← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

41

ဟယ်ဟန်ရွှင်း၏မျက်နှာအမူအရာက ချက်ချင်းပင် လေးနက်တည်ကြည်သွားခဲ့သည်။

သူက လုရှီမန်ကိုမျက်နှာထားတင်းတင်းဖြင့်ကြည့်နေချိန်တွင် ရဲအရာရှိတစ်ဦးက ရထားတာဝန်ခံအမျိုးသမီးကို စောင့်ကြည့်နေပြီး အခြားတစ်ဦးက တံခါးဝတွင် ကင်းစောင့်နေလေသည်။

သူက တိုးညှင်းသော်လည်းတင်းမာပြတ်သားသောလေသံဖြင့် မေးမြန်းလိုက်လေ၏။

“ကျွန်တော်တို့ ဘယ်လိုသူခိုးမျိုးကိုရှာနေတယ်ဆိုတာ မင်းသိလို့လား”

လုရှီမန် ခေါင်းညိတ်ပြလိုက်လေသည်။

သူမ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သလိုဟန်ဆောင်ကာ လျှို့ဝှက်သိုလှောင်ရုံအတွင်းမှ စစ်ရေးဖြန့်ကြက်မှုမြေပုံကို ဆွဲထုတ်လိုက်ပြီးနောက် ခန္ဓာကိုယ်ဖြင့်ကွယ်ကာ သူ့လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်လေသည်။

စက္ကူစလေးကို စမ်းမိလိုက်သည်နှင့် ဟယ်ဟန်ရွှင်းမျက်နှာအမူအရာ ပြောင်းလဲသွားခဲ့၏။ သူ့မျက်လုံးများ ပြူးကျယ်လာပြီး မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများပြည့်နှက်သွားခဲ့သည်။

သူက ထိုအရာကိုအမြန်ဆွဲယူကာ စစ်ဆေးကြည့်လိုက်ချိန်တွင် ထိုကြီးမားသော စာလုံးများကိုမြင်တွေ့လိုက်ရပြီး သူ့နှလုံးသားမှာလည်း တစ်ချက်ရပ်တန့်သွားလုမတတ် ဖြစ်သွားခဲ့ရသည်။

‘နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ’

သူ အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် ပျောက်ဆုံးသွားသောအရာကိုပြန်လည်ရရှိလိုက်အတွက် စိတ်သက်သာရာရမှုများ ပေါ်လွင်နေခဲ့၏။

သူက လုရှီမန်ကိုသိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်လေသည်။

“တကယ်ကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒါ မင်းဆီကိုဘယ်လိုလုပ် ရောက်နေရတာလဲ”

သူတို့လဝက်နီးပါး အသည်းအသန် ရှာဖွေနေခဲ့ရသော ပစ္စည်းအား ယခုကဲ့သို့ အလွယ်တကူပြန်လည်ရရှိလာခဲ့ခြင်းမှာ ယုံကြည်နိုင်စရာပင်မရှိခဲ့ပေ။ လုရှီမန် ရှင်းပြလိုက်လေသည်။

“ရှင်တို့ ပထမဆုံးအကြိမ်လာမရှာခင်လေးမှာတင် ဟိုလူဝကြီးကချော်လဲချင်ယောင်ဆောင်ပြီး ကျွန်မရဲ့ကုတင်အောက်ကို ဒါလေးထိုးထည့်သွားတာ၊ ကျွန်မက သူ့လက်တွေညစ်ပတ်နေတယ်ထင်လို့ အဲဒီနေရာကိုသုတ်လိုက်တဲ့အချိန်မှာ ဒါကိုတွေ့သွားတာပဲ”

လုရှီမန်၏မျက်နှာအမူအရာက ပြန်လည်တည်ကြည်လေးနက်သွားခဲ့သည်။

“ဒါနဲ့ သူတို့မှာကြံရာပါတစ်ယောက်ရှိသေးတယ်၊ ဘယ်သူလဲဆိုတာတော့ ကျွန်မလည်း မသိဘူး၊ ကျွန်မအိမ်သာသွားတုန်းက ဘေးခန်းကလူတစ်ယောက် အဲဒီပစ္စည်းအကြောင်းပြောနေတာကို ကြားလိုက်ရတယ်၊ နောက်တစ်ယောက်က လူဝကြီးကိုစကားဆက်ပြောခွင့်မပေးဘူးလေ၊ ဒါကြောင့်လည်း လူဝကြီးရဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်မက သူ့ကိုနည်းနည်း သံသယဝင်သွားခဲ့တာ”

သူမ ဆက်ရှင်းပြနေခဲ့၏။ သူမသည် အပြစ်ကင်းစင်သူဖြစ်ပြီး သံသယအဝင်ခံမည်မဟုတ်ပေ။

ဤစကားကိုကြားလိုက်ရချိန်တွင် ဟယ်ဟန်ရွှင်း ခေါင်းညိတ်ပြလိုက်လေသည်။

“ကောင်းတယ်”

ကြားဖြတ်နားထောင်မိသည့် စကားအနည်းငယ်ဖြင့် အကြောင်းအရာများကို ချိတ်ဆက်နိုင်ရုံမျှမက ရန်သူ့သူလျှိုများဝှက်ထားသော စစ်ရေးဖြန့်ကြက်မှုမြေပုံကိုပါ ရှာဖွေတွေ့ရှိခဲ့ခြင်းမှာ သာမန်လူများ၏ စွမ်းဆောင်နိုင်ရည်ထက်များစွာသာလွန်နေခဲ့သည်။

ယခုလိုအချိန်တွင် သူတို့ကိုလာရောက်ရှာဖွေခြင်းကလည်း ပြီးပြည့်စုံသော အကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့၏။ ရန်သူများမရိပ်မိစေရန် သူတို့အနေဖြင့် ဤမိန်းကလေးနောက်မှသာ တိတ်တဆိတ်လိုက်ပါသွားကြရပေမည်။

သူကစကားပြောရင်း ရထားတာဝန်ခံ အမျိုးသမီးထံ အဓိပ္ပာယ်ပါပါကြည့်လိုက်လေသည်။

“သွားကြစို့”

ရထားတာဝန်ခံအမျိုးသမီးက ချက်ချင်းပင် သဘောပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။ နိုင်ငံတော်အရေးကိစ္စများနှင့် သက်ဆိုင်နေသည်ဖြစ်ရာ သူမအနေဖြင့် အခြေအနေ၏ကြီးလေးမှုကို ကောင်းကောင်း သိရှိနားလည်ထား၏။

“ကျွန်မ နားလည်ပါတယ်၊ တစ်ခွန်းမှ ထုတ်ပြောမှာမဟုတ်ဘူး”

လုရှီမန် ရှေ့မှဦးဆောင်သွားပြီး ရဲအရာရှိသုံးဦးက အနောက်မှလိုက်ပါသွားကြလေသည်။

လူအုပ်ကြားတွင် ညပ်နေသော တောင်တန်းလင်းယုန်တစ်ယောက် သူမက ဤကဲ့သို့ လူစုလူဝေးအား ဦးဆောင်လာသည်ကို မြင်လိုက်ရချိန်တွင် ထူးဆန်းသော ထိတ်လန့်မှုတစ်ခု ခံစားလိုက်ရသည်။

“ဒီမိန်းမ ဘာလုပ်နေတာလဲ”

လုရှီမန်၏ကျိန်ဆဲရေရွတ်သံများကို ကြားခဲ့ရသော အနီးအနားမှလူတစ်ယောက်က ဝင်ရောက်ပြောဆိုလိုက်လေ၏။

“သူ့ယောက်ျားက သူ့ကိုအနိုင်ကျင့်လို့ သေနတ်နဲ့သွားပစ်ခိုင်းမလို့တဲ့လေ”

လုရှီမန်နားရွက်လေးများ တစ်ချက်လှုပ်ရှားသွားခဲ့သည်။

‘စောစောက အသံ’

သူမခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်လှည့်ကာ မျက်လုံးများကိုမှေးကျဉ်းကာ ကြည့်လိုက်လေသည်။

“ဘာကြည့်နေတာလဲ၊ ငါဘာလုပ်လုပ် နင်နဲ့ ဘာဆိုင်လို့လဲ၊ နင်က ပင်လယ်ကမ်းစပ်မှာများနေတာလား နေရာတကာကို ပါလွန်းတယ်”

စကားပြောလိုက်သူမှာ နောက်သို့ တွန့်ဆုတ်သွားခဲ့၏။ ဤအမျိုးသမီး ကြည့်ရသည်မှာ နုနယ်ပျော့ပျောင်းပုံရသော်လည်း အော်ဟစ်ဆဲဆိုလိုက်ချိန်တွင်မူ စုန်းမတစ်ကောင်ထက်ပင် ပိုကြမ်းတမ်းနေသေးသည်။

ဟယ်ဟန်ရွှင်းသည်လည်း မှင်သက်သွားခဲ့သည်။ ယခု သူမပုံစံကို ကြည့်ရသည်မှာ ခင်ပွန်းဖြစ်သူကို အမှန်တကယ်ပစ်သတ်ခိုင်းမည့် မိန်းမစားမျိုးနှင့် တူနေလေသည်။

ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုးဖြင့်ဆိုလျှင် ဖြတ်ပျံသွားသောယင်ကောင်လေးတစ်ကောင်ကသာ သူမကိုထိခိုက်မိလျှင်တောင်မှ တောင်းပန်ရမည့် အနေအထားပင်ဖြစ်၏။ ထိုသူ့နှုတ်ခမ်းများလှုပ်ရှားသွားပြီး မျက်ဝန်းထဲတွင် အထိတ်တလန့်ဖြစ်မှုများပြည့်နှက်နေခဲ့သည်။

“ငါ... ငါ”

သူမ ခါးထောက်ရပ်လိုက်ပြီး ထိုအမျိုးသားကို စူးစူးရဲရဲစိုက်ကြည့်လိုက်လေသည်။

“ငါ့ကို အခုချက်ချင်းတောင်းပန်စမ်း”

အမျိုးသားက ကမန်းကတန်း တောင်းပန်လိုက်လေ၏။ ဤအမျိုးသမီးနောက်တွင် ရဲအရာရှိများ ပါလာသည်ဖြစ်ရာ သူမကိုရန်စ၍မဖြစ်ပေ။

“တောင်း… တောင်းပန်ပါတယ်”

သူမအကြည့်က လူတိုင်းအပေါ်သို့ ဖြတ်ပြေးသွား၏။

“နောက်တစ်ယောက်ကရော ဘယ်လိုနေလဲ၊ အခုချက်ချင်းတောင်းပန်စမ်း၊ မဟုတ်ရင် ငါက နင်တို့ရဲ့ဘိုးဘွားဘီဘင်ဆယ့်ရှစ်ဆက်လုံးကို ကျိန်ဆဲပစ်မယ်”

သူမ၏အနိုင်ကျင့်လွန်းပြီး အကြောင်းအကျိုးမဲ့သောအပြုအမူကြောင့် ရထားတွဲအတွင်းရှိ လူတိုင်းအသက်ရှူရန်ပင် မေ့လျော့နေကြလေသည်။

ထိုအမျိုးသားကလည်း တောင်တန်းလင်းယုန်အားစိုက်ကြည့်လိုက်ပြီး သူ စကားမပြောသည်ကို မြင်လိုက်ရချိန်တွင် အလျင်စလိုတိုက်တွန်းလိုက်လေသည်။ ဤကဲ့သို့ကြမ်းတမ်းသော မိန်းမကြီး၏စူးစူးရဲရဲစိုက်ကြည့်ခံရခြင်းက တကယ့်ကိုဆိုးရွားလွန်းလှသည်။

“မြန်မြန်လုပ်လေ”

လူတိုင်း၏စောင့်ကြည့်ခြင်းကို ခံနေရသော တောင်တန်းလင်းယုန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေ၏။

မိန်းမများဆိုသည်မှာ တကယ့်ကို ပြဿနာချည်းသာဖြစ်သည်။

သူအံကြိတ်ကာ စကားလုံးများကို ခက်ခက်ခဲခဲ ညှစ်ထုတ်လိုက်လေသည်။

“ငါ တောင်းပန်ပါတယ်”

ဤအသံကိုကြားလိုက်ရချိန်တွင် လုရှီမန်မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

‘သူပဲ’

သူမ နှာခေါင်းရှုံ့လိုက်ပြီး သူ့ကိုတစ်ချက်စိုက်ကြည့်ကာ ရှေ့သို့ဆက်လျှောက်သွားလေ၏။

“နင်က အသိဉာဏ်လေးတော့ရှိသေးတာပဲ”

နောက်ထပ်ရထားတွဲသို့မရောက်မီမှာပင် သူမထပ်မံရပ်တန့်လိုက်ပြီး ဟယ်ဟန်ရွှင်းအနီးသို့ကပ်ကာ အသံကိုနှိမ့်လိုက်လေသည်။

“ဒုတိယမြောက် တောင်းပန်လိုက်တဲ့သူက ကြံရာပါပဲ”

ဟယ်ဟန်ရွှင်းမှာ ခဏတာမှင်သက်သွားခဲ့ပြီးနောက် ခေါင်းညိတ်ပြလိုက်လေ၏။

သူလှည့်ကာ နောက်မှ ရဲအရာရှိနှစ်ဦးကို တစ်စုံတစ်ရာပြောဆိုလိုက်သည်။ အချိန်အနည်းငယ်အကြာတွင် ထိုနှစ်ဦးက ယခင်ရထားတွဲသို့ပြန်လှည့်ထွက်သွားခဲ့ကြသည်။

မိနစ်ပိုင်းအတွင်းမှာပင် သူတို့က တောင်တန်းလင်းယုန်ကို ဖမ်းဆီးထိန်းချုပ်လိုက်ပြီး အော်ဟစ်ခြင်းမပြုနိုင်စေရန် ပါးစပ်ထဲသို့အဝတ်စတစ်စကို ထိုးသိပ်ထည့်လိုက်လေသည်။

နောက်မှရဲအရာရှိက လူအုပ်ကို တည်ငြိမ်စေရန် ဖြေရှင်းချက်ပေးလိုက်ပြီး ထိုအမျိုးသားကို ဖမ်းဆီးခေါ်ဆောင်သွားလေ၏။

“လူလာဖမ်းတာပါ၊ သိပ်ပြီး စိတ်မလှုပ်ရှားကြပါနဲ့၊ ဒီလူကသူခိုးပါ”

ဟယ်ဟန်ရွှင်းက လုရှီမန်နှင့်အတူ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။

စုန့်ကျီပိုင်ရှိနေသော ရထားတွဲအနီးသို့ သူတို့ရောက်ရှိလာချိန်တွင် လူဝကြီးက သူမအနောက်မှ ရဲများလိုက်ပါလာသည်ကို မြင်တွေ့ရသဖြင့် သဘောတကျရယ်မောနေခဲ့သည်။ သူလျှိုတစ်ယောက်ဖြစ်သော သူက ဖမ်းဆီးမခံရဘဲ အပြစ်ကင်းစင်သော စုန့်ကျီပိုင်ကမူ ရဲများ၏ပညာပေးခြင်းကိုခံရရန် ဖမ်းဆီးခေါ်ဆောင်ခံရတော့မည်ကို သူ လုံးဝမျှော်လင့်မထားခဲ့မိပေ။

ဤအမျိုးသမီးက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤမျှ ရယ်စရာကောင်းသော အကြောင်းပြချက်ဖြင့် ရဲများကို သူမနောက်သို့လိုက်ပါလာစေရန် ပြုလုပ်နိုင်ခဲ့သည်။

သူတို့ နီးကပ်လာသည်နှင့်အမျှ စုန့်ကျီပိုင်က လူဝကြီးထံသို့လျှောက်သွားကာ သူ အသိစိတ်မဝင်နိုင်မီမှာပင် ဖမ်းဆီးချုပ်နှောင်လိုက်လေ၏။ လူဝကြီး၏မျက်လုံးများ ပြူးကျယ်သွားပြီး ရုန်းကန်ရန်ကြိုးစားလေတော့သည်။

“မင်း ဘာလုပ်နေတာလဲ”

လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး သူမမျက်ဝန်းများထဲတွင် ကစားချင်စိတ်များ ရှိနေခဲ့သည်။

“ရဲတွေက သူ့အတွက်လာတယ်လို့ ရှင် ထင်နေတာလား”

လူဝကြီး ဒေါသတကြီးရယ်မောလိုက်လေသည်။

ဤကိစ္စက သူနှင့်ဘာဆိုင်သနည်း။

“ငါ့ကို ဖမ်းတာလား၊ ဘာလို့ ငါ့ကိုဖမ်းရတာလဲ၊ မင်းကို ဒေါသထွက်အောင်လုပ်ခဲ့တာ ဒီလူမဟုတ်ဘူးလား”

ထိုသို့ပြောပြီးသည်နှင့် သူအေးခဲသွားကာ သူ့မျက်လုံးများ ကျုံ့ဝင်သွားခဲ့သည်။ သူက လုရှီမန်ကုတင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် လုရှီမန်ကို ပြန်ကြည့်လိုက်လေ၏။

“မင်း ဘယ်လိုလုပ်ရှာတွေ့သွားတာလဲ”

သူက ကောင်းကောင်းမွန်မွန်လေ့ကျင့်သင်ကြားထားပြီးဖြစ်ရာ မည်သို့ပေါ်သွားရသနည်း။ ထိုမျှမက သူ အထင်သေးထားသော အမျိုးသမီးတစ်ဦးလက်ချက်ဖြင့် ပေါ်သွားခြင်းဖြစ်လေသည်။ လုရှီမန် အသာပြုံးလိုက်လေသည်။

“ငါ့ကုတင်ကို လာထိဖို့ ဘယ်သူကခိုင်းလို့လဲ၊ ညစ်ပတ်လိုက်တာ”

လူဝကြီး ပါးစပ်ဟောင်းလောင်းပွင့်သွားခဲ့၏။ ဤအမျိုးသမီးက ဤမျှလောက်အထိ ရူးသွပ်နေသည်လား။

သူ အောင်မြင်ခဲ့သောအရာဖြင့်ပင် သူ့ကိုယ်သူ ပြန်လည်ဖျက်ဆီးပစ်လိုက်မိခြင်းပင်။

ဤမျှကြီးမားသော ပြဇာတ်ကြီးတစ်ပုဒ်ကို ကပြအသုံးတော်ခံရသည်မှာ အတော်လေး ပင်ပန်းနွမ်းနယ်စရာကောင်းလှသည်။

“ပြီးသွားပြီ၊ စုန့်ကျီပိုင် သူ့ကိုရဲအရာရှိတွေဆီ အပ်လိုက်တော့၊ ကျွန်မတို့ နားကြရအောင်”

ဟယ်ဟန်ရွှင်းက လုရှီမန်ကိုကြည့်လိုက်လေသည်။ ဤမျှအရေးကြီးသော ပစ္စည်းတစ်ခုကို ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးခဲ့ခြင်းအတွက် ဆုကြေးငွေချီးမြှင့်ထိုက်ပေ၏။

“ရဲဘော်၊ ဆက်သွယ်ရမယ့်လိပ်စာလေး ချန်ထားပေးခဲ့လို့ရမလား”

သူမအတွက် သေးငယ်သောကိစ္စရပ်တစ်ခုဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့နှင့် နိုင်ငံတော်အတွက်မူ ဤသည်က ကြီးမားလှသောအဖြစ်အပျက်တစ်ခုပင်။

လုရှီမန်က စုန်းကျီပိုင်ကိုလှမ်းကြည့်လိုက်လေသည်။

“ရှင်ပဲ စီစဉ်လိုက်တော့”

သူမ၏ဆက်သွယ်ရန်လိပ်စာကို သူမကိုယ်တိုင်ပင်မသိသလို ပေးသင့်မပေးသင့်ကိုလည်း မဆုံးဖြတ်တတ်ပေ။

အရာအားလုံးကို ယုံကြည်စိတ်ချရသော သူမ၏လက်ထောက်လေးစုန့်ကျီပိုင်ထံလွှဲအပ်ထားလိုက်သည်က အကောင်းဆုံးပင်ဖြစ်သည်။

စုန့်ကျီပိုင် ခေါင်းညိတ်ပြလိုက်ပြီး ဆက်သွယ်ရန်လိပ်စာကို ဟယ်ဟန်ရွှင်းထံသို့ ပေးအပ်လိုက်လေသည်။

သူလျှိုများကို ရှင်းလင်းပြီးနောက် လုရှီမန်တစ်ယောက် သူမ၏ရှည်လျားပြီး ပျင်းရိဖွယ်ကောင်းသော ရထားခရီးစဉ်ကို ပြန်လည်စတင်ရပြန်လေ၏။

ရထားပေါ်တွင် ကိုယ့်ခင်ပွန်းကို သေနတ်ဖြင့်ပစ်သတ်ခိုင်းမည့် မိန်းမဟူသော သူမ၏ဂုဏ်သတင်းကြီးကြောင့် လူအများအပြားမှာ သူမနှင့် ဝေးဝေးတွင်သာနေထိုင်ကြပြီး မည်သူကမျှ သူတို့ရထားတွဲအနီးသို့ မချဉ်းကပ်ရဲကြတော့ပေ။

လုရှီမန်ကမူ ဤအရာကိုလုံးဝဂရုမစိုက်ခဲ့ပေ။ ငြိမ်းချမ်းမှုရရှိသွားခြင်းအတွက် သူမ ပျော်ရွှင်နေခဲ့သည်။

ရထားပေါ်တွင် နောက်ထပ်နှစ်ရက်တိတိအချိန်ဖြုန်းပြီးနောက် လုရှီမန်တစ်ယောက် ခေါင်းမူးလာသည်အထိ ဖြစ်လာချိန်တွင်တော့ ယန်ချန်မြို့သို့ ရောက်ရှိသွားပြီပင်။

မြေပြင်ပေါ်သို့ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် လုရှီမန်လတ်ဆတ်သောလေကိုရှူရှိုက်လိုက်ရင်း အသက်ပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရသည်။

လင်ရှုဖျင်က လုရှီမန်ကိုအပြုံးလေးဖြင့် ကြည့်လိုက်လေသည်။ ထိုနေ့က သူတို့မှာ အလွန်တရာအထိတ်တလန့်ဖြစ်ခဲ့ရသော်လည်း နှစ်ရက်ကြာအတူတကွ ဖြတ်သန်းပြီးနောက် ဤမိန်းကလေးသည် ဒေါသအနည်းငယ်ကြီးသည်မှလွဲ၍ အမှန်တကယ် သဘောကောင်းကြောင်း သူမနားလည်သွားခဲ့၏။

“ရှီမန်၊ သမီးတို့ယန်ချန်မှာ တစ်ရက်လောက်နားဦးမလား၊ ယန်ချန်မှာ ပစ္စည်းကောင်းတွေအများကြီးရှိတယ်လို့ အဒေါ်ကြားဖူးတယ်၊ သမီးလိုချင်တဲ့ နိုင်ငံခြားဖြစ်ပစ္စည်းတွေတောင်ရှိနိုင်တယ်နော်”

ဤစကားကိုကြားလိုက်ရချိန်တွင် လုရှီမန်မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က မှောင်ခိုဈေးတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများဝယ်မရခဲ့သဖြင့် သူမသေမတတ် စိတ်ပူပန်နေခဲ့ရသည်ပင်။ ဤယန်ချန်မြို့တွင် သူမရှာတွေ့နိုင်လောက်၏။

All Chapters