အခန်း ၃၄
Vol. 4 Ch. 34
34
သင်္ဘောပေါ်သို့ မတက်ရောက်မီ အချိန်လေးတွင် ထိုသူသုံးဦး၏မျက်ဝန်းများထဲရှိ စိတ်လှုပ်ရှားမှုများကို မည်သို့မျှ ဖုံးကွယ်ထား၍မရနိုင်ခဲ့ပေ။
သူတို့သည် လူအုပ်ကြီးနှင့်အတူ တန်းစီကာ တစ်လှမ်းချင်းစီ ရှေ့တိုးလာခဲ့ကြသည်။
သင်္ဘောနှင့် ဆယ်မီတာခန့်သာ ကွာဝေးတော့သည့်အချိန်တွင် လီဖျင်က အရှေ့သို့ ရုတ်တရက် ခုန်ထွက်လာခဲ့သည်။
“လီရှီချွမ်း၊ ရှန်ဟုန်မိန်၊ လီ၀မ်မြန်၊ ခင်ဗျားတို့တွေက အနောက်မြောက်ဒေသမှာ တရုတ်နိုင်ငံသစ်ကြီး တည်ဆောက်ဖို့အတွက် ခေါင်းဆောင်ရဲ့တောင်းဆိုချက်ကို နာခံချင်တယ်ဆိုပြီးတော့ အခုကျမှ ဘာလို့ထွက်ပြေးချင်နေကြတာလဲ”
“သူတို့ကို ဖမ်းလိုက်ကြ”
လီဖျင့်အော်ဟစ်သံနှင့်အတူ လူတိုင်းအာရုံစိုက်မှုသည် သူတို့ထံသို့ရောက်ရှိသွားခဲ့သည်။
လီရှီချွမ်း ခေါင်းကို အပြင်းအထန်ခါယမ်းလိုက်၏။
‘အနောက်မြောက်ဒေသကို သွားချင်ရလောက်အောင် ငါကအရူးမို့လို့လား'
“မင်းတို့အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ၊ ငါ ဘယ်အချိန်တုန်းကများ အနောက်မြောက်ဒေသကို သွားချင်တယ်လို့ ပြောခဲ့ဖူးလို့လဲ”
“အဓိပ္ပာယ်မရှိတာ ဟုတ်လား၊ ခင်ဗျားတို့ရဲ့အိမ်ထောင်စုစာရင်းက ရှင်းပြည်နယ်ကို ရွှေ့ပြောင်းပြီးသွားပြီ၊ ဒါ ခင်ဗျားတို့ သုံးယောက်အတွက် လက်မှတ်တွေပဲ၊ အခု ကျုပ်နောက်ကို လိုက်ခဲ့ကြ”
သူ့မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့နေပြီး ကိစ္စရပ်များက ဆုံးဖြတ်ပြီးသားဖြစ်နေပြီဖြစ်သည်။ ထိုသုံးဦးမှာ သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ သွားရမည်သာပင်။
“ချီးပဲ”
လီရှီချွမ်းသည် သူ့ကိုယ်သူ ပညာတတ်တစ်ဦးဟု သတ်မှတ်ထားသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ဆဲရေးတိုင်းထွာမိဆဲပင်။
‘ငါ့ရဲ့အိမ်ထောင်စုစာရင်းက ဘယ်လိုလုပ်ပြီး ပြောင်းရွှေ့ခံလိုက်ရတာလဲ'
“မင်းတို့ကို ငါတိုင်မယ်”
သူက သူတို့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ အနောက်မြောက်ဒေသဆိုသည်မှာ ခွေးများပင် မသွားလိုသောနေရာတစ်ခုဖြစ်သည်။
သူသည် စည်ကားသိုက်မြိုက်ပြီး လှပခမ်းနားသော မြို့ကြီးပြကြီးဖြစ်သည့် ဟောင်ကောင်သို့ သွားဖို့ပြင်ပြီးဖြစ်သည်။
လီ၀မ်မြန် နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်သည်။ သူမက ရှန်ဟုန်မိန်ကို တစ်ချက်လှမ်းကြည့်ကာ လက်ဆွဲလိုက်ပြီး ထိုနှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
နောက်တစ်စက္ကန့်တွင် သူတို့သည် သင်္ဘောပေါ်သို့တက်ရန်အတွက် ရှေ့သို့ ရုတ်တရက်ပြေးထွက်သွားကြလေသည်။
သို့သော် ဤကဲ့သို့သောကိစ္စရပ်များကို တစ်နှစ်ပတ်လုံး ကိုင်တွယ်ဖြေရှင်းနေရသော ပညာတတ်လူငယ်ရုံးခန်းမှ တာဝန်ရှိသူများကို သူတို့မည်သို့ရှောင်တိမ်းနိုင်မည်နည်း။
ထိုနှစ်ဦးပြေးထွက်သွားသည်နှင့်တစ်ပြိုင်နက် ခြေနှစ်လှမ်းပင်မလှမ်းရသေးမီမှာပင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံလိုက်ရသည်။
လုရှီမန်သည် သူတို့၏သနားစဖွယ် အခြေအနေများကိုကြည့်ရင်း ကျယ်လောင်စွာ ရယ်မောမိလေတော့၏။
အကယ်၍ ထိုနှစ်ဦးသာလွတ်မြောက်သွားမည်ဆိုပါက လီရှီချွမ်းဒေါသထွက်လွန်း၍ သေချာပေါက်ရူးသွပ်သွားပေလိမ့်မည်။ ချစ်ခင်ကြင်နာတတ်သော မိသားစုတစ်ခုဆိုသည်မှာ အတူတကွ တင်းတင်းကျပ်ကျပ် စည်းနှောင်ထားသင့်သည်ပင်။
“ငါ့ကို လွှတ်စမ်း၊ ဒါက အကြမ်းဖက်တော်လှန်ရေးပဲ”
လီ၀မ်မြန်သည် ဝံပုလွေပေါက်စလေးတစ်ကောင်ကဲ့သို့ ရုန်းကန်နေခဲ့သည်။ ဤအချိန်တွင် သူမမျက်ဝန်းများထဲ၌ မျက်ရည်များကြောင့် နီရဲနေ၏။
သူမ၏တစ်ခုတည်းသော လွတ်မြောက်ရာလမ်းမှာ ဤကဲ့သို့ပင် တစ်စစီရိုက်ချိုးခံလိုက်ရပြီပင်။
ဤအခြေအနေကို သူမလက်မခံနိုင်ပေ။ ဟောင်ကောင်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သူမကိုချစ်ခင်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ပေးမည့် ချမ်းသာသောယောကျာ်းတစ်ယောက်ကို လျင်မြန်စွာရှာဖွေတွေ့ရှိမည်ဟု သူမခံစားမိနေခဲ့သည်။
ထိုအချိန်ကျလျှင် သူမသည် အထက်တန်းလွှာအသိုင်းအဝိုင်း၏အထက်တွင် ရပ်တည်နိုင်မည်ဖြစ်ပြီး လုရှီမန်ထက် အဆပေါင်းရာချီ၍ ပိုမိုပျော်ရွှင်ရသော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
‘ဒါပေမဲ့ ဘာလို့များ ဒီလိုဖြစ်သွားရတာလဲ၊ လူမှုအသိုင်းအဝိုင်းရဲ့ အထွတ်အထိပ်အစား အဲဒီငရဲဘုံလိုနေရာမျိုးကို သွားရမယ်တဲ့လား'
‘ငါ မသွားချင်ဘူး၊ လုံးဝမသွားချင်ဘူး'
“ကျွန်မ ပညာတတ်လူငယ်ရုံးခန်းကို တစ်ခါမှတောင် မရောက်ဖူးဘူး၊ ဒါကို ဘယ်သူလုပ်တာလဲ၊ ရှင်တို့တွေ ကျွန်မကို ဖြေရှင်းချက်ပေးရမယ်”
“ကျုပ်တို့ရဲ့လုပ်ထုံးလုပ်နည်းတွေက တရားဝင်တယ်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်တယ်၊ ဘယ်လိုစုံစမ်းစစ်ဆေးမှုမျိုးကိုမဆို ကျုပ်သိတယ်၊ ရဲဘော်လီ တစ်ကယ်လို့ ခင်ဗျား ခေါင်းမာနေဦးမယ်ဆိုရင် ရထားမီတော့မှာ မဟုတ်ဘူး”
“အဲဒီအခါကျရင် ဒီလက်မှတ်ဖိုးတွေကို ခင်ဗျားတို့ဘာသာ ပေးရလိမ့်မယ်၊ ခင်ဗျားတို့တွေ ပိုပြီးပူးပေါင်းဆောင်ရွက်ဖို့ ကျုပ်အကြံပေးချင်တယ်၊ ကျေးလက်ဒေသကိုသွားဖို့ ငြင်းဆန်တယ်ဆိုတာ ခင်ဗျားတို့ရဲ့ဆန်နဲ့ ဆီ ရိက္ခာတွေကို ဖြတ်တောက်ခံရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ အဲဒါတွေမပါဘဲ ခင်ဗျားတို့ ဘယ်နှရက်များအသက်ရှင်နိုင်မှာလဲ”
ဟောင်ကောင်သို့ သွားရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်တော့ချေ။ သူတို့က သင်္ဘောပေါ်သို့ တက်ခွင့်ပြုမည်မဟုတ်ပေ။
အကယ်၍ ဟောင်ကောင်သို့မသွားနိုင်ပါက ငွေကြေးများစွာရှိနေလျှင်ပင် အချိန်ကြာကြာ ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
ဆန်နှင့် ဆီလက်မှတ်များကို ဈေးကြီးပေး၍ဝယ်ယူရမည်ဖြစ်ရာ လက်ရှိလီရှီချွမ်းတွင် ထိုကဲ့သို့သောစွမ်းဆောင်ရည်မျိုး လုံးဝမရှိတော့ချေ။
လီရှီချွမ်းမျက်နှာမှာ ပြာနှမ်းသွားခဲ့ပြီး သူ့လက်များကို တင်းတင်းဆုပ်ထားလိုက်သည်။
ပုံရိပ်တစ်ခုက သူ့စိတ်ထဲတွင်ဖြတ်ပြေးသွားခဲ့သည်။
“ဒါ လုရှီမန်လုပ်တာပဲဖြစ်ရမယ်”
ထိုကောင်မသည် လတ်တလောတွင် အရူးတစ်ယောက်ကဲ့သို့ပြုမူနေပြီး အိမ်တွင် ပြဿနာများဖန်တီးနေခဲ့၏။ ထိုအချိန်က အိမ်ထောင်စုစာရင်းစာအုပ်ကို သူမယူဆောင်သွားခဲ့ခြင်းဖြစ်ရပေမည်။
“လီရှီချွမ်း သတ္တိကြောင်တဲ့ကောင်၊ ရှင်က ကျွန်မနဲ့ဝမ်မြန်ကို ဘယ်လောက်ကြာအောင်များ ဒုက္ခပေးနေဦးမှာလဲ”
ရှန်ဟုန်မိန်သည်လည်း သည်းမခံနိုင်တော့ဘဲ ရှေ့သို့ပြေးသွားကာ သူ့ကို ပါးရိုက်လိုက်လေသည်။
“ဟောင်ကောင်မှာ ဘဝသစ်စမယ်ဆိုပြီး ရှင်မပြောခဲ့ရင် ရှင့်ကိုအိမ်ထောင်စုစာရင်းစာအုပ် ကျွန်မပေးပါ့မလား၊ အခု ရှင်းပြည်နယ်ကို အတင်းအကျပ် အပို့ခံရတော့မယ်ဆိုတော့ ကျွန်မတို့တွေ ဘယ်လိုလုပ်ပြီး အသက်ရှင်ရမှာလဲ”
သူမကဲ့သို့သော ဗဟုသုတကင်းမဲ့သည့် တောသူမတစ်ယောက်ပင်လျှင် အနောက်မြောက်ဒေသသည် ကြမ်းတမ်းခက်ထန်သောနေရာတစ်ခုဖြစ်ကြောင်း သိလေသည်။ ထိုနေရာသည် အလုပ်ကြမ်းလုပ်ကာ ပြုပြင်ပြောင်းလဲရေးခံယူရန် လူများကို ပို့ဆောင်သော နေရာဖြစ်၏။
‘ဝမ်မြန်က အဲဒီကိုဘယ်လိုလုပ်သွားနိုင်မှာလဲ'
ပါးရိုက်ခံလိုက်ရသဖြင့် ကြက်သေသေနေသော လီရှီချွမ်းကိုမြင်တွေ့လိုက်ရချိန်တွင် လုရှီမန်အပြုံးမှာ ပို၍ အသက်၀င်လာခဲ့သည်။ သူတို့အချင်းချင်း ကိုက်နေကြသည်ကိုကြည့်ရသည်မှာ အမှန်တကယ်ပင် ဖျော်ဖြေမှုတစ်ခု ဖြစ်နေခဲ့သည်။
“ငါက မင်းကိုလိုက်ခဲ့ပါလို့ တောင်းဆိုခဲ့လို့လား၊ အခြေအနေကောင်းတုန်းကတော့ ငါ့ကိုအတင်းကပ်တွယ်နေပြီး အခု ပြဿနာလည်းတက်ရော ငါ့အပြစ်ဖြစ်သွားပြီပေါ့လေ”
“လီ၀မ်မြန်က ငါ့ရဲ့သမီးအရင်း ဟုတ်ရဲ့လားလို့တောင် ငါသံသယဖြစ်မိတယ်၊ အမြဲတမ်းငိုယိုနေပြီး ဘာမှလည်းအသုံးမကျဘူး”
ဒေါသထွက်နေချိန်တွင် မည်သည့်စကားကိုမဆို ပြောဆိုနိုင်ပေ၏။
ထိုစကားများက ရှန်ဟုန်မိန်နှင့် လီ၀မ်မြန်တို့ကို ပို၍ပင်ဒေါသထွက်စေခဲ့သည်။
ယခုအခါ သူတို့သည် အနောက်မြောက်ဒေသသို့သွားရမည့်ကိစ္စကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အချင်းချင်းစတင်၍ ရိုက်နှက်ထိုးကြိတ်ကြလေတော့သည်။
“တော်တော်လေး ပြင်းထန်တာပဲ”
လုရှီမန် တွေးလိုက်မိ၏။ သူမမျက်ဝန်းများမှာ အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သော်လည်း ထိုအတွေးသည် ပေါ်လာသလောက် မြန်မြန်ပင် ပျောက်ကွယ်သွားခဲ့သည်။
လူအများရှေ့တွင် သူတို့အထုပ်အပိုးများကို လူတစ်ယောက်လွှတ်၍ ခိုးယူခိုင်းမည်ဆိုပါက လွန်လွန်းရာကျပေလိမ့်မည်။
သူတို့ရန်ဖြစ်နေကြသည်မှာ လုံလောက်ပြီဟုထင်သောအခါ လီဖျင်က သူ့ဘေးရှိတာဝန်ရှိသူများကို အချက်ပြလိုက်သည်။
နောက်တစ်စက္ကန့်တွင် ထိုသုံးဦးမှာ ဆွဲခွာခံလိုက်ရသည်။
“ခင်ဗျားတို့ စကားများတာတွေ ပြဿနာရှာတာတွေ လုံလောက်ပြီ၊ အခု ရထားဘူတာရုံကို သွားကြတော့၊ အချိန်မမီဘဲ နေလိမ့်မယ်”
“ငါ ရှင်းပြည်နယ်ကိုသွားမယ်၊ ဒါပေမဲ့ လုရှီမန်ကို တွေ့ချင်တယ် မဟုတ်ရင် ရှင်းပြည်နယ်ကိုသွားရမယ့်အစား ဒီနေရာမှာပဲ အသေခံလိုက်မယ်”
လီရှီချွမ်း အံတင်းတင်းကြိတ်ကာ စကားလုံးများကို ညှစ်ထုတ်ပြောဆိုလိုက်၏။
လုရှီမန်က သူမအဝတ်အစားပေါ်ရှိ မရှိသောဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး ဖြည်းညင်းစွာဖြင့် အပြင်သို့လျှောက်ထွက်လာခဲ့သည်။
“ရှင့်အနေနဲ့ ကျွန်မကို အဲဒီလောက်တောင် တွေ့ချင်နေတာလား၊ ဒါနဲ့ စကားမစပ်၊ ရှင့်ကို ကျွန်မမေးချင်တာ တစ်ခုရှိတယ်၊ ကျွန်မမိသားစုရဲ့ လျှို့ဝှက်ခန်းထဲက ငွေတွေကို ရှင်ဘယ်မှာသွားဖွက်ထားတာလဲ”
သူမ လက်ပိုက်လိုက်၏။ သူမလေသံမှာ အနည်းငယ် ရိုင်းစိုင်းနေခဲ့သည်။
“ဘယ်သူသိမှာလဲ၊ ခိုးသွားတာ ငါမှမဟုတ်တာ၊ နင် သိချင်ရင် ရှန်ဟုန်မိန်ကို သွားမေးလေ”
ထိုငွေကြေးများအကြောင်းကို ပြောလိုက်ချိန်တွင် လီရှီချွမ်းနှလုံးသားမှာ ပို၍ပင် နာကျင်လာခဲ့ရသည်။
‘ရွှေတွေအားလုံးကို လဲလှယ်ရဖို့အတွက် ငါ ဘယ်လောက်တောင် အပင်ပန်းခံခဲ့ရသလဲ၊ အခုတော့ အားလုံး ကုန်သွားပြီ၊ အားလုံး ပျောက်သွားခဲ့ပြီ'
‘ဒါ ရှန်ဟုန်မိန်လုပ်တာပဲဖြစ်ရမယ်၊ ဟိုနေ့ကဆိုရင် သူ့ကိုအိမ်ပေါ်ကနေတောင် မောင်းထုတ်ရဲသေးတယ်၊ အရင်တုန်းက ရှန်ဟုန်မိန်ဆိုရင် အဲဒီလိုလုပ်ရဲမှာမဟုတ်ဘူး'
“ဟန်ဆောင်ကောင်းတဲ့ လူယုတ်မာ၊ ရှင်ကသာ အဲဒီငွေတွေကိုသုံးပစ်ပြီးတော့ ကျွန်မအမေကို အပြစ်လာပုံချနေတာပဲ ဖြစ်ရမယ်”
လီ၀မ်မြန်သည် လီရှီချွမ်းကို သူမဖခင်အဖြစ် သဘောထားခြင်းမှ လုံးဝ ရပ်တန့်လိုက်ပြီဖြစ်သည်။ သူမမိခင်ကိုပင် အပြစ်ပုံချနေသည်ဖြစ်ရာ သူမသည်လည်း အပြစ်အားလုံးကို သူ့ခေါင်းပေါ်သို့ ပုံချပစ်မည်ပင်။
ထိုအကြောင်းအရာကို စတင်ပြောဆိုလိုက်သည်နှင့် လုရှီမန်စကားတစ်ခွန်းမျှ မဆိုရသေးမီမှာပင် ထိုသုံးဦးမှာ နောက်တစ်ကြိမ် ရုန်းရင်းဆန်ခတ်ဖြစ်သွားကြပြန်သည်။
ကြည့်ရှုရသည်မှာ ကျေနပ်အားရဖွယ် ကောင်းသော်လည်း အချိန်အတန်ကြာ နားထောင်ပြီးနောက်တွင်မူ စိတ်အနှောင့်အယှက် ဖြစ်လာခဲ့ရသည်။
“ကျွန်မတို့အားလုံး သူ့လှည့်စားတာကို ခံလိုက်ရတာပဲ၊ ဒါတွေအားလုံးကို သူ လုပ်ခဲ့တာ”
ပြဇာတ်ကို တည်ငြိမ်စွာကြည့်ရှုနေသော လုရှီမန်ကိုကြည့်ရင်း လီ၀မ်မြန် ရုတ်တရက် သဘောပေါက်သွားခဲ့၏။
‘ငါတို့သုံးယောက်လုံး လုရှီမန်ရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားခဲ့တာများလား'
“ငါ ဘာလုပ်ခဲ့လို့လဲ”
လုရှီမန် အပြစ်ကင်းစင်ဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ခေတ္တမျှရပ်တန့်ကာ ဆက်ပြောလိုက်သည်။
“ငါ တစ်ခုခုတော့လုပ်ခဲ့တာပေါ့၊ နင်တို့တွေ ကျေးလက်ဒေသကိုသွားဖို့အတွက် စာရင်းပေးသွင်းတဲ့နေရာမှာ ငါကူညီပေးခဲ့တာ အမှန်ပဲ၊ နင်တို့နှစ်ယောက်က အိမ်မှာကြင်ကြင်နာနာနေပြပြီး အရမ်းကိုလျှို့ဝှက်နိုင်ခဲ့တယ်လို့ ထင်နေကြတာလား၊ ငါသာ သတိမထားခဲ့ရင် နင်တို့ဖောက်ပြန်နေတဲ့ကိစ္စကို သိခဲ့မှာ မဟုတ်ဘူး၊ ဟောင်ကောင်ကို သွားမယ့်ကိစ္စလည်း အတူတူပဲလေ၊ ငါ့ကို ဖုံးကွယ်ထားခဲ့ပေမဲ့ ငါကမတော်တဆကြားသွားခဲ့တာ၊ နင်တို့က ငါ့ကိုခေါ်မသွားချင်မှတော့ ငါက နင်တို့ကို ဘယ်လိုလုပ် အေးအေးဆေးဆေးထားနိုင်မှာလဲ၊ ငါ့မှာအရမ်းဒေါသထွက်ပြီးတော့ လက်စားချေချင်ခဲ့တာ၊ တခြား ဘယ်လိုလက်စားချေရမလဲဆိုတာ မသိတော့ အလွယ်ဆုံးနည်းလမ်းဖြစ်တဲ့ နင်တို့ကို ကျေးလက်ဒေသပို့ပစ်လိုက်ရတာပေါ့”
သူမကဖြောင့်မတ်မှန်ကန်သည့်အလား ဒေါသတကြီး ပြောဆိုလိုက်သည်။
“နင်တို့ကို နိုင်ငံတော်အတွက် အကျိုးပြုခိုင်းလိုက်တာက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ လက်စားချေမှုကြီးလဲ၊ အနောက်မြောက်ဒေသကို ရောက်သွားတဲ့အခါကျရင်လည်း ချစ်ခင်ကြင်နာတတ်တဲ့မိသားစုလေးအဖြစ် ဆက်နေနိုင်ကြဖို့ ငါမျှော်လင့်ပါတယ်"
"ဒါပေါ့ ရဲဘော်လုက မင်းတို့ကိုလူပုံလယ်မှာ အရှက်ခွဲတာမျိုး ဒါမှမဟုတ် နွားတင်းကုပ်ကိုပို့တာမျိုး လုပ်ခဲ့တာမှ မဟုတ်တာ၊ ရှင်းပြည်နယ်က လယ်ယာတစ်ခုကို ပို့လိုက်ရုံလေးပါ၊ ရဲဘော်လုက တော်တော်လေးသဘောကောင်းတာပဲ”
သူ့အမြင်အရဆိုလျှင် ထိုသူများကို ဂုဏ်သိက္ခာကျဆင်းသွားစေရန် လမ်းမများတစ်လျှောက် လှည့်လည်ကာ အရှက်ခွဲသင့်သည်ဟု ထင်မြင်မိ၏။
“တော်ကြတော့၊ ရထားလွတ်သွားလိမ့်မယ်”
လီဖျင် ထိုသုံးဦးထံ တံတွေးဖြင့်ထွေးကာ နောက်တစ်ကြိမ်တိုက်တွန်းလိုက်သည်။
လီဖျင်သည် သူ့လူများကိုဦးဆောင်ကာ ရထားဘူတာရုံဆီသို့ အမြန်ထွက်ခွာသွားခဲ့သည်။
ထိုသုံးဦးကြိုးဖြင့် ချည်နှောင်ခံထားရသည်ကို မြင်တွေ့လိုက်ရချိန်တွင် လုရှီမန် အလွန်တရာကျေနပ်နေမိ၏။
“သွားကြရအောင်၊ သူတို့ကိုသွားနှုတ်ဆက်ကြမယ်၊ ဒီတစ်ကြိမ် ခွဲခွာရတာက ထာဝရခွဲခွာရတာမျိုးဖြစ်နိုင်တယ်လေ”
သူတို့ရထားပေါ်သို့တက်ပြီးနောက် လီရှီချွမ်းတို့ကို နောက်ဆုံးအကြိမ်အနေဖြင့် သွားရန်စရမည်ဖြစ်သည်။