အခန်း ၃၂
Vol. 4 Ch. 32
32
လုရှီမန်မျက်ဝန်းများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သို့သော် သူမက ဘာမှမသိသလို ဟန်ဆောင်ကာ ခေါင်းခါယမ်းပြလိုက်သည်။
“ဘယ်အချိန်က ဖြစ်သွားတာလဲ”
“ဒီမနက် တံတားအောက်မှာတွေ့တာလေ၊ သူ့ပစ္စည်းတွေကိုတောင် အပြင်ကို လွှင့်ပစ်ခံထားရတာ၊ သူတို့ကသနားလို့လားတော့ မသိဘူး၊ လီရှီချွမ်းရဲ့လက်ထဲကို ဆယ်ယွမ်တန်တစ်ရွက်တောင် ထည့်ပေးခဲ့သေးတယ်”
“ဒါပေမဲ့ လီရှီချွမ်းက အဲ့တာနဲ့ ထိုက်တန်ပါတယ်၊ သူက အပြင်မှာ တိတ်တိတ်ပုန်း မယားငယ်ထားခဲ့တာကိုး၊ အခုတော့ အဲဒီမိန်းမလှည့်စားတာကို အလူးအလဲခံလိုက်ရပြီ၊ သူ့မှာ ဘာဆိုဘာမှ မကျန်တော့ဘူး”
သူ့မျက်ဝန်းများထဲတွင် အခြားသူ၏အကျပ်အတည်းကို ဝမ်းသာအားရဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
အမှန်တကယ်ပင် ယုတ်မာမှုများလွန်းသူသည် မလွဲမသွေဝဋ်လည်မည်သာပင်။ ယခု သူ့ဝဋ်ကြွေး ဆိုက်ရောက်လာခဲ့ပြီဖြစ်၏။
“သူ့မှာ ဘာမှမကျန်တော့ဘူးလို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ၊ သူ့အတွက် ဆယ်ယွမ်တန်တစ်ရွက်တောင် ချန်ထားခဲ့တယ်ဆို”
ထိုခေတ်အခါက ဆယ်ယွမ်တန်ဆိုသည်မှာ အလွန်တရာအသုံး၀င်သောငွေပမာဏတစ်ခု ဖြစ်သည်။ ဆန်တစ်ကီလိုဂရမ်ကို နှစ်မောင်ခန့်သာပေးရသည့်အချိန်ဖြစ်သည်။
လီရှီချွမ်းအတွက် ဆယ်ယွမ်သည် တစ်နပ်စာပင်မလောက်ငှသော်လည်း ၎င်းသည် သူ့အမှားကြောင့်သာဖြစ်သည်။
အနည်းဆုံးတော့ ရှန်ဟုန်မိန်နှင့် သူမသမီးသည် လူကောင်းများကဲ့သို့ ပြုမူကာ သူ့အတွက် ငွေအချို့ချန်ထားပေးခဲ့သေးသည်။
သူမအမြင်ကို ပြောရမည်ဆိုလျှင် သူတို့က သူ့အားတစ်ပြားတစ်ချပ်မှပင် မပေးသင့်ဘဲ ကိုယ်လုံးတီးဖြင့်သာမောင်းထုတ်ပစ်သင့်၏။
“ကျွန်တော်တို့အားလုံးက လူကောင်းတွေပါဗျ၊ သူ့ဆီကငွေကို သွားလုတဲ့သူ ဘယ်သူမှမရှိဘူး၊ ဒါပေမဲ့ သူကမကောင်းတာတွေ အများကြီးလုပ်ခဲ့တော့ ဝဋ်လည်တာပေါ့၊ သူ ဒေါသထွက်ပြီးတော့ ငွေကိုမြေကြီးပေါ် ပစ်ချလိုက်တာလေ၊ အဲဒီအချိန်မှာ လေပြင်းတစ်ချက် တိုက်လာပြီးတော့ အဲဒီဆယ်ယွမ်တန် ငွေစက္ကူလေးလွင့်ပါသွားရော”
“လွင့်ပါသွားရုံတင်ဆိုရင် သိပ်ပြီးကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ဝဋ်လည်တယ်ဆိုတာ အဲဒီငွေက မြစ်ထဲတိုက်ရိုက်လွင့်သွားပြီး ပြန်ရှာလို့မရတော့တာကို ပြောတာ”
ထိုစကားများကိုကြားလိုက်ရချိန်တွင် လုရှီမန် အားရပါးရရယ်မောလေတော့သည်။ သူမသည် များသောအားဖြင့် တည်တည်ငြိမ်ငြိမ် နေတတ်သူတစ်ဦးဖြစ်ပြီး အမှန်တကယ် ရယ်စရာမကောင်းပါက ရယ်မောလေ့မရှိပေ။
သို့သော် လူတစ်ယောက်ကံဆိုးနေချိန်တွင် ရေသောက်လျှင်ပင်သွားကြားညပ်တတ်သည်ဆိုသော စကားသည် အမှန်တကယ်ပင် မှန်ကန်လှပေသည်။
“တကယ်ကို သနားစရာကောင်းတာပဲ”
သူမ စုတ်သပ်လိုက်သည်။
“အဲဒီကံဆိုးတဲ့သူအကြောင်း မပြောကြရအောင်၊ အုတ်ဂူကျောက်တိုင်ကို မြန်မြန်ယူလာပြီး အစားထိုးလိုက်”
လီရှီချွမ်းကို လှောင်ပြောင်သရော်ရန်အတွက် အချိန်အလုံအလောက်ရှိနေသေးသည်။
ကျောက်တိုင်ကို အစားထိုးပြီးနောက် သူ့ကို သေချာလှောင်ပြောင်ရမည်ဖြစ်၏။ သရော်စရာအကြောင်းအရာများ များလေလေ ပိုကောင်းလေလေပင်။
ထိုသူက ခေါင်းညိတ်ပြလိုက်ပြီး အသစ်ပြုလုပ်ထားသော ကျောက်တိုင်ကို သယ်ဆောင်လာရန် လူများကို အချက်ပြလိုက်ကာ လုရှီမန်အနောက်သို့လိုက်၍ လုမိသားစုအုတ်ဂူဆီသို့ ထွက်ခွာလာခဲ့သည်။
လုရှီမန်သည် လူအများ၏အာရုံစိုက်မှု ဗဟိုချက်တစ်ခုဖြစ်နေပြီး အထူးသဖြင့် လီရှီချွမ်း အိမ်ပေါ်မှနှင်ချခံရပြီးနောက်တွင် ပို၍ပင်အာရုံစိုက်ခံလာရသည်။
အလုပ်မရှိသော မိသားစုအသီးသီးမှ အဒေါ်ကြီးများသည်လည်း ကလေးများကို ပွေ့ချီကာ အနောက်မှအုပ်စုလိုက် လိုက်ပါလာခဲ့ကြ၏။ အတင်းအဖျင်းပြောဆိုနိုင်ရန်အတွက် မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်မခံဘဲ အသေးစိတ်အချက်အလက် တစ်ခုခုလွတ်သွားမည်ကို စိုးရိမ်နေကြသည်။
လူအုပ်ကြီးသည် နောက်မှလိုက်ပါလာကြပြီး မကြာမီမှာပင် လုမိသားစု၏အုတ်ဂူသို့ ရောက်လာခဲ့ကြသည်။ လုရှီမန်သည် လုရှီယင်အတွက် အရင်ဦးဆုံး အမွှေးတိုင်ထွန်းညှိပူဇော်လိုက်ပြီးနောက် အဟောင်းနေရာတွင် ကျောက်တိုင်အသစ်ကို အစားထိုးရန် သူတို့ကိုအချက်ပြလိုက်၏။
တစ်ဖက်တွင် လီရှီချွမ်းသည် မူလက လုမိသားစုထံသို့ပြန်သွားရန် စဉ်းစားခဲ့သည်။
လုရှီမန်ဆိုသော ထိုကောင်မလေးသည် သိပ်ပြီး ဉာဏ်ကောင်းလှသည်မဟုတ်ရာ သူသာ ရိုးရိုးသားသားအမှားဝန်ခံလိုက်ရုံဖြင့် အိမ်ပြန်နိုင်မည်မှာသေချာသည်။
သူ အပြင်ဘက်တွင် ဆင်းရဲဒုက္ခများလုံလုံလောက်လောက် ခံစားခဲ့ပြီးပြီပင်။ ရှန်ဟုန်မိန်ကို လူကောင်းဟု ထင်မှတ်ခဲ့မိခြင်းမှာ သူမျက်စိကန်းခဲ့ခြင်းသာဖြစ်၏။
ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီးနောက်တွင်တော့ အမျိုးသမီးများအားလုံးသည် ပြဿနာကောင်များသာဖြစ်ကြောင်း သူ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။
အထူးသဖြင့် ရှန်ဟုန်မိန်ကဲ့သို့သော အမျိုးသမီးမျိုးဖြစ်၏။
အကယ်၍ ယမန်နေ့က သူမလှုပ်နိုင်လောက်အောင် အရိုက်မခံရခဲ့ပါက ရှန်ဟုန်မိန်ကို သင်ခန်းစာပေးရန်ပြန်သွားခဲ့မည်မှာ သေချာလှသည်။
သူ ပြန်လည်ကျန်းမာလာသည်နှင့်တစ်ပြိုင်နက် ထိုသားအမိကို သတ်ပစ်မည်ဟု ကြုံးဝါးလိုက်သည်။
သူသည် ခြေတစ်ဖက်ကို တရွတ်ဆွဲကာ ရှေ့သို့ ခက်ခက်ခဲခဲလျှောက်လာခဲ့၏။
ကော်ကျန်းက ထင်းပုံပေါ်တွင်အိပ်ကာ သည်းခြေအားမြည်းစမ်းပြီး ခါးသီးမှုကိုခံစားရင်း လက်စားချေရန်ပြင်ဆင်ခဲ့သလိုမျိုး သူလည်းလုပ်ဆောင်နိုင်စွမ်းရှိသည်။
သို့သော် သူ လုမိသားစုအိမ်သို့ မရောက်မီမှာပင် ထိုအရူးမလုရှီမန် ပြုလုပ်ခဲ့သော မိုက်မဲသည့်လုပ်ရပ်များအကြောင်းကို ကြားလိုက်ရသည်။
သူသည် လုမိသားစုအုတ်ဂူဆီသို့ ခြေတရွတ်ဆွဲကာ ပြေးလွှားနေခဲ့ရာ သူ၏လှုပ်တုပ်လှုပ်တုပ် လမ်းလျှောက်ဟန်မှာ ပို၍ပင် ရယ်စရာကောင်းနေခဲ့၏။
သူ ရောက်ရှိသွားချိန်တွင် ကျောက်တိုင်မှာ အစားထိုးပြီးခါစသာရှိသေးသည်။ အနည်းငယ် ဝေးကွာနေသော်လည်း ကျောက်တိုင်ပေါ်ရှိ စာသားများကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်နေသည်။
‘လုဟန်ရှန်း၏ သမီး၊ လုရှီမန်၏ မိခင်’
ဤစာကြောင်းနှစ်ကြောင်းမှလွဲ၍ အခြားမည်သည့်အရာမျှမရှိတော့ချေ။
“လုရှီမန်”
သူသည် ဒေါသတကြီးဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်မိတော့၏။
ဤကိစ္စက သူ့ကိုလှောင်ပြောင်သရော်နေခြင်းပင်။
အော်ဟစ်သံကြောင့် လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ သူ ဤမျှမြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သို့သော် မြန်မြန်ရောက်လာခြင်းကလည်း အချည်းနှီးသာဖြစ်သည်။ ကိစ္စရပ်များမှာ ဖြစ်သင့်သည်အတိုင်းဖြစ်သွားမည်ပင်။
“ဒီကံဆိုးတဲ့ကျောက်တိုင်ကို မြန်မြန်ရိုက်ခွဲလိုက်၊ ငါ့အမေကို ဒေါသမထွက်စေနဲ့”
သူမသည် လီရှီချွမ်းကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး သူမဘေးရှိ အလုပ်သမားကိုသာ ဂရုမစိုက်ဟန်ဖြင့် ကြည့်ကာပြောလိုက်သည်။
အကယ်၍ ဤကျောက်တိုင်ကိုသာ ချန်ထားရစ်ခဲ့ပါက နောင်လာနောက်သားများက အထင်လွဲမှားသွားလျှင် မည်သို့လုပ်မည်နည်း။
အလုပ်လုပ်ရန် ငွေရထားသော အလုပ်သမားသည် သူမစကားကို ကြားလိုက်ရချိန်တွင် တူကိုကောက်ကိုင်ကာ အားကုန်လွှဲ၍ရိုက်ခွဲလိုက်လေသည်။
တဒုန်းဒုန်းမြည်ဟည်းနေသော ရိုက်ခတ်သံများသည် လီရှီချွမ်းမျက်နှာကို တူဖြင့်ထုရိုက်နေသည့်အလား ခံစားရပြီး အက်ကွဲသံများက သူ့ကိုလုံးဝပြိုလဲသွားစေခဲ့သည်။
“လုရှီမန်၊ မင်း ဘာလို့ဒီလိုလုပ်ရတာလဲ”
“ကျွန်မလုပ်ချင်တာ ကျွန်မလုပ်တယ်၊ ရှင်နဲ့ ဘာဆိုင်လို့လဲ၊ ရှင်က ကိုယ့်ကိုကိုယ် ဘယ်သူလို့ထင်နေတာလဲ၊ ရှင်က လုမိသားစုထဲကနေ နှင်ချခံလိုက်ရပြီလေ”
လုရှီမန် လက်နှစ်ဖက်ကိုဖြန့်ပြလိုက်၏။
“ရှင့်ကို ချစ်လှပါတယ်ဆိုတဲ့ မယားငယ်လေးကို သွားမရှာဘူးလား၊ ဒီနေရာကိုလာပြီး ပြဿနာလာရှာနေရင် သူ ဒေါသထွက်သွားမှဖြင့် ဘယ်လိုလုပ်မလဲ”
သူမ လက်ပိုက်လိုက်သည်။ သူမလေသံမှာ သူ့အတွက် စိုးရိမ်ပူပန်နေသည့်အလား ထင်မှတ်ရသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမသည် ပေါင်ကိုလက်ဖြင့် ရိုက်လိုက်၏။
“ငါ့ဦးနှောက်က သိပ်အလုပ်မလုပ်တော့ဘူးထင်တယ်၊ ရှင်အနှင်ချခံလိုက်ရပြီဆိုတာကို ကျွန်မမေ့သွားတာပဲ၊ အခုတော့ ရှင်က လမ်းဘေးခွေးတစ်ကောင်လိုပဲပေါ့”
သူမစကားပြောရင်း ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်မောလိုက်ရာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ ဗီလိန်အမျိုးသမီးတစ်ဦးနှင့် လုံးဝ တူညီနေတော့သည်။
လီရှီချွမ်းမှာ ဒေါသထွက်လွန်း၍ ရင်ဘတ်ထဲမှ နာကျင်လာခဲ့သည်။
“ငါ...”
သူအသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရင်ထဲမှ ဒေါသများကို ဖိနှိပ်ထားလိုက်၏။
“မန်မန် အဖေနဲ့ သမီးကြားမှာ အငြိုးအတေးတွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ၊ သမီးက အဖေ့ရဲ့နှလုံးသားကို တကယ်ပဲ ချိုးဖဲ့လိုက်တာပဲ"
သူသည် လုရှီမန်ကို အရင်ဦးဆုံး တည်ငြိမ်သွားအောင် ပြုလုပ်ရပေမည်။ အနည်းဆုံးတော့ သူ နေထိုင်စရာနေရာတစ်ခု လိုအပ်သည်။
တံတားအောက်တွင် နေထိုင်ရခြင်းမှာ လုံးဝမဖြစ်နိုင်ချေ။ သူ့တစ်သက်တာလုံးတွင် ဤမျှလောက်အထိ မတရားခံရသည်ဟု တစ်ခါမျှမခံစားခဲ့ရဖူးပေ။
“မှားနေပြီ၊ ဒါက ကျွန်မတို့ကြားက သွေးကြွေးရန်ငြိုးပဲ၊ ဒါနဲ့ စကားမစပ် ဒီနေရာက လုမိသားစုရဲ့အုတ်ဂူနော်၊ အဝေးမှာနေပါ၊ အဘိုးနဲ့ အမေက ရှင့်ကိုမြင်ပြီး မြေအောက်မှာငြိမ်းငြိမ်းချမ်းချမ်း အနားမယူနိုင်မှာစိုးလို့၊ စုန့်ကျီပိုင် သူ့ကို အပြင်လွှင့်ပစ်လိုက်”
လုရှီမန်သည် သူအရှက်ရနေသည်ကို မြင်တွေ့ခဲ့ရပြီးနောက် သူ့ကို အဖက်ဆက်လုပ်မနေချင်တော့ပေ။
သူ့ကို ဤမျှအချိန်ကြာအောင် ခွင့်ပြုထားခဲ့ခြင်းမှာ ကျောက်တိုင်ပေါ်ရှိ စာသားများကို သေချာမြင်တွေ့နိုင်စေရန်ပင်ဖြစ်သည်။ ယခုမှစ၍ လုမိသားစုသည် လီရှီချွမ်းနှင့် မည်သို့မျှပတ်သက်မှုရှိတော့မည်မဟုတ်ချေ။
စုန့်ကျီပိုင် ခေါင်းညိတ်ပြလိုက်ပြီး ရှေ့တိုးလာကာ လီရှီချွမ်းကို လက်တစ်ဖက်တည်းဖြင့် ပခုံးပေါ်သို့ထမ်းတင်လိုက်ပြီး အမြန်လျှောက်သွားပြီးနောက် အမှိုက်တစ်စကဲ့သို့ လွှင့်ပစ်လိုက်သည်။ သူသည် လူကိုထမ်းကာ ကျပန်းလျှောက်သွားခဲ့ခြင်းမဟုတ်ပေ။
ထိုနေရာသည် မြေပြင်ပေါ်၌ ကျောက်စရစ်ခဲ အများဆုံးရှိသောနေရာဖြစ်သည်။
လီရှီချွမ်း မြေပြင်ပေါ်သို့ ဘုန်းခနဲပြုတ်ကျသွားပြီးနောက် ပြင်းထန်သော နာကျင်မှုတစ်ခုက သူ့ခန္ဓာကိုယ်အနှံ့သို့တိုးဝင်သွားခဲ့ရာ ဘောလုံးတစ်လုံးကဲ့သို့ ကွေးကောက်သွားခဲ့ရသည်။
သို့သော် သူ၏စူးစူးဝါးဝါးအော်ဟစ်သံများနှင့် ကျိန်ဆဲသံများမှာမူ လုရှီမန်နားထဲတွင် ဓမ္မတေးသီချင်းတစ်ပုဒ်ကဲ့သို့ အလွန်တရာ သာယာနာပျော်ဖွယ် ကောင်းနေခဲ့၏။
“လုရှီမန် မင်းဝဋ်လည်လိမ့်မယ်”
လီရှီချွမ်းက လုရှီမန်ကို နီရဲနေသော မျက်လုံးများဖြင့် စူးစူးရဲရဲစိုက်ကြည့်လိုက်သော်လည်း သူ့အသံမှာ သိသိသာသာကို တိုးလွန်းနေခဲ့သည်။
လုရှီမန် ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။
သူမ လုပ်ခဲ့သည့်လုပ်ရပ်များက အဘယ်ကြောင့် ဝဋ်လည်ရမည်နည်း။ အကယ်၍ သူမသာ ထိုသို့မလုပ်ဆောင်ခဲ့ပါက သူမသည် အနောက်မြောက်ဒေသရှိ နွားတင်းကုပ်သို့အပို့ခံရမည်ပင်။
ထိုအရာကမှ ဝဋ်လည်ခြင်းဟုခေါ်နိုင်သည်လား။
“ကျွန်မရဲ့ဝဋ်ကြွေးကတော့ အချိန်နည်းနည်းစောင့်ရဦးမယ်၊ ရှင်ကတော့ အခုကတည်းက ဝဋ်လည်နေပြီလေ၊ ကျွန်မမျက်စိရှေ့မှာ ပေါ်မလာဖို့ ရှင့်ကို အကြံပေးချင်တယ် မဟုတ်ရင် မြင်တိုင်း ရိုက်ပစ်မယ်”
သူမသည် ဤအသေးအဖွဲ လက်စားချေမှုများကို ငြီးငွေ့နေပြီဖြစ်သည်။ ကျန်ရှိနေသေးသော ရက်အနည်းငယ်တွင် သူမအနားယူရပေမည်။
သူမ ရပ်တန့်လိုက်လျှင်တောင်မှ လီရှီချွမ်း၏ကံဆိုးမိုးမှောင်ကျမှုများကတော့ ရပ်တန့်သွားမည်မဟုတ်ပေ။
“ငါ့ကို ယွမ်တစ်သောင်းပေး၊ ငါ မင်းမျက်စိရှေ့ကို ဘယ်တော့မှထပ်မပေါ်လာစေရဘူး”
လီရှီချွမ်းသည် အကျိုးအပြစ်များကို ချိန်ဆကြည့်လိုက်ပြီး သူ့ရင်ထဲတွင် ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ငွေကြေးသည် အရာအားလုံးထက် ပိုအရေးကြီး၏။ ဟောင်ကောင်သို့သွားမည့် သူ့သင်္ဘောလက်မှတ်သည် အကျုံးဝင်နေဆဲဖြစ်သည်။
သူ့တွင် ငွေရှိသရွေ့ အခြေအနေများကို ပြန်လည်ပြောင်းလဲနိုင်စွမ်းရှိသည်။
“ရှင့်မှာ ဘယ်လိုတောင် သတ္တိတွေရှိနေတာလဲ၊ ပိုက်ဆံတောင်းရဲတဲ့သတ္တိတောင် ရှိသေးတယ်၊ စုန့်ကျီပိုင် သူ့ကို ရိုက်လိုက်”