← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

35

လီရှီချွမ်းတို့အုပ်စုအနောက်မှ စက်ဘီးများဖြင့် အချိန်အတော်ကြာ စီးနင်းလိုက်ပါလာပြီးနောက် သူတို့သည် ရထားဘူတာရုံသို့ ဆိုက်ရောက်လာခဲ့ကြသည်။

သူမ၏ယခင်ဘဝကလောက် ပြည့်ကျပ်မနေသော်လည်း ဘူတာရုံရှိ လူသွားလူလာများမှာ အတော်လေး များပြားနေဆဲပင်။

စက်ဘီးပေါ်သို့ အတင်းအကျပ် တင်ဆောင်ခံရကတည်းက စတင်၍ လီရှီချွမ်းတို့အုပ်စုသည် မနားတမ်း ကျိန်ဆဲလာခဲ့ကြပြီး ယခုအချိန်အထိလည်း ရပ်တန့်ခြင်းမရှိသေးပေ။

“ဆက်ဆဲကြ ဆက်ဆဲကြ၊ ငါက ဆဲသံ‌လေးကြားရတာကို သဘောကျလို့ပါ”

လုရှီမန် သူတို့ကိုပြုံးရွှင်စွာကြည့်ရင်း ပြောလိုက်သည်။

သူတို့ ပို၍ပြင်းပြင်းထန်ထန်

ကျိန်ဆဲလေလေ သူတို့စိတ်ဓာတ်များ ပိုမိုပြိုကျပျက်စီးသွားလေလေဖြစ်သည်။ ပြိုကျပျက်စီးသွားခြင်းက ကောင်းမွန်သောအရာပင်။ သူမက သူတို့ကို ပြိုလဲသွားစေချင်ခဲ့သည်။

“လုရှီမန်၊ မင်းနှလုံးသားက ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်ယုတ်မာနိုင်ရတာလဲ၊ တကယ့်ကို လုဟန်ရှန်းရဲ့မျိုးဆက်ပဲ၊ ငါ မင်းကို အထင်သေးမိတာမှားသွားတယ်”

လုမိသားစုတွင် နေထိုင်ခဲ့ရသော နှစ်ပေါင်းများစွာတစ်လျှောက်လုံးတွင် ထိုအဘိုးကြီးလုဟန်ရှန်းသည် မိသားစုစီးပွားရေးလုပ်ငန်းများကို သူ့ထံသို့ လွှဲပြောင်းပေးရန် ဆန္ဒမရှိခဲ့ပေ။

လုရှီမန် မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် သူမကိုသာပေးအပ်ရန် တွေးထားခဲ့သည်။ လုရှီမန်သည် အရည်အချင်းမရှိသူဖြစ်လျှင်တောင်မှ သူမအတွက် ယုံကြည်စိတ်ချရသော ခင်ပွန်းတစ်ယောက်ကို ပြုစုပျိုးထောင်ပေးရန်သာစဉ်းစားခဲ့ပြီး သူ့ကိုတော့ တစ်ကြိမ်တစ်ခါမျှပင် ထည့်သွင်းမစဉ်းစားခဲ့ချေ။

ဖခင်တစ်ယောက်အနေဖြင့် သူ့တည်ရှိမှုသည် ဟန်ပြသက်သက်သာဖြစ်ခဲ့သည်။

ကံမကောင်းစွာဖြင့် ထိုအဘိုးကြီး၏ အစီအစဉ်များသည် အလွန်တရာ စိတ်ကူးယဉ်ဆန်လွန်းခဲ့သည်။ လုရှီမန် အိမ်ထောင်မပြုမီမှာပင် ကုမ္ပဏီနှင့် လုမိသားစုရှိ အရာအားလုံး သူ့လက်အောက်သို့ ကျရောက်လာခဲ့၏။

သူ ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်ကတော့ နှမြောစရာပင်။ သူသည် လုမိသားစုထံမှ အရာအားလုံးကိုရယူကာ အပြစ်အားလုံးကို လုရှီမန်ခေါင်းပေါ်သို့ ပုံချနိုင်ရန် အလွန်နီးစပ်နေခဲ့ပြီဖြစ်သည်။

‘ဘာကြောင့်များ ဒီနောက်ဆုံးခြေလှမ်းမှာ ကျရှုံးသွားရတာလဲ'

အကယ်၍ ထိုအချိန်က သူသာ ပို၍သတိထားခဲ့ပြီး ဟုန်မိန်နှင့်ဝမ်မြန်တို့ကိုခေါ်မလာခဲ့ပါက ရလဒ်များက ခြားနားသွားနိုင်မည်လား။

‘ဒါတွေအားလုံးက ဒီအသုံးမကျတဲ့ မိန်းမနှစ်ယောက်ကြောင့်ပဲ၊ သူတို့က သတင်းအချက်အလက်တွေကို ပေါက်ကြားအောင်လုပ်ခဲ့တာဖြစ်ရမယ်၊ သူတို့သာမလုပ်ရင် ကိစ္စတွေက ဒီလိုအခြေအနေမျိုး ရောက်လာပါ့မလား’

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဘယ်သူကများ ရှင်တို့ကို လူလိုမနေဖို့ ပြောခဲ့လို့လဲ၊ ဟောင်ကောင်ကို ခိုးထွက်ပြီး စည်းစိမ်ယစ်မူးဖို့ စိတ်ကူးယဉ်နေကြတာလား၊ ဆက်ပြီးသာ အိပ်မက်မက်နေလိုက်ကြ၊ ဒါနဲ့ စကားမစပ် ကျွန်မကို အရမ်းကြီး ကျေးဇူးတင်မနေနဲ့ဦး၊ ရှင်တို့ရဲ့ ကျေးလက်ဒေသ ပြောင်းရွှေ့စရိတ်တွေကို ကျွန်မသဘောနဲ့ကျွန်မ နိုင်ငံတော်အတွက် အခမဲ့လှူဒါန်းလိုက်ပြီ၊ ရှင်တို့ကတော့ အဲဒီယွမ်ရာဂဏန်းလောက်ကို ဂရုစိုက်မှာမဟုတ်ဘူးဆိုတာ သေချာပေါက်သိနေတယ်လေ”

သူမအပြုံးတစ်ခုဖြင့် ပြောဆိုလိုက်ကာ နောက်ဆုံးအနေဖြင့် တိုက်ခိုက်လိုက်သည်။ ယခုအခါတွင် သူငွေလိုချင်ပါက ရှန်ဟုန်မိန်တို့ကို မနားတမ်းနှောင့်ယှက်ပူဆာရတော့ပေမည်။

သူတို့သုံးယောက် အချင်းချင်း ပြန်လည်နှိပ်စက်နေကြခြင်းက ပျင်းစရာကောင်းလှသော ဂိုဘီသဲကန္တာရကြီးထဲတွင် ဖျော်ဖြေမှုတစ်ခုကိုထပ်တိုးပေးနိုင်ပေလိမ့်မည်။

“နင်ရူးနေပြီ လုရှီမန်၊ နင်ကငါတို့ကို ဘယ်လောက်တောင် မုန်းတီးနေရတာလဲ၊ ငါဘာအမှားလုပ်ခဲ့လို့လဲ”

လီ၀မ်မြန်သည်လည်း လုံးဝပြိုလဲသွားခဲ့ပြီဖြစ်သည်။ ငွေမရှိတော့ဘူးဆိုသည်မှာ လီရှီချွမ်းက သူမနှင့် သူမမိခင်ထံမှ သွေးစုပ်ဦးမည်ဆိုသည့် အဓိပ္ပာယ်ပင်။

‘ဘာကြောင့်လဲ၊ ဘာကြောင့်များ ဒီလိုဖြစ်ရတာလဲ'

“နင့်ရဲ့အကြီးမားဆုံး အမှားကတော့ လီရှီချွမ်းရဲ့တရားမဝင်သမီးအဖြစ်မွေးဖွားလာတာပဲ”

အပြစ်ကျူးလွန်သူများမှာ လီရှီချွမ်းနှင့် ရှန်ဟုန်မိန်တို့ဖြစ်ကြသော်လည်း သူမနှင့် လီ၀မ်မြန်တို့မှာမူ သဘာဝကျစွာပင် တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက်အနေအထားတွင် ရှိနေကြသည်။

လီ၀မ်မြန်သည်း မူလခန္ဓာကိုယ်ပိုင်ရှင်ကို ဒုက္ခမပေးခဲ့ဘူးလား။ သေချာပေါက် ဒုက္ခပေးခဲ့သည်။

သူမ၏သွေးထိုးလှုံ့ဆော်မှုများသာမရှိခဲ့ပါက မူလခန္ဓာကိုယ်ပိုင်ရှင်သည် အခွင့်အရေးရတိုင်း လူများကို စော်ကားပြစ်မှားနေမည်မဟုတ်ပေ။

အကယ်၍ လီ၀မ်မြန်ကသာ မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် အမှန်တကယ် စိတ်မကောင်းဖြစ်ခဲ့မည်ဆိုပါက လီရှီချွမ်းအား သူမကိုပါခေါ်သွားရန် အဘယ်ကြောင့် မဖျောင်းဖျခဲ့သနည်း။

အကျိုးအမြတ်များကို ခံစားရချိန်တွင် သူမသည် လုံးဝစိတ်သန့်သန့်ဖြင့်ခံစားခဲ့သည်။ ယခု ဆိုးကျိုးများသာရှိတော့သည့်အချိန်တွင်တော့ အခြားသူများကို အပြစ်တင်နေခဲ့သည်။

စာအုပ်ထဲတွင် မူလခန္ဓာကိုယ်ပိုင်ရှင် ခံစားခဲ့ရသော နာကျင်မှုအားလုံးကို ဤသုံးဦးက ဖန်တီးခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က သူတို့သည်ဟောင်ကောင်တွင် စည်းစိမ်ယစ်ကာနေထိုင်နေကြချိန်၌ အနောက်မြောက်ဒေသသို့ အပို့ခံလိုက်ရသော မူလခန္ဓာကိုယ်ပိုင်ရှင်ကို သူတို့တစ်ကြိမ်တစ်ခါမျှ တွေးတောမိခဲ့ကြပါ၏လော။

“ငါ ပြောပြီးသားလေ၊ အရမ်းကြီး ကျေးဇူးတင်မနေပါနဲ့လို့၊ နင်တို့တွေ ပိုဆဲလေလေ ငါကပိုပျော်လေလေပဲ”

လုရှီမန် နှုတ်ခမ်းထောင့်များတွန့်ကွေးသွားသည်အထိ ပြုံးလိုက်ပြီး သူမနားနားသို့ကပ်ကာ ပြောလိုက်သည်။

“နင့်ရဲ့ပိုက်ဆံတွေကို သေချာဂရုစိုက်ထား၊ ရထားပေါ်မှာ စိတ်ထားကောင်းတဲ့သူတွေ အများကြီးရှိတယ်နော်”

သူတို့ သယ်ဆောင်သွားမည့်ငွေကြေးများကို ယူဆောင်ရန် သူမတွင်နည်းလမ်းမရှိသော်လည်း အနည်းငယ်တော့ အရိပ်အမြွက်ပေးလိုက်နိုင်သည်။

လီ၀မ်မြန်မှာ ချက်ချင်းပင်စိုးရိမ်ထိတ်လန့်သွားခဲ့ပြီး သူမအင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားကာ မျက်ဝန်းများထဲတွင် သတိထားစောင့်ကြည့်နေမှုများ ပြည့်နှက်သွားခဲ့၏။

ထိုအဖြစ်ကိုမြင်တွေ့လိုက်ရချိန်တွင် လုရှီမန်မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍နက်ရှိုင်းသွားခဲ့သည်။

‘ဒါပဲလေ’

ရထားပေါ်တွင် သူတို့ပိုသတိထားနေလေလေ သံသယဖြစ်ဖွယ်ပိုကောင်းလာလေလေ ဖြစ်သည်။

သူတို့ သံသယဖြစ်ဖွယ်ပိုကောင်းလာလေလေ သူခိုးများက သူတို့ဆီသို့ သဘာဝကျစွာပင် ချင်းကပ်လာလေလေ ဖြစ်ပေလိမ့်မည်။

အကယ်၍ သူတို့ကံကောင်းမည်ဆိုပါက အနောက်မြောက်ဒေသတွင် အချိန်အနည်းငယ် အသက်ပိုရှင်နိုင်ပေလိမ့်မည်။

အကယ်၍ ကံဆိုးခဲ့မည်ဆိုပါက...

‘အင်းလေ၊ ဒါက သူတို့ရဲ့ကံကြမ္မာပဲပေါ့'

“အနောက်မြောက်ဒေသကို သွားပြီးတော့ လူကောင်းတွေဖြစ်အောင် ကြိုးစားကြပါ၊ ဘယ်တော့မှ ပြန်မဆုံကြေးပေါ့”

လုရှီမန် သူတို့ကို လက်ဝှေ့ယမ်းပြလိုက်၏။ သူမလေသံမှာ အလွန်တရာ စိတ်သက်သာရာရသွားသည့် ဟန်ပန်မျိုး ဖြစ်နေသည်။

ထိုသုံးဦးကို ကိုင်တွယ်ဖြေရှင်းပြီးပြီဖြစ်ရာ သူမအနာဂတ်နေ့ရက်များ တောက်ပလင်းလက်နေမည်မှာ သေချာလှသည်။

သူမက ဘေးတွင်တိတ်ဆိတ်စွာ ရပ်နေသော စုန့်ကျီပိုင်ဘက်သို့လှည့်ကြည့်လိုက်၏။

“ကျွန်မက နှလုံးသားမရှိတဲ့သူလို့ ရှင်ထင်လား”

သူမလုပ်ရပ်များသည် သာမန်ဗီလိန်အမျိုးသမီးဇာတ်ကောင်တစ်ဦးထက်ပင် ပိုယုတ်မာနေခဲ့သည်။

အကယ်၍ လီ၀မ်မြန်တို့သာ ပြန်လည်နလန်ထူလာနိုင်မည်ဆိုပါက သူမသည် သေချာပေါက် သနားစဖွယ်သေဆုံးရပေလိမ့်မည်။

သို့သော် သူတို့ကို အခြေအနေပြောင်းလဲသွားစေရန် သူမအခွင့်အရေး ပေးမည်မဟုတ်ပေ။ ဦးလေးဝေက လူများကို ကြိုတင်ဆက်သွယ်ထားပြီးဖြစ်သည်။

လီရှီချွမ်းတို့ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သူတို့ကို အကြမ်းတမ်းဆုံးနှင့် အပင်ပန်းဆုံးသောအလုပ်များကို ချထားပေးမည်ဖြစ်သည်။

လီရှီချွမ်းခန္ဓာကိုယ်အခြေအနေဖြင့်ဆိုလျှင် လဝက်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

လီ၀မ်မြန်သည် သူမဘဝကို အနည်းငယ် ပိုမိုလွယ်ကူလာစေရန်အတွက် အနောက်မြောက်ဒေသတွင် ယောကျာ်းတစ်ယောက်ကို ရှာဖွေနိုင်ခြေရှိသည်ကို သူမထည့်သွင်းစဉ်းစားဖူးသော်လည်း ထိုမိန်းမသည် အတော်လေးမာနကြီးသူဖြစ်ရာ ထိုသို့လုပ်ဆောင်ရန် လက်ခံမည်မဟုတ်ပေ။

အနောက်မြောက်ဒေသ၏လေပြင်းများနှင့် နေရောင်ခြည်ဒဏ်အောက်တွင် သူမအလှအပများသည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားပေလိမ့်မည်။

သေချာသည်ကတော့ ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ထိုအရာများမဟုတ်ပေ။ ဒေသပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ မနေထိုင်နိုင်ခြင်းကပင် သူတို့ကိုဆင်းရဲဒုက္ခရောက်စေရန် လုံလောက်နေပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့ကို အသက်ရှင်ခွင့်ပေးထားမည်တော့မဟုတ်ပေ။

“မထင်ပါဘူး၊ တစ်ကယ်လို့ ကျွန်တော်သာဆိုရင် သူတို့ကို အနောက်မြောက်ဒေသကိုသွားမယ့် ရထားပေါ်တက်ဖို့တောင် အခွင့်အရေးပေးခဲ့မှာရမဟုတ်ဘူး”

စုန့်ကျီပိုင် ခေါင်းယမ်းလိုက်သည်။ သခင်မလေး သူတို့ကိုအသက်ရှင်ခွင့် ပေးထားခဲ့ခြင်းကပင် သူမ၏သဘောထားကြီးမြတ်မှုကို ပြသနေခြင်းဖြစ်၏။

သူသာ သခင်မလေးနေရာတွင်သာဆိုပါက ဤလူများအားလုံးသေကိုသေရမည်ဖြစ်သည်။

လူသတ်မှုသည် ဥပဒေနှင့်ဆန့်ကျင်နေပြီး သူ့အနေဖြင့် သေနတ်ဖြင့်ပစ်သတ်ခံရမည်ဆိုလျှင်တောင်မှ သူတို့ သေချာပေါက်သေဆုံးသွားစေရန် သူ လုပ်ဆောင်မည်ပင်။

လုရှီမန်သည် ခေတ္တမျှတိတ်ဆိတ်သွားခဲ့သည်။ သခင်မလေးဆိုသည့် မျက်မှန်က သူ့အတွက် အရမ်းကိုထူထဲလွန်းနေ၏။

အကယ်၍ သူမကသာ လူတစ်ယောက်ကို အမှန်တကယ်သတ်ချင်ခဲ့မည်ဆိုပါက စုန့်ကျီပိုင်သည် သူမထံသို့ ဓားလာပေးမည့်သူတစ်ဦးကဲ့သို့ သူမ အဘယ်ကြောင့် ခံစားနေရသနည်း။

“အင်း၊ စကားကောင်းကောင်းပြောတတ်တာပဲ၊ နောက်ဆို အဲဒီလိုထပ်မပြောနဲ့တော့နော်၊ စုန့်ကျီပိုင် ရှင့်ရဲ့ အဆင့်အတန်းကို ရှင်မှတ်မိနေရမယ်၊ အဲဒီလိုစကားမျိုး နောက်တစ်ခါ ထပ်ပြောခွင့်မရှိဘူး”

စစ်သားတစ်ယောက်အနေဖြင့် ဤကဲ့သို့ပြောဆိုခြင်းမှာ မသင့်တော်ပေ။

“ကောင်းပါပြီ၊ သခင်မလေးစကားကို ကျွန်တော်နားထောင်ပါ့မယ်”

စုန့်ကျီပိုင် ခေါင်းညိတ်လိုက်သည်။ သခင်မလေးပြောသမျှစကားတိုင်းသည် ဥပဒေသာဖြစ်သည်။

“သွားကြစို့၊ တစ်မနက်လုံး ဒီလိုပြဿနာတွေရှင်းနေရတာနဲ့တင် ကျွန်မ တော်တော်လေးပင်ပန်းနေပြီ၊ အိပ်ရေးဝအောင် သွားအိပ်လိုက်ဦးမယ်၊ကျွန်မတို့ရဲ့လက်မှတ်တွေရော ဝယ်ပြီးပြီလား”

သူမ သန်းဝေရင်း စုန့်ကျီပိုင်ကိုမေးလိုက်၏။

“ဝယ်ပြီးပါပြီ၊ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲပါ၊ အိပ်စင်လက်မှတ်ဆိုပေမဲ့လည်း ကွမ်ကျိုးကိုရောက်ဖို့ သုံးရက်လောက်တော့ ကြာလိမ့်မယ်”

“ကွမ်ကျိုးကိုရောက်တာနဲ့ ဆိပ်ကမ်းကို သွားဖို့ ဟုန်ဝေကိုစီးရမယ်၊ ပြီးရင် ကူးတို့သင်္ဘောကို စောင့်ရမယ်”

စုန့်ကျီပိုင် ပြောလေလေ အနေခက်လေလေဖြစ်လာခဲ့၏။ ဟိုင်နန်ကျွန်းသို့ သွားရမည့်ခရီးစဉ်မှာ အလွန်ရှည်လျားပြီး ပင်ပန်းဆင်းရဲလှသည်။

ထိုမျှမကသေး အလွန်အမင်းအားအင်ကုန်ခမ်းစေမည့် ခရီးစဉ်မျိုးလည်းဖြစ်သည်။ သူသည် သခင်မလေးကို ဤကဲ့သို့ ကြမ်းတမ်းခက်ထန်သော နေရာမျိုးသို့ အမှန်တကယ် ခေါ်ဆောင်သွားရမည်ပင်။

“ဖြစ်နိုင်ရင် ကျွန်တော်တို့တွေ လက်မထပ်ကြတာပဲ ကောင်းမယ်ထင်တယ်”

သူ့အသံမှာ ခြောက်ကပ်အက်ကွဲနေကာ ယုံကြည်မှုကင်းမဲ့နေသည့် အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

ခရီးစဉ်အကြောင်း ကြားရုံမျှဖြင့် သခင်မလေး စိတ်ပျက်သွားစေနိုင်လောက်သည်။

ယခုအခါ လုမိသားစုတွင် ငွေကြေးမရှိတော့သလို လီရှီချွမ်းကလည်း အနောက်မြောက်ဒေသသို့ ထွက်ခွာသွားပြီဖြစ်ရာ သခင်မလေးအနေဖြင့် ကျဲ့မြို့တွင်သာ ဆက်လက်နေထိုင်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

လုရှီမန် မျက်လုံးလှန်ကြည့်လိုက်သည်။

“အိမ်ထောင်ပြုတယ်ဆိုတာက နောက်စရာတစ်ခုလို့ ရှင်ထင်နေတာလား၊ ဒီလိုပဲ လွယ်လွယ်လေးဖျက်သိမ်းလို့ရတာလား”

“ကျွန်မ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ရှင် ထပ်ပြောနေစရာ မလိုတော့ဘူး”

သူမ ထိုသို့ပြောလိုက်သော်လည်း သူမရင်ထဲတွင် သံသယများဖြစ်နေခဲ့သည်။

မူလခန္ဓာကိုယ်ပိုင်ရှင်က အဘယ်ကြောင့် လက်ထပ်ရန်ဆန္ဒမရှိခဲ့သလဲဆိုသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

ဟိုင်နန်ကျွန်းဆိုသည်မှာ အနောက်မြောက်ဒေသထက် များစွာ ပိုမိုကောင်းမွန်လှသည်တော့မဟုတ်ပေ။

သို့သော် သူမဆုံးဖြတ်ပြီးပြီဖြစ်ရာ ခိုင်မာပြတ်သားရမည်ဖြစ်သည်။

လုမိသားစု၏ပိုင်ဆိုင်မှုများကို မျက်စိကျနေသူများက နောက်တစ်ကြိမ် ထပ်မံကြံစည်လာခဲ့ပါက မည်သို့လုပ်မည်နည်း။

အဝေးသို့သွားရောက်ခြင်းကသာ ပိုကောင်းမွန်ပေလိမ့်မည်။ သိုသိုသိပ်သိပ် နေထိုင်ခြင်းသည် အကောင်းဆုံးသော နည်းလမ်းပင်။

အကယ်၍ ဟိုင်နန်ကျွန်းကသာ ကြမ်းတမ်းခက်ထန်မည်ဆိုပါက သူမ၏လျှို့ဝှက်သိုလှောင်ရုံထဲတွင် အစားအသောက်များကို များများ ထည့်ထားလိုက်မည်။

သူမဗိုက်သာ ဟာတာတာဖြစ်မနေပါက အရာအားလုံး အဆင်ပြေသွားမည်ဖြစ်သည်။

“ပစ္စည်းတချို့ဝယ်ဖို့ ကုန်စည်နဲ့ ဈေးကွက်ဖြန့်ချိရေးသမဝါယမဆိုင်ကို သွားကြရအောင်”

စုန့်ကျီပိုင် ခေတ္တမျှတိတ်ဆိတ်သွားခဲ့ပြီး သခင်မလေး၏လှပသောအိပ်မက်လေးကို ရိုက်ချိုးဖျက်ဆီးရန် သူ့တွင် ခွန်အားများ မရှိတော့ချေ။ ခရီးသွားရာတွင် ဤမျှများပြားသောပစ္စည်းများကို သယ်ဆောင်သွားခြင်းက ကောင်းမွန်သောအကြံတစ်ခုတော့ မဟုတ်ပေ။

သို့သော် သူသည် သခင်မလေးကို ဒုက္ခမခံစားစေချင်ပေ။ အချိန်ကျလာသည့်အခါ သူ့ကိုယ်ပိုင်ပစ္စည်းများကို လျှော့ချပစ်လိုက်မည်ဟု တွေးထားလိုက်တော့သည်။

All Chapters