← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

33

စုန့်ကျီပိုင်သည် အမိန့်နာခံရာတွင် အရည်အချင်းပြည့်ဝသူတစ်ဦးဖြစ်သည်။ လုရှီမန်ကသာ နှုတ်မှတစ်ခွန်းဟလိုက်ပါက သူမလုပ်နိုင်သည့်အရာဟူ၍ မရှိပေ။

ကျောက်တုံးပုံပေါ်မှ မနည်းရုန်းကန်ထရပ်လိုက်ရသော လီရှီချွမ်းသည် သူ့ကြောင့် ကျောက်တုံးပုံပေါ်သို့ နောက်တစ်ကြိမ် လဲကျသွားရပြန်သည်။

ကြမ်းတမ်းပြီး ထက်ရှနေသော ကျောက်စွန်းများကြောင့် သူ့လက်များနှင့် ခြေထောက်များမှာ ပွန်းပဲ့ကုတ်ခြစ်မိသွားကာ သွေးစများစီးကျလာခဲ့သည်။

သို့သော် ရိုက်နှက်မည်ဟုဆိုထားပြီးမှတော့ ဤမျှရိုးရှင်းလွယ်ကူမည်မဟုတ်ပေ။ စုန့်ကျီပိုင်က လီရှီချွမ်းကို လက်တစ်ဖက်တည်းဖြင့် ကော်လာမှဆွဲကာ နောက်တစ်ကြိမ် မချီလိုက်ပြန်သည်။

လုရှီမန် အနားသို့လျှောက်သွားကာ စုန့်ကျီပိုင်က လီရှီချွမ်းအားကော်လာမှဆွဲမထားသည်ကိုကြည့်ရင်း သူမမျက်ဝန်းများမှာ အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သည်။

သူ့ပုံစံက အလွန်တရာအင်အားကြီးမားပြီး ခန့်ညားလွန်းလှရာ စစ်သားဟောင်းတစ်ဦးဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေ၏။

“မင်းလို ကောင်မျိုးကများ၊ ငါ့ကို လွှတ်စမ်း၊ လုရှီယင်က မင်းအပေါ်ကျေးဇူးရှိခဲ့တာပဲ၊ အဲဒီကျေးဇူးကို ဒီလိုပြန်ဆပ်တာလား”

လီရှီချွမ်းမျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သော်လည်း သူက ဆက်လက်၍ မာန်မဲနေခဲ့သည်။

လုရှီမန် ဤသို့ပြုမူခြင်းကို သူလက်ခံနိုင်သော်လည်း စုန့်ကျီပိုင်မှာမူ သူ့ကိုယ်သူ ဘယ်လိုထင်မြင်နေပါသနည်း။

“ကျွန်တော်က လုမိသားစုကို ကျေးဇူးဆပ်နေတာ၊ ခင်ဗျားကို မဟုတ်ဘူး”

စုန့်ကျီပိုင် ပြောပြောဆိုဆိုဖြင့် သူ့ထံ နောက်ထပ်လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ လွန်ခဲ့သောနှစ်ရက်က သူ့ကို ဂုန်နီအိတ်စွပ်ကာ ရိုက်နှက်ခဲ့စဉ်ကထက် ယခုကဲ့သို့ ရိုက်နှက်ရခြင်းက ပိုအားရကျေနပ်စရာကောင်းနေ၏။

ထိုလူက ကျေးဇူးတရားအကြောင်းကို ဘယ်လိုများ မျက်နှာပြောင်တိုက်ပြီး ပြောထွက်ရသည်ကို သူမတွေးတတ်တော့ချေ။

သခင်မလေးနှင့်ရွယ်တူ တရားမဝင် သမီးတစ်ယောက်ကိုရခဲ့ခြင်းက လုမိသားစု၏ကျေးဇူးတရားကို သစ္စာဖောက်ဖျက်ရာ ရောက်နေခဲ့ပြီပင်။

သူ ပိုတွေးလေလေ ပိုဒေါသထွက်လာလေလေဖြစ်ပြီး သူ့လက်သီးချက်များမှာလည်း ပို၍ပြင်းထန်လာခဲ့သည်။

လီရှီချွမ်းအား နောက်ထပ်စကားပြောခွင့်မပေးတော့ဘဲ လက်သီးချက်များကို တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ပစ်သွင်းလိုက်ရာ ထိုလူမှာ နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားနေရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့ချေ။

လုရှီမန် ဤမြင်ကွင်းကိုကြည့်ရှုရသည်မှာ အလွန်တရာကျေနပ်အားရဖွယ်ကောင်းနေသော်လည်း ဤတစ်ဖက်သတ် ရိုက်နှက်မှုကြီး အချိန်ခဏမျှကြာသွားသော် ရပ်တန့်ရန် ပြောလိုက်သည်။

“တော်ပြီ၊ ဆက်မရိုက်နဲ့တော့၊ ရှင်ဆက်ရိုက်နေရင် သူသေသွားလိမ့်မယ်”

“အခုချက်ချင်း ထွက်သွားစမ်း”

သူမ လီရှီချွမ်းကိုခြေထောက်ဖြင့် တစ်ချက်ကန်လိုက်၏။ သူမလေသံတွင် ရွံရှာစက်ဆုပ်မှုများပြည့်နှက်နေခဲ့သည်။

လီရှီချွမ်းက လုရှီမန်နှင့် စုန့်ကျီပိုင်တို့ကို တစ်လှည့်စီ စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူ သေချာပေါက်လက်စားချေရပေမည်။

သူ့ကို ကျရှုံးအောင်လုပ်ခဲ့ကြသော ဤလူများအားလုံး သေကိုသေသင့်သည်။

‘လုရှီမန်၊ ရှန်ဟုန်မိန်၊ လီ၀မ်မြန်၊ စုန့်ကျီပိုင် အားလုံး သေသင့်တယ်'

အရိုးဆွေးနေလောက်ပြီဖြစ်သော လုရှီယင်နှင့် လုဟန်ရှန်း

တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင် သူတို့အုတ်ဂူများကို သူကိုယ်တိုင်သွားတူးပြီး သူတို့ရုပ်အလောင်းများအား တောထဲတွင် စွန့်ပစ်ထားလိုက်မည်။

သူမတ်တပ်ရပ်ပြီး အေးစက်စက် နှာမှုတ်လိုက်ကာ ထိုနေရာမှ တရွတ်ဆွဲ၍ ထွက်ခွာသွားခဲ့သည်။

လုရှီမန်သည် သူ ထွက်သွားသောကျောပြင်ကိုကြည့်ရင်း ရယ်စရာကောင်းသည်ဟု ထင်မြင်မိသည်။ အကယ်၍ သူ့ကို ရက်အနည်းငယ်အတွင်း အနောက်မြောက်ဒေသသို့ ပို့ဆောင်ရန် စီစဉ်မထားခဲ့ပါက သူမသည် သူ့ကိုထိုနေရာတွင်ပင် ချက်ချင်းသတ်ပစ်လိုက်မည်ပင်။

လောလောဆယ်တွင်တော့ ဟောင်ကောင်သို့သွားရမည့် မျှော်လင့်ချက်များထဲတွင် သူတို့ကိုနစ်မွန်းနေစေရန် ခွင့်ပြုထားလိုက်မည်။

သူတို့အိပ်မက်များ တစ်စစီရိုက်ချိုးခံလိုက်ရချိန်တွင် ပို၍စိတ်ဝင်စားဖွယ် ကောင်းပေလိမ့်မည်။

ထိုနေ့တွင် သူမစောစောထရမည်။ သူတို့၏သနားစဖွယ် အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုပြီး မျှော်လင့်ချက်မဲ့စွာ ကျိန်ဆဲနေသံများကိုလည်း နားဆင်ချင်သည်။

လီရှီချွမ်း အဝေးသို့ရောက်ရှိသွားပြီးနောက် လုရှီမန်သည် သူ့အကြောင်းကို ဆက်မတွေးတော့ချေ။

သူမလှည့်လိုက်ပြီး အုတ်ဂူကျောက်တိုင်ပေါ်ရှိ ဖုန်မှုန့်များကို ညင်သာစွာ သုတ်သင်ရန် ပဝါတစ်ထည်ကိုထုတ်ယူလိုက်သည်။

နေရာတစ်ခုလုံး သန့်ရှင်းသွားပြီးနောက် အမွှေးတိုင်တစ်တိုင်ကို ထပ်မံထွန်းညှိလိုက်ပြီးမှသာ စုန့်ကျီပိုင်နှင့်အတူ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

“ရှီမန်၊ လီရှီချွမ်းကို ကျွန်တော်နောက်တစ်ခါ ထပ်ရိုက်ပေးရမလား”

စုန့်ကျီပိုင်က လုရှီမန်အနောက်မှ လိုက်လာရင်း မေးလိုက်၏။

သူ့ရင်ထဲတွင် အားမလိုအားမရဖြစ်နေဆဲဖြစ်ရာ လီရှီချွမ်းကို ဒီအတိုင်းလွယ်လွယ်ကူကူ ထွက်သွားခွင့်မပြုချင်ပေ။

အကယ်၍ ထိုလူသာဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းသွားရမည်ဆိုပါက အလွန်တရာဒေါသထွက်စရာ ကောင်းပေလိမ့်မည်။

“ဆက်မရိုက်ပါနဲ့တော့၊ ရှင်ဆက်ရိုက်နေရင် သူသေသွားမှာကို ကျွန်မစိုးရိမ်တယ်”

လုရှီမန် ခေါင်းယမ်းကာ ပြောလိုက်သည်။

“သူ့ကို ရက်အနည်းငယ်လောက်တော့ အေးအေးချမ်းချမ်း နေခိုင်းလိုက်ပါဦး”

သူ အမှန်တကယ် အေးချမ်းစွာနေနိုင်မည်မဟုတ်ကြောင်း သူမသိနေသည်။ နောက်ဆုံးလက်ကျန်ဆယ်ယွမ်တန်လေးပင်မရှိတော့သည့်အတွက် သူသည် ရှန်ဟုန်မိန်တို့နှင့် သေချာပေါက် ပြဿနာဖြစ်ပြီး ရန်ပွဲများဖြစ်ပေါ်လာမည်ပင်။

သူတို့အတွက် အချိန်ဖြုန်းနေမည့်အစား အခြားကိစ္စရပ်များကို လုပ်ဆောင်ကာ ပြဇာတ်များ တစ်ခါတစ်ရံမှသာ ကြည့်ရှုခံစားခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။

“ကောင်းပြီလေ”

စုန့်ကျီပိုင်လေသံထဲတွင် အနည်းငယ် နှမြောတသဖြစ်နေမှုများပါဝင်နေသည်။

ကြိုသိခဲ့လျှင် စောစောက သူ့ကိုပို၍ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့မည်ဖြစ်သည်။

အနည်းငယ် စိတ်ပျက်နေသော သူ့အမူအရာကို မြင်တွေ့လိုက်ရချိန်တွင် လုရှီမန်ရယ်မောလိုက်မိသည်။ လီရှီချွမ်းသည် အမှန်တကယ်ပင် အရိုက်ခံသင့်သူတစ်ဦးဖြစ်၏။

“ဒါနဲ့ စကားမစပ်၊ ကျွန်မတို့ ဟိုင်နန်ကျွန်းကို ဘယ်ရက်သွားကြမှာလဲ”

ဤသည်မှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်သည်။ သူမ၏နုနယ်လှသော ခန္ဓာကိုယ်လေးဖြင့်ဆိုလျှင် သာမန်ထိုင်ခုံလက်မှတ်ဖြင့်သာ သွားရမည်ဆိုပါက သူမ သေချာပေါက် သေဆုံးလုနီးပါးဖြစ်သွားလိမ့်မည်ဖြစ်ရာ အိပ်စင်လက်မှတ်များရနိုင်မရနိုင် မေးမြန်းရမည်ဖြစ်၏။

အရသာရှိသော အစားအသောက်အချို့ကိုလည်း စုဆောင်းထားရန်လိုအပ်သည်။ ဟိုင်နန်ကျွန်းသို့ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ထိုအရာများကို ရရှိနိုင်တော့မည်မဟုတ်ပေ။

သူမ၏လျှို့ဝှက်သိုလှောင်ရုံထဲတွင် ပစ္စည်းများ ပုပ်သိုးသွားမည်မဟုတ်ရာ အများအပြား ဝယ်ယူထားခြင်းမှာ ပြဿနာမရှိချေ။

“နှစ်ဆယ့်ရှစ်ရက်နေ့ပါ၊ လက်မှတ်ကိစ္စကို ကျွန်တော်တာဝန်ယူပါ့မယ်၊ ရှီမန်က ကိုယ့်ဘာသာကိုယ်ပဲ အသင့်ပြင်ထား၊ ကျန်တာကို ကျွန်တော့်ဆီမှာသာ အပ်ထားလိုက်"

သခင်မလေးကို သူနှင့်အတူ ဆင်းရဲဒုက္ခခံစေရခြင်းမှာ သူ့အပြစ်ပင်ဖြစ်သည်။ ဤကိစ္စရပ်များအတွက် သူမကို ထပ်မံ၍ စိုးရိမ်ပူပန်စေရမည်ဆိုပါက ပို၍ပင်အပြစ်ကြီးမားသွားပေလိမ့်မည်။

“ဒါဆိုရင် ရှင့်ကိုပဲအပ်လိုက်ပြီနော်”

လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ သူကိုယ်တိုင်က တာဝန်ယူပါမည်ဟုပြောလာရာ သူမက ဘာများ ဆက်ပြောစရာ လိုတော့မည်နည်း။

သူမသည် နေ့စဉ်သုံးပစ္စည်းများဝယ်ယူရန်ကိုသာ အာရုံစိုက်ထားသည်။ ၎င်းအပြင် စုန့်ကျီပိုင်၏လက်ရှိဝတ်စုံမှာ အတော်လေးစုတ်ပြတ်နေပုံရရာ ဟန်ဆောင်ခြင်းဖြင့်ဖြစ်စေ သူမယောကျာ်းဖြစ်နေသည့်အတွက် သူ့ကိုလည်း သပ်သပ်ရပ်ရပ်ဝတ်ဆင်ခိုင်းရမည်။

သူမသည် သူ့အတွက် အဝတ်အစားအသစ် အစုံအချို့၊ သားရေဖိနပ်တစ်ရန်နှင့် နာရီတစ်လုံးဝယ်ယူပေးလိုက်သည်။

အဝတ်အစားက လူကိုတင့်တယ်စေသည်ဟုဆိုကြရာ စုန့်ကျီပိုင်သာ သပ်သပ်ရပ်ရပ်ဝတ်ဆင်လိုက်မည်ဆိုပါက ပို၍ပင်ခန့်ညားလာမည်မှာ သေချာလှသည်။

“ကျွန်မပြန်အိပ်တော့မယ်၊ တော်တော်လေးပင်ပန်းနေပြီ”

လတ်တလောတွင် သူမသည် လူများကို အကြံအစည်များဖြင့် ဒုက္ခပေးနေရသဖြင့် အလွန်တရာအလုပ်ရှုပ်နေခဲ့သည်။ သူမခွန်အားများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ရာ ဤရက်အနည်းငယ်အတွင်း အိပ်ရေးဝဝအိပ်စက်ကာ အနားယူမည်ဖြစ်၏။

နောက်ရက်များတွင် လုရှီမန်သည် ပေါ့ပေါ့ပါးပါးနေထိုင်ကာ လီရှီချွမ်းနှင့် ရှန်ဟုန်မိန်တို့ကြားရှိ ရန်ပွဲသတင်းများကို နားထောင်ရင်း တစ်ခါတစ်ရံကုန်စည်နှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမဆိုင်သို့သွားရောက်ကာ ပစ္စည်းများဝယ်ယူရင်း အချိန်ကုန်လွန်စေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ့်ရှစ်ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရက်ပေါင်းများစွာ ဆူညံပွက်လောရိုက်နေခဲ့သော လီရှီချွမ်းတို့အုပ်စုသည်လည်း နောက်ဆုံးတွင်တော့ တိတ်ဆိတ်သွားခဲ့ကြ၏။ သူတို့အားလုံးသည် ဟောင်ကောင်ရှိလှပသော ဘဝသစ်တစ်ခုအတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။

ယမန်နေ့ကတည်းက ပစ္စည်းများကို အစောကြီးထုပ်ပိုးထားခဲ့ပြီး အချိန်မရွေးထွက်ခွာရန် အသင့်ပြင်ထားခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် လုရှီမန်သည် ပညာတတ်လူငယ်ရုံးခန်းမှ လူများအား ကြိုတင်ဆက်သွယ်ထားခဲ့ပြီး သူတို့ကို ဖမ်းဆီးကာ အနောက်မြောက်ဒေသသို့သွားမည့် ရထားပေါ်သို့တင်ပေးရန် ပြင်ဆင်ထားခဲ့သည်။

စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လီရှီချွမ်းသည် သင်္ဘောပေါ်သို့တက်ရောက်ရန် ဆိပ်ကမ်းသို့ အစောကြီးရောက်ရှိနေခဲ့သည်။ လုရှီမန်သည်လည်း အချိန်အတော်ကြာအောင် စိတ်လှုပ်ရှားနေခဲ့ပြီး တစ်ညလုံးမအိပ်ဘဲ မိုးလင်းသည်အထိ စောင့်ဆိုင်းနေခဲ့၏။

နံနက်လေးနာရီခွဲတွင် သူမနှင့် စုန့်ကျီပိုင်တို့သည် ပညာတတ်လူငယ်ရုံးခန်းတွင် သွားရောက်စုဝေးခဲ့ကြသည်။

“ဦးလေးလီ၊ အခုလို အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သူမက ပညာတတ်လူငယ်ရုံးခန်းမှ လီဖျင်ကိုကြည့်ကာ မျက်ဝန်းများထဲတွင် ကျေးဇူးတင်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါတွေအားလုံးက တရုတ်နိုင်ငံသစ်ကြီး တည်ဆောက်ဖို့အတွက်ပဲလေ၊ မိခင်နိုင်ငံတော်အတွက် လုပ်အားပေးရတာ သူတို့အတွက် ဂုဏ်ယူစရာပါပဲ၊ ကျွန်တော်တို့ကလည်း သူတို့အတွက် ဂုဏ်ယူပါတယ်”

လီဖျင် ထိုသို့ပြောဆိုရာတွင် သူ့စကားလုံးများအား မည်သူကများ အပြစ်ရှာမည်နည်းဆိုသည်ကို အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်းမရှိချေ။

နိုင်ငံတော် တည်ဆောက်ရေးဆိုသည်မှာ လူတိုင်းတာဝန်ဝတ္တရားပင်ဖြစ်သည်။

“သူတို့ကို ဖမ်းဆီးဖို့ ဆိပ်ကမ်းဆီသွားကြရအောင်၊ သူတို့ အဲဒီမှာစောင့်နေကြလောက်ပြီ”

ဤနေ့အထိ လုရှီမန်သည် သူတို့လှုပ်ရှားမှုများကို အစဉ်တစိုက်စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

“ကောင်းပြီ၊ သွားကြစို့”

လူအုပ်ကြီးသည် စက်ဘီးကိုယ်စီ စီးနင်းကာ ဆိပ်ကမ်းဆီသို့ ဦးတည်ထွက်ခွာသွားခဲ့ကြသည်။

နံနက်ငါးနာရီအချိန်တွင် နေမင်းကြီး ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။

လီရှီချွမ်းသည် ကမ်းစပ်တွင်ရပ်ကာ နေထွက်လာသည်ကိုကြည့်ရင်း နက်ရှိုင်းသော ခံစားမှုများအားရနေခဲ့သည်။ ဟောင်ကောင်သို့ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သူသည် ဤနေမင်းကြီးကဲ့သို့ ထွန်းတောက်လာမည်မှာ သေချာ၏။

ထိုအချိန်ကျလျှင် သူသည်ထိပ်ဆုံးနေရာတွင် နောက်တစ်ကြိမ်ပြန်လည်ရပ်တည်နိုင်မည်ဖြစ်ပြီး ထိုလူအားလုံးကို သူ့ခြေထောက်အောက်တွင် ပြားပြားဝပ်ခစားစေမည်ဖြစ်သည်။

လီ၀မ်မြန်မျက်ဝန်းများမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ လတ်တလောတွင် သူမသည် လှောင်ပြောင်မှုများကို လုံလုံလောက်လေညက် ခံစားခဲ့ရပြီဖြစ်ရာ ဘဝသစ်တစ်ခုကို စတင်ရန်ဆန္ဒပြင်းပြနေခဲ့၏။

၎င်းအပြင် ဟောင်ကောင်သည် ကျဲ့မြို့ထက်များစွာ ပိုမိုဖွံ့ဖြိုးတိုးတက်ရာ သူမသည် လုရှီမန်ထက် သေချာပေါက် ပို၍အောင်မြင်လာမည်ဖြစ်သည်။

အနီးသို့ဆိုက်ကပ်လာသော သင်္ဘောကို ကြည့်ရင်းသူတို့သုံးဦး၏အတွေးများက ရှားရှားပါးပါး တစ်ထပ်တည်းကျနေခဲ့ကြသည်။

အဝေးတစ်နေရာတွင်ရပ်နေသော လုရှီမန်သည် အနီးသို့မသွားဘဲနှင့်ပင် သူတို့စိတ်လှုပ်ရှားမှုများကို ခံစားသိရှိနေနိုင်၏။ သူမနှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး မျက်ဝန်းများထဲတွင် သရော်မှုများ ပြည့်နှက်နေခဲ့သည်။

‘သူတို့ အခုအချိန်မှာ အရမ်းပျော်နေကြတယ်ပေါ့၊ ဖမ်းဆီးခေါ်ဆောင်ခံရချိန်ကျရင်တော့ အခုလိုမျိုးပဲပျော်နိုင်ကျပါအုံးမလား၊ ဘယ်လောက်တောင် ကျယ်ကျယ်လောင်လောင် ကျိန်ဆဲနေကြမလဲမသိဘူး'

သင်္ဘောဆိုက်ကပ်လာချိန်တွင်တော့ သူတို့သုံးဦး၏စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

“သင်္ဘောရောက်လာပြီ၊ သမီးတို့သွားလို့ရပြီ”

လီ၀မ်မြန် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်၏။ သူမမျက်နှာပေါ်တွင် ရှားပါးသော လူငယ်သဘာ၀တက်ကြွမှုများ ပေါ်လွင်နေခဲ့သည်။

အခြားတစ်ဖက်တွင်

“လှုပ်ရှားကြမယ်”

လီဖျင် တည်ငြိမ်စွာပြောဆိုလိုက်ပြီးနောက် ခိုင်မာသောခြေလှမ်းများဖြင့် ရှေ့သို့ဆက်သွားလေတော့သည်။

All Chapters