အခန်း ၄၃
Vol. 5 Ch. 43
43
စာအုပ်ထဲသို့ ကူးပြောင်းရောက်ရှိလာပြီးနောက် သူမ၏အကြားအာရုံမှာ များစွာ ပိုမိုထက်မြက်လာသည်။
ဤအရာက သူမ၏ရွှေလက်ချောင်းများဖြစ်နေနိုင်၏။ သူမနားစွင့်ကာ ဆက်နားထောင်နေလိုက်သည်။
“ခိုးတယ်ဆိုတာကလည်း ကျွမ်းကျင်မှုတစ်ခုပဲ၊ မင်းတို့ သိပ်တော်နေရင် ကိုယ်တိုင်သွားခိုးကြလေ”
“ငါတို့ ခိုးတော့ရော ဘာဖြစ်လဲ”
လုရှီမန် နောက်ထပ်အချိန်အနည်းငယ်ကြာအောင် နားထောင်နေလိုက်သေး၏။ ထိုနောက်ပိုင်းတွင်တော့ အဓိပ္ပာယ်မရှိသော ငြင်းခုံသံများနှင့် ခိုက်ရန်ဖြစ်ပွားသံများသာ ထွက်ပေါ်လာခဲ့တော့သည်။
သူမ နှုတ်ခမ်းတွန့်လိုက်ပြီး တည်းခိုခန်းရှိရာသို့ ပြန်လျှောက်လာခဲ့သည်။
‘ပထမထပ်က ထင်းထားတဲ့အခန်း ဟုတ်လား၊ အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါသွားကြည့်ရမယ်'
‘နိုင်ငံခြားသားတွေကို ပဏ္ဏာဆက်သမယ့်အစား ငါလေးကို ဆက်သလိုက်တာက ပိုကောင်းမယ်မလား’
အကယ်၍ ဤအရာကအမှန်သာဆိုလျှင် သူတို့ပြဿနာကို ဖြေရှင်းပေးရန် သူမဝန်လေးနေမည်မဟုတ်ပေ။
သူမက မွန်မြတ်သူတစ်ယောက်ဖြစ်၏။
တည်းခိုခန်းအဝင်ဝသို့ ရောက်ရှိချိန်မှာပင် စုန့်ကျီပိုင်တစ်ယောက် အထိတ်တလန့်ဖြင့် အပြေးအလွှားဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။ သူက လုရှီမန်ကိုကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်လေ၏။
သခင်မလေးမှာ နေရာတိုင်းတွင် ကောင်းမွန်၏။ အနည်းငယ်ခေါင်းမာလွန်းနေသည်ကလွဲ၍ အပြစ်ပြောစရာမရှိပေ။
“ရှီမန် နောက်တစ်ခါအပြင်ထွက်ရင် ကိုယ့်ကိုခေါ်သွားလို့ရမလား”
သူမ၏အပြစ်ရှိဟန်ရသော မျက်နှာအမူအရာကို မြင်လိုက်ရချိန်တွင် သူက ခက်ထန်သောစကားမျိုးမဆိုရက်တော့ဘဲ နူးညံ့စွာမေးမြန်းလိုက်လေသည်။
“ကိုယ် မင်းအတွက် အရမ်းစိတ်ပူနေရလိမ့်မယ်၊ မင်းကို ဟိုင်နန်ကျွန်းအထိ ဘေးကင်းကင်းနဲ့ မခေါ်သွားနိုင်ရင် သခင်ကြီးလုကို ကိုယ်ဘယ်လိုမျက်နှာပြရမလဲ၊ အကယ်၍ မင်းသာ အန္တရာယ်တစ်ခုခုနဲ့ကြုံခဲ့ရင် သူတို့လည်း ကောင်းကင်ဘုံကနေ စိုးရိမ်ပူပန်နေကြမှာ သေချာတယ်၊ ပြီးတော့ ကိုယ်လည်း အရမ်းဝမ်းနည်းရလိမ့်မယ်”
သူ့လေသံက နူးညံ့သိမ်မွေ့လှသည်။ သူ့စကားများက ပြင်းထန်ခြင်းမရှိသော်ငြား လုရှီမန်ရင်ထဲတွင် အလွန်တရာ အပြစ်ရှိသလို ခံစားသွားရစေသည်။
လုရှီမန် အနေရခက်စွာဖြင့် ခေါင်းကုတ်လိုက်ပြီး သူ့မျက်လုံးများကိုပင်တည့်တည့်မကြည့်ရဲတော့ပေ။
သူမနှုတ်ခမ်းသပ်လိုက်ပြီး အပြစ်ရှိသူတစ်ဦးနှယ် ခေါင်းငုံ့ထားကာ ခြင်တစ်ကောင်အသံကဲ့သို့ တိုးညှင်းသော လေသံဖြင့် တုံ့ပြန်လိုက်လေသည်။
“ရှင် အနားယူနေတယ်ထင်လို့ပါ၊ ပြီးတော့ ကျွန်မကအစားအသောက်လေး သွားဝယ်ရုံတင်ပါ၊ ကြီးကြီးမားမားကိစ္စမဟုတ်ပါဘူး၊ ရှင့်အတွက် ကြက်ကင်လေး ဝယ်လာတယ်၊ ဒေါသမထွက်ပါနဲ့တော့နော် ဟုတ်ပြီလား”
သူမက ကြက်ကင်ကို စုန့်ကျီပိုင်လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်လေသည်။ သူ့မျက်ဝန်းထဲရှိ ခေါင်းမာသော အရိပ်အယောင်များကို မြင်လိုက်ရချိန်တွင် သူမစိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။
“ကျွန်မ ကျိန်ရဲပါတယ်၊ နောက်ဆိုခိုးပြီး အပြင်မထွက်တော့ပါဘူး၊ အပြင်ထွက်ရင် ရှင့်ကို သေချာပေါက်ခေါ်ပါ့မယ်၊ ကျွန်မသာလိမ်ရင် ကျွန်မကခွေးမလေးပဲ”
ယနေ့အတွက်တော့ သူမထပ်ပြီးအပြင်ထွက်ရန် အစီအစဉ်မရှိတော့ပေ။
သူမက နောက်ခဏနေလျှင် ထင်းအခန်းဆီသို့ တိတ်တဆိတ်သွားရောက်ရုံမျှသာဖြစ်သည်။ ဤအရာက လိမ်ညာခြင်းမဟုတ်ပေ။
ထို့အပြင် ခွေးတစ်ကောင်ဖြစ်သွားခြင်းကလည်း ကြီးမားသောကိစ္စရပ်တစ်ခု မဟုတ်ပေ။ သူမသည် ယခင်ဘဝက ထိပ်တန်းအဆင့် ကော်ပိုရိတ်ကျွန်တစ်ယောက်ဖြစ်ခဲ့ဖူးရာ ယခုဘဝတွင် ခွေးမလေးတစ်ကောင်ဖြစ်ပြီး ဟောင်ရုံမျှဖြင့် နစ်နာသွားမည်မဟုတ်ပေ။
အကယ်၍ စုန့်ကျီပိုင်၏စကားများက သူမကို ဤမျှလောက်အထိအပြစ်ရှိသလို မခံစားရစေပါက သူမ ဤကဲ့သို့သော ကျိန်ဆိုမှုကို ပြုလုပ်မည်မဟုတ်ပေ။ သူမ လေသံကိုပိုမိုနူးညံ့သွားစေကာ ထပ်တောင်းပန်လိုက်သည်။
“စုန့်ကျီပိုင် ကျွန်မကို ခွင့်လွှတ်ပေးပါနော် ဟုတ်ပြီလား”
စုန့်ကျီပိုင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။ သူက ထိုစကားကို နောက်တစ်ကြိမ်ထပ်မံသတိပေးလိုက်၏။
“မင်း အပြင်ထွက်ချင်တဲ့အခါ ကိုယ့်ကို မဖြစ်မနေခေါ်ရမယ်နော်၊ ကြက်ကင်အတွက် ကျေးဇူးပါပဲ”
သူတို့နှစ်ဦး အခန်းတွင်းသို့ပြန်လာခဲ့ကြသည်။ ကြက်ကင်နှင့် ဖက်ထုပ်ကိုစားသောက်နေချိန်တွင် သူမစိတ်အာရုံများက ထင်းခန်းထဲရှိပစ္စည်းများဆီသို့သာ အဆက်မပြတ် ရောက်ရှိနေခဲ့သည်။
သူမ ခေါင်းငုံ့ကာ ခဏတာမျှစဉ်းစားတွေးတောလိုက်လေသည်။ စားသောက်ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် သူမက အိပ်ချင်ဟန်ဆောင်ကာ သမ်းဝေပြလိုက်ပြီး စုန့်ကျီပိုင်ကို အပြင်သို့မောင်းထုတ်လိုက်လေတော့၏။
သူတို့ အခန်းနှစ်ခန်းကြိုတင်မှာယူထားခြင်းကပင် ကျေးဇူးတင်စရာဖြစ်သည်။
စုန့်ကျီပိုင် ထွက်သွားပြီးနောက် သူမနာရီဝက်ခန့် စောင့်ဆိုင်းနေလိုက်၏။ မှောင်ရီပျိုးလာချိန်တွင်တော့ သူမက သတိကြီးစွာဖြင့် အပြင်သို့ထွက်လာခဲ့လေသည်။
တံခါးကို အချိန်မီမဖွင့်နိုင်မည်ကို စိုးရိမ်သဖြင့် လက်ထဲတွင် ဝါယာကြိုးတစ်စကိုကိုင်ဆောင်ကာ ကစားလာခဲ့သော်လည်း ထိုနေရာသို့ရောက်ရှိသွားချိန်တွင်တော့ သူမမှာရယ်ချင်စိတ်ပင် ပေါက်သွားခဲ့ရသည်။
ထင်းအခန်းက အလွန်တရာကွယ်ဝှက်လွန်းသဖြင့် မည်သူကမျှသတိထားမိမည်မဟုတ်ဟု ထင်၍လားမသိ။ တံခါးကို သော့ခတ်ထားခြင်းပင်မရှိဘဲ ခပ်ဟဟလေး ဖြစ်နေခဲ့၏။
သူမ တံခါးကိုတွန်းဖွင့်လိုက်ပြီး နောက်မှပြန်ပိတ်ကာ ရှာဖွေရန်အတွက် မီးခြစ်တစ်ခုကို ထုတ်ယူလိုက်လေသည်။
ပစ္စည်းများကို ထင်းပုံများဘေးတွင် စုပုံလျက် ထင်းရှူးရွက်များဖြင့်သာ ရိုးရိုးရှင်းရှင်းဖုံးအုပ်ထားလေသည်။ ရှာဖွေရန်အတွက် မည်သည့်အားထုတ်မှုမျှ ပြုလုပ်စရာမလိုခဲ့ပေ။
ဤမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် လုရှီမန် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်လေသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် စီထပ်ထားသော သေတ္တာများအားလုံး သူမ၏လျှို့ဝှက်သိုလှောင်ရုံအတွင်းသို့ အကုန်အစင် ရောက်ရှိသွားခဲ့လေ၏။
ကိစ္စပြီးမြောက်သွားပြီးနောက် သူမ ထိုနေရာမှ အမြန်ဆုံးထွက်ခွာလာခဲ့ပြီး အခန်းတွင်းသို့ ပြေးဝင်လာခဲ့သည်။ ပစ္စည်းများက သူမ၏သိုလှောင်ရုံအတွင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်းတို့ကိုကြည့်ရှုရန် အလောတကြီးမလိုအပ်တော့ပေ။
အခန်းတွင်းသို့ပြန်ရောက်မှသာ သူမ၏တဒိန်းဒိန်းခုန်ပေါက်နေသော နှလုံးသားကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်တော့သည်။
“ဟူး နောက်ဆုံးတော့ ပြီးသွားပြီ၊ ငါက အရမ်းတော်တာပဲ”
သူမတံခါးသော့ခတ်လိုက်ပြီး ကုတင်ခန်းဆီးများချကာ လျှို့ဝှက်သိုလှောင်ရုံအတွင်းရှိသေတ္တာများကို ဖွင့်ကြည့်လိုက်လေသည်။ ကြွေထည်သေတ္တာ သုံးလုံး၊ လက်ဝတ်ရတနာသေတ္တာ နှစ်လုံး၊ လက်ရေးလှစာလုံးများနှင့် ပန်းချီကားများပါသော သေတ္တာတစ်လုံးတို့ ဖြစ်၏။
ကြွေထည်များမှာ ကျောက်စိမ်းကဲ့သို့ နုနယ်သိမ်မွေ့ပြီး သာမန်အရာများမဟုတ်ကြောင်း သိသာထင်ရှားလှသည်။
မူလပိုင်ရှင်၏ဗဟုသုတအရ ဤအရာအားလုံးမှာ တန်ဖိုးမဖြတ်နိုင်သော ရတနာများပင်။
မိုးပြာရောင်ကြွေထည်များ၊ ဖာမီရို့စ် ကြွေထည်ပစ္စည်းများ၊ လက်ဝတ်ရတနာများကမူ မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး မျက်တောင်မခတ်တမ်းကြည့်ချင်စရာ ကောင်းလှသည်။ အထင်ရှားဆုံးအရာမှာ ဖီးနစ်ငှက်သဏ္ဌာန် သရဖူတစ်ခုပင်။
သူမ၏ယခင်ဘဝက ပြတိုက်ထဲတွင် မြင်တွေ့ခဲ့ရသော နဂါးကိုးကောင်နှင့် ဖီးနစ်ကိုးကောင်သရဖူလောက် သိမ်မွေ့လှပမှုမရှိသော်ငြား အနည်းငယ်မျှသာ နိမ့်ကျလေသည်။ လက်ရေးလှစာလုံးများနှင့် ပန်းချီကားများကိုမူ ဖွင့်ကြည့်စရာပင်မလိုဘဲ သာမန်အရာများမဟုတ်ကြောင်း သူမသိနေခဲ့သည်။ ဤမျှ ကောင်းမွန်သောပစ္စည်းများကို နိုင်ငံခြားသားများလက်ထဲ ထည့်ပေးလိုက်ရမည်လား။
“ငါ့မှာသာ တိုက်ခိုက်နိုင်စွမ်းရှိရင် အဲဒီလူတွေကို တစ်ကယ်သတ်ပစ်တယ်”
သူမဒေါသတကြီး ပြောလိုက်ပြီးနောက် အရာအားလုံးကို လျှို့ဝှက်သိုလှောင်ရုံအတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် သူမကြားဖြတ် နားထောင်မိခဲ့၍သာပင်။ သို့မဟုတ်ပါက ဤနိုင်ငံတော်၏အဖိုးတန် ရတနာများမှာ နိုင်ငံခြားသားများလက်ထဲသို့ ထပ်မံစီးဆင်းသွားတော့မည်ဖြစ်သည်။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ထင်းရှူးရွက်များကိုပင် လျှို့ဝှက်သိုလှောင်ရုံအတွင်းသို့ သိမ်းဆည်းယူဆောင်လာခဲ့သေးသည်။ ထို့နောက် အဝတ်အစားများလဲလှယ်ကာ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်လေ၏။
နံနက်စောစောအချိန် လုရှီမန်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေစဉ်မှာပင် အပြင်ဘက်မှဆူညံသံများကို ကြားလိုက်ရလေသည်။
စုန့်ကျီပိုင်နိုးလာသည်နှင့်တစ်ပြိုင်နက် လုရှီမန်၏တံခါးကို အလျင်စလိုလာခေါက်လေသည်။
“ရှီမန် မင်း အဆင်ပြေရဲ့လား”
လုရှီမန် ကုတ်အင်္ကျီတစ်ထည်ကို ကောက်စွပ်လိုက်ပြီး သမ်းဝေရင်း တံခါးဖွင့်ပေးလိုက်၏။
“ကျွန်မ အဆင်ပြေပါတယ်၊ ဘာဖြစ်လို့လဲ”
သူမက အဓိပ္ပာယ်မရှိသောမေးခွန်းတစ်ခုကို မေးမြန်းလိုက်၏။ မည်သည့်အရာများဖြစ်ပျက်သွားသည်ကို သူမ သေချာပေါက် သိနေခဲ့သည်။
သူမမျှော်လင့်မထားခဲ့သည်မှာ ထိုလူများက ဤမျှလောက်ကြီးမားသော ပြဿနာကြီးတစ်ခုကို ဖန်တီးရဲလောက်အောင် ရဲတင်းနေကြသည့်အချက်ပင်။
စုန့်ကျီပိုင် အပြင်ဘက်တွင်စောင့်ဆိုင်းနေစဉ်အတွင်း အကြောင်းစုံကို နားထောင်ထားပြီးဖြစ်လေသည်။
“တည်းခိုခန်းမှာ တည်းနေတဲ့ နိုင်ငံခြားသားတွေဆီက ပစ္စည်းတစ်ခုခု ပျောက်သွားလို့ သူခိုးရှာနေကြတယ်လို့ ပြောနေကြတယ်”
“တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ၊ ကောင်းကောင်းတောင်အိပ်လို့မရဘူး၊ ဒီနိုင်ငံခြားသားတွေ သွားသေလိုက်ကြပါတော့လား”
သူမလေသံတိုးတိုးဖြင့် ကျိန်ဆဲရေရွတ်လိုက်လေသည်။ စုန့်ကျီပိုင်က သူမနှုတ်ခမ်းပေါ်သို့ လက်ညှိုးလေးဖြင့်ဖိကပ်လိုက်ကာ ခေါင်းကိုဖြည်းညင်းစွာ ခါလိုက်၏။
“အဲဒီစကားတွေကို စိတ်ထဲမှာပဲထားလိုက်ပါ”
သူကိုယ်တိုင်လည်း နိုင်ငံခြားသားများကိုမနှစ်မြို့သော်ငြား လက်ရှိမူဝါဒများအရ သူတို့ကို အခွင့်ထူးများပေးထားဆဲဖြစ်သည်။
အကယ်၍ နိုင်ငံခြားသားတစ်ဦးဦးက သူမစကားများကိုကြားသွားပါက မည်သို့သော ပြဿနာမျိုးဖြစ်ပေါ်လာမည်ကို မပြောနိုင်ပေ။
လုရှီမန် ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
‘သူ ဒီအတိုင်းပဲပြောလိုက်လို့ မရဘူးလား၊ ဘာလို့ ငါ့နှုတ်ခမ်းကို လက်ညှိုးနဲ့ လာဖိထားရတာလဲ၊ ဒါက မရိုးသားဘူးလေ’
သူမ မျက်နှာကိုလွှဲဖယ်လိုက်လေသည်။
“အပြင်မှာချမ်းတယ်၊ အထဲဝင်ခဲ့လေ”
ဆူညံသံများကိုကြည့်ရလျှင် သူတို့က အခန်းတိုင်းကို ရှာဖွေစစ်ဆေးရန် အစီအစဉ်ရှိနေပုံရ၏။ သို့သော်လည်း သူမကမူ အနည်းငယ်မျှပင်ထိတ်လန့်နေခြင်းမရှိပေ။
သူမ၌လျှို့ဝှက်သိုလှောင်ရုံရှိနေသည်ပင်။ ထိုနိုင်ငံခြားသားများက တည်းခိုခန်းတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် လှန်လှောရှာဖွေလျှင်တောင်မှ မည်သည့်အရာကိုမျှတွေ့ရှိနိုင်မည်မဟုတ်ချေ။
သူမသာကြိုသိခဲ့လျှင် သူမအနေဖြင့် သူတို့ကိုမျှော်လင့်ချက်အမှားများပေးနိုင်ရန် အခွံချည်းသက်သက်ဖြစ်နေသောသေတ္တာများအား ထိုနေရာတွင် ချန်ထားရစ်ခဲ့မည်ပင်။
ကံမကောင်းစွာဖြင့် အချိန်က အရမ်းကပ်လွန်းနေပြီး လူမိသွားမည်ကို စိုးရိမ်ရာ သူမအနေဖြင့် အရာအားလုံးကို အကုန်အစင် သယ်ဆောင်လာခဲ့ရခြင်းဖြစ်သည်။
သူမ သမ်းဝေကာ စောင့်ဆိုင်းနေလိုက်သည်။ နောက်ထပ်နာရီဝက်ခန့် ဆူညံပွက်လောရိုက်ပြီးနောက်တွင်တော့ အရာအားလုံးက နောက်ဆုံး၌ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီပင်။
သို့သော်လည်း ထိုကိစ္စများက သူတို့နှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိတော့ပေ။ နောက်တစ်နေ့နံနက် နိုးလာပြီးနောက် သူတို့နှစ်ဦးသည် ခရီးဆောင်အိတ်များကိုဆွဲကာ တက်စီစီး၍ကူးတို့ဆိပ်သို့ထွက်ခွာလာခဲ့ကြသည်။
သူတို့ကံကြမ္မာက အတော်လေးကောင်းမွန်နေခဲ့သည်။ သူတို့ နောက်ထပ်ထွက်ခွာမည့် သင်္ဘောနှင့် အချိန်ကိုက်ပင် ရောက်ရှိသွားခဲ့ကြသည်။
ထောက်ခံစာများဖြင့် လက်မှတ်များ ဝယ်ယူပြီးနောက် သူတို့နှစ်ဦးသင်္ဘောပေါ်သို့ တက်ရောက်လာခဲ့ကြ၏။ သင်္ဘောပေါ်သို့ ရောက်ရောက်ချင်းမှာပင် လုရှီမန်၏စူးရှသောမျက်လုံးများက ရင်းနှီးနေသောပုံရိပ်နှစ်ခုကို ဖျတ်ခနဲ မြင်တွေ့လိုက်ရသည်။
ထိုနေ့က ရထားပေါ်တွင်ပြဿနာရှာခဲ့သော အဘွားအိုနှင့် ကလေးဆိုးလေးပင်။
သူမ နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး စုန့်ကျီပိုင်ကို လှမ်းကြည့်လိုက်လေသည်။
“သူတို့က ရှင့်ဒေသကရဲဘော်ရဲ့ မိသားစုဝင်တွေတော့ မဖြစ်နိုင်ပါဘူးနော်”
အကယ်၍ သူတို့သာ ထိုသို့ဖြစ်နေခဲ့လျှင် သူမအနာဂတ်နေ့ရက်များ ဆူညံနေတော့မည်ကိုစိုးရိမ်မိသွားလေသည်။