← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

38

ဝေ့စန်းလီ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် လုရှီမန်တစ်ယောက် ရထားပေါ်ရှိ ထူးဆန်းလှသောအနံ့ဆိုးများကို ချက်ချင်းသတိပြုမိသွားလေသည်။

ဤအတွဲမှာ အိပ်စင်တွဲဖြစ်သော်ငြား ချွေးနံ့နှင့် ဆေးလိပ်နံ့များက သူမမျက်နှာပေါ်သို့ အရှိန်အဟုန်ပြင်းစွာရိုက်ခတ်လာသည်။

နေရာတစ်ခုလုံးမှာ မှောင်မည်းကာ အိုက်စပ်လှောင်ပိတ်နေပြီး လူကိုမွန်းကြပ်လာစေ၏။ အထက်၊ အလယ်နှင့် အောက်ထပ် အိပ်စင်များအားလုံးမှာ အလွန်တရာကျဉ်းမြောင်းလှပြီး လူတစ်ကိုယ်စာမျှသာ ဆံ့လေသည်။

အနီးသို့မကပ်ရသေးမီကပင် ဝါကြန့်ကြန့် အစက်အပြောက်များ စွန်းထင်းနေသော အိပ်ရာခင်းကြမ်းကြမ်းများဆီမှ မှိုနံ့များကိုရနေခဲ့ပြီဖြစ်သည်။

လုရှီမန် မျက်မှောင်ကြုတ်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ရင်း ဤအခြေအနေက သူမအတွက်တော့ သေမတတ်ခံစားရစေမည်ဖြစ်ကြောင်း တွေးတောလိုက်လေ၏။

စိတ်ပိုင်းဆိုင်ရာသာမက သူမ၏နုနယ်လှသောခန္ဓာကိုယ်လေးပါ ဤရထားပေါ်တွင် နာရီပေါင်းများစွာကြာအောင် တောင့်ခံနိုင်ပါ့မလားဆိုသည်မှာ စိုးရိမ်စရာပင်။

စုန့်ကျီပိုင်က သူမစိတ်အခြေအနေကို ကောင်းကောင်းနားလည်သော်လည်း ရထားပေါ်ရှိ အခြေအနေများကတော့ ရှိရင်းစွဲအတိုင်းသာဖြစ်သည်။ သူတို့အနေဖြင့် အကောင်းဆုံးကြိုးစားခဲ့ပြီးဖြစ်သည်။

“ရှီမန် ခဏလောက် ဒီမှာရပ်နေပေး၊ သိပ်မကြာခင် အဆင်သင့်ဖြစ်သွားလိမ့်မယ်”

အိပ်စင်တွဲဆိုသည်မှာ အကောင်းဆုံး အခြေအနေတစ်ခုဖြစ်သည်။ လက်ရှိတွင် သူတို့အခန်းငယ်လေးထဲ၌ ခရီးသည်လေးဦးသာရှိပြီး နေရာလွတ် နှစ်ခုကျန်ရှိနေသေးသဖြင့် အရမ်းကြီး ကျပ်လွန်းနေခြင်းတော့ မရှိသေးပေ။

အကယ်၍ ထိုင်ခုံတွဲသာဆိုလျှင် သူတို့တစ်တွေ လှုပ်ရှားနိုင်မည်ပင်မဟုတ်ချေ။

သူကဘေးအိတ်ထဲမှ လက်ကိုင်ပဝါတစ်ထည်ကိုဆွဲထုတ်ကာ ရေဆွတ်လိုက်ပြီး အပေါ်ထပ်အိပ်စင်သို့တက်၍ သေချာရှင်းလင်းလေသည်။

ထို့နောက် သေသေသပ်သပ်ခေါက်ထားသော အိပ်ရာခင်းတစ်ထည်ကို ဆွဲထုတ်ကာ မွေ့ရာပေါ်တွင် ခင်းကျင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် အပေါ်ထပ်အိပ်စင်မှာ များစွာသန့်ရှင်းသွားခဲ့သော်လည်း စောင်ကမူ မျက်စိနောက်စရာကောင်းနေဆဲပင်။

လုရှီမန်တစ်ယောက် ဤအရာများကို အံ့ဩတကြီးကြည့်နေစဉ်မှာပင် သူက အခြားအိပ်ရာခင်းတစ်ထည် ထပ်မံထုတ်ယူလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ဤအိပ်ရာခင်းတွင် ကြိုးလေးချောင်း ပါရှိပြီး ၎င်းတို့ကို စောင်၏ထောင့်လေးထောင့်တွင် ချည်နှောင်လိုက်ကာ သူမခန္ဓာကိုယ်နှင့်ထိတွေ့မည့် အစိတ်အပိုင်းကို သီးခြားကာကွယ်ပေးလိုက်လေသည်။

စုန့်ကျီပိုင်က သူမထံပြုံးပြလိုက်၏။ သခင်မလေးအနေဖြင့် သူနှင့်အတူ ဒုက္ခခံရမည်ဆိုလျှင်တောင်မှ အနည်းငယ်တော့ သက်တောင့်သက်သာပိုရှိသင့်ပေသည်။

“ရပြီ”

လုရှီမန် သူ့ကို ကျေးဇူးတင်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ သူမကိုယ်တိုင်ပင် ဤမျှလောက်အထိတွေးတောမိခြင်းမရှိခဲ့သော်လည်း စုန့်ကျီပိုင်ကမူ ဤအသေးအမွှားကိစ္စလေးများကိုပါ ထည့်သွင်းစဉ်းစားပေးခဲ့၏။ ဤအမျိုးသားက အလွန်တရာ အားကိုးရလွန်းသည်။

“စုန့်ကျီပိုင် ရှင်ကအရမ်းတော်တာပဲ”

မျက်နှာချင်းဆိုင်အိပ်စင်မှ အဖွားအိုတစ်ဦးဖြစ်သူ လင်ရှုဖျင်က စုန့်ကျီပိုင်အား ကျေနပ်အားရစွာဖြင့်ကြည့်လိုက်သည်။ အကယ်၍သာ သူ့၌ဇနီးသည်ရှိနေပြီဖြစ်ကြောင်းမတွေ့ခဲ့ရလျှင် သူမသမီးများနှင့် မိတ်ဆက်ပေးချင်မိမည်ဖြစ်သည်။

“ဟုတ်ပါ့ ကောင်မလေးရယ်၊ မင်းက ယောက်ျားရွေးတော်သားပဲ၊ အမြင်စူးရှတယ်”

‌အဖွားအိုဘေးမှ စွန်းလင်က အားရပါးရ ရယ်မောလိုက်၏။ သူကဲ့သို့ကြမ်းတမ်းသောအမျိုးသားတစ်ဦးက ဤသို့ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

လုပ်ဆောင်ရန်မဆိုထားနှင့် တွေးပင်တွေးမိမည်မဟုတ်ချေ။

“ငါသာ အဲဒီလိုမျိုးတွေလုပ်ပေးနိုင်ရင် မင်းလည်း ငါ့အပေါ် စိတ်ရောကိုယ်ပါပုံအောပြီး ချစ်သွားမှာပဲမဟုတ်လား”

လင်ရှုဖျင်က သူ့ကိုစူးရှစွာစိုက်ကြည့်လိုက်လေသည်။

“ရှင် အခုလုပ်ပေးနိုင်ရင်လည်း ကျွန်မက အသက်ရောကိုယ်ပါ ပုံအောပြီးချစ်မှာပါပဲ”

သူတို့စကားဝိုင်းကို နားထောင်ရင်း လုရှီမန်သည် ထိုဘက်သို့ကြည့်လိုက်လေသည်။ သူမတို့နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အသက်ငါးဆယ် ခြောက်ဆယ်အရွယ်ရှိ ဇနီးမောင်နှံနှစ်ဦးကို မြင်တွေ့လိုက်ရ၏။

သူတို့သည် ဆံပင်ဖြူများကို သေသေသပ်သပ်ဖြီးထားပြီး နေရင်းထိုင်ရင်းပြဿနာရှာတတ်မည့်သူများ မဟုတ်ဘဲ အသိုင်းအဝိုင်းကောင်းမှလာသူများနှင့် တူနေလေသည်။

လုရှီမန် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

“လူအကဲခတ်တဲ့နေရာမှာ ကျွန်မရဲ့ အမြင်က တော်တော်လေးကောင်းတာ အမှန်ပဲ”

စုန့်ကျီပိုင်က လုရှီမန်အားလှည့်ကြည့်လိုက်သည်။

“ဒါက ကျွန်တော်လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ၊ ဒီအောက်မှာထိုင်ချင်လို့လား”

လုရှီမန် ခဏငြိမ်သက်သွားပြီးနောက် ခေါင်းခါပြလိုက်သည်။ သူမက ဤပတ်ဝန်းကျင်ကြောင့် တစ်ကိုယ်လုံး ယားယံလာသလို ခံစားနေရ၏။

“ကျွန်မ အပေါ်ထပ်အိပ်စင်မှာပဲသွားနေတော့မယ်”

သူမ အပေါ်ထပ်အိပ်စင်သို့ တက်သွားချိန်တွင် စုန်းကျီပိုင်က ရေတစ်ဘူး ကမ်းပေးလိုက်ပြီး သရေစာအချို့ကို ပြင်ဆင်ကာ သူမဘေးတွင် စာအုပ်တစ်အုပ်ကို ချထားပေးလိုက်သည်။

သူ၏ဂရုစိုက်မှုများအောက်တွင် လုရှီမန်တစ်ယောက် အတွေးနယ်ချဲ့မိသွား၏။

“ပျင်းလာရင် ခဏ‌လောက်စာဖတ်နေလိုက်လေ”

လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။

‘သူက ရတနာသေတ္တာကြီးများလား၊ သူ့ဆီမှာ အရာအားလုံးရှိနေတာပဲ'

ထိုသို့တွေးတောနေစဉ်မှာပင် အခြားလူနှစ်ဦးက အခန်းအတွင်းသို့ ရုတ်တရက် ဝင်ရောက်လာကြသည်။ လွတ်နေသော ကုတင်များကို မြင်လိုက်ရချိန်တွင် ကလေးငယ်၏မျက်လုံးများက အရောင်လက်သွားခဲ့၏။

“အဖွား၊ ဒီနေရာလေးက ကောင်းတယ်၊ သား ဒီမှာပဲနေချင်တယ်”

အဘွားအိုကလည်း ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

“အဖွားရဲ့မြေးလေးက အရမ်းတော်တာပဲ၊ နေရာကောင်းကို ဘယ်လိုရှာရမလဲဆိုတာ သိတယ်၊ သားက အနာဂတ်မှာမြို့ပေါ်တက်ပြီး အရာရှိကြီးဖြစ်လာမယ့်သူပဲ”

လုရှီမန်မျက်ခုံးများ ကြုံ့သွားခဲ့သည်။

သူမသည် အလိုလိုက်ခံထားရသော ကလေးဆိုးတစ်ဦးနှင့် ကြုံတွေ့ရတော့မည်ဟု အဘယ်ကြောင့်ခံစားနေရသနည်း။

ထိုသူနှစ်ဦး၏အသံကို ကြားလိုက်ရချိန်တွင် သက်ကြီးရွယ်အိုဇနီးမောင်နှံသည်လည်း မျက်မှောင်ကြုတ်သွားကြပြီး စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ကြသည်။ ကလေးငယ်က အပေါ်ထပ်ရှိလုရှီမန်၏နေရာကို လက်ညှိုးထိုးပြလေ၏။

“အဖွား၊ ဟိုနေရာက ပိုကောင်းတယ်၊ အိပ်ရာခင်းတွေက ဖြူဖွေးနေတာပဲ၊ သား အဲဒီမှာအိပ်ချင်တယ်”

ကလေးငယ်၏မျက်လုံးထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားခဲ့သည်။ သူ့အဘွားဖြစ်သူက သူ့အတွက်မယူဆောင်ပေးနိုင်သောအရာဟူ၍ မရှိခဲ့ပေ။

နှစ်ပေါင်းများစွာကြာအောင် သူလိုချင်သမျှကို ရရှိခဲ့သည်ချည်းသာပင်။

“ပြီးတော့ အစားအသောက်တွေလည်း ရှိတယ်၊ သား အဲဒါတွေပါလိုချင်တယ်”

အဘွားအိုက လုရှီမန်အားမျက်လုံးမှေးကျဉ်းကာကြည့်လိုက်လေသည်။ သူမက ကလေးတစ်ယောက်မဟုတ်တော့ပေ။

“ဒီမှာ ခဏစောင့်နေ၊ အဖွား သွားယူပေးမယ်”

လုရှီမန် နှာခေါင်းရှုံ့လိုက်လေသည်။

ရထားပေါ်တက်တက်ချင်းမှာပင် စံပြပုဂ္ဂိုလ်များနှင့် ကြုံတွေ့နေရပြီပင်။ သူမ တည်ငြိမ်စွာပင် ညွှန်ကြားလိုက်လေသည်။

“စုန့်ကျီပိုင်၊ ရထားတာဝန်ခံကိုခေါ်ပြီး သူတို့ကို မောင်းထုတ်ခိုင်းလိုက်”

အဘွားအိုက စကားကိုခပ်ပြတ်ပြတ်ပင် ဆိုလာလေသည်။

“ကောင်မလေး၊ မင်းက ငယ်ပါသေးတယ်၊ ဒီလောက် ကောင်းမွန်တဲ့အရာတွေ မလိုသေးပါဘူး၊ မင်းရဲ့ဒီအိပ်ရာက တော်တော်လေး ကောင်းပုံရတယ်၊ ငါက အသက်အရွယ်ရနေတဲ့အဘွားအိုတစ်ယောက်ဆိုတော့ ဟိုထိုင်ခုံတွဲတွေမှာ ဘယ်လိုလုပ်သွားထိုင်နိုင်ပါ့မလဲ၊ ဥက္ကဋ္ဌကြီးရဲ့ညီညွတ်ရေးနဲ့ အပြန်အလှန် ကူညီရိုင်းပင်းရေး ခေါ်ယူမှုကို တုံ့ပြန်တဲ့အနေနဲ့ မင်းရဲ့နေရာကို ငါ့ဆီပေးရမယ်၊ နောက်ပြီး ငါ့ရဲ့ယောင်ဇူက ငယ်ငယ်လေးရှိသေးတော့ ကြီးထွားလာမယ့် အရွယ်ရောက်နေပြီလေ၊ မင်းရဲ့ဒီသရေစာတွေကို ငါ့ယောင်ဇူအတွက် မပေးချင်ဘူးလား”

သူမ စကားပြောရင်းနှင့်ပင် အိပ်စင်ဘေးရှိသကြားလုံးများနှင့် ဘီစကွတ်များကို လှမ်းယူရန်လက်လှမ်းလိုက်လေ၏။ စုန့်ကျီပိုင်၏မျက်နှာအမူအရာက ချက်ချင်းပင်မှောင်မည်းသွားခဲ့သည်။

သူမလက်ရှေ့တိုးလာသည်နှင့်တစ်ပြိုင်နက် သူကအင်အားပြင်းပြင်းဖြင့် ရိုက်ချလိုက်လေသည်။ သူ့လေသံမှာ အလွန်တရာအေးစက်မာကြောနေခဲ့၏။

“ခင်ဗျားအသားက ဘယ်လောက်တောင် ထူနေတာလဲ၊ အကျိုးအမြတ်တိုင်းကို ခင်ဗျားကိုပဲဘာလို့ပေးရမှာလဲ၊ ခင်ဗျားနဲ့ ခင်ဗျားရဲ့ယောင်ဇူက ကိုယ်ပေါက်ထားတဲ့သေးအိုင်ထဲ ကိုယ်ပြန်ကြည့်သင့်တယ်၊ ခင်ဗျားရဲ့ခန္ဓာကိုယ်က ဝက်မကြီးတစ်ကောင်ထက်တောင် သန်မာနေသေးတယ်၊ အပြင်ထွက် နေရာလုဖို့အထိ သန်မာနေပြီးတော့မှ ထိုင်ခုံမှာကျမထိုင်နိုင်ဘူးလား၊ ခင်ဗျား တကယ်မထိုင်နိုင်ဘူးဆိုရင် အိပ်စင်လက်မှတ်ကို ဘာလို့မဝယ်ခဲ့တာလဲ”

လုရှီမန် မျက်လုံးလှန်ပြလိုက်လေသည်။ ယောင်ဇူ မိသားစုတစ်ခုလုံးကတော့ တစ်မူထူးခြားနေတော့သည်။ အဘွားအိုက ရိုက်ချခံလိုက်ရသည်နှင့် ကြမ်းပြင်ပေါ်သို့ လှဲချကာ အခွင့်ကောင်းယူ၍ ပြဿနာရှာလေတော့၏။

“အား ငါ့လက်ကျိုးသွားပြီ၊ နင်တို့အားလုံး ငါ့ကိုလျော်ကြေးပေးရမယ်”

ကလေးငယ်ကလည်း အော်ဟစ်လိုက်လေသည်။

“အဖွား ဘာဖြစ်သွားတာလဲ၊ ခင်ဗျားတို့ လူဆိုးတွေက အဖွားကိုအနိုင်ကျင့်တယ်၊ ခင်ဗျားတို့အားလုံး သေသင့်တယ်၊ ရထားစီးတာကို အိပ်ရာခင်း သန့်သန့်လေးတွေသုံးပြီး သကြားလုံးတွေ၊ ဘီစကွတ်တွေ စားနေတာ ခင်ဗျားတို့က အရင်းရှင်တွေပဲ၊ အရင်းရှင်တွေက ဆင်းရဲတဲ့တောင်သူလယ်သမားတွေကို အနိုင်ကျင့်နေတာပဲ”

ယောင်ဇူက သူတို့ကိုတင်းမာသော မျက်နှာထားဖြင့် ကြည့်နေချိန်တွင် အဘွားအိုကမူ သူမ၏နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အတွေ့အကြုံများကို အသုံးချကာ သင့်လျော်သော အားနည်းချက်များကို ရှာဖွေနေလေသည်။

ဤကဲ့သို့သော စွပ်စွဲချက်များကိုသာ ဆုပ်ကိုင်ထားနိုင်မည်ဆိုပါက သူမသည် မည်သူ့ကိုမျှအရှုံးပေးစရာမလိုတော့ပေ။

သူမက ဤသန့်ရှင်းသောအိပ်စင်နေရာကို လိုချင်ပြီး ထိုသရေစာများကိုလည်း လိုချင်နေသည်။ ဤလူငယ်နှစ်ဦးလောက်ကိုတော့ ကြောက်ရွံ့နေစရာ အကြောင်းမရှိချေ။

လင်ရှုဖျင်နှင့် စွန်းလင်တို့မျက်နှာအမူအရာများ အပြင်းအထန် ပြောင်းလဲသွားခဲ့သည်။

“အဘွားကြီး၊ ခင်ဗျားစကားတွေကို အဲဒီလိုပေါက်ကရလျှောက်ပြောလို့ မရဘူးနော်”

တစ်စုံတစ်ဦးကို အရင်းရှင်ဟုတံဆိပ်ကပ်ခြင်းသည် သူတို့ဘဝများကို ဖျက်ဆီးရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။ စွန်းလင်က ထပ်မံ၍ သတိပေးစကား ဆိုလိုက်သည်။

“ကိုယ့်အတွက် သတ်မှတ်ထားတဲ့နေရာမှာ ကိုယ်ထိုင်တာက တော်လှန်ရေး စည်းကမ်းပဲ”

အဘွားအို၏မျက်နှာ မှောင်မည်းသွားခဲ့သည်။ ဤလူများက သူတို့နှင့်မသက်ဆိုင်သော ကိစ္စရပ်များတွင် အမှန်တကယ်ပင် ဝင်ရောက်စွက်ဖက်နေကြခြင်းဖြစ်သည်။

“ဘာစည်းကမ်းလဲ၊ ငါက ဘယ်လိုလုပ်သိမှာလဲ”

လုရှီမန် အေးစက်စွာနှာခေါင်းရှုံ့လိုက်လေ၏။

“စုန့်ကျီပိုင်၊ ကျွန်မတို့ရဲ့ပစ္စည်းတွေကို ကူကြည့်ပေးထားဦး၊ ကျွန်မ ရထားတာဝန်ခံကို သွားရှာလိုက်မယ်၊ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ ရှင်းသွားမှာပါ”

သူမ အောက်သို့ဆင်းလာချိန်တွင် ယောင်ဇူသည်လည်း အထိတ်တလန့် ဖြစ်သွားခဲ့သည်။

“ခင်ဗျား သွားခွင့်မရှိဘူး၊ ခင်ဗျားသွားရင် အဖေ့ကိုသေနတ်နဲ့ ပစ်သတ်ခိုင်းမယ်၊ ကျွန်တော့်အဖေက စစ်တပ်ထဲက အရာရှိကြီးပဲ”

ဤစကားများကိုကြားလိုက်ရချိန်တွင် လူတိုင်းက ရယ်မောလိုက်ကြလေသည်။ မည်မျှပင်အဆင့်မြင့်သော အရာရှိဖြစ်ပါစေ ဤကဲ့သို့သောမိခင်နှင့်သားမျိုးရှိနေပါက ကယ်တင်၍မရနိုင်တော့ပေ။

ရဲဘော်ရဲဘက်များနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းရန်မဆိုထားနှင့် လူတိုင်းကိုစော်ကားမိလျက်သားဖြစ်နေတော့မည်မှာ သေချာလှသည်။ လုရှီမန် လှောင်ပြောင်လိုက်ပြီး သူမမျက်လုံးထဲတွင် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေခဲ့၏။

“ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ အရာရှိအာဏာပါလိမ့်”

သူမက ရှေ့တည့်တည့်သို့ကြည့်ကာ ထိုသူနှစ်ဦးကိုကျော်၍ လျှောက်သွားလိုက်လေသည်။ အဘွားအိုမှာ အထိတ်တလန့် ဖြစ်နေသော်လည်း ခေါင်းမာနေဆဲဖြစ်၏။

“ကောင်မလေး မင်းက ဘာလို့ဒီလောက်တောင် ဒေါသကြီးရတာလဲ၊ ဘာလေးဖြစ်ဖြစ် ရထားတာဝန်ခံကို ပြေးရှာဖို့ပဲ သိနေရအောင် မင်းကိုယ်မင်း နို့စို့အရွယ် ကလေးလေးများမှတ်နေလား”

အကယ်၍ ရထားတာဝန်ခံနှင့်တွေ့ဆုံရပါက သူမအမှားဘက်သို့ ရောက်သွားမည်ဖြစ်သည်။ ဤကိစ္စကို တိတ်တဆိတ် ဖြေရှင်းလိုက်သည်က အကောင်းဆုံးပင်။

ဤမိန်းကလေးက မာကျောသော ကျောက်ဆောင်တစ်လုံးမှန်းကြိုသိခဲ့လျှင် သူမအနေဖြင့် အခြားတစ်ယောက်ကိုသာ ရွေးချယ်မိမည်ဖြစ်သည်။

ဆူညံသံများကြောင့် ရထားတာဝန်ခံ အမျိုးသမီးက လျှောက်လာခဲ့သည်။ သူမက ကြမ်းပြင်ပေါ်တွင်လဲကျနေသော အဘွားအိုကိုကြည့်ကာ ပြတ်ပြတ်သားသား ပြောဆိုလိုက်လေသည်။

“ကိုယ့်နေရာကို ကိုယ်ပြန်သွားပါ၊ အများပြည်သူတည်ငြိမ်အေးချမ်းမှုကို ဆက်ပြီး နှောင့်ယှက်နေဦးမယ်ဆိုရင်တော့ ရဲစခန်းကိုအကြောင်းကြားရုံကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ဘူး”

ဤကဲ့သို့သောကိစ္စရပ်များက မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိရာ သူမသည်ပင် ရိုးအီနေခဲ့ပြီဖြစ်၏။

ရဲစခန်းဟူသောစကားကို ကြားလိုက်ရချိန်တွင် အဘွားအိုက ကမန်းကတန်းထရပ်လိုက်ပြီး ယောင်ဇူကိုတင်းကြပ်စွာ ဖက်ထားရင်း ပွစိပွစိရေရွတ်ကာထွက်ခွာသွားလေတော့သည်။

“ဒီခေတ်လူငယ်တွေက အတော်ဆိုးလာတာပဲ”

လုရှီမန် မျက်လုံးလှန်ပြလိုက်လေသည်။ ယ‌နေ့ခေတ်သက်ကြီးရွယ်အိုတွေကို သူမလည်း ဆဲပစ်ချင်နေမိသည်။

ဤအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် အခန်းငယ်လေးအတွင်းရှိ လူအနည်းငယ်မှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ ဤတိတ်ဆိတ်မှုကိုဖြေလျှော့ရန် အကောင်းဆုံးနည်းလမ်းမှာစားသောက်ခြင်းပင်။

လင်ရှုဖျင် ပြုံးရွှင်စွာဖြင့် မေးမြန်းလာခဲ့သည်။ ဤမိန်းကလေးက စိတ်ထားကောင်းမွန်ပြီး အစားအသောက် အနည်းငယ်လောက် ခွဲဝေရခြင်းက တန်ဖိုးကြီးမားလွန်းလှသည်မဟုတ်ပေ။

“အဟမ်း ကောင်မလေး၊ အဒေါ်တို့ရဲ့ သကြားမုန့်ကင်လေးနည်းနည်းလောက် မြည်းကြည့်ချင်လား”

All Chapters