အခန်း ၃၉
Vol. 4 Ch. 39
39
သူမက ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသော သကြားမုန့်ကင်များကို ထုတ်ယူလိုက်လေသည်။ မုန့်များက ပူနွေးမနေတော့သော်ငြား ချိုအီအီရနံ့လေးများကတော့ သင်းပျံ့နေဆဲဖြစ်ကာ စားချင်စဖွယ် ကောင်းနေသေး၏။
သူမက မုန့်များကို ကမ်းပေးလိုက်ရင်း ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်လေသည်။
“အဒေါ် ယန်ချန်ကို သွားမယ်ဆိုတာသိလို့ မိတ်ဆွေဟောင်းတစ်ယောက်က အထူးတလည် လုပ်ပေးလိုက်တဲ့ သကြားမုန့်ကင်လေးတွေပါ၊ မြည်းကြည့်ကြမလား”
ရွှေဝါရောင်သန်းကာ ကြွပ်ရွနေပုံရသော သကြားဆီမုန့်ကင်များက လုရှီမန်၏ခံတွင်းကို ချက်ချင်းပင် မြိန်လာစေသည်။
သူမတွင် ငွေကြေးနှင့် စားနပ်ရိက္ခာလက်မှတ်များပြတ်လပ်နေခြင်း မရှိသော်လည်း ရှန်ဟုန်မိန်အိမ်အကူလုပ်စဉ်က ဤကဲ့သို့သောသရေစာများကို ပြုလုပ်ပေးရန် ပျင်းရိနေခဲ့ပြီး နိုင်ငံတော်ပိုင်စားသောက်ဆိုင်တွင်လည်း ဤမုန့်မျိုးကိုရှားရှားပါးပါးသာ ပြုလုပ်လေ့ရှိ၏။
သူမအနေဖြင့် ဆီကြော်စာများမစားရသည်မှာ အတော်လေးကြာမြင့်နေပြီဖြစ်သည်။
သူမ တံတွေးမြိုချလိုက်ပြီး မျက်ဝန်းများထဲတွင် တုံ့ဆိုင်းမှုအရိပ်အယောင်လေးများ ဖြတ်ပြေးသွားခဲ့သည်။ ၎င်းကိုမြင်လိုက်ရချိန်တွင် လင်ရှုဖျင် အသာပြုံးလိုက်ပြီး လုရှီမန်လက်ထဲသို့ မုန့်တစ်ချပ်အတင်းထိုးထည့်ပေးလိုက်လေ၏။
“စားသာစားပါကွယ်၊ ဒါက တန်ဖိုးကြီးတဲ့အရာမှ မဟုတ်တာ”
စကားပြောရင်းနှင့်ပင် သူမက စုန့်ကျီပိုင်ကိုလည်း မုန့်တစ်ချပ်ကမ်းပေးလိုက်ပြီး ကျန်ရှိနေသည်များကို သူမခင်ပွန်းဖြစ်သူနှင့် ဝေမျှစားသောက်လိုက်လေသည်။
လုရှီမန်သည် လူမှုဆက်ဆံရေးနားမလည်သူတစ်ဦးမဟုတ်ပေ။ တစ်ဖက်လူက တန်ဖိုးကြီးသည့်အရာမဟုတ်ဟု ပြောဆိုထားပြီးဖြစ်ရာ ငွေပေးလျှင်လည်း လက်ခံမည်မဟုတ်ကြောင်း သေချာသဖြင့် အစားအသောက်အချို့ကို ပြန်လည်ဝေမျှပေးခြင်းက ပို၍သင့်လျော်ပေမည်။
“ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မအိတ်ထဲမှာ စည်သွပ်ဘူးလေးတွေပါသေးတယ်၊ ခဏနေရင် အတူတူစားကြတာပေါ့”
သူမအိတ်ထဲတွင် အမှန်တကယ်ပင် စည်သွပ်ဘူးများပါရှိနေသည်မို့လို့ စုန့်ကျီပိုင် သံသယဝင်လာမည်ကိုတော့ စိုးရိမ်နေစရာမလိုပေ။
လင်ရှုဖျင် ပြန်တုံ့ပြန်လိုက်လေသည်။
“ကောင်မလေးက အရမ်းအားနာတတ်တာပဲ”
ကြွပ်ရွနေသော အပေါ်ယံလွှာလေး၏ အတွင်းဘက်တွင် ချိုမြိန်သော ကြံသကာအဆာပလာများ ပါဝင်နေသည်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် သွားကျိန်းလောက်အောင် ချိုမြိန်လွန်းလှသော်လည်း ဆီနှင့် သကြားတို့၏ပေါင်းစပ်မှုက လုရှီမန်ရင်ထဲတွင် ပျော်ရွှင်မှုများပြည့်လျှံသွားစေ၏။
သူမက စားသောက်ရင်း အရသာခံကာ မျက်လုံးလေးများကို မှိတ်ထားလိုက်လေသည်။
“အရမ်းစားလို့ကောင်းတာပဲ၊ ဒီလက်ရာက နိုင်ငံတော်ပိုင်စားသောက်ဆိုင်က စားဖိုမှူးကြီးရဲ့လက်ရာထက်တောင် ပိုကောင်းနေသေးတယ်”
သူမ၏ကျေနပ်အားရနေသော အမူအရာကိုမြင်လိုက်ရချိန်တွင် လင်ရှုဖျင် ရယ်မောလိုက်လေသည်။ သူမက မိမိကိုယ်ကို အရင်မိတ်ဆက်လိုက်ပြီးနောက် သူတို့နှစ်ဦးကိုကြည့်လိုက်၏။
“ဒါပေါ့ကွယ်၊ ဒီလက်ရာက ထိပ်တန်းအဆင့်ပဲလေ၊ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းကစပြီး သူ့မိသားစု သကြားမုန့်ကင်တွေရောင်းခဲ့တာဆိုတော့ ဒီပညာက ဒီလိုပဲလက်ဆင့်ကမ်းလာခဲ့တာပေါ့၊ ဒါနဲ့ ကောင်မလေး အဒေါ်တို့ကသမီးတို့ နာမည်တွေကို မသိရသေးဘူးနော်၊ အဒေါ့်ခင်ပွန်းက စွန်းလင်တဲ့၊ အဒေါ်ကတော့ လင်ရှုဖျင်ပါ၊ အဒေါ်တို့လင်မယားနှစ်ယောက်က ယန်ချန်က သားဖြစ်သူဆီ သွားကြမလို့လေ”
လုရှီမန် တိုတိုတုတ်တုတ်ပင်မိတ်ဆက်ပေးလိုက်လေသည်။
“ကျွန်မက လုရှီမန်ပါ၊ သူကတော့ စုန့်ကျီပိုင်”
သကြားမုန့်ကင်လေးကို အစပျိုးကာ စကားစမြည်ပြောဆိုလိုက်ကြရာ သူတို့အကြားရှိလေထုမှာ များစွာပေါ့ပါးသွားခဲ့ပြီး သူတို့စကားဝိုင်းလေးကလည်း ပိုမိုသက်တောင့်သက်သာရှိလာခဲ့၏။
လင်ရှုဖျင်၏အိမ်နီးချင်းများအကြောင်း အတင်းအဖျင်းစကားများနှင့် စွန်းလင်၏စိတ်အားထက်သန်စွာ သီဆိုပြနေသော ကျားတောင်ကို ဗျူဟာဖြင့် သိမ်းပိုက်ခြင်းသီချင်းသံများကြားတွင် သူတို့တစ်တွေပျော်ရွှင်ဖွယ်ကောင်းသော စကားဝိုင်းလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ကြသည်။
သို့သော်လည်း မည်သို့ပင်ဖြစ်စေ ရထားဖြင့် ခရီးသွားရခြင်းမှာ ပင်ပန်းနွမ်းနယ်စရာ ကောင်းနေဆဲပင်။
ပါလာသော ရိက္ခာခြောက်များကို စားသောက်ပြီးနောက် လူတိုင်းမှာ သိသိသာသာပင် အားအင်ကုန်ခမ်းလာကြသည်။
လုရှီမန်တစ်ယောက် ညှိုးနွမ်းနေခဲ့သည်။ လင်ရှုဖျင်နှင့် သူမခင်ပွန်းတို့သည်လည်း အသက်အရွယ်ကြီးရင့်သူများဖြစ်ကြသည်နှင့်အညီ ခွန်အားများ ဆုတ်ယုတ်လာသလိုခံစားလာရ၏။
စုန့်ကျီပိုင်တစ်ဦးတည်းသာ အခြေအနေ ကောင်းမွန်နေခဲ့ပြီး အချိန်ဖြုန်းရန်အတွက် စာအုပ်တစ်အုပ်ကို လှန်လှော်ဖတ်ရှုနေလေသည်။
စုန့်ကျီပိုင်၏စူးစမ်းလိုသောအကြည့်များနှင့် ဆုံတွေ့လိုက်ရချိန်တွင် လုရှီမန်က အပေါ်ထပ်အိပ်စင်မှဆင်းလာရင်း တိုးတိုးလေးပြောလိုက်သည်။
“ကျွန်မ အိမ်သာသွားလိုက်ဦးမယ်”
ရထားအိမ်သာဆိုသည်မှာ အိပ်မက်ဆိုးတစ်ခုပင်။ ရက်ကန်းအိတ်ကြီးများအားဖြတ်ကျော်ကာ အတားအဆီးများစွာကို ကျော်လွှားပြီးနောက် နောက်ဆုံးတွင်တော့ သူမတံခါးဝသို့ ရောက်ရှိသွားခဲ့သည်။
သံချေးတက်နေသော တံခါးကိုတွန်းဖွင့်လိုက်ချိန်တွင် အနံ့အသက်ဆိုးများက သူမမျက်နှာဆီသို့ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်လာလေတော့သည်။
လုရှီမန် တံခါးကိုပြန်ပိတ်လိုက်ပြီး ကိစ္စအမြန်ဖြတ်ရန် အသက်အောင့်ထားလိုက်ချိန်မှာပင် အနီးအနားမှတရှပ်ရှပ်မြည်သံတစ်သံကို ကြားလိုက်ရလေသည်။
“အစ်ကိုကြီး၊ ဒါဆို ကျွန်တော်တို့ရဲ့ဒီပစ္စည်းတွေက”
“ပါးစပ်ပိတ်ထားစမ်း၊ ဒီနေရာက အိမ်သာကွ၊ ဒီအကြောင်းတွေပြောဖို့ အချိန်မဟုတ်ဘူး”
တိုးညှင်းစွာထွက်ပေါ်လာသော အမျိုးသားတစ်ဦးအသံကြောင့် လုရှီမန် မျက်မှောင်ကျုံ့သွားခဲ့သော်လည်း သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
အိမ်သာများဆိုသည်မှာ ထောက်လှမ်းရေးအေဂျင်စီများကဲ့သို့ပင်ဖြစ်ရာ နေရာတိုင်းတွင်ထိုသို့ပင်ဖြစ်လေ့ရှိသည်။
ကိစ္စပြီးမြောက်သွားပြီးနောက် သူမသည် အတောင်ပံပေါက်နေသူတစ်ဦးနှယ် အပြေးအလွှားထွက်ပြေးလာခဲ့လေသည်။
နောက်လာမည့် ရက်အနည်းငယ်အတွင်း သူမအစားကို လျှော့စားပြီး အိမ်သာကို အတတ်နိုင်ဆုံးမသုံးရန် ကြိုးစားရပေတော့မည်။ ဤအရာက တကယ့်ကို သေမတတ်ခံစားရစေ၏။
သူမ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ဘေးကပ်လျက်အိမ်သာခန်းပွင့်လာခဲ့သည်။ မီးခိုးရောင်ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက တံခါးဖွင့်ကာ သူမထွက်သွားသည်ကို မျက်လုံးမှေးကျဉ်းလျက်စောင့်ကြည့်နေခဲ့၏။
“မိန်းမငယ်လေး တစ်ယောက်ပါဗျာ၊ အစ်ကိုကြီးက အရမ်းသတိထားလွန်းနေပြီ”
သူက ထိုအမျိုးသားကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး ခြေထောက်ဖြင့်တစ်ချက်ကန်လိုက်ကာ ရထားတွဲတစ်ခုအတွင်းသို့တိုးဝင်၍ လူအုပ်ထဲ ပျောက်ကွယ်သွားလေသည်။
“သတိထားတာ မမှားဘူး၊ သွားပြီးဝင်ရောနေလို့ရမယ့် ရထားတွဲတစ်ခုကို သွားရှာချေ၊ ငါတို့ ခွဲပြီးလှုပ်ရှားကြမယ်”
သူသက်ပြင်းချလိုက်ပြီး တင်ပါးကို ပွတ်ကာ ညည်းညူရင်း အပြင်သို့ထွက်လာခဲ့လေသည်။
“ဟူး၊ သနားစရာ ငါ့ဘဝပါလား”
သူက ထိုလူများကိုလှမ်းကြည့်ကာ နှုတ်ခမ်းမဲ့လိုက်လေ၏။ ထိုလူအုပ်ကြီးကြားတွင် သူမပုန်းအောင်းချင်ပေ။ အလွန်တရာကြောက်မက်ဖွယ်ကောင်းပုံရသည်။
လုရှီမန် ထိုကိစ္စကို ရင်ထဲတွင်သိပ်မထားခဲ့ပေ။ သူမ အခန်းတွင်းသို့ပြန်ရောက်လာပြီးနောက် လက်ဆေးကာ မေးထောက်လျက် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
သူမ၌လက်ကိုင်ဖုန်းရှိစဉ်အချိန်ကပင် အစိမ်းရောင်ရထားကြီးကို စီးနင်းရသည်မှာ အိပ်မက်ဆိုးတစ်ခုလိုခံစားခဲ့ရသည်ဖြစ်ရာ ယခုကဲ့သို့ မည်သည့်အရာမှမရှိတော့သည့်အချိန်တွင်မူ ပို၍ပင် ဆိုးရွားနေတော့၏။
စုန့်ကျီပိုင်က သူမသက်ပြင်းချနေသည်ကိုကြည့်ရင်း လိမ္မော်သီးတစ်လုံးကို မျက်လှည့်ပြသကဲ့သို့ ထုတ်ယူလိုက်လေသည်။
“တစ်ခုခု စားချင်လို့လား”
သခင်မလေး အချိန်ကုန်လွယ်စေရန်အတွက် သူကသရေစာ အမြောက်အမြားကို ပြင်ဆင်လာခဲ့ပြီး သူမအနေဖြင့် ခရီးစဉ်ကိုကြံ့ကြံ့ခံနိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။
လုရှီမန် သက်ပြင်းချရင်း လိမ္မော်သီးကို လှမ်းယူလိုက်၏။ အခွံနွှာနေစဉ်မှာပင် တစ်ဝက်ကို သူ့ထံသို့ကမ်းပေးလိုက်လေသည်။
“စုန့်ကျီပိုင် ကျွန်မတို့ရောက်ဖို့ ဘယ်လောက်တောင်လိုသေးလဲ”
စုန့်ကျီပိုင်က နှုတ်ခမ်းတင်းတင်းစေ့လိုက်လေသည်။ ဤရထားခရီးစဉ်က နာရီသုံးဆယ်ကြာမြင့်မည်ဖြစ်ပြီး ယခုမှ နာရီအနည်းငယ်သာရှိသေးသည်ပင်။
“ထားလိုက်ပါတော့၊ ကျွန်မ တစ်ရေးလောက်အိပ်လိုက်ဦးမယ်”
မေးပြီးသည်နှင့်တစ်ပြိုင်နက် လုရှီမန်တစ်ယောက် အလကားနေရင်း မေးလိုက်မိသလို ခံစားလိုက်ရသည်။
နာရီနှစ်ဆယ်ကျော်ပင် လိုနေသေးရာ သူမ တောင့်ခံထားရဦးမည်။
သူမ စကားပြောနေစဉ်မှာပင် ရေတပ်ပြာရောင်ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး အခန်းတွင်းသို့ဝင်ရောက်လာခဲ့သည်။ သူက အနည်းငယ်ဝဖြိုးပြီး ရိုးအေးမည့်ပုံ ပေါက်နေလေ၏။
သူက အပြစ်ကင်းစင်စွာရယ်မောလိုက်ရာ ပို၍ပင်ရိုးသားပုံပေါ်နေလေသည်။
“မင်္ဂလာပါဗျာ၊ ကျွန်တော်ဒီအစွန်လေးမှာထိုင်လို့ရမလား၊ ဟိုဘက်မှာက တကယ့်ကို …”
လုရှီမန် မျက်ခုံးအသာကြုံ့သွားခဲ့သည်။ သူမ အနံ့ခံကြည့်လိုက်သည်။ ဤအနံ့... အိမ်သာထဲက အနံ့ပင်။
ဤအသံကရော အဘယ်ကြောင့်ရင်းနှီးနေရသနည်း။
စွန်းလင် မျက်မှောင်ကြုတ်လိုက်သော်လည်း ထိုအမျိုးသားက ယဉ်ကျေးသူဖြစ်သဖြင့် အမြင်ကပ်စရာတော့ မကောင်းခဲ့ပေ။
“ဒါဆိုရင်လည်း တံခါးနားကလူသွားလမ်းဘေးမှာပဲ နေလိုက်လေ”
သူ့စကားပြောစွမ်းရည်များကို အသုံးချကာ အခန်းတွင်း၌တက်ကြွစွာ စကားစမြည်ပြောဆိုနေလေတော့သည်။
“တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ၊ အိပ်စင်လက်မှတ်မဝယ်လိုက်ရတာ နှမြောစရာပဲ၊ မဟုတ်ရင်တော့…”
လုရှီမန်သည် အပေါ်ထပ်အိပ်စင်ပေါ်တွင် မျက်မှောင်ကြုတ်လျက်ထိုင်နေခဲ့သည်။ သူမခေါင်းထဲတွင် စောစောက အိမ်သာထဲတွင်ကြားခဲ့ရသော စကားများဖြင့် ပြည့်နှက်နေခဲ့၏။ မည်သို့သောကိစ္စရပ်မျိုးက ဤမျှလောက်အထိ သတိထားရန်လိုအပ်နေရသနည်း။
သူစကားပြောနေသော အမျိုးသားကရော မည်သူနည်း။
သူမက သူ့ကိုသံသယများဖြင့် ခဏတာမျှသေချာစောင့်ကြည့်နေခဲ့သော်လည်း ထူးဆန်းစွာပင် ထိုအမျိုးသားထံမှ မည်သည့် ထူးခြားသောလက္ခဏာရပ်များကိုမျှ မတွေ့ရှိခဲ့ရပေ။
သူတို့တွင် ပစ္စည်းများစွာပါလာပြီး ရထားပေါ်တွင်လည်း သူခိုးများ ပေါများလွန်းလှသည်။ သူတို့အနေဖြင့် အချိန်တိုင်း နိုးနိုးကြားကြားရှိနေဖို့ လိုအပ်ပေ၏။
“စုန့်ကျီပိုင် ကျွန်မ ခဏလောက်အိပ်လိုက်ဦးမယ်၊ နောက်မှအလှည့်ကျ စောင့်ပေးမယ်”
စုန့်ကျီပိုင် ခေါင်းညိတ်ပြလိုက်လေသည်။
“ကောင်းပါပြီ”
လုရှီမန်အိပ်ပျော်သွားပြီးနောက် ထိုအမျိုးသားက စွန်းလင်နှင့်အတူ ပေါ့ပေါ့ပါးပါးပင်စကားဆက်ပြောနေခဲ့သည်။
သူမနိုးလာချိန်တွင် တစ်နာရီကျော်မျှသာကြာမြင့်သေးသော်လည်း အခန်းတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်နေပြီပင်။
စွန်းလင်က အိမ်သာမှပြန်ရောက်လာပြီးနောက် အလျင်စလိုသတိပေးစကား ဆိုလိုက်လေသည်။
“ရထားပေါ်မှာ သူခိုးပါလာလို့ ရဲတွေက လူလိုက်ဖမ်းနေတယ်လို့ ပြောကြတယ်၊ ငါတို့လည်း သတိထားရမယ်”
ဤစကားကိုကြားလိုက်ရချိန်တွင် ထိုအမျိုးသားခေါင်းထဲ၌ သတိပေးခေါင်းလောင်းသံများ မြည်ဟည်းသွားခဲ့သည်။ သူက စိတ်ထဲမှကျိန်ဆဲလိုက်ပြီး အိတ်ကပ်ထဲတွင်ထိုးထည့်ထားသောပစ္စည်းတစ်ခုကို စမ်းကြည့်လိုက်သော်လည်း အပေါ်ယံတွင်မူ စိုးရိမ်ပူပန်နေဟန် ဟန်ဆောင်လိုက်လေ၏။
သူက နိုးနိုးကြားကြားဖြင့် ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုနေသော်လည်း သူ့စိတ်ထဲတွင်မူ တွက်ချက်မှုများစွာဖြင့် လည်ပတ်နေခဲ့သည်။
“ဘယ်လိုလုပ် သူခိုးပါလာရတာလဲ၊ ကျွန်တော်တို့ တကယ်သတိထားမှဖြစ်မယ်”
လုရှီမန် မျက်လုံးမှေးကျဉ်းကာ ကြည့်လိုက်လေသည်။
‘သူခိုးက သူများဖြစ်နေမလား’
အချိန်အနည်းငယ်ကြာပြီးနောက် ထိုအမျိုးသားသည်လည်း မတ်တတ်ရပ်လာခဲ့၏။
“ကျွန်တော် အိမ်သာသွားလိုက်ဦးမယ်”
သူအိမ်သာသွားနေရင်း လမ်းတစ်ဝက်တွင် ရုတ်တရက်ခြေထောက်ခေါက်သွားခဲ့လေသည်။ သူက အသက်ကယ်ကြိုးတစ်ချောင်းကို ဆွဲဖမ်းရန်ကြိုးစားနေသကဲ့သို့ လုရှီမန်၏အိပ်စင် ကုတင်ပြားကို ဆွဲကိုင်လိုက်လေ၏။
“အား”
သို့သော်လည်း သူကခိုင်မြဲစွာ မဆုပ်ကိုင်နိုင်ခဲ့ဘဲ လဲကျသွားခဲ့သည်။ စွန်းလင်က ထိုအမျိုးသားကိုထူပေးလိုက်လေ၏။
“ဖြည်းဖြည်း လူငယ်လေး”
သူက အဝတ်အစားများပေါ်မှဖုန်များကို ခါထုတ်လိုက်ပြီး ရှက်ရမ်းရမ်းကာ အတင်းအကျပ် ရယ်မောပြလိုက်လေသည်။
“ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး၊”
ထို့နောက် ထွက်ပြေးသွားလေတော့သည်။
သူထွက်သွားသည်နှင့်တစ်ပြိုင်နက် လုရှီမန်က ထိုနေရာကိုသုတ်ရန် လက်ကိုင်ပဝါတစ်ထည်ကို အမြန်ဆွဲယူလိုက်လေ၏။ ရည်ရွယ်ချက်ရှိရှိ မဟုတ်သော်ငြား သူမတွင်သံသယများ ရှိနေခဲ့သည်။
ဤလူဝကြီးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု သူမ ခံစားနေရသည်။
သူမက ရွံရှာနေသည့်အလား သေချာသုတ်လိုက်ရင်း ကုတင်စောင်းတွင် လက်ကိုဖိချလိုက်လေသည်။
လက်အောက်မှပြန့်ပြူးနေသော အထိအတွေ့က တစ်စုံတစ်ရာမှားယွင်းနေကြောင်း သူမအားချက်ချင်းပင် သဘောပေါက်သွားစေတော့သည်။