အခန်း ၄၂
Vol. 5 Ch. 42
42
“ဒါဆိုရင်တော့ အန်တီလင်ကိုဒုက္ခပေးရတော့မှာပဲ”
စုန့်ကျီပိုင် နှစ်ကြိမ်ပြန်တွေးမနေဘဲ ချက်ချင်းပင် သဘောတူလိုက်လေသည်။
ယင်းက လုရှီမန်ဝယ်ချင်သောပစ္စည်းဖြစ်ရာ သူမကို စိတ်ပျက်အောင် သူမလုပ်နိုင်ပေ။
သူမကို ခေါ်လာခဲ့ရသည်ဖြစ်ရာမမျှော်လင့်ထားသော နှောင့်နှေးမှုတစ်ခုခုကြောင့် သူမ အချိန်မီမရောက်နိုင်မည်ကိုစိုးရိမ်သဖြင့် သူက အချိန်ပိုအများစုကို ကြိုတင်ဖယ်ချန်ထားခဲ့ပြီးဖြစ်သည်။
ယခု ယန်ချန်မြို့တွင် နှစ်ရက်ခန့်နေထိုင်ကာ သူမလိုချင်သည့်ပစ္စည်းများကို ဝယ်ယူပြီး အနားယူခြင်းကလည်း အဆင်ပြေသည်။
လုရှီမန် မှင်သက်သွားခဲ့၏။ သူမကိုယ်တိုင်ပင် မဆုံးဖြတ်ရသေးဘဲ စုန့်ကျီပိုင်မှ အဘယ်ကြောင့် ဤမျှမြန်မြန် သဘောတူလိုက်ရသနည်း။ သူမ မျက်မှောင်ကြုတ်လိုက်လေသည်။
အကယ်၍ စုန့်ကျီပိုင် တာဝန်ထမ်းဆောင်ရန် သတင်းပို့ရမည့်အချိန်မမီပါက ဤယန်ချန်သို့လာသောခရီးစဉ်မှာ အချည်းနှီးဖြစ်သွားပေလိမ့်မည်။
“အချိန်မှီပါ့မလား”
အမျိုးသမီးလစဉ်သုံးပစ္စည်းများကို ဝယ်ယူရန် အခွင့်အရေးက အမြဲတမ်းရှိနေမည်ဖြစ်ရာ ယခုချက်ချင်း အလောတကြီးဝယ်ယူရန် မလိုအပ်ပေ။
စုန့်ကျီပိုင် ပြန်ဖြေလိုက်သည်။
“မှီပါတယ်၊ ကျွန်တော်တို့တည်းဖို့ တည်းခိုခန်းတစ်ခု ရှာလိုက်မယ်၊ ပြီးရင် အန်တီလင်ကို မင်းနဲ့အတူလိုက်ပို့ခိုင်းလိုက်မယ်”
သူက ဈေးဝယ်ခြင်းနှင့် ပတ်သက်၍ ဘာတစ်ခုမျှနားမလည်ပေ။ အရည်အချင်းပြည့်ဝသော သက်တော်စောင့်တစ်ဦးအဖြစ်သာ လိုက်ပါနိုင်ပြီး သူမဝယ်ယူသည့်ပစ္စည်းများကို သယ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ အခြားအရာများအတွက်တော့ သူများများစားစား အကြံဉာဏ် ပေးနိုင်မည်မဟုတ်ပေ။
သဘောတူညီမှုရရှိပြီးနောက် သူတို့နှစ်ဦးက လင်ရှုဖျင်အား လာကြိုသူနောက်သို့လိုက်ကာ စွန်းမိသားစုနေအိမ်သို့ လိုက်ပါသွားကြလေသည်။
သို့သော်လည်း သူတို့ကစွန်းမိသားစုနေအိမ်သို့နှုတ်ဆက်ရန်သာ ဝင်ရောက်ခဲ့ပြီးနောက် အနီးအနားရှိတည်းခိုခန်းတစ်ခုကိုရှာဖွေကာ တည်းခိုနေထိုင်ခဲ့ကြသည်။
လုရှီမန်က ရေနွေးတောင်းလိုက်ပြီး ခေါင်းအစ ခြေအဆုံး ရေချိုးသန့်စင်လိုက်ပြီး များစွာပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရ၏။ စုန့်ကျီပိုင်ဝယ်လာသော အငွေ့တထောင်းထောင်းထနေသည့် ခေါက်ဆွဲပူပူလေးကို စားသောက်ပြီးနောက် သူမမျက်နှာပေါ်ရှိ အပြုံးများက ပို၍ပင်ပီပြင်လာခဲ့သည်။
စုန့်ကျီပိုင်က သူမ၏တောက်ပသောအပြုံးလေးကိုကြည့်ရင်း နှုတ်ခမ်းထောင့်များ အသာကွေးတက်သွားခဲ့သည်။
သခင်မလေး ပျော်ရွှင်နေလျှင် သူလည်း ပျော်ရွှင်ရသည်။
လုရှီမန် ရေရွတ်လိုက်သည်။
“ယန်ချန်ကအစားအသောက်တွေက ပိုကောင်းပုံရတယ်၊ အမျိုးအစားတွေလည်း အရမ်းစုံတာပဲ”
သူမက ငါး၊ ပုစွန်နှင့် အသားများကို ကြည့်လိုက်သည်။ အိုးတစ်လုံးစာ အပြည့်ချက်ပြုတ်ထားသော ဟင်းလျာက အလွန်တရာအရသာရှိလှ၏။
ကျဲ့မြို့တွင်လည်း ဤအရာများရှိသော်ငြား ဤမျှလောက်ပေါများကြွယ်ဝသည်ဟု မခံစားခဲ့ရပေ။
စုန့်ကျီပိုင်က အစားအသောက်များကို ကြည့်ကာ ခဏတာတိတ်ဆိတ်သွားခဲ့သည်။ သူက အဘယ်ကြောင့် ပိုမိုကြွယ်ဝသည်ဟု မခံစားရသနည်း။
သခင်မလေးက နေရာသစ်တစ်ခုသို့ ရောက်ရှိလာသဖြင့် အရာအားလုံးက ပိုကောင်းနေသည်ဟု ထင်မြင်နေခြင်းဖြစ်နိုင်၏။ ထိုသည်ကိုနားမလည်သော်ငြား သူခေါင်းညိတ်ပြလိုက်လေသည်။
ယန်ချန်ရှိ အစားအသောက်များအကြောင်း သူသိပ်မသိသော်လည်း ဟောင်ကောင်တွင်မူ ပစ္စည်းများ အလျှံပယ်ရှိနေမည်မှာ သေချာလှသည်။
စားသောက်ပြီးနောက် ခဏတာ အနားယူအပြီးတွင် ချိန်းဆိုထားသောအချိန်သို့ ရောက်ရှိလာခဲ့၏။
လင်ရှုဖျင်က သူမချွေးမဖြစ်သူအား မေးမြန်းထားခဲ့ပြီးဖြစ်ရာ လုရှီမန်ကို ကုန်တိုက်တစ်ခုသို့ ခေါ်ဆောင်သွားမည့်အစား ပုဂ္ဂလိကနေအိမ်တစ်ခုသို့ခေါ်ဆောင်သွားခဲ့လေသည်။
“ဒီမှောင်ခိုဈေးသည်တွေဆီမှာ အရာအားလုံးရှိတယ်၊ သမီးလိုချင်တာရှိရင် သူ့ကိုသာမေးလိုက်၊ အဒေါ်ကတော့ အဒေါ့်သမီးအတွက်ပို့ပေးဖို့ နာရီတစ်လုံးဝယ်ချင်လို့ ဘေးအဆောက်အအုံကို သွားလိုက်ဦးမယ်”
သူမက လုရှီမန်အား ထိုနေရာသို့ ပို့ဆောင်ပေးပြီးနောက် အချိန်မဆွဲတော့ဘဲ ထွက်ခွာသွားလေသည်။
ဤနေရာမှာ အခြေခံအားဖြင့် မှောင်ခိုဈေးသည်များအတွက် လမ်းတစ်ခုဖြစ်ပြီး လိုချင်သမျှအရာအားလုံးကို ဤနေရာတွင် ဝယ်ယူနိုင်ပေ၏။ ဝေဖန်က နောက်မှီကုလားထိုင်တစ်ခုတွင် မျက်လုံးများကို တစ်ဝက်ခန့်မှေးစင်းလျက်ထိုင်နေရင်း တည်ငြိမ်သည့် လေသံဖြင့် မေးမြန်းလိုက်လေသည်။
ဈေးဝယ်ယူသူအများအပြား ဝင်ထွက်သွားလာနေသည်ဖြစ်ရာ သူ့အနေဖြင့် ဖောက်သည်တိုင်းကို ခယနေစရာမလိုပေ။
“ကောင်မလေး ဘာလိုချင်လို့လဲ”
လုရှီမန် ပြန်မေးလိုက်လေသည်။
“အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ရှိလား”
ဝေဖန် ပြန်ဖြေလိုက်၏။
“ရှိတယ်၊ ဂျပန်ကလာတဲ့ အန်နီအမှတ်တံဆိပ်အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပဲ၊ တစ်ထုပ်ကို ဆယ့်နှစ်ခုပါတယ်၊ သုံးယွမ်ကျသင့်တယ်”
ဂျပန်ပစ္စည်းများက ကောင်းမွန်သော်လည်း ဂျပန်လူမျိုးများကမူ တကယ့်ကို အမြင်ကပ်စရာကောင်းလှသည်။
သူက ဤအရည်အသွေးမြင့်ပစ္စည်းကို သူ့ဇနီးသည်အတွက် သီးသန့်မှာယူထားခြင်းဖြစ်သည်။ အနည်းငယ် ဈေးကြီးသည်မှလွဲ၍ မည်သည့်အပြစ်အနာအဆာမျှမရှိပေ။
ရာသီလာစဉ်သုံး ခါးပတ်များကို နေ့စဉ်လျှော်ဖွပ်ရသည်မှာ အလွန်တရာငြီးငွေ့ဖွယ်ကောင်းသောအလုပ်တစ်ခုဖြစ်သည်။ အကယ်၍ ပြဿနာတစ်ခုကို ငွေဖြင့်ဖြေရှင်း၍ရမည်ဆိုပါက ငွေပေးလိုက်သည်က အကောင်းဆုံးပင်။
လုရှီမန် ဝမ်းသာအားရဖြင့်မေးလိုက်လေသည်။
“ဘယ်နှထုပ်ရှိလဲ၊ ရှိသမျှအကုန်ယူမယ်”
ဂျပန်ပစ္စည်းများက ကောင်းမွန်ပြီး ယခုကဲ့သို့အချိန်မျိုးတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် မလွယ်ကူသည်ဖြစ်ရာ မည်သည့်နေရာမှလာသည်ဖြစ်စေ ဂရုစိုက်နေစရာမလိုပေ။
ပြည်တွင်းဖြစ် အမျိုးသမီးလစဉ်သုံးပစ္စည်းများ မည်သည့်အချိန်မှ ဈေးကွက်ထဲရောက်လာမည်ကို သူမသိချင်မိသည်။ ဝယ်ယူရသည်မှာ အလွန်တရာအဆင်မပြေဖြစ်ပြီး တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပင်။
ဤစကားကိုကြားလိုက်ရချိန်တွင် ဝေဖန်မတ်မတ်ထိုင်လိုက်ပြီး လုရှီမန်အား အကဲခတ်ကြည့်လိုက်လေသည်။
“အားလုံး ဟုတ်လား၊ ကောင်မလေး အဲဒီလောက်ဝယ်ဖို့ မင်းပိုက်ဆံတတ်နိုင်လို့လား”
သူ့တွင် ပုံးသုံးလုံးရှိပြီး တစ်လုံးလျှင် အထုပ်သုံးဆယ်စီပါဝင်ရာ စုစုပေါင်း အထုပ်ကိုးဆယ်ရှိသည်။ ၎င်းမှာ စုစုပေါင်းနှစ်ရာ့ခုနစ်ဆယ်ယွမ် ကျသင့်မည်ဖြစ်၏။
ယွမ်နှစ်ရာ့ခုနစ်ဆယ်ဆိုသည်မှာ များပြားလှသော ပမာဏမဟုတ်ဘဲ နာရီနှစ်လုံးစာမျှသာဖြစ်သော်လည်း ဤမျှများပြားသော အမျိုးသမီးလစဉ်သုံးပစ္စည်းများအတွက် မည်သူကထိုမျှလောက် ငွေကြေးသုံးစွဲမည်နည်း။
ဤပုံးသုံးလုံးက သူတစ်နှစ်စာရောင်းချရန် လုံလောက်လေသည်။ လုရှီမန် ပြန်ဖြေလိုက်၏။
“တတ်နိုင်တယ်၊ ပိုများလေ ပိုကောင်းလေပဲ”
ဟိုင်နန်ကျွန်းက အသွားအလာအဆင်မပြေသဖြင့် သူမအနေဖြင့် မည်သည့်အချိန်တွင် အပြင်ထွက်ကာ ပစ္စည်းများ ထပ်မံဝယ်ယူနိုင်မည်ကို မသိရချေ။ ထို့ကြောင့် သဘာဝကျကျပင် ပိုများလေ ပိုကောင်းလေဖြစ်သည်။
“မင်းကို အထုပ်ရှစ်ဆယ်ရောင်းလိုက်မယ်၊ ကျန်တဲ့ဆယ်ထုပ်ကိုတော့ ငါ့မိန်းမအတွက် ချန်ထားရမယ်၊ ယွမ်နှစ်ရာ့လေးဆယ်”
လုရှီမန် သူ့ကိုကြည့်ကာ မေးလိုက်လေသည်။ ဤလူကက အမျိုးသမီးလစဉ်သုံးပစ္စည်းများကိုသာ ရောင်းချနေမည်မဟုတ်လောက်ပေ။
“သူဌေး တခြားပစ္စည်းကောင်းတွေရော မရှိတော့ဘူးလား”
ဝေဖန် ပြန်ဖြေလိုက်သည်။
“အစားအသောက်၊ နေ့စဉ်သုံးပစ္စည်းတွေ အကုန်ရှိတယ်”
ဝေဖန့်အနောက်မှ အိမ်ထဲသို့လိုက်ဝင်သွားချိန်တွင် လုရှီမန်တစ်ယောက် အရသာရှိသော သရေစာများစွာကိုမြင်တွေ့လိုက်ရ၏။
လင်မယားကိတ်မုန့်များ၊ ကြက်ဥလိပ်များ၊ အမဲသားခြောက်၊ အုန်းသီးသကြားလုံး၊ သစ်သီးယိုနှင့် ဘေးဘက်ရှိဗီရိုတစ်ခုထဲတွင် ဆေးဝါးမျိုးစုံကို ပြည့်နှက်နေအောင် ထည့်သွင်းထားလေသည်။
ရစ်ကယ်လ်ပက်ပါမင့်ဆီ၊ အန်းဂုံနျူဟွမ်ဝမ် ဆေးလုံး၊ ဟော်ကျောင်းဆန် စသည့်ဆေးဝါးများရှိနေပြီး အန်နယ်ဂျလင်ကဲ့သို့သော ဆေးဝါးများကမူ ထောင့်တစ်နေရာတွင်သာ နေရာရလေသည်။
ရွေးချယ်စရာများ များလွန်းသောကြောင့် မျက်စိလည်သွားကာ သူမသိမ်းဆည်းထားနိုင်သော ဒေသထွက် အစားအသောက်အတော်များများကိုသာ ဝယ်ယူလိုက်လေသည်။
သူမက ဆေးဝါးအချို့ကိုလည်းဝယ်ယူလိုက်သည်။ ရစ်ကယ်လ်ပက်ပါမင့်ဆီမှာ အသုံးပြုမှုကျယ်ပြန့်ပြီး ဝမ်းလျှောခြင်းနှင့် အင်းဆက်ကိုက်ခံရခြင်းတို့ကို ကာကွယ်ပေးရုံသာမက အရေပြားယားယံခြင်း၊ ကားမူးခြင်းနှင့် သင်္ဘောမူးခြင်းများကိုပါ သက်သာစေသဖြင့် တောင်ပိုင်းဒေသတွင် မရှိမဖြစ်လိုအပ်သော ဆေးဝါးတစ်ခုဖြစ်သည်။
ရှေးယခင်ကတည်းက နာမည်ကြီးခဲ့သော အန်းဂုံနျူဟွမ်ဝမ်ဆေးလုံးအကြောင်းကိုမူ ပြောနေစရာပင်မလိုတော့ပေ။
သူမ၏ငွေသုံးစွဲမှုကြောင့် ဝေဖန်မှာ မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။ ဤအရောင်းအ၀ယ်အတွက် သူတကယ်ကို အမြတ်အစွန်းကြီးကြီးမားမားရရှိလိုက်လေသည်။
သံသယမဖြစ်စေရန်အတွက် လုရှီမန်က ပစ္စည်းများကို သုံးခေါက်ခွဲ၍သယ်ထုတ်ကာ လျှို့ဝှက်သိုလှောင်ရုံအတွင်းသို့ သိမ်းဆည်းလိုက်သော်လည်း ဟန်ပြအနေဖြင့် ပစ္စည်းအချို့ကိုမူ အိတ်ထဲတွင်ချန်ထားခဲ့သည်။
လင်ရှုဖျင်နှင့်ပြန်လည်ဆုံတွေ့ပြီးနောက် သူတို့အတူတကွပစ္စည်းများစွာကို ထပ်မံဝယ်ယူခဲ့ကြပြီး နှစ်ဦးလုံး ကျေနပ်စွာဖြင့် ပြန်လာခဲ့ကြ၏။
လမ်းခွဲရမည့်အချိန်ရောက်သောအခါ လုရှီမန်က ကျေးဇူးဆပ်သည့်အနေဖြင့် လင်မယားကိတ်မုန့်တစ်ဘူးနှင့် ကြက်ဥလိပ်တစ်ဘူးကို သူမလက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်လေသည်။
စုန့်ကျီပိုင်က သူမနှင့်အတူလိုက်မသွားဘဲ တည်းခိုခန်းတွင်သာစောင့်ဆိုင်းနေခဲ့သည်။ သူမ ဘေးကင်းလုံခြုံစွာပြန်ရောက်လာသည်ကို မြင်လိုက်ရမှသာ စိတ်သက်သာရာရသွားတော့၏။
“ပြန်ရောက်ပြီလား”
လုရှီမန် ရွှင်လန်းစွာဖြင့်ပြောလိုက်လေသည်။ သူ့မျက်ဝန်းများထဲရှိ စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရချိန်တွင် လုရှီမန်တစ်ယောက် အကြောင်းပြချက်မရှိဘဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။
“အရသာရှိတဲ့ အစားအသောက်တွေ အများကြီးဝယ်လာတယ်၊ မြည်းကြည့်ချင်လား”
စုန့်ကျီပိုင် သတိမထားမိစေရန်အတွက် သူ့တောင်းဆိုမှုကိုငြင်းပယ်ကာ သူမ တစ်ယောက်တည်းအပြင်သွားခဲ့၏။
သူ့ကိုချော့သည့်အနေဖြင့် သူမက ကိတ်မုန့်တစ်ဘူးကိုထုတ်ကာ သူ့နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။
သူမက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
“ရော့ ကိတ်မုန့်၊ အရမ်းစားလို့ကောင်းတယ်”
စုန့်ကျီပိုင် ကူကယ်ရာမဲ့စွာပြုံးလိုက်ပြီး ကိတ်မုန့်ကို လှမ်းယူလိုက်လေ၏။ မရင်းနှီးသောနေရာတစ်ခုတွင် သူမအတွက် အမှန်တကယ် စိုးရိမ်ပူပန်နေခဲ့ရသည်။
“ကျွန်တော်စားပါ့မယ်၊ ဒါပေမဲ့ နောက်တစ်ခါကျရင် ကျွန်တော့်ကိုပါခေါ်သွားလို့ရမလား”
လုရှီမန် အမြန်ပင်စကားလမ်းကြောင်းလွှဲကာ ပြန်ဖြေလိုက်လေသည်။
“ရတယ်၊ နောက်တစ်ခါကျရင် သေချာပေါက်ခေါ်သွားမယ်၊ ပြီးတော့ လင်မယားကိတ်မုန့်ရှိတယ်ဆိုတော့ ဘာလို့ ခင်ပွန်းကိတ်မုန့်ကျမရှိရတာလဲ”
စုန့်ကျီပိုင် အလွန်တရာတည်ကြည်လေးနက်စွာဖြင့် ပြန်လည်ဖြေကြားလိုက်လေ၏။
“ဒါက ကိတ်မုန့်မို့လို့လေ၊ အထဲမှာ လူသာပါလာရင် အဲဒါပြဿနာတတ်မှာပေါ့”
လုရှီမန် နှုတ်ခမ်းမဲ့လိုက်လေသည်။ ဤအမျိုးသားက တကယ့်ကိုပျင်းစရာကောင်းလွန်းလှ၏။
သူတို့နှစ်ဦး စကားစမြည်ပြောဆိုရင်း အခန်းတွင်းသို့ ပြန်လာခဲ့ကြသော်လည်း အခန်းထဲတွင် အချိန်အတန်ကြာနေပြီးနောက် လုရှီမန်တစ်ယောက်ပျင်းရိငြီးငွေ့လာခဲ့သည်။
သူမက တံခါးကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး အခန်းထဲတွင်စာတိုလေးတစ်စောင် ချန်ထားရစ်ကာ ခြေဖျားထောက်၍ အပြင်ထွက်လာခဲ့လေသည်။
သူမအောက်ထပ်သို့ဆင်းကာ ဖက်ထုပ်သွားစားရုံသာဖြစ်ရာ ပြဿနာမရှိလောက်ပေ။
အောက်ထပ်သို့ ရောက်ရှိသွားချိန်တွင် နိုင်ငံခြားသားအနည်းငယ်ကို ဘာသာပြန်တစ်ဦးက တည်းခိုခန်းတွင်းဝင်ရောက်နိုင်ရန် ဦးဆောင်ခေါ်လာသည်ကို သူမ ပထမဆုံးမြင်တွေ့လိုက်ရသည်။ သူမတစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး သိပ်ဂရုမစိုက်ခဲ့ပေ။
တည်းခိုခန်းတံခါးပေါက်မှ ထွက်လိုက်သည်နှင့် သူမအိမ်သို့ရောက်သွားသလို ခံစားလိုက်ရသည်။
ယန်ချန်မြို့၏ညများက ပို၍ပင် စည်ကားနေလေသည်။ သို့သော်လည်း တည်းခိုခန်းမှ ထွက်လာပြီးနောက် စားမည်ဟု ရည်ရွယ်ထားသော ဖက်ထုပ်ကိုပင် စားချင်စိတ်ပျောက်သွားခဲ့၏။ ထိုအစား သူမဘယ်ဘက်လက်တွင် ကြက်ကင်တစ်ကောင်ကို ကိုင်ထားပြီး ညာဘက်လက်တွင် စက္ကူဖြင့်ထုပ်ထားသော ဟင်းရည်ဖက်ထုပ်များကို ကိုင်ဆောင်ထားလေသည်။
“လက်ကိုင်ဖုန်းတို့၊ တီဗီတို့မရှိတာ နှမြောစရာပဲ”
သူမ သက်ပြင်းချလိုက်ရင်း စကားပြောနေစဉ်မှာပင် အနီးအနားရှိလမ်းကြားတစ်ခုထဲမှ ဆူညံသံများထွက်ပေါ်လာခဲ့သည်။
“ဒါက ဘာသဘောလဲ၊ ဒီပစ္စည်းတွေကို ဟောင်ကောင်ပို့ပေးမယ်လို့ သဘောတူထားတာလေ၊ ဘာလို့ ကြယ်နီတည်းခိုခန်းကို ရောက်နေရတာလဲ၊ ငါမသိဘူးလို့ မထင်နဲ့၊ ပစ္စည်းတွေက အခု ပထမထပ်က ထင်းထားတဲ့အခန်းထဲမှာ ရောက်နေတာ၊ မင်းတို့က ငါတို့ပစ္စည်းတွေကို သိမ်းပိုက်ဖို့ကြံနေတာလား ဒါမှမဟုတ် နိုင်ငံခြားသားတွေကိုဖားဖို့ ကြိုးစားနေတာလား”
"မင်းတို့ရဲ့ပစ္စည်းတွေ ဟုတ်လား၊ အခုတော့ ဒါတွေက ငါတို့ပစ္စည်းတွေဖြစ်သွားပြီ၊ ငါတို့က နိုင်ငံခြားသားတွေကို ဖားချင်ဖားမယ် ဒါပေမဲ့ မင်းတို့ကရော ဘာထူးလို့လဲ၊ ဒီပစ္စည်းတွေက အစကတည်းက ခိုးလာတာတွေမဟုတ်ဘူးလား”
‘ကြယ်နီ တည်းခိုခန်းဟုတ်လား၊ အဲဒါ ငါတည်းနေတဲ့ နေရာမဟုတ်ဘူးလား'