အခန်း ၃၇
Vol. 4 Ch. 37
37
လုရှီမန်တစ်ယောက် မှောင်ခိုဈေးအတွင်း ကုန်ပစ္စည်းများကို အသည်းအသန် လိုက်လံစုဆောင်းနေချိန်တွင် ဝေ့စန်းလီမှာလည်း စိတ်ပူပန်မှုများဖြင့် ဗျာများနေရလေသည်။
ခရီးစဉ်က ရှည်လျားလှသည်မို့ ရထားနှင့် သင်္ဘောပေါ်တွင်ပစ္စည်းများစွာ သယ်ဆောင်သွား၍ မရနိုင်ပေ။ ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမဆိုင်တစ်ခုလုံးကို ပြောင်သလင်းခါသွားအောင် ဝယ်ယူသွားချင်စိတ်ပေါက်နေသော်ငြား စိတ်အလိုကျလုပ်ဆောင်နိုင်စွမ်း မရှိခဲ့ချေ။
ဝေ့စန်းလီက လုရှီမန်၏အနည်းငယ် ညိုမည်းသွားသော အသားအရေကိုကြည့်ရင်း မျက်လုံးထဲတွင်ကြေကွဲနာကျင်မှုများအပြည့်ဖြင့် ဆိုလိုက်သည်။
“မန်မန် ဒီရက်ပိုင်းတွေထဲ ဘယ်တွေများသွားနေတာလဲ၊ ပင်ပန်းနေပြီလား”
လုရှီမန် ပေါ့ပေါ့ပါးပါးပင်ဆင်ခြေတစ်ခု ဖန်တီးလိုက်လေသည်။
“ဒီလိုပဲ လျှောက်သွားနေတာပါ၊ ဘာပဲဖြစ်ဖြစ် ဟိုင်နန်ကျွန်းကိုသွားရတော့မှာဆိုတော့ ကိုယ့်မွေးရပ်မြေကို သေချာလေး မျက်စိထဲမှတ်ထားချင်လို့လေ”
မှောင်ခိုဈေးထဲတွင် ကုန်ပစ္စည်းများ သွားရောက်စုဆောင်းနေကြောင်းကိုတော့ သူမအနေဖြင့် ဖွင့်ဟပြောဆိုနိုင်မည်မဟုတ်ပေ။
ယနေ့ဆိုလျှင် နှစ်ဆယ့်နှစ်ရက်နေ့သို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်ရာ သူမထွက်ခွာရမည့်အချိန်မှာ ရက်ပိုင်းမျှသာလိုတော့သည်။
“ဦးလေးဝေ့ အိမ်ထဲအရင်ဝင်ပါလား၊ ကျွန်မတို့ အတူတူထမင်းစားရအောင်လေ”
ဝေ့စန်းလီနှာခေါင်းဝတွင် စူးရှရှဝေဒနာတစ်ခုဖြတ်ပြေးသွားခဲ့သည်။
“မလောပါနဲ့၊ ထမင်းစားဖို့က အချိန်ရပါသေးတယ်၊ သမီး ကျဲ့မြို့ကိုသေချာလေးလိုက်ကြည့်ထားပါဦး၊ ပြီးတော့ အချိန်ရရင် သမီးရဲ့အမေနဲ့ အဘိုးကိုလည်း သွားတွေ့လိုက်ဦး”
လုရှီယင် ဂရုတစိုက်ယုယပျိုးထောင်ခဲ့ရသော ကလေးငယ်လေးသည် ယခုအခါ မြို့အသစ်တစ်ခုတွင် ဘဝသစ်တစ်ခုကိုစတင်ရန် ခြေလှမ်းပြင်နေခဲ့ပြီဖြစ်၏။
နောက်တစ်ကြိမ် သူမ မည်သည့်အချိန်မှပြန်လာမည်ကိုလည်း သူမသိနိုင်ခဲ့ပေ။
သားသမီးများ အဝေးသို့ခရီးနှင်သည့်အခါ မိခင်ဖြစ်သူများ စိတ်ပူတတ်ကြသည်မှာ ဓမ္မတာပင်။ မန်မန်သည် သူ့သွေးသားအရင်းအချာမဟုတ်သော်ငြား သူ့ရင်ထဲတွင်မူ ပူပန်သောကများ ကိန်းအောင်းနေဆဲပင်။ သူမ မထွက်ခွာမီ စုန့်ကျီပိုင်ကိုလည်း မန်မန်အား အနိုင်မကျင့်စေရန် သေချာပေါက်ဆုံးမစကားဆိုရဦးပေမည်။
ရထားပေါ်တွင် ယူဆောင်သွား၍မရနိုင်သော ပစ္စည်းများကို စာတိုက်မှတစ်ဆင့်ပေးပို့ရမည်ဖြစ်ပြီး မန်မန်အတွက် ငွေကြေးနှင့် လက်မှတ်များကိုလည်း ပြင်ဆင်ပေးရဦးမည်ဖြစ်သည်။
နိုင်ငံတော်မှ ထုတ်ပေးသည့် စားနပ်ရိက္ခာလက်မှတ်များအကြောင်းကိုလည်း စုံစမ်းရဦးမည်ဖြစ်၏။ ဤကလေးမလေးကို ဘယ်တော့မှအငတ်မခံခိုင်းနိုင်ပေ။
ဆောင်ရွက်ဖွယ်ရာကိစ္စရပ်များက တောင်ပုံယာပုံဖြစ်နေပြီး သူမထွက်ခွာရမည့် အချိန်ကလည်း နီးကပ်လွန်းနေပြီဖြစ်ရာ သူ အမြန်ဆုံးလှုပ်ရှားရတော့ပေမည်။
သူက လုရှီမန်လက်ထဲသို့ ယွမ်သုံးဆယ်ကို အတင်းထိုးထည့်ပေးလိုက်ပြီးနောက် တိုက်ပွဲဝင်မည့်စိတ်ဓာတ်မျိုးဖြင့် အခြားလိုအပ်သည်များကို ပြင်ဆင်ရန် ထွက်ခွာသွားလေသည်။
“ဦးလေးမှာ လုပ်စရာကိစ္စလေးတွေရှိသေးတယ်၊ မန်မန် သွားကစားချေတော့”
လုရှီမန် လက်ထဲရှိ ငွေများကိုကြည့်ရင်း ရယ်ချင်စိတ်နှင့်အတူ ကြည်နူးစိတ်များ ရောယှက်လာကာ ရင်ထဲတွင်နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ ဝေ့စန်းလီသည် လုရှီယင်အတွက် အမှန်တကယ်ပင် များစွာစွန့်လွှတ်အနစ်နာခံခဲ့ပြီးဖြစ်ကာ လုရှီယင်၏သမီးဖြစ်သော သူမကိုပင် ဤမျှလောက်အလေးထားချစ်ခင်နေခဲ့၏။ ယွမ်သုံးဆယ်ဆိုသည်မှာ များပြားလှသောပမာဏမဟုတ်သော်လည်း နည်းပါးလှသည်တော့ မဟုတ်ပေ။
၎င်းမှာ သူ့လဝက်စာ လစာငွေပမာဏဖြစ်နိုင်ချေရှိသည်။
နောက်ဆုံးတွင်တော့ ဤအရာအားလုံးက သူမအတွက် အကျိုးအမြတ်များသာ ဖြစ်လာခဲ့လေသည်။
“မူလပိုင်ရှင်ကတော့ လက်ထဲမှာဖဲချပ်ကောင်းတွေရထားပါရက်နဲ့ တော်တော်လေးညံ့ခဲ့တာပဲ”
သူမ သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းတွားရင်း ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမဆိုင်ဘက်သို့ လှည့်ထွက်လာခဲ့၏။
လွန်ခဲ့သောရက်အနည်းငယ်က သူမ လိုချင်ခဲ့သည့်နာရီမှာ ပစ္စည်းပြတ်နေခဲ့သော်လည်း ယနေ့ရောက်မည်ဟုဆိုထားသောကြောင့် သွားရောက်စစ်ဆေးရမည်ဖြစ်သည်။
ထို့အပြင် စုန့်ကျီပိုင်အတွက် အပ်ထားသောအဝတ်အစားများကိုလည်း သွားရောက်ယူဆောင်ရဦးမည်ဖြစ်သည်။
နာရီနှင့် အဝတ်အစားများကို ယူဆောင်ကာ အိမ်သို့ပြန်ရောက်လာချိန်တွင် စုန့်ကျီပိုင်တစ်ယောက် ခရီးဆောင်အိတ်များနှင့် နပန်းလုံးနေသည်ကိုမြင်လိုက်ရ၏။
သူ့ပိုင်ဆိုင်မှုများက အလွန်တရာရိုးစင်းလှပြီး အဝတ်အစားနှစ်စုံမျှသာ ရှိသော်လည်း လုရှီမန်၏ပစ္စည်းများကမူ အဝတ်အစားများ၊ ကိုယ်ရေးကိုယ်တာ သုံးစွဲရန်အရာများ၊ သူမဝယ်ယူထားသော အစားအသောက်များစသည်ဖြင့် မည်မျှပင်လျှော့ချထားစေကာမူ အပုံလိုက်ကြီးတစ်ခုဖြစ်နေဆဲပင်။
သူက နားထင်ကိုဖိကာ ခေါင်းကိုက်နေဟန်ပြလေသည်။ ယောက်ျားတစ်ယောက်အနေဖြင့် ငြင်းဆန်ခွင့်မရှိပေ။
သူသေရမည်ဆိုလျှင်တောင်မှ သခင်မလေးကို ဆင်းရဲဒုက္ခမခံစားစေရအောင် ဤပစ္စည်းများအားလုံးကို ထုပ်ပိုးရမည်သာဖြစ်သည်။
“စုန့်ကျီပိုင်”
လုရှီမန်ကြမ်းပြင်ပေါ်ရှိ ပစ္စည်းပုံကြီးကို ကြည့်လိုက် သူ့ကိုကြည့်လိုက်ဖြင့် ရှက်ရမ်းရမ်းကာပြုံးပြလိုက်လေသည်။ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ပစ္စည်းများကို စုဆောင်းသိမ်းဆည်းရန်သာ အာရုံရောက်နေခဲ့ပြီး ခရီးဆောင်အိတ် ထုပ်ပိုးရန်ကိုမူ လုံးလုံးလျားလျား မေ့လျော့နေခဲ့၏။
သူမ စကားဆက်လိုက်သည်။ မည်သို့ပင်ဆိုစေ သူမ၌လျှို့ဝှက်သိုလှောင်ရုံရှိနေသည်ဖြစ်ရာ မည်သည့်အရာမျှ လိုအပ်နေမည်မဟုတ်ပေ။
“အရေးကြီးတဲ့ ပစ္စည်းလေးတွေလောက်ပဲ ထည့်လိုက်ပါ၊ ကျန်တာတွေကို စာတိုက်ကနေပဲပို့ခိုင်းလိုက်မယ်”
စုန့်ကျီပိုင်က ခေါင်းယမ်းပြလိုက်သည်။ မည်မျှပင် ရိုးရှင်းပါစေ သူမ၏နေ့စဉ်စားသောက်နေထိုင်ရေးနှင့် ခရီးသွားလာရေးအတွက် လိုအပ်ချက်များကို သေချာပေါက် ပြည့်စုံအောင် လုပ်ဆောင်ရပေမည်။
“အဲလိုလုပ်လို့ ဘယ်ရမလဲ”
သူမက အဝတ်အစားများနှင့် နာရီကို သူ့ရှေ့တွင်ချထားပေးလိုက်သည်။
“အဲဒါတွေထားလိုက်ပါဦး၊ ဒါလေးကို အရင်ကြည့်လိုက်စမ်းပါ”
“ကျွန်မတို့က ဟန်ဆောင်လက်ထပ်ထားတာဆိုပေမယ့် ရှင်က ကျွန်မရဲ့ တရားဝင်ယောက်ျားဖြစ်နေပြီဆိုတော့ အရမ်းကြီး စုတ်ချာနေလို့မရဘူးလေ၊ ဝတ်ကြည့်လိုက်ဦး”
သူမက အဝတ်အစားနှစ်စုံကို အပ်နှံချုပ်လုပ်စေခဲ့သည်။ စုန့်ကျီပိုင်၏ ခန္ဓာကိုယ် အချိုးအစားနှင့်ဆိုလျှင် ဤအဝတ်အစားများက သူနှင့်အလွန်တရာလိုက်ဖက်ညီနေမည်မှာ သေချာ၏။
ကျယ်ပြန့်သောပခုံးအစုံနှင့် သွယ်လျသော ခါးအချိုးအစားတို့ကြောင့် သူသည် အဝတ်အစားများပြသရန် ဖန်တီးထားသော သက်ရှိမော်ဒယ်လ်တစ်ဦးနှင့်ပင် တူနေလေသည်။
စုန့်ကျီပိုင်က ထိုပစ္စည်းများကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
လုရှီမန်က သူသက်ပြင်းချသည်ကိုမြင်လိုက်ရသဖြင့် သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“ဘာဖြစ်လို့လဲ၊ အဆင်မပြေလို့လား”
သူမအနေဖြင့် အဝတ်အစားအချို့နှင့် နာရီတစ်လုံးကိုသာ ဝယ်ယူခဲ့ခြင်းဖြစ်ရာ မည်သည့်အမှားအယွင်းမျှမလုပ်မိကြောင်းသေချာနေသည်။
စုန့်ကျီပိုင် စိတ်ရှည်လက်ရှည်ဖြင့်မေးလိုက်သည်။ ဤကဲ့သို့ ခမ်းနားသော အဝတ်အစားများကို ဝတ်ဆင်ထားခြင်းက သူခိုးများအတွက် ပစ်မှတ်တစ်ခု ဖန်တီးပေးသလို ဖြစ်နေသည်ပင်။
သခင်မလေးသည် လူမှုရေးအတွေ့အကြုံ အနည်းငယ်လိုအပ်နေဆဲဖြစ်ပြီး ဤကိစ္စကို သေချာစဉ်းစားမိခဲ့ပုံမပေါ်ပေ။
“ကျွန်တော်တို့က ရထားစီးတဲ့အခါ ဒါတွေကို ဝတ်သွားရမှာလား”
လုရှီမန်တစ်ယောက် ခဏတာငြိမ်သက်သွားခဲ့သည်။ အပြင်ထွက်ရာတွင် ဤမျှ သပ်ရပ်လှပသော အဝတ်အစားများကို ဝတ်ဆင်သွားခြင်းက အနည်းငယ်တော့ ဟိတ်ဟန်ထုတ်လွန်းရာကျနေမည်ဖြစ်သည်။ သူမ ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်၏။
“ရထားပေါ်မှာ ဒါတွေကိုဝတ်စရာမလိုပါဘူး၊ နောက်မှ စာတိုက်ကနေပို့လိုက်လို့ရပါတယ်၊ အရင်ဆုံးအဆင်ပြေမပြေ ဝတ်ကြည့်လိုက်ပါဦး၊ အဆင်မပြေရင် တစ်ယောက်ယောက်ကို ပြန်ပြင်ခိုင်းရမှာမို့လို့”
ဤကိစ္စကို သူမလုံးဝစဉ်းစားမိခြင်းမရှိခဲ့ကြောင်းကိုတော့ လုံး၀ဝန်ခံမည်မဟုတ်ပေ။ ယခုခေတ်ရထားများပေါ်တွင် လူဦးရေထူထပ်များပြားခြင်းမရှိတော့သော်လည်း ခါးပိုက်နှိုက်နှင့် သူခိုးလေးများကတော့ ရှိနေဆဲဖြစ်သည်။
သူတို့အနေဖြင့် ချက်ချင်းပစ်မှတ်ထားခံရမည့် အဆီတဝင်းဝင်း၀က်သိုးကြီးများနှင့်မတူစေရန် ဟောင်းနွမ်းနေသော အဝတ်အစားအချို့ကိုလည်း ရှာဖွေထားဖို့ လိုအပ်နေပုံရသည်။
လွန်ခဲ့သောရက်အနည်းငယ်က လီဝမ်မြန်အား ခြောက်လှန့်ရန် သူခိုးအကြောင်း အသုံးပြုခဲ့သည်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ရက်အတွင်း ပျော်ရွှင်မှုများကြောင့် ထိုကိစ္စကိုလုံးဝ မေ့လျော့နေခဲ့၏။
သူမစကားကိုကြားလိုက်ရချိန်တွင် စုန့်ကျီပိုင် နောက်ဆုံး၌ ခေါင်းညိတ်ပြလာလေသည်။ သူမက အတင်းအကျပ် တောင်းဆိုနေခြင်းမဟုတ်ပေ။
သခင်မလေးသည် နားလည်မှုရှိဆဲပင်ဖြစ်သည်။
ရထားပေါ်တွင် စုတ်ချာသော အဝတ်အစားများကို ဝတ်ဆင်ရသည်မှာ ရှက်စရာကောင်းသည်ဟု သခင်မလေး ပြောလာမည်ကို သူစိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
လုရှီမန် အလျင်စလိုတိုက်တွန်းလိုက်၏။
“မြန်မြန် သွားဝတ်ကြည့်လိုက်ပါ”
စုန့်ကျီပိုင် အဝတ်အစားလဲရန်သွားနေချိန်တွင် လုရှီမန်က သူထုပ်ပိုးထားသော ခရီးဆောင်အိတ်များကိုကြည့်လိုက်သည်။ သူမ နှုတ်ခမ်းစူလိုက်ရင်း ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာခဲ့၏။
သူတို့က အဝေးပြေးရထားကိုစီးနင်းရမည်ဖြစ်ရာ ပစ္စည်းများပြားလွန်းပါက ဝန်ထုပ်ဝန်ပိုးများသာဖြစ်လာပေလိမ့်မည်။ လဲလှယ်ဝတ်ဆင်ရန် အဝတ်အစား နှစ်စုံ၊ ရေဘူး၊ ထမင်းချိုင့်နှင့် လုံလောက်သော ငွေကြေးများကိုသာယူဆောင်သွားရန် လိုအပ်သည်။
ထိုမျှဆိုလျှင် လုံလောက်ပြီဖြစ်သည်။
ထိုသို့တွေးတောရင်း သူမကရိုးရှင်းသော အဝတ်အစားနှစ်စုံကို ရွေးချယ်ကာ ဘေးသို့ပစ်ချလိုက်၏။ ထို့အပြင် မျက်နှာလိမ်းခရင်မ် တစ်ဘူး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပဝါ၊ ရေချိုးပဝါနှင့် ဖိနပ်တစ်ရန်တို့ကို ယူဆောင်ကာ အဝတ်အစားများဘေးတွင် ချထားလိုက်ပြီးနောက် သူမလက်များကို ခါယမ်းလိုက်သည်။
ခက်ခဲကြမ်းတမ်းသော ရက်အနည်းငယ်ကိုတော့ သူမ ကောင်းကောင်းရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
“ပြီးပြီ၊ ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်လေးပဲ”
ထိုအချိန်တွင် စုန့်ကျီပိုင်က အဝတ်အစားများကို လဲလှယ်ဝတ်ဆင်၍ထွက်လာခဲ့သည်။ လုရှီမန် စိတ်ကူးထားသည့်အတိုင်းပင် အဝတ်အစားများက သူနှင့် အံဝင်ခွင်ကျဖြစ်နေကာ အဝတ်ချိတ်တစ်ခုနှယ် လိုက်ဖက်နေလေသည်။
“ကြည့်ကောင်းသားပဲ၊ ငါ့ရဲ့ရွေးချယ်မှုတွေ တော်တော်လေးကောင်းနေတုန်းပဲ”
အဝတ်အစားများရော လူပါကြည့်ကောင်းနေခဲ့သည်။
သို့သော်လည်း စုန့်ကျီပိုင်က သူမ ရွေးချယ်ထားသော ပစ္စည်းများကို ကြည့်ရင်း မေးလိုက်သည်။
“ဒီပစ္စည်းတွေကို မယူသွားတော့ဘူးလား”
ထိုအရာများက မှုန်မှိုင်းနေပြီး သူမစတိုင်နှင့် လုံးဝမကိုက်ညီကြောင်း သေချာ၏။ လုရှီမန် ခေါင်းခါပြလိုက်သည်။
“ဒါတွေကလွဲပြီး တခြားဘာမှမယူတော့ဘူး၊ ကျွန်မတို့က ဟိုင်နန်ကျွန်းကိုသွားမှာလေ၊ နွေဦးပျော်ပွဲစားထွက်တာမှ မဟုတ်တာ၊ ပိုက်ဆံလုံလုံလောက်လောက် ပါရင်ရပြီ၊ ကျန်တဲ့ဟာတွေ အားလုံးကို စာတိုက်ကနေပဲပို့လိုက်လို့ရတယ်”
ပစ္စည်းများရောက်ရှိရန် အနည်းငယ် နှောင့်နှေးကြန့်ကြာနေလျှင်ပင် ကိစ္စမရှိပေ။ လိုရာခရီးသို့ ဆိုက်ရောက်ဖို့ကသာ အဓိကဖြစ်သည်။
ခရီးဆောင်အိတ် ပေါ့ပေါ့ပါးပါးဖြင့် ခရီးသွားရခြင်းက ပိုမိုသက်တောင့်သက်သာရှိစေမည်ဖြစ်သည်။
စုန့်ကျီပိုင်က လုရှီမန်အားမယုံကြည်နိုင်သော အကြည့်မျိုးဖြင့် ကြည့်လိုက်၏။ ဤစကားများက သူမနှုတ်ဖျားမှ အမှန်တကယ်ထထွက်ပေါ်လာခြင်းဖြစ်သည်။
“အဝတ်အစားတွေက ကောင်းပါတယ်၊ လောလောဆယ်တော့ ဒါလေးပဲဝတ်ထားလိုက်ပါ”
“တခြားပစ္စည်းတွေကို ကျွန်မစီစဉ်လိုက်မယ်၊ ပြီးရင် အားလုံးကို တစ်ခါတည်း စာတိုက်ကနေ ပို့လိုက်ကြတာပေါ့”
စုန့်ကျီပိုင် ကူကယ်ရာမဲ့စွာဖြင့်သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သခင်မလေးသည် အမှန်တကယ်ပင် သခင်မလေးပီသစွာ စိတ်ကူးပေါက်ရာ လျှောက်လုပ်တတ်သူဖြစ်၏။
နောက်ရက်အနည်းငယ်အတွင်း လုရှီမန်သည် သူမပစ္စည်းများကို စီစဉ်ခွဲခြားရင်း အချိန်ကုန်ဆုံးခဲ့သည်။
သင့်လျော်သော ပစ္စည်းများကို ထုပ်ပိုးထားပြီး မလိုအပ်သော အရာများကိုမူ အခြားသူများအား ပေးကမ်းရန် ဖယ်ထုတ်ထားခဲ့သည်။
အချိန်များက လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး နှစ်ဆယ့်ရှစ်ရက်နေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့၏။ ဝေ့စန်းလီက တဖြည်းဖြည်း ဟာလာဟင်းလင်း ဖြစ်လာသော အိမ်ကြီးကိုကြည့်ရင်း သူ့ရင်ထဲတွင်လည်း ဟာတာတာခံစားချက်ကြီး ဝင်ရောက်လာခဲ့သည်။
လုရှီမန်ကိုကြည့်ရင်း သူ့စိတ်ခံစားမှုများက ပိုမိုလှုပ်ရှားလာခဲ့သည်။
သူကစိုးရိမ်ပူပန်နေသော မိခင်အိုကြီးတစ်ဦးကဲ့သို့ မရပ်မနားပြောဆိုနေလေတော့၏။
“မန်မန်၊ ဒါတွေက သမီးအတွက် ဦးလေး လဲလှယ်ပေးထားတဲ့ နိုင်ငံတော်က ထုတ်ပေးတဲ့ စားနပ်ရိက္ခာလက်မှတ်တွေပဲ၊ ရထားပေါ်မှာ ဗိုက်ဆာခံပြီးမနေနဲ့နော်”
“သမီးအတွက် ကြက်ဥအချို့ကိုလည်း ပြုတ်ပေးထားတယ်၊ မနက်ဖြန် ရထားပေါ်ယူသွားဖို့၊ ဒီဘီစကွတ်တွေက သမီး ဗိုက်ဆာတဲ့အခါစားဖို့”
လုရှီမန်က သူ့ကိုရိုးသားစွာ ကျေးဇူးတင်စကားဆိုလိုက်ပြီး အရိုအသေပေးကာ ဦးညွှတ်လိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ဦးလေးဝေ့”
“မိုက်မဲလိုက်တဲ့ ကလေးလေး၊ ကျေးဇူးတင်စရာ မလိုပါဘူးကွယ်”
“စုန့်ကျီပိုင်က သမီးအပေါ်မကောင်းရင် ပြန်သာလာခဲ့၊ ဦးလေး သမီးကို စောင့်ရှောက်ပေးပါ့မယ်”
လုရှီမန် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်လေ၏။
“ဟုတ်ကဲ့ပါ၊ ကျွန်မ ဟိုရောက်ရင် ဦးလေးဆီ စာရေးလိုက်ပါ့မယ်၊ ပြီးတော့ ဟိုင်နန်ကျွန်းက ဒေသထွက်ကုန်တွေကိုလည်း ပို့ပေးလိုက်ပါဦးမယ်”
သူတို့နှစ်ဦးသည် ရထားထွက်ခွာမည့် အချိန်အထိ အချိန်အတော်ကြာအောင် စကားစမြည် ပြောဆိုနေခဲ့ကြပြီးနောက်မှသာ ဝေ့စန်းလီက အလျင်စလိုဆင်းသွားခဲ့လေသည်။
လုရှီမန်သည် ဝေ့စန်းလီ၏ပုံရိပ်လေး ပျောက်ကွယ်သွားသည်အထိ လက်လှမ်းပြနေခဲ့၏။
ရထားကြီး စတင်ရွေ့လျားသွားသည်နှင့်အတူ သူမသည်လည်း လုံးဝ အသစ်စက်စက် လမ်းကြောင်းတစ်ခုဆီသို့ ရည်မှန်းချက်အပြည့်ဖြင့် ခြေလှမ်းစတင်လိုက်တော့သည်။