အခန်း ၄၀
Vol. 4 Ch. 40
40
ထိုအရာက အလွန်သေးငယ်သော်ငြား သူမကို မင်းသမီးလေးနှင့် ပဲစေ့ပုံပြင်ထဲက မင်းသမီးလေးဟု တင်စားခေါ်ဝေါ်လျှင်လည်း ချဲ့ကားရာကျမည်မဟုတ်ပေ။
လက်အောက်မှ ထိတွေ့မှုခံစားချက်က အလွန်တရာပြတ်သားထင်ရှားလွန်းနေခဲ့သည်။
သူမက စောင်အောက်မှထိုအရာကို တည်ငြိမ်စွာ ဆွဲထုတ်လိုက်ပြီး သူမ၏လျှို့ဝှက်သိုလှောင်ရုံအတွင်းသို့ ထိုးထည့်လိုက်လေသည်။ ၎င်းက မည်သည့်အရာမှန်း သူမ မသိသေးသော်လည်း ဤမျှလျှို့ဝှက်ကာ ဖုံးကွယ်ထားသော အရာတိုင်းမှာ သေချာပေါက် သံသယဖြစ်ဖွယ်ကောင်းနေခဲ့၏။
ယခုအချိန်သည် ထိုအရာကိုစစ်ဆေးရန် အချိန်ကောင်းမဟုတ်ပေ။ ကုတင်ခန်းဆီးများကိုချလိုက်ချိန်ကျမှ ၎င်းမှာ မည်သည့်အရာဖြစ်ကြောင်း သေချာလေ့လာရပေမည်။
ပစ္စည်းကို လုံလုံခြုံခြုံဝှက်ထားပြီးနောက် သူမသည် အပေါ်ထပ်အိပ်စင်ပေါ်တွင် ခွေခွေလေးထိုင်ကာ အလွန်တရာ စိတ်ပျက်အားလျော့နေသည့်အမူအရာ ဟန်ဆောင်လိုက်လေသည်။
ဟိုဘက်မှရဲအရာရှိများကလည်း ဤဘက်သို့ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြသော်လည်း သူတို့အားလုံးတွင် ထောက်ခံစာများပါရှိနေကြသည်ဖြစ်ရာ ဤစစ်ဆေးမှုကို ကြောက်ရွံ့နေစရာ အကြောင်းမရှိခဲ့ပေ။
လုရှီမန် သိချင်စိတ်ဖြင့် ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်လေသည်။
“ဟိုသူခိုးကို မဖမ်းမိသေးဘူးလား”
ရဲအရာရှိက သူမကိုတစ်ချက်လှမ်းကြည့်လိုက်ချိန်တွင် သူ့မျက်ဝန်းများထဲ၌ လေးစားအားကျမှု အရိပ်အယောင်လေးများဖြတ်ပြေးသွားခဲ့သည်။ သူမကဲ့သို့သောသူမျိုးကတော့ သေချာပေါက် သူခိုးတစ်ယောက်ဖြစ်နိုင်မည်မဟုတ်ပေ။
“ဒီသူခိုးဂိုဏ်းက ရှန်ဟိုင်းမြို့ကနေ ဒီကို ထွက်ပြေးလာတာ၊ နောက်ဆုံးတော့ သူတို့ခြေရာကိုလိုက်နိုင်ခဲ့ပေမယ့် ဖမ်းတော့ မဖမ်းမိသေးဘူး”
သို့သော်လည်း ဤသူခိုးဆိုသည်မှာ သာမန်သူခိုးတစ်ယောက်တော့ မဟုတ်နိုင်ပေ။ လုရှီမန် နက်နက်နဲနဲ တွေးတောနေဟန်ဖြင့် ပြန်လည်တုံ့ပြန်လိုက်လေသည်။
“သူတို့က တော်တော်ပြေးနိုင်လွှားနိုင်တဲ့သူတွေပဲ”
အကယ်၍ သာမန်သူခိုးတစ်ယောက်ကိုသာခြေရာခံနေခြင်းဆိုပါက သူတို့အနေဖြင့် ရှန်ဟိုင်းမြို့မှနေ၍ ဤနေရာအထိ အဘယ်ကြောင့် တကူးတက လိုက်လံဖမ်းဆီးနေရမည်နည်း။
ဤသူခိုးသည် ရိုးရိုးသာမန် ရာဇဝတ်ကောင်လေးတစ်ယောက် မဟုတ်နိုင်ကြောင်း သူမခန့်မှန်းမိလိုက်သည်။
သူမ၏လျှို့ဝှက်သိုလှောင်ရုံအတွင်းမှ ခိုးယူသိမ်းဆည်းထားသော ပစ္စည်းလေးအကြောင်းကို တွေးမိချိန်တွင် သူမ နှုတ်ခမ်းတင်းတင်းစေ့လိုက်လေသည်။
သို့သော်လည်း သူမကိုယ်တိုင်ပင် သေချာရေရာမှုမရှိသေးသည်ဖြစ်ရာ သူခိုးကိုမြင်တွေ့ခဲ့ရနိုင်ကြောင်း ဗြောင်ကျကျ ဖွင့်ဟပြောဆိုမည်မဟုတ်ပေ။
ရဲအရာရှိများက တစ်ခန်းဝင်တစ်ခန်းထွက် ရှာဖွေပြီးနောက် မည်သူ့ကိုမျှမတွေ့ရှိရသဖြင့် နောက်ထပ်ရထားတွဲတစ်ခုဆီသို့ ဆက်လက်ထွက်ခွာသွားကြလေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ထိုအမျိုးသားက ပြန်လည်ရောက်ရှိလာခဲ့သည်။
“ဒီနေရာက ရွာကအိမ်သာထက်တောင် ပိုပြီးနံဟောင်နေသေးတယ်”
သူလျှောက်လာရင်းနှင့်ပင် ကျိန်ဆဲရေရွတ်နေခဲ့ပြီး သူ့မျက်လုံးများက လုရှီမန်၏အိပ်စင်ဆီသို့ တိတ်တဆိတ် အကဲခတ်ကြည့်ရှုနေခဲ့သည်။ ပစ္စည်းကို ထိုနေရာတွင်ဝှက်ထားခြင်းက များစွာ ပိုလုံခြုံစိတ်ချရပေလိမ့်မည်။
ဤအမျိုးသမီးငယ်လေးက အလွယ်တကူပြဿနာရှာ၍ရမည့်သူမျိုးနှင့်မတူသဖြင့် သာမန်လူများအနေဖြင့် သူမနှင့်ပတ်သက်၍ ပြဿနာရှာဝံ့မည်မဟုတ်ချေ။
သူမ ရထားပေါ်မှဆင်းမည့်အချိန်အထိ စောင့်ဆိုင်းပြီးမှသာ ထိုပစ္စည်းကို ပြန်လည်ယူဆောင်ရမည်ဖြစ်သည်။
လတ်တလောတွင်တော့ သူစိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေရန်သာ လိုအပ်သည်။ ဟိုကောင် တောင်တန်းလင်းယုန်တစ်ယောက် ဘာတွေများလုပ်နေမလဲဆိုသည်ကို သူသိချင်နေမိ၏။ ထိုငတုံးကတော့ ဒုက္ခသည်တွေကြား အပျော်ကြီးပျော်နေလောက်ပြီဖြစ်သည်။
ထိုသို့တွေးတောရင်း သူသဘောတကျရယ်မောလိုက်လေသည်။ လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး အနီးရှိ စာအုပ်တစ်အုပ်ကို တည်ငြိမ်စွာ ကောက်ယူကာ လှန်လှောဖတ်ရှုနေလိုက်၏။
ပစ္စည်းက ဤနေရာတွင်ရှိနေသည်ဖြစ်ရာ လူကလည်း သေချာပေါက် ထွက်ပြေးသွားနိုင်မည်မဟုတ်သဖြင့် သူ စိတ်ပူနေရန်မလိုဟု ခံစားလိုက်ရသည်။
လုပ်ရိုးလုပ်စဉ်အရ ရထားကို နောက်ထပ်အကြိမ်အနည်းငယ် ထပ်မံရှာဖွေစစ်ဆေးခဲ့သော်လည်း ရှာဖွေမှု ပြုလုပ်တိုင်း ထိုအမျိုးသားမှာ အိမ်သာသွားရန် သို့မဟုတ် အပြင်ထွက်၍ ဆေးလိပ်သောက်ရန် အကြောင်းပြချက်များဖြင့် ရှောင်ထွက်သွားလေ့ရှိသည်။
ဤကဲ့သို့ ပုံမှန်မဟုတ်သောအပြုအမူများကြောင့် လုရှီမန်ရင်ထဲတွင် သံသယများ ပိုမိုကြီးထွားလာခဲ့ရပြီး စုန့်ကျီပိုင်သည်လည်း တတိယအကြိမ်ရှာဖွေစစ်ဆေးမှုတွင် မသင်္ကာစိတ်များစတင်ဝင်ရောက်လာခဲ့၏။
သို့သော်လည်း နောက်ထပ်ရှာဖွေမှုတစ်ခုတွင်မူ ထိုအမျိုးသားက ရုတ်တရက်ပင် ပွင့်လင်းကာ သဘာဝကျကျပြုမူနေခဲ့သဖြင့် စုန့်ကျီပိုင်၏သံသယများ လွင့်စင်သွားခဲ့ရသည်။
ရထားကြီးက ယိမ်းထိုးလှုပ်ခါနေပြီး အမြန်ရထားတစ်စီးကဲ့သို့ လုံးဝသက်တောင့်သက်သာ မရှိခဲ့ပေ။
တစ်ရေးအိပ်စက်ပြီးဖြစ်ရာ လုရှီမန်တစ်ယောက် အိပ်ချင်စိတ်ထက် ပျင်းရိငြီးငွေ့မှုကိုသာ ခံစားနေရသည်။
လူဝကြီးက ထောင့်တစ်နေရာတွင်ထိုင်နေခဲ့သည်။ သူ အတော်လေး စိတ်သက်သာရာရသွားခြင်းလား သို့မဟုတ် ရထားလှုပ်ခါမှုကြောင့် မူးဝေလာခြင်းကြောင့်လား မသိပေ။ သူသည် အမှန်တကယ်ပင် အိပ်ပျော်သွားခဲ့လေသည်။
လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။ ဤသည်က သူမအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်ခြင်းမဟုတ်လော။
သူမက စာအုပ်ကိုအကာအကွယ်အဖြစ် အသုံးပြုကာ အခြားလက်တစ်ဖက်ဖြင့် လျှို့ဝှက်သိုလှောင်ရုံအတွင်းမှ စက္ကူကို ဆွဲထုတ်လိုက်လေသည်။
ထိုစက္ကူကိုဖြန့်ကြည့်လိုက်ချိန်တွင် တစ်ချက်ကြည့်ရုံမျှဖြင့် သူမပါးစပ်မှ အာမေဍိတ်သံတစ်သံထွက်ပေါ်သွားလုမတတ် ဖြစ်သွားခဲ့ရသည်။
သူမ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ရင်ထဲတွင်မုန်တိုင်းထန်နေသော လှိုင်းတံပိုးများကို ဖိနှိပ်ထိန်းချုပ်လိုက်လေ၏။
‘ဒါက စစ်ရေးဖြန့်ကြက်မှုမြေပုံတစ်ခုပဲ'
ဤသူက သူခိုးမဟုတ်ပေ။ ဤသူက ရန်သူ့သူလျှိုတစ်ယောက်ဖြစ်နေခဲ့သည်။
သူမက ထိုပစ္စည်းကိုလျှို့ဝှက်သိုလှောင်ရုံအတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်ပြီးနောက် အောက်ဆင်းကာ စုန့်ကျီပိုင်ကို ပုတ်နှိုးလိုက်လေသည်။
“စုန့်ကျီပိုင် ထတော့၊ ကျွန်မ ဗိုက်ဆာနေပြီ၊ ထမင်းပူပူနွေးနွေးလေး စားချင်တယ်၊ အခုချက်ချင်း သွားပြင်ပေးဦး”
အော်ဟစ်လိုက်သံကြောင့် စုန့်ကျီပိုင်တစ်ယောက် ချက်ချင်းပင်လန့်နိုးသွားခဲ့၏။ သူမျက်မှောင်ကြုတ်လိုက်သည်။
သခင်မလေးနှင့် အတူဖြတ်သန်းခဲ့ရသောနေ့ရက်များတစ်လျှောက်လုံး ဤကဲ့သို့သော အပြုအမူမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။
“ထမင်းရှိမရှိ ကိုယ်သွားမေးကြည့်လိုက်မယ်”
သူကဒေါသထွက်ခြင်းမရှိဘဲ ခေါင်းသာ ညိတ်ပြလိုက်လေသည်။ လုရှီမန်မှာ လင်ရှုဖျင်ကိုကြည့်ကာ ခပ်တိုးတိုးပြောလိုက်လေသည်။
“အန်တီလင်၊ ကျွန်မတို့ အစားအသောက်သွားရှာနေတုန်း ခရီးဆောင်အိတ်လေးတွေကို ခဏလောက် ကြည့်ပေးထားပါဦးနော်”
လင်ရှုဖျင် ခေါင်းညိတ်ပြကာပြန်ဖြေလိုက်လေ၏။ ဤလူငယ်နှစ်ဦးကြားရှိ အခြေအနေကို သူမနားမလည်သော်ငြား ခရီးဆောင်အိတ်များကို စောင့်ကြည့်ပေးရခြင်းမှာ ခက်ခဲသောအလုပ်တစ်ခုတော့ မဟုတ်ပေ။
“ကောင်းပါပြီ၊ မင်းတို့နှစ်ယောက်သွားကြလေ”
လုရှီမန်က စုန့်ကျီပိုင်ကို ရထားတွဲအပြင်ဘက်သို့ ဆွဲခေါ်သွားပြီးနောက် သူ့ကိုတစ်ချက်ကြည့်ကာ နား နားသို့ ကပ်လိုက်လေသည်။ ရုတ်တရက် နီးကပ်သွားမှုကြောင့် စုန့်ကျီပိုင် မျက်နှာတစ်ခုလုံး ရဲတက်သွားခဲ့ပြီး သူ့နှလုံးသားမှာလည်း တစ်ချက်ခုန်သွားခဲ့ရ၏။
သူ့နားရွက်ဖျားလေးများပင် ချက်ချင်း နီရဲသွားခဲ့ပြီး ပူနွေးလောင်ကျွမ်းနေသလို ခံစားလိုက်ရသည်။
သူက တံတွေးကို ခက်ခက်ခဲခဲမြိုချရင်း မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ”
ယနေ့ သခင်မလေး၏အပြုအမူများက အလွန်ထူးဆန်းနေခဲ့၏။ လုရှီမန်က သူ့နားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်လေ၏။
“ဟိုလူဝကြီးက ရန်သူ့သူလျှိုပဲ၊ ကျွန်မရဲတွေကို သွားရှာလိုက်မယ်၊ ခဏနေရင် သူ့ကိုဖမ်းချုပ်ထားလိုက်၊ ထွက်ပြေးခွင့်မပေးလိုက်နဲ့”
သူမအသံက အလွန်တိုးညှင်းလွန်းလှပြီး စုန့်ကျီပိုင်တစ်ဦးတည်းသာ ကြားနိုင်လေသည်။
ရန်သူ့သူလျှိုဟူသော စကားလုံးကြောင့် စုန့်ကျီပိုင်နှလုံးသားမှာ ချက်ချင်းပင် ခုန်ပေါက်သွားခဲ့ရသည်။ ရိုမန်တစ်ဆန်သောအတွေးများမှာ ချက်ချင်းလွင့်စင်ပျောက်ကွယ်သွားပြီးလေးနက်တည်ကြည်သော မျက်နှာအမူအရာက အစားထိုးဝင်ရောက်လာခဲ့၏။
“တကယ်လား”
လုရှီမန် ခေါင်းညိတ်ပြလိုက်လေသည်။
သူမ အနောက်သို့ဆုတ်လိုက်ချိန်တွင် စုန့်ကျီပိုင်၏နားရွက်များမှာ ခရမ်းချဉ်သီးတစ်လုံးနှယ် နီရဲနေသည်ကို မြင်တွေ့လိုက်ရသည်။
“တကယ်သေချာတယ်၊ ကျွန်မရှင့်ကိုလိမ်ရင် ကျွန်မခွေးမလေးပဲ”
သူမ တိုးသဲ့သဲ့ရယ်မောလိုက်ပြီး ခပ်ဖွဖွစနောက်လိုက်လေ၏။ သူမစကားကြောင့် စုန့်ကျီပိုင်တစ်ကိုယ်လုံး နီရဲသွားခဲ့ရသည်။
သခင်မလေးက တကယ်ဆိုးသွမ်းလွန်းလှသည်။
“တော်တော်လေး အပြစ်ကင်းစင်တဲ့ ကောင်လေးပဲ”
တစ်စက္ကန့်အတွင်းမှာပင် လုရှီမန်က အခြေအနေကို အလုံးစုံပြောင်းပြန်လှန်ပစ်လိုက်လေသည်။ သူမက လက်ပိုက်ကာ ဒေါသထွက်နေသူတစ်ဦးကဲ့သို့ စုန့်ကျီပိုင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်လေ၏။
“ဟမ့် နင် ငါ့ကိုမကူညီရင် ငါ့ဘာသာငါ သွားမယ်၊ စိတ်အနှောင့်အယှက်ပေးတဲ့ကောင်၊ ပြန်ပြီးသာ သွားအိပ်နေလိုက်”
စုန့်ကျီပိုင် မှင်သက်သွားခဲ့သည်။ သူ့ဦးနှောက်က အခြေအနေကိုလိုက်မမီသေးချေ။ လုရှီမန် ဆက်လက်အော်ဟစ်လိုက်လေသည်။
“ထွက်သွားစမ်း၊ နင့်ကိုကြည့်ရတာ စိတ်ပျက်လာပြီ၊ ငါသာကြိုသိခဲ့ရင် နင့်ကို လက်ထပ်ခဲ့မှာမဟုတ်ဘူး၊ နင်ကငါ့ကို အနိုင်ကျင့်နေတာဆိုတော့ ငါ ရဲသွားတိုင်ပြီး နင့်ကိုဖမ်းခိုင်းမယ်”
ထိုသို့ပြောပြီးသည်နှင့် သူမလှည့်ကာ အဝေးသို့ပြေးထွက်သွားခဲ့ပြီး စုန့်ကျီပိုင်တစ်ယောက်တည်း ရပ်ကျန်ခဲ့လေတော့သည်။
“ညီလေး မင်းကလည်းကွာ....”
“မိန်းမတွေကို သေချာထိန်းကွပ်ထားဖို့ လိုတယ်”
စင်္ကြံလမ်းပေါ်တွင် ကြောင်တောင်တောင်ဖြစ်နေသော စုန့်ကျီပိုင်ကို ကြည့်နေကြသူများက စေတနာရှေ့ထား၍ အကြံဉာဏ်များ စတင်ပေးလာကြလေသည်။
စုန့်ကျီပိုင် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ပျက်အားလျော့နေဟန်ဆောင်ကာ ရထားတွဲအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့၏။
လူဝကြီးသည်လည်း သူတို့စကားပြောသံများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူတို့ကံဆိုးမှုကို ကြည့်ကာ ဝမ်းသာအားရဖြစ်နေချိန်တွင် သူကပစ္စည်း၏လုံခြုံရေးအတွက် ပိုမိုစိတ်ချသွားခဲ့လေသည်။
ဤကဲ့သို့ စိတ်တိုင်းကျပြုမူတတ်သော အမျိုးသမီးငယ်လေးမျိုးနှင့် ထိပ်တိုက်တွေ့သူ မည်သူမဆိုဒုက္ခရောက်ဖို့သာရှိပေသည်။ ရဲများက သူ့ကိုရှာဖွေချင်လျှင်တောင်မှ သူကြောက်ရွံ့နေမည် မဟုတ်ပေ။
‘ဟီးဟီး ငါက တကယ့်ကိုပါရမီရှင်တစ်ယောက်ပဲ'
လင်ရှုဖျင် သက်ပြင်းချလိုက်ပြီး စုန့်ကျီပိုင်ကို ကမန်းကတန်းနှစ်သိမ့်ပေးလေသည်။
စုန့်ကျီပိုင်က သူမနှစ်သိမ့်မှုများကို တုံ့ပြန်ရင်းနှင့်ပင် လူဝကြီးနှင့် အနီးကပ်ဆုံးနေရာတွင် ထိုင်ချလိုက်ကာ မည်သည့်အချိန်တွင်မဆို အဆင်သင့်ဖြစ်နေစေရန် ပြင်ဆင်ထားလိုက်သည်။
အခြားတစ်ဖက်တွင်မူ လုရှီမန်သည် လူဝကြီးထံမှ ထွက်ပြေးရန်ပြီးပြည့်စုံသော ဆင်ခြေတစ်ခုကို ရရှိသွားခဲ့ပြီဖြစ်ရာ သူမစိုးရိမ်ပူပန်မှုများ အနည်းငယ် လျော့ကျသွားခဲ့၏။
သူမက ရဲအရာရှိများမည်သည့်ရထားတွဲတွင်ရှိနေကြောင်း မေးမြန်းလိုက်ပြီး ရှေ့သို့ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်လေသည်။
သို့သော်လည်း လူဝကြီး၏ကြံရာပါများ သတိထားမိသွားမည်ကို ရှောင်ရှားရန်အတွက် သူမကလမ်းလျှောက်ရင်းနှင့်ပင် ကျိန်ဆဲရေရွတ်နေခဲ့ပြီး စုန့်ကျီပိုင်ကိုသေနတ်ဖြင့် ပစ်သတ်ရန် ရဲများကိုခေါ်လာမည်ဟု အော်ဟစ်နေခဲ့သည်။
ရလဒ်အနေဖြင့် လူတိုင်းက လုရှီမန်ကို အရူးမတစ်ယောက်အဖြစ်သာ မြင်ကြပြီး မည်သူကမျှ သူမကိုဂရုမစိုက်ကြတော့ပေ။
သူမ ထိုရထားတွဲသို့အောင်မြင်စွာ ရောက်ရှိသွားချိန်တွင် သက်ပြင်းတစ်ချက်ကို ချနိုင်သွားလေသည်။
လမ်းတစ်လျှောက်လုံး သူမ၏ပေါက်ကရ အော်ဟစ်သံများကို ကြားခဲ့ရသော ရထားတာဝန်ခံအမျိုးသမီးက သူမအမှန်တကယ်ပင် ရဲအရာရှိများအား သွားရှာနေသည်ကို မြင်လိုက်ရချိန်တွင် ချက်ချင်းဆူပူကြိမ်းမောင်းလေတော့သည်။
“ကောင်မလေး၊ ရဲအရာရှိတွေမှာ ကြီးလေးတဲ့တာဝန်တွေ ရှိတယ်၊ သူတို့ကို သွားပြီး စနောက်နေလို့မရဘူးနော်”
အဆွဲခံလိုက်ရသဖြင့် လုရှီမန်လက်ကလေးနာကျင်သွားပြီး မျက်ရည်များ ချက်ချင်းပင် စီးကျလာခဲ့လေ၏။ သူမ ရင်ကွဲမတတ်ငိုကြွေးနေသည်ကို မြင်လိုက်ရချိန်တွင် ရထားတာဝန်ခံ အမျိုးသမီးမှာ ချက်ချင်းပင်နောင်တရသွားခဲ့သည်။
“မငိုနဲ့ မငိုပါနဲ့တော့၊ ငါ နင့်ကိုလိုက်ပို့ပေးပါ့မယ်”
ဤမျှသနားစရာကောင်းလောက်အောင် ငိုကြွေးနေသည်ကိုကြည့်လျှင် သူမ အမှန်တကယ်ပင် မတရားပြုမူခံထားရပုံပေါ်သည်။
လုရှီမန် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး ခံစားချက်များအပြည့်ဖြင့် မျက်နှာကျက်ကို မော့ကြည့်လိုက်လေ၏။ ဤရန်သူ့သူလျှိုကို ဖမ်းဆီးနိုင်ရန်အတွက် သူမ အမှန်တကယ်ပင် အများကြီး စွန့်လွှတ်အနစ်နာခံနေရပေသည်။
ရထားတာဝန်ခံ အမျိုးသမီးက အကျိုးအကြောင်းပြောပြလိုက်သည်။ ရဲအရာရှိများမှာ မှင်သက်သွားကြသည်။ သူတို့အား အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ အဘွားကြီးများဟုထင်နေပုံပင်။ ဤကဲ့သို့သော ကိစ္စရပ်များကိုပါ သူတို့ကိုင်တွယ်ဖြေရှင်းပေးရမည်ထင်နေသည်လား။
“ရဲဘော် အရာရှိတို့၊ ဒီကောင်မလေးက မတရား အနိုင်ကျင့်ခံထားရလို့တဲ့၊ ကျေးဇူးပြုပြီး သူ့ကိုကူညီပေးကြပါဦး”
လုရှီမန် ခေါင်းခါပြလိုက်လေသည်။ သူမ ပတ်ဝန်းကျင်ကို သတိထား အကဲခတ်လိုက်ပြီး ရဲအရာရှိအနီးသို့ ကပ်ကာတိုးတိုးလေး ပြောလိုက်လေသည်။
“ဟိုသူခိုးကို ကျွန်မမြင်ခဲ့တယ်”