အခန်း ၃၆
Vol. 4 Ch. 36
36
လုရှီမန်ကတော့ သူ့စိုးရိမ်ပူပန်မှုများကို အနည်းငယ်မျှပင် ရိပ်မိခြင်းမရှိခဲ့ချေ။ မည်သို့ပင်ဖြစ်စေ သူမ၌လျှို့ဝှက်သိုလှောင်ရုံတစ်ခုရှိနေသည်ကို မည်သူကမှသိထားခြင်းမရှိပေ။
သို့သော် ဟိုင်နန်ကျွန်းသို့သွားရမည့်ခရီးစဉ်မှာ အတော်လေးရှည်လျားသည်ဟု ကြားသိရပြီးနောက် ထိုဒေသတွင် ရိက္ခာပစ္စည်းများ မည်မျှရှားပါးပြတ်လပ်မည်ကို သူမကောင်းကောင်း နားလည်သဘောပေါက်သွားခဲ့သည်။
အကယ်၍ သူမသာကြိုတင်ပြင်ဆင်မှုများမပြုလုပ်ထားပါက သေချာပေါက် စိတ်ဓာတ်ကျပြိုလဲသွားရပေလိမ့်မည်။
ကုန်စည်နှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမဆိုင်သို့ ရောက်ရှိသွားချိန်တွင်တော့ သူမမျက်စိကျလောက်စရာ ပစ္စည်းဟူ၍ များများစားစားမရှိပေ။
သူမတွင် ငွေကြေးများစွာရှိနေသော်လည်း ဤခေတ်ကာလတွင် ပစ္စည်းများဝယ်ယူရန် ငွေကြေးသက်သက်ဖြင့် မလုံလောက်ဘဲ ခွဲတမ်းလက်မှတ်များလည်း လိုအပ်ပေသည်။
ခွဲတမ်းလက်မှတ် အများစုကို သူမ ဖြုန်းတီးပစ်ခဲ့ပြီးဖြစ်သည်။ မတတ်နိုင်သည့်အဆုံး လက်ကျန်ရှိနေသမျှ ခွဲတမ်းလက်မှတ်အားလုံးကိုသာ အကုန်အစင် အသုံးပြုလိုက်ရတော့၏။
စုန့်ကျီပိုင်သည် သကြားလုံးများကို သယ်ဆောင်လာရင်း မကျေမနပ်ကြောင်း စကားတစ်ခွန်းမျှမဟဘဲ တိတ်တဆိတ်ပင် ကူညီသယ်ဆောင်ပေးနေခဲ့သည်။
လုရှီမန်သည် သူ့လက်ထဲရှိနည်းပါးလှသော ပစ္စည်းလေးများကိုကြည့်ကာ စုတ်သပ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
ကြည့်ရသည်မှာ သူမအနေဖြင့် အထူးလမ်းကြောင်းအချို့ကို အသုံးပြုရန် နည်းလမ်းရှာရပေတော့မည်။ သာမန်လမ်းကြောင်းများမှတစ်ဆင့် ဝယ်ယူမည်ဆိုပါက ပစ္စည်းများများစားစား ရရှိနိုင်မည်မဟုတ်ချေ။
ပို၍အရေးကြီးသောအချက်မှာ သူမ ဤပစ္စည်းများကို ဝယ်ယူခဲ့လျှင်တောင်မှ လျှို့ဝှက်သိုလှောင်ရုံထဲသို့ ထည့်သွင်းသိမ်းဆည်းထား၍မရနိုင်ခြင်းပင်။
မည်သို့ဆိုစေ စုန့်ကျီပိုင်သည် သက်ရှိထင်ရှားရှိနေသေးသူဖြစ်ရာ ပစ္စည်းများ ရုတ်တရက်ပျောက်သွားပါက သူ သေချာပေါက် ရိပ်မိသွားပေလိမ့်မည်။
ဤအချက်ကို တွေးမိသွားချိန်တွင် သမဝါယမဆိုင်မှပစ္စည်းများ ဝယ်ယူလိုစိတ်မရှိတော့ချေ။ ပစ္စည်းများကို သယ်ဆောင်ကာ အိမ်သို့ပြန်လာခဲ့ပြီးနောက် စုန့်ကျီပိုင်အား အပြင်သို့လွှတ်ရန် အကြောင်းပြချက်တစ်ခုကို ဖန်တီးလိုက်သည်။
စုန့်ကျီပိုင် ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းပြီးနောက် လုရှီမန်သည် သူမဗီရိုထဲ အချိန်အတော်ကြာအောင် မွှေနှောက်ရှာဖွေလိုက်ပြီး သာမန် မီးခိုးရောင်ဝတ်စုံတစ်စုံအား ထုတ်ယူလိုက်သည်။
ထို့နောက် မိတ်ကပ်များအသုံးပြုကာ မျက်နှာကို ရိုးရိုးရှင်းရှင်းခြယ်သလိုက်ပြီး ရုပ်ဖျက်ကာအပြင်ထွက်လာခဲ့သည်။
ကျဲ့မြို့၏မှောင်ခိုဈေးကွက်သည် လျှို့ဝှက်တည်ရှိနေသော်လည်း လုရှီမန်၏ငွေကြေးအင်အားကိုမူ မခံနိုင်ချေ။
မှောင်ခိုဈေးကွက်တည်နေရာကို စုံစမ်းရန်အတွက် ဆယ်ဆင့်ခန့်အကုန်အကျခံလိုက်ပြီးနောက် ထိုနေရာဆီသို့ တိုက်ရိုက်ဦးတည်ထွက်ခွာလာခဲ့သည်။
လူသူကင်းမဲ့သော လမ်းကြားလေးတစ်ခုအတွင်း အချိန်အတန်ကြာ လမ်းပတ်လျှောက်ပြီးနောက် လုရှီမန်သည် ဆက်သွယ်ရေးလူကိုမြင်တွေ့လိုက်ရသည်။
“တတိယအစ်ကိုရဲ့မိန်းမ ကလေးမွေးပြီးပြီလား”
လုရှီမန် လျှို့ဝှက်စကားဝှက်ကိုပြောလိုက်၏။
ဤစကားကိုကြားလိုက်ရချိန်တွင် ထိုသူက လုရှီမန်ကို အရင်ဆုံးအကဲခတ်ကြည့်လိုက်သည်။
“ဝတုတ်နေတဲ့ သားယောက်ျားလေး မွေးတယ်၊ သွားကြည့်ချင်လို့လား”
ထိုသို့ပြောဆိုပြီးနောက် သူက လုရှီမန်ကိုမှောင်ခိုဈေးကွက်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
“ကိုယ့်ဘာသာကိုယ်ပဲ လျှောက်ကြည့်လိုက်တော့၊ ပထမဆုံးအကြိမ်ဆိုတော့ သတိထားပါ၊ ပြဿနာမရှာနဲ့”
လုရှီမန် ခေါင်းညိတ်ပြလိုက်ပြီး သူမမျက်ဝန်းများသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေပြီဖြစ်၏။
သူမသည် ရိက္ခာပစ္စည်းများကို သိုလှောင်ရန် လာရောက်ခြင်းဖြစ်ရာ ရှားပါးပစ္စည်းများရရှိရန် လိုအပ်သည်။
သကြား၊ အသားနှင့် ကြက်ဥ
ဤအရာများသည် မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်သော အဖိုးတန်ပစ္စည်းများ ဖြစ်ကြသည်။
ဆန်နှင့် ဂျုံမှုန့်မှာ ဒုတိယဦးစားပေးဖြစ်သည်။ အဆိုးဆုံးအခြေအနေတွင် သူမသည် ခွဲတမ်းရရှိသောပမာဏကိုသာ စားသုံးနိုင်၏။
ခြိုးခြံချွေတာနေပါက အဆင်ပြေနိုင်သော်လည်း အခြားပစ္စည်းများကိုမူ ဝယ်ယူရန် ခက်ခဲပေလိမ့်မည်။
မိမိလိုချင်သောအရာများကို ဆုံးဖြတ်ပြီးနောက် သူမမျက်ဝန်းများသည် နေရာအနှံ့သို့ စူးစမ်းရှာဖွေနေတော့သည်။
“ကောင်မလေး ဘာလိုချင်လို့လဲ”
အဒေါ်ကြီးတစ်ဦးသည် အဖာအထေး တစ်ခုမျှမရှိသော သူမအဝတ်အစားများကိုမြင်တွေ့လိုက်ရချိန်တွင် မျက်ဝန်းများ တဖျပ်ဖျပ်လက်သွားခဲ့သည်။
သူမသည် ဖောက်သည်ကြီးတစ်ဦးဖြစ်ဟန်တူ၏။
“အဒေါ့်ဆီမှာ ဘာတွေရှိလဲ”
လုရှီမန် ပြန်မေးလိုက်သည်။
“ငါ့ဆီမှာ အများကြီးရှိတယ်၊ သမဝါယမဆိုင်မှာရှိတာမှန်သမျှ ငါ့ဆီမှာ အကုန်ရှိတယ်၊ သူတို့ဆီမှာမရှိတာတွေကိုတောင် ငါရှာပေးနိုင်တယ်”
ဝမ်တာ့ဟွားဆိုသော ထိုအဒေါ်ကြီးသည် အခြားအရည်အချင်းများမရှိလျှင်ပင် ဤလုပ်ငန်းတွင်တော့ သူမတူအောင် ကျွမ်းကျင်လှသည်။
“ကျွန်မ သစ်သီးသကြားလုံးပေါင်သုံးဆယ်နဲ့ သကြားညိုပေါင်သုံးဆယ် လိုချင်တယ်၊ အဒေါ့်ဆီမှာ ရှိလား”
ထိုစကားတစ်ခွန်းကြောင့် ဝမ်တာ့ဟွား ကြက်သေသေသွားခဲ့ရသည်။ သူမက လုရှီမန်ထံ မျက်လုံးလှန်ကြည့်လိုက်၏။
“ကောင်မလေး၊ ငါ့ကို လာနောက်နေတာ အရမ်းပျော်ဖို့ကောင်းနေလို့လား၊ ဘယ်သူကများ သကြားတွေ ဒီလောက်အများကြီး လိုအပ်မှာလဲ၊ မင်း အကုန်စားနိုင်လို့လား”
“ကျွန်မ အတည်ပြောနေတာပါ”
လုရှီမန် သူမကို တည်ကြည်လေးနက်စွာ စိုက်ကြည့်လိုက်သည်။
သစ်သီးသကြားလုံးကဲ့သို့သော အရာများသည် ကလေးငယ်များကို ပေးကမ်းကာ ဆက်ဆံရေးတည်ဆောက်ရန်အတွက် အလွန်သင့်တော်လှသည်။ သမဝါယမဆိုင်တွင် ဆယ်ဆင့်ပေးလျှင် သကြားလုံးလက်တစ်ဆုပ်ခန့်ရနိုင်သော်လည်း ကံမကောင်းစွာဖြင့် သကြားခွဲတမ်းလက်မှတ်များလိုအပ်နေ၏။
သူမ ဝယ်ယူချင်လျှင်တောင်မှ ဝယ်ယူ၍မရနိုင်ချေ။
“ငါ့နောက်လိုက်ခဲ့”
ထိုအဝတ်အစားများကိုကြည့်ရသည်မှာ ဆင်းရဲသားတစ်ဦးနှင့်မတူပေ။
ဤကောင်မလေးက သကြားများ ဤမျှ အမြောက်အများ အဘယ်ကြောင့် လိုအပ်နေသည်ကို သူမ မသိသော်လည်း ဂရုစိုက်နေစရာမလိုပေ။ ရောင်းရသမျှ အမြတ်သာဖြစ်သည်။
လုရှီမန်သည် ဝမ်တာ့ဟွားအနောက်မှလိုက်ကာ နောက်ထပ် ကွေ့ကောက်သော လမ်းများစွာကို ဖြတ်သန်းသွားပြီးနောက် အိမ်တစ်လုံးဆီသို့ ရောက်ရှိသွားခဲ့သည်။
ဤအိမ်၏ကောင်းမွန်သောအချက်မှာ အိမ်နီးချင်းများမရှိခြင်းပင်။ အနီးဆုံး အိမ်နီးချင်းသည်ပင် အနည်းဆုံး မီတာငါးဆယ်ခန့် ကွာဝေးလှသည်။
“ထိုင်လေ"
ဝမ်တာ့ဟွား ခြံတံခါးကို ဖွင့်လိုက်ပြီးနောက် ချက်ချင်းပင်ဝင်ထိုင်လိုက်၏။
“မင်း ဘာတွေလိုချင်တာလဲဆိုတာကို တိတိကျကျပြော၊ ပေါင်သုံးဆယ်ဆိုတာ အရမ်းများလွန်းတယ်၊ ငါ အများဆုံး ဆယ်ပေါင်လောက်ပဲရှာပေးနိုင်မယ်”
“မင်းပုံစံကိုကြည့်ရတာ သကြားတစ်ခုတည်းမဟုတ်ဘဲ တခြားဟာတွေလည်း လိုချင်သေးပုံရတယ်”
ဝမ်တာ့ဟွားက လုရှီမန်ကို အကဲခတ်ကြည့်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ ဤနေရာအထိ ရောက်လာပြီဆိုမှတော့ ပစ္စည်းအနည်းငယ်လေးအတွက်တော့မဖြစ်နိုင်ချေ။
“အဒေါ်က အကဲခတ်တော်တော်တော်တာပဲ၊ ဆန်၊ ဂျုံမှုန့်၊ ကြက်ဥနဲ့ အသား အဲဒါတွေလည်း ကျွန်မလိုချင်တယ်”
“တစ်ကယ်လို့ အဒေါ့်ဆီမှာ စည်သွတ်ဘူးတွေ၊ နို့မှုန့်တွေနဲ့ ဘီစကွတ်မုန့်တွေ ရှိရင်လည်း ကျွန်မအကုန်ယူမယ်”
“နိုင်ငံခြားဖြစ် အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေပါ ရနိုင်မယ်ဆိုရင်တော့ ပိုတောင်ကောင်းသေးတယ်”
လုရှီမန်သည် သူမရည်ရွယ်ချက်ကို လျှို့ဝှက်မထားတော့ပေ။ ဤအဒေါ်ကြီးတွင် စွမ်းဆောင်နိုင်ရည်ရှိမရှိကိုသာ သူမ မသိခြင်းဖြစ်သည်။
“မင်းကို ငါ တကယ်အထင်သေးမိသွားတာပဲ”
အဒေါ်ကြီးဝမ်က လုရှီမန်ကိုအကဲခတ်ကြည့်လိုက်ရာ သူမမျက်ဝန်းများထဲတွင် အံ့အားသင့်မှုများဖြတ်ပြေးသွားခဲ့သည်။
“ရှိမရှိကိုသာ ပြောပါ၊ ပိုက်ဆံက ပြဿနာမဟုတ်ဘူး”
လုရှီမန် လက်ပိုက်လိုက်ပြီး ပွင့်ပွင့်လင်းလင်းမေးလိုက်၏။
သူမ၏တည်ငြိမ်အေးဆေးလှသော ဟန်ပန်ကို ကြည့်ရသည်မှာသေချာပေါက် အရည်အချင်းတစ်ခုခု ရှိနေပုံရသည်။
“ရှိတယ်၊ မင်းပြောတဲ့ဟာတွေအားလုံး ငါ့ဆီမှာ တကယ်ရှိတယ်၊ အထဲဝင်ပြီး လာကြည့်လှည့်”
အဒေါ်ဝမ် ခြေချိတ်ထိုင်နေရာမှ ထလိုက်ပြီး သော့တွဲတစ်တွဲကိုဆွဲထုတ်ကာ မွှေနှောက်ရှာဖွေလိုက်ပြီးနောက် အခန်းတံခါးကို ဖွင့်လိုက်လေသည်။
တံခါးပွင့်သွားချိန်တွင်တော့ အံ့အားသင့်သွားသူမှာ လုရှီမန်ပင်ဖြစ်သည်။
ထိုအခန်းကို အသေးစားသမဝါယမဆိုင်လေးဟုခေါ်ဆိုမည်ဆိုလျှင်တောင် လွန်မည်မဟုတ်ပေ။ သူမ စိတ်ကူးယဉ်ကြည့်နိုင်သမျှ အရာအားလုံးအမှန်တကယ်ပင် ထိုနေရာ၌ရှိနေခဲ့သည်။
လုရှီမန်လိုချင်ခဲ့သော သကြားအမျိုးအစားများထက်ပင် ပိုများပြားနေသေးသည်။
သာမန် သစ်သီးသကြားလုံးအမာများသာမက ယုန်ဖြူနို့သကြားလုံး ၊ နူးဂတ်နှင့် အခြားအမျိုးအစားများစွာလည်းရှိနေခဲ့၏။
“ဒီသကြားလုံးတွေနဲ့ ဘီစကွတ်တွေအားလုံးကို ကျွန်မလိုချင်တယ်”
သူမမျက်ဝန်းများထဲတွင် အရောင်လက်သွားခဲ့သည်။
အနည်းဆုံးတော့ အချိန်အတော်ကြာသည်အထိ သကြားလိုအပ်ချက်အတွက် သူမစိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။
ဘီစကွတ်မုန့်များ၊ စည်သွတ်ဘူးများနှင့် ပတ်သက်၍လည်း လုရှီမန်သည် ထိုအရာအားလုံးကိုလိုချင်ခဲ့သည်။
အကယ်၍ သူမသာတတ်နိုင်မည်ဆိုပါက ဂိုဒေါင်တစ်ခုလုံးကို ပြောင်စင်သွားအောင် သိမ်းကြုံးဝယ်ယူပစ်ချင်နေမိသည်။
သူမသည် ပစ္စည်းများကိုရွေးချယ်နေရင်း မျက်စိများပင်ကျိန်းလာခဲ့ပြီး သူမ နှစ်သက်သမျှ အရာအားလုံးကို ယူဆောင်လိုက်သည်။
တစ်ဖက်တွင်မူ ဝမ်တာ့ဟွားသည် ပါးစပ်နားရွက်ချိတ်မတတ်ပြုံးရွှင်နေခဲ့၏။ ဤပစ္စည်းများအားလုံးသာ ရောင်းချရမည်ဆိုပါက သူမမည်မျှအထိ မြတ်မည်နည်း။
သူမသည် ပစ္စည်းများကိုချိန်တွယ်ရင်း တွက်ချက်ရရှိလာသော ပမာဏများကို စာရွက်ပိုင်းလေးတစ်ခုပေါ်တွင် မှတ်သားနေခဲ့သည်။
အရာအားလုံးကို တွက်ချက်ပြီးစီးသွားချိန်တွင်တော့ သူမမှာ အလွန်တရာ မောပန်းနွမ်းနယ်နေခဲ့ပြီဖြစ်သည်။
“ဒီပစ္စည်းတွေ အားလုံးပေါင်း ယွမ်နှစ်ရာသုံးဆယ့်တစ် လေးမောင်နဲ့ နှစ်ဖန် ကျပါတယ်”
လုရှီမန် ခေါင်းညိတ်ပြလိုက်၏။ သူမသည် အိတ်ကပ်ထဲမှငွေများကို ထုတ်ယူလိုက်ဟန်ပြုလုပ်လိုက်သော်လည်း အမှန်တကယ်တွင်မူ သူမ၏လျှို့ဝှက်သိုလှောင်ရုံထဲမှ ငွေစက္ကူအထပ်လိုက်ကို ထုတ်ယူလိုက်ခြင်းဖြစ်သည်။
ထိုငွေစက္ကူအထပ်လိုက်ကိုမြင်တွေ့လိုက်ရချိန်တွင် ဝမ်တာ့ဟွားမျက်လုံးများမှာ ဝမ်းသာလွန်း၍မှေးကျဉ်းသွားခဲ့သည်။
“ကောင်မလေး၊ မင်းက တော်တော်ရက်ရောတာပဲ၊ ပစ္စည်းတွေက အများကြီးဆိုတော့ မင်းကိုကူသယ်ပေးဖို့ လူတစ်ယောက်လောက် ရှာပေးရမလား”
“ဒါနဲ့ စကားမစပ်၊ မင်းလိုချင်တဲ့ ဆန်၊ ဂျုံမှုန့်နဲ့ ကြက်ဥတွေကိုလည်း ငါရှာပေးနိုင်တယ်၊ မင်းလိုသလောက် ရှာပေးလို့ရတယ်”
ထိုမျှကြီးမားသော ဖောက်သည်ကြီးကို သေချာဂရုစိုက်ရမည်။
“မလိုပါဘူး၊ ဒီခြင်းတောင်းလေးတွေ ကျွန်မကိုပေးလို့ရမလား”
သူမက ကုန်ပစ္စည်းများထည့်ထားသော ခြင်းတောင်းများကို ကြည့်လိုက်သည်။
“ပေးမှာပေါ့၊ ငါက ကပ်စေးနှဲတဲ့သူမှ မဟုတ်တာ”
ခြင်းတောင်းတစ်လုံးမှာ ပြားအနည်းငယ်မျှသာတန်ဖိုးရှိရာ ထိုအရာလေးအတွက်နှင့် အထူးဖောက်သည်တော်ကြီးအား အပြစ်လုပ်သလိုဖြစ်မည်ကို သူမစိုးရိမ်မိသည်။
“ကျွန်မ ကြက်ဥဆယ်ပေါင်၊ ဂျုံမှုန့် ပေါင်သုံးဆယ်နဲ့ ဆန်ပေါင်တစ်ရာ လိုချင်တယ်၊ တစ်ကယ်လို့ အသားရနိုင်မယ်ဆိုရင်လည်း ကျွန်မအတွက်ပေါင်ဆယ်ဂဏန်းလောက် ချန်ထားပေးပါ”
“သကြားလုံးတွေ၊ ချောကလက်တွေရမယ်ဆိုရင်လည်း ကျွန်မအတွက်ထပ်ရှာပေးပါဦး”
ထိုအရာများကို ဝယ်ယူရန် ခက်ခဲသော်လည်း အခြားအရာများထက် ရှာဖွေရန် ပို၍လွယ်ကူသဖြင့် အများအပြား သိုလှောင်ထားရန်မလိုအပ်ချေ။
သကြားလုံးများကဲ့သို့သော အရာများက ပိုကောင်းမွန်ပေသည်။
အခြားသူများရိပ်မိမည်ကို စိုးရိမ်စရာမလိုဘဲခိုးစားရန်အတွက် အလွန်အဆင်ပြေလှသည်။
“ကောင်းပြီ၊ မနက်ဖြန်လည်း ဒီအချိန်ပဲလား”
အဒေါ်ကြီးဝမ် ခေါင်းညိတ်ပြလိုက်၏။
ပစ္စည်းများမှာ သိပ်မများလှသဖြင့် ကိုင်တွယ်ရန် လွယ်ကူသော်လည်း ကောင်မလေးတစ်ယောက်အနေဖြင့် သယ်ဆောင်ရန် အနည်းငယ်အခက်တွေ့နိုင်ပေ၏။
သူမသည် ပစ္စည်းများကို တံခါးဝရောက်သည်အထိ ကူသယ်ပေးလိုက်ပြီးနောက်စိတ်ဝင်စားမနေတော့ပေ။
သူမသည် ပစ္စည်းများရောင်းချရန်သာ တာဝန်ရှိပြီး ကျန်သည့်ကိစ္စများမှာ သူမနှင့်မသက်ဆိုင်ချေ။
အကယ်၍ သူမကသာ အတင်းအကျပ် ဝင်ရောက်စွက်ဖက်မည်ဆိုပါက ကောင်မလေးသည် သူမအား အကြံဆိုးများရှိနေသည်ဟု သံသယဝင်သွားနိုင်ပေသည်။
“ဟုတ်ကဲ့”
လုရှီမန် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ရိက္ခာများထည့်ထားသော ထိုခြင်းတောင်း အနည်းငယ်မှာ အမှန်တကယ်ပင် အတော်လေးများပြားလှ၏။
သူမသည် ခြင်းတောင်းများကိုမတင်ရန် အားစိုက်ထုတ်လိုက်ရင်း တစ်ချိန်တည်းမှာပင် ခြင်းတောင်းများထဲရှိပစ္စည်းများကို သူမ၏လျှို့ဝှက်သိုလှောင်ရုံအတွင်းသို့ စိတ်အာရုံကိုအသုံးပြု၍ ထည့်သွင်းလိုက်သည်။
ပစ္စည်းအနည်းငယ်ကိုသာ ချန်ရစ်ထားခဲ့ရာ သယ်ဆောင်ရန်ပိုလွယ်ကူသွားခဲ့သည်။
လမ်းကြား၏ထောင့်တစ်နေရာတစ်ခုသို့ရောက်ရှိသွားချိန်တွင် အရာအားလုံးကို လျှို့ဝှက်သိုလှောင်ရုံအတွင်းသို့ ထည့်သွင်းလိုက်ပြီးနောက် မီးခိုးရောင်အဝတ်အစားများချွတ်ကာ မျက်နှာပေါ်ရှိ မိတ်ကပ်များကိုဖျက်ပစ်လိုက်ပြီးမှ ပြန်လည်ထွက်ခွာလာခဲ့၏။
နောက်တစ်နေ့တွင်လည်း သူမသည် မနေ့ကအတိုင်းထပ်မံပြုလုပ်ခဲ့ပြီး ဝယ်ယူခဲ့သော ပစ္စည်းများအားလုံးကို သူမ၏လျှို့ဝှက်သိုလှောင်ရုံအတွင်းသို့ ထည့်သွင်းခဲ့သည်။
လျှို့ဝှက်သိုလှောင်ရုံအတွင်း ပြည့်နှက်နေသော ရိက္ခာများကိုကြည့်ရင်း သူမရင်ထဲတွင် စိတ်အေးချမ်းသက်သာရာ ရသွားလေတော့သည်။