရားများကို အဘယ်ကြောင့် ထမ်းဆောင်ပေးရမည်နည်း။
သူမအတွက်ဆိုလျှင် ပို၍ပင်တာဝန်မရှိတော့ချေ။ သူမသည် လီရှီချွမ်းကို ဖခင်တစ်ယောက်အနေဖြင့် အသိအမှတ်ပြုလိုခြင်းမရှိပေ။
သူမနေရာမှ ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး သူတို့ယာယီငှားရမ်းထားသော ခြံဝင်းလေးဆီသို့ အလျင်အမြန်ပြန်သွားကာ ရှန်ဟုန်မိန်ကို အပြင်ခေါ်ထုတ်ပြီး ဤကိစ္စနှင့် ပတ်သက်၍ သူတို့နှစ်ဦးတိုင်ပင်ဆွေးနွေးခဲ့ကြသည်။
လမ်းကြားလေးထဲမှ ထွက်လာသော လုရှီမန်သည် အလွန်တရာတက်ကြွနေခဲ့သည်။ သူမသည် နောက်ထပ်လူတစ်ယောက်ကို အောင်အောင်မြင်မြင် လှည့်စားနိုင်ခဲ့ပြီဖြစ်ရာ သူမစိတ်အခြေအနေက မည်သို့မကောင်းဘဲနေမည်နည်း။
သူ့အဖိုးတန်သမီးလေးနှင့် နှစ်ပေါင်းများစွာ ချစ်ခင်ခဲ့ရသော ပထမဆုံးအချစ်ဦးတို့က သူ့ကို အိမ်ပေါ်မှမောင်းထုတ်နေသည့်မြင်ကွင်းအား စိတ်ကူးပုံဖော်ကြည့်ရင်း လုရှီမန်၏စိတ်အခြေအနေသည် ယုံကြည်နိုင်ဖွယ်မရှိလောက်အောင်ပင် ကောင်းမွန်နေခဲ့သည်။
စုန့်ကျီပိုင် စိုးရိမ်ပူပန်နေခဲ့ရသောကိစ္စရပ်မှာ ဖြစ်ပေါ်လာရန် အခွင့်အရေးပင် မရှိခဲ့ပေ။
လီရှီချွမ်းက လုရှီမန်ကို အန္တရာယ်ပြုရန် အခွင့်အရေးရှာဖွေလာမည်ကို မူလက သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
သို့သော် လီရှီချွမ်းသည် လုရှီမန်ကို ခြိမ်းခြောက်နိုင်မည့် အခွင့်အရေးတစ်ရပ်ကိုပင် မရရှိခဲ့ချေ။
လီ၀မ်မြန်နှင့် ရှန်ဟုန်မိန်တို့ အချိန်ခဏမျှသာ ဆွေးနွေးတိုင်ပင်ရန်လိုအပ်ခဲ့သည်။ ယခုအခါတွင် လီရှီချွမ်းသည် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေခဲ့ပြီဖြစ်၏။
အကယ်၍ သူ့ကိုသာဆက်ခေါ်ထားမည်ဆိုပါက ဟောင်ကောင်သို့သွားရန်မဆိုထားနှင့် ကျဲ့မြို့ထဲမှပင် ထွက်ခွာနိုင်ကြလိမ့်မည်မဟုတ်ပေ။
သို့သော် သူတို့သည် လုံးဝအကြင်နာတရားကင်းမဲ့သူများတော့ မဟုတ်ကြပေ။ သူတို့သည် လီရှီချွမ်းကို သတိလစ်သွားစေရန် ရိုက်နှက်လိုက်ရုံသာပြုလုပ်ခဲ့ပြီးနောက် ဟောင်ကောင်သို့သွားမည့် သင်္ဘောလက်မှတ်များကို ရှာဖွေခဲ့ကြသည်။
သဘာဝကျစွာပင် သူတို့သည် လီရှီချွမ်းပိုင်ဆိုင်သောလက်မှတ်ကို သူ့အတွက် ချန်ထားရစ်ခဲ့ကြသည်။
အပြစ်ရှိသလို ခံစားနေရသောကြောင့် သူတို့သည် ဆယ်ယွမ်တန်တစ်ရွက်ကိုပင် သူ့အတွက်ချန်ထားခဲ့ကြသေး၏။
လုမိသားစုထံမှ သူနှင်ချခံရစဉ်က ပါလာခဲ့သော ပစ္စည်းများနှင့် ပတ်သက်၍မူ ထိုအရာများကို သေချာထုပ်ပိုးကာ သူနှင့်အတူလွှင့်ပစ်လိုက်ကြသည်။
မတ်လ၏ကျဲ့မြို့သည် နွေးထွေးမှုရှိမနေခဲ့ပေ။
အပြစ်ရှိသလို ခံစားနေရသောကြောင့် လီ၀မ်မြန်သည် သူ့ကိုလေကွယ်ရာနေရာတစ်ခုတွင် သေချာထားရစ်ခဲ့ပြီး မထွက်ခွာမီ စောင်တစ်ထည်ကိုပင် လွှမ်းခြုံပေးခဲ့သေးသည်။
လီရှီချွမ်းနိုးထလာချိန်တွင်တော့ ကောင်းကင်ယံမှာ လင်းထိန်နေပြီဖြစ်ပြီး လူအတော်များများ၏ဝိုင်းဝန်းကြည့်ရှုခြင်းကို ခံနေရပြီဖြစ်သည်။
လုရှီမန်သည်လည်း ဤကိစ္စကိုအထူးဂရုစိုက် စောင့်ကြည့်နေခဲ့သည်။ ကောလာဟလများကို နားစွင့်ရန်အတွက် သူမသည် အိပ်ရာထဲတွင် အချိန်ဖြုန်းမနေတော့ဘဲ စောစောစီးစီး ထလာခဲ့၏။ သို့သော် သူမ၏စောစောဆိုသည်မှာ အမှန်တကယ်တော့ ထိုမျှလောက်အထိ စောမနေခဲ့ပေ။
သူမ အခန်းထဲမှထွက်လာချိန်တွင် စားပွဲပေါ်၌ ပြင်ဆင်ချက်ပြုတ်ထားသောနံနက်စာကို မြင်တွေ့လိုက်ရပြီး အိမ်တစ်အိမ်လုံးမှာလည်း အစက်အပြောက်မရှိ သန့်ရှင်းသပ်ရပ်နေအောင် ရှင်းလင်းပြီးဖြစ်နေသည်။
“ငါ မေပျိုကညာလေးတစ်ယောက်ကို ရလိုက်တာများလား”
လုရှီမန်မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ဝမ်းသာကြည်နူးမှုများပေါ်လွင်နေခဲ့၏။ စုန့်မိသားစုဆီသို့ သူမ သွားရောက်ခဲ့စဉ်က ပြုလုပ်ထားသော သန့်ရှင်းရေးသည် သူမကိုကြိုဆိုရန် အထူးတလည် ပြုလုပ်ထားခြင်းဖြစ်မည်ဟု သူမထင်မှတ်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ စုန့်ကျီပိုင်သည် ပင်ကိုယ်သဘာဝအရကိုက သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်သူတစ်ဦးဖြစ်နေပုံရသည်။
သူမ အပြင်သို့လျှောက်ထွက်လာခဲ့၏။ အခြောက်ခံရန် လှန်းထားသော အဝတ်အစားများကို မြင်တွေ့လိုက်ရချိန်တွင်တော့ သူမစိတ်အစဉ်များမှာ ဗြောင်းဆန်သွားခဲ့ရသည်။
မနေ့ညက သူမ၏အဝတ်အစားများပင်။
‘အဲဒီဟာတွေကို ဘာလို့ ဒီမှာလှန်းထားရတာလဲ၊ အင်းလေ ဒါလဲကောင်းတာပါပဲ၊ ဒါပေမဲ့ ငါ့ရဲ့ဂုဏ်သိက္ခာကရော ဘယ်လိုလုပ်မလဲ'
စုန့်ကျီပိုင်က လုရှီမန်ကိုကြည့်ကာ ပြုံးပြလိုက်သည်။
“ဘာလို့ ဆက်အိပ်မနေတာလဲ”
ဤမျှ စောစောစီးစီးနိုးလာခြင်းမှာ သခင်မလေး၏ဟန်ပန်မဟုတ်ပေ။ သူသည် သခင်မလေး၏နောက်လိုက်အဖြစ်ရှိနေစဉ်က ကျောင်းသွားရန်အတွက် မည်သူကပင်လာနှိုးစေကာမူ သူမသည် ဘယ်သောအခါမှထလာလေ့မရှိပေ။
“ကျွန်မ ဒီနေ့ လုပ်စရာကိစ္စလေးတစ်ခုရှိနေလို့ပါ၊ ရှင် နောက်ဆို ကျွန်မအဝတ်အစားတွေကို မလျှော်ပေးနဲ့တော့၊ ကျွန်မဘာသာကျွန်မ လျှော်လိုက်မယ်”
နေ့ဘက်ရောက်မှသာ အမြန်လျှော်ဖွပ်ရန် သူမရည်ရွယ်ထားခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ ညဘက်များတွင်ပါ ဤကဲ့သို့ ဘယ်တော့မှ ထပ်မံ၍ပျင်းရိဝံ့တော့မည်မဟုတ်ပေ။
စုန့်ကျီပိုင်က လှန်းထားသော အဝတ်အစားများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တိုးဖွဖွရယ်မောလိုက်သည်။
“ဒီလိုကြမ်းတမ်းတဲ့အလုပ်မျိုး သခင်မလေးကို ကျွန်တော် ဘယ်လိုလုပ်ပြီး ပေးလုပ်ရက်မှာလဲ”
ဆယ်စုနှစ်တစ်ခုကျော်ကာလတိုင်အောင် ဤကဲ့သို့သောဆင်းရဲဒုက္ခမျိုးကို သူမ မခံစားခဲ့ရဖူးသလို အနာဂတ်တွင်လည်း ခံစားရမည်မဟုတ်ပေ။
အရွယ်ရောက်ပြီးသော ယောကျာ်းတစ်ယောက်ဖြစ်သည့် သူ့အတွက် အဝတ်အစားအနည်းငယ်ကို လျှော်ဖွပ်ရခြင်းမှာ လက်လှုပ်ရုံမျှသာဖြစ်ပြီး အချိန်များစွာ ပေးရမည်မဟုတ်ချေ။
အကယ်၍ သခင်မလေးကိုသာ ပေးလျှော်လိုက်မည်ဆိုပါက အဝတ်အစားများ သန့်ရှင်းသွားမည်လားဆိုသည်မှာ သူ မသေချာသည့်အပြင် ပျက်စီးသွားမည်ကိုပင် စိုးရိမ်မိသည်။
လုရှီမန်အနေခက်စွာဖြင့် ရယ်မောလိုက်သည်။
“ကျွန်မကို သခင်မလေးလို့မခေါ်ပါနဲ့ဆို ဒါ့အပြင် အဝတ်အစားနည်းနည်းလောက် လျှော်ရုံလေးပဲမဟုတ်ဘူးလား၊ သိပ်မခက်ပါဘူး ကျွန်မဘာသာကျွန်မလုပ်နိုင်ပါတယ်”
သူမသည် အဝတ်အစားများကို သေချာမလျှော်ဖွပ်ဖူးသည်မှာ အမှန်ပင်။
သူမ၏အတွင်းခံများမှလွဲ၍ ကျန်အဝတ်အစားများအားလုံးကို အဝတ်လျှော်စက်ဖြင့်သာ လျှော်ဖွပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အကြမ်းဖျင်းအားဖြင့်တော့ အတူတူပင်ဖြစ်လိမ့်မည်ပင်။
“မျက်တောင်တစ်ခတ်အတွင်းမှာတင် ကျွန်တော် သန့်ရှင်းရေးလုပ်လိုက်လို့ရတယ်၊ သခင်မလေးရဲ့လက်လေးတွေက စန္ဒရားတီးဖို့နဲ့ ပန်းချီဆွဲဖို့အတွက်ပဲ သုံးရမှာပါ၊ ညစ်ပတ်ခံလို့ မဖြစ်ပါဘူး”
စုန့်ကျီပိုင် ခေါင်းယမ်းလိုက်သည်။
“အာ ဟုတ်သားပဲ ရှီမန်၊ ဘာကိစ္စများရှိလို့လဲ၊ မနက်စာကို အရင်စားလိုက်ပါလား၊ ပြီးရင် ကျွန်တော်အတူတူလိုက်ခဲ့ပေးမယ်လေ”
“ဒါဆိုရင် အရင်စားလိုက်ကြတာပေါ့”
လုရှီမန်သည် ထိုကိစ္စနှင့်ပတ်သက်၍ ထပ်မံမပြောဆိုချင်တော့ပေ။ ယနေ့ညကျလျှင် သူမဘာသာသူမသာ လျှော်ဖွပ်လိုက်မည်ဖြစ်သည်။
စကားများများ ပြောနေခြင်းက အဓိပ္ပာယ်မဲ့လှသည်။
စားသောက်ပြီးစီးသွားပြီးနောက် လုရှီမန်သည် စုန့်ကျီပိုင်အားခေါ်ဆောင်ကာ လမ်းမပေါ်သို့ ထွက်လာခဲ့ပြီး ယမန်နေ့က အုတ်ဂူကျောက်တိုင်ထွင်းထုရန် မှာကြားခဲ့သော ဆိုင်လေးကို ရှာဖွေခဲ့၏။
ရဲဘော်လု ရောက်ရှိလာသည်ကိုမြင်တွေ့လိုက်ရသောအခါ ထိုသူက အလျင်အမြန်ပင် စကားစလိုက်သည်။
“ရဲဘော်လု ခင်ဗျားကြားပြီးပြီလား၊ အဲဒီအကြင်နာတရားကင်းမဲ့တဲ့ လီရှီချွမ်းဆိုတဲ့သူ အိမ်ပေါ်ကနေနှင်ချခံလိုက်ရပြီတဲ့”