← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

44

စုန်းကျီပိုင်က ထိုအဘွားအိုကိုစောင့်ကြည့်နေရင်း သူ့မှတ်ဉာဏ်ထဲ၌ ဤမျက်နှာနှင့် ဆင်တူသောသူကို ရှာဖွေနေသကဲ့သို့ မျက်မှောင်ကြုတ်ထားလေသည်။

“မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒီကလေးက ဒုတိယတပ်မှူးကျန်းနဲ့နည်းနည်းဆင်နေသလိုပဲ”

ဒုတိယတပ်မှူးကျန်းဆိုသည်မှာ တပ်တွင်း၌ လူကောင်းအဖြစ်နာမည်ကျော်ကြားသူဖြစ်သည်။ ဤအဘွားအိုနှင့် ကလေးငယ်တို့က ဤမျှလောက် ရိုင်းရိုင်းစိုင်းစိုင်းပြုမူနေကြသည်ဖြစ်ရာ သူ့မိသားစုဝင်များ မည်သို့လုပ်၍ ဖြစ်နိုင်မည်နည်း။

ထို့အပြင် တပ်တွင်းသို့လာရောက်နေထိုင်ကြသူများမှာ များသောအားဖြင့် ဇနီးသည်များသာဖြစ်ပြီး မိဘများကို ခေါ်ဆောင်လာလေ့သိပ်မရှိကြပေ။ သူတို့က သေချာပေါက် မိမိတို့စစ်ဒေသမှ ဖြစ်နိုင်မည်မဟုတ်ချေ။

လုရှီမန် မျက်ခုံးတစ်ဖက်ကိုသာပင့်လိုက်၏။ သူမ သိပ်ဂရုစိုက်မနေခဲ့ပေ။

“ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျွန်မတို့နဲ့ဘာမှမဆိုင်ဘူး၊ သူတို့သာ ကျွန်မကို လာစမ်းရဲရင်တော့ ထိုက်တန်တဲ့တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်”

သူမ အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ထိုအဘွားအိုအနေဖြင့် သူမ၏ပြင်းထန်သော နည်းလမ်းများကို ခံနိုင်ရည်ရှိပါ့မလားဟု တွေးတောလိုက်လေသည်။

သင်္ဘောစီးရသည့် အတွေ့အကြုံက ကြည်နူးဖွယ်ရာမကောင်းခဲ့ဘဲ ရထားထက်ပင် ပိုဆိုးရွားနေသေးသည်။

လုရှီမန်ထံတွင် ပထမဆုံးစတင်စီးနင်းစဉ်ကကဲ့သို့ တက်ကြွလန်းဆန်းမှုများမရှိတော့ဘဲ အခန်းငယ်လေးထဲတွင်သာ ခွေခွေလေးနေကာ အပြင်သို့ခြေတစ်လှမ်းမျှမထွက်ခဲ့ချေ။

ကူးတို့ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် နောက်ထပ်သင်္ဘောတစ်စီးပေါ် အချိန်ကိုက်ပင် ထပ်မံတက်ခဲ့ရသည်။

သူမအနေဖြင့် ကောင်းကောင်းအနားမယူနိုင်မီမှာပင် အခြားသင်္ဘောတစ်စီးပေါ်သို့ ခေါ်ဆောင်ခြင်းခံလိုက်ရသည်။ ထိုနောက်ပိုင်း အချိန်များတွင်တော့ သူမမှာ မိန်းမောတွေဝေနေလျက် ရှည်လျားလှသောနာရီများကို မူးဝေထိုင်းမှိုင်းစွာဖြင့်သာ ကုန်ဆုံးစေခဲ့ရ၏။

အချိန်မည်မျှကြာမြင့်သွားသည်မသိ သင်္ဘောကြီးက နောက်ဆုံး၌ ဆိပ်ကမ်းသို့ ဆိုက်ကပ်သွားခဲ့ပြီပင်။

ကုန်းမြေကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လုရှီမန်မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။

အကယ်၍သာ ရထားနှင့်သင်္ဘောကြား ရွေးချယ်ရမည်ဆိုပါက သူမက အချိန်တိုင်းရထားကိုသာ သေချာပေါက်ရွေးချယ်မည်ဖြစ်သည်။

လုရှီမန်ကို စုန့်ကျီပိုင်က သင်္ဘောပေါ်မှ တွဲချလာခဲ့ရ၏။ အခြားတစ်ဖက်တွင်လည်း အဘွားအိုဝေသည် ကျန်းဖူဝမ်နှင့်အတူ ဆင်းလာခဲ့သော်လည်း အောက်သို့ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ထိုနှစ်ဦးမှာမထိန်းချုပ်နိုင်တော့ဘဲ အဆက်မပြတ်အန်ထုတ်နေကြလေတော့သည်။

အကယ်၍ လမ်းဘေးတွင်မှီရန် သစ်ပင်တစ်ပင်သာမရှိခဲ့ပါက သူတို့ထိုနေရာမှာပင် မေ့လဲသွားကြမည်မှာသေချာလှသည်။

“ကုန်းရှန်းရဲ့ပိုက်ဆံတွေကြောင့်သာမဟုတ်ရင် ဘုရားတောင်စွန့်ပစ်ထားတဲ့ ဒီနေရာမျိုးကို ငါက ဘာကိစ္စလာရမှာလဲ အော့”

ဤစကားကိုကြားလိုက်ရချိန်တွင် လုရှီမန်နှင့် စုန့်ကျီပိုင်တို့၏မျက်မှောင်များက ချက်ချင်းကြုံ့သွားခဲ့၏။

‘ပိုက်ဆံအတွက် လာခဲ့တာတဲ့လား’

ငွေကြေးကိုလိုချင်မက်မောခြင်းက ရှက်စရာမဟုတ်သော်ငြား ဤမျှလောက် ဗြောင်ကျကျပြောဆိုနေခြင်းကိုကြည့်လျှင် ဤကလေးအပေါ် သူမ မည်သည့်သံယောဇဉ်မျိုးထားရှိသနည်းဆိုသည်မှာ မေးခွန်းထုတ်စရာပင်။

စုန့်ကျီပိုင်က သူမခေါင်းလေးကိုပုတ်ကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။

“နောက်ဆုံးတော့လည်း ကိုယ်တို့နဲ့ဘာမှမဆိုင်ပါဘူး၊ လာ ကားသွားစီးရအောင်၊ ခဏနေရင် ကိုယ်တို့ကားနဲ့တပ်ထဲကို တိုက်ရိုက်သွားကြမယ်၊ ကိုယ်တို့ရဲ့ လက်ထပ်ခွင့်တင်ပြစာက ခွင့်ပြုချက် မကျသေးဘူး၊ ပြီးတော့ တပ်မိသားစု အိမ်ရာအတွက်လည်း လျှောက်ရဦးမယ်၊ မင်းတည်းခိုခန်းမှာ ရက်အနည်းငယ်လောက် နေရလိမ့်မယ်”

ပြီးခဲ့သည့်နှစ်များအတွင်း သခင်ကြီးလု၏ပံ့ပိုးကူညီမှုများဖြင့် သူသည် တပ်ခွဲမှူးရာထူးသို့ အလျင်အမြန်တက်လှမ်းနိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က လျှို့ဝှက်စစ်ဆင်ရေးတစ်ခုတွင်ပါဝင်ခဲ့ပြီးနောက် တပ်ရင်းမှူးအဖြစ်သို့ ရာထူးတိုးမြှင့်ခြင်းခံခဲ့ရ၏။

တပ်ရင်းမှူးတစ်ဦးအနေဖြင့် တပ်တွင်း၌ မိသားစုကိုခေါ်ယူနေထိုင်ခွင့်ရှိသော်လည်း လူပျိုတစ်ဦးဖြစ်သဖြင့် တပ်မိသားစုအိမ်ရာအတွက် လျှောက်ထားခြင်းမရှိခဲ့ဘဲ ရဲဘော်များနှင့်အတူ အဆောင်တွင်သာနေထိုင်ခဲ့သည်။

ဤကိစ္စရပ်များကို သေချာစီစဉ်ရဦးမည်ဖြစ်သည်။ အရာအားလုံးက အနည်းငယ် အလျင်စလိုဖြစ်နေခဲ့၏။

ကိစ္စများ ပြီးပြတ်သွားပြီးနောက် ကြေးနန်းစာတစ်စောင်ပေးပို့ခဲ့သော်လည်း လုပ်ငန်းစဉ်များကို အနည်းငယ်တွန်းအားပေးဖို့ လိုအပ်နေဆဲဖြစ်သည်။

တပ်မိသားစုအိမ်ရာ လျှောက်ထားမှုအတည်ပြုချက်ကျလာသည်နှင့်တစ်ပြိုင်နက် သူတို့မပြောင်းရွှေ့မီ ပရိဘောဂများကိုလည်း သေချာဝယ်ယူရဦးမည်ဖြစ်သည်။

စုန့်ကျီပိုင်၏စကားကို ကြားလိုက်ရချိန်တွင် လုရှီမန်ရင်ထဲ၌ တိတ်တဆိတ် ပျော်ရွှင်သွားခဲ့သည်။ လွတ်လပ်သော အချိန်အနည်းငယ်ရရှိခြင်းက ဘယ်လိုလုပ် ဆိုးရွားနိုင်မည်နည်း။

သူမအနေဖြင့် အနီးအနားပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုပြီး ပစ္စည်းအချို့ကို စုဆောင်းသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

“ကောင်းပြီလေ၊ ရှင့်အစီအစဉ်အတိုင်းပဲလုပ်ပါ၊ ဒါပေမဲ့ တည်းခိုခန်းကိုရောက်တာနဲ့ ကျွန်မတို့ဘေးကင်းကင်းနဲ့ ရောက်ပြီဆိုတဲ့အကြောင်း ဦးလေးဝေ့ကို အရင်ဆုံးအသိပေးသင့်တယ်”

ကွမ်ကျိုးသို့ရောက်ရှိချိန်က ဝေ့စန်းလီထံသို့ ကြေးနန်းစာတစ်စောင်ပို့ခဲ့ပြီးပြီဖြစ်ရာ တည်းခိုခန်းသို့ရောက်ရှိပါက သူ စိတ်အေးစေရန် ဖုန်းတစ်ခါတော့ခေါ်ဆိုသင့်သည်။

သဘောတူညီမှုရရှိပြီးနောက် သူတို့နှစ်ဦး ယာဉ်တစ်စီးပေါ်သို့တက်လိုက်ကြ၏။ အကွေ့အကောက်များစွာကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင်တော့ သူတို့စစ်ဒေသအနီးသို့ရောက်ရှိလာခဲ့ကြသည်။

လုရှီမန်က ပတ်ဝန်းကျင်ကိုသိချင်စိတ်ဖြင့် စူးစမ်းကြည့်လိုက်သည်။ အညိုရောင်သစ်ခေါက်များရှိသည့် မီတာနှစ်ဆယ်ခန့်မြင့်မားသော သစ်ပင်ကြီးများ ရှိနေ၏။ သစ်ခေါက်များပေါ်တွင် ပန်းကန်လုံးငယ်လေးများကို ချိတ်ဆွဲထားသော်လည်း ၎င်းတို့က မည်သည့်အရာကို စုဆောင်းရန် ရည်ရွယ်ထားမှန်း သူမ မသိပေ။

သူမနှင့် ရင်းနှီးသောအုန်းပင်များလည်းရှိနေပြီး အမြင့်တွင်ချိတ်ဆွဲနေသော အုန်းသီးများက အလွန်တရာဆွဲဆောင်မှုရှိလှသည်။

ဟိုင်နန်ကျွန်း၏ရာသီဥတုက သက်တောင့်သက်သာရှိလှပြီး တိုက်ခတ်လာသောလေပြေကပင် နွေးထွေးမှုကို ခံစားရစေသည်။ လုရှီမန် သိချင်စိတ်ဖြင့် မေးမြန်းလိုက်လေ၏။

“ဒါ ဘာပင်လဲ”

စုန့်ကျီပိုင် လှမ်းကြည့်ကာရှင်းပြလိုက်လေသည်။

“ရော်ဘာပင်တွေလေ၊ ဟိုင်နန်ကျွန်းက အဓိကအားဖြင့် ရော်ဘာကိုပဲအားထားရတာ၊ အဲဒီပန်းကန်လုံးတွေထဲမှာ စုထားတာက ရော်ဘာအစေးတွေပဲ၊ ဒါတွေကို စုဆောင်းပြီး ကားတာယာလိုမျိုးပစ္စည်းတွေဖြစ်အောင် ပြုပြင်ထုတ်လုပ်ကြမှာပေါ့”

သူတို့တပ်ဖွဲ့မှာ မြေယာဖော်ထုတ်ရေးနှင့် နယ်ခြားစောင့်တပ်ဖွဲ့တစ်ခုဖြစ်သည်။ သူတို့၏အဓိကတာဝန်မှာ မြေယာစိုက်ပျိုးရေးဖြစ်ပြီး ဟိုင်နန်တွင် ၎င်းမှာရော်ဘာပင်စိုက်ပျိုးခြင်းကို ဆိုလိုခြင်းဖြစ်၏။

တစ်ချိန်တည်းမှာပင် နယ်စပ်ကိုကာကွယ်ရန်နှင့် တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရန် တာဝန်များကိုလည်း ထမ်းဆောင်ကြရသည်။

ရော်ဘာသည် သူတို့တပ်ဖွဲ့သမိုင်းကြောင်းအများစု ရှင်သန်တည်ရှိမှု၏အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ လုရှီမန် စဉ်းစားတွေးတောနေဟန်ဖြင့် ခေါင်းညိတ်လိုက်လေ၏။

“ဪ၊ ဒါက ရော်ဘာကိုး”

အစစ်အမှန်ရော်ဘာပင်များကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ရာ တကယ့်ကို စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သူတို့နှစ်ဦး ဟိုင်နန်ကျွန်း၏ဒေသဓလေ့စရိုက်များအကြောင်း စကားစမြည်ပြောဆိုရင်းဖြင့် သိပ်မကြာမီမှာပင် တည်းခိုခန်းသို့ ရောက်ရှိသွားကြလေသည်။

လုရှီမန်ကို တည်းခိုခန်းတွင်နေရာချထားပေးပြီးနောက် စုန့်ကျီပိုင်က တပ်တွင်းသို့ အလျင်စလိုပြန်လာခဲ့ပြီး နိုင်ငံရေးဌာနသို့ တိုက်ရိုက်ထွက်လာခဲ့လေ၏။

လက်ထပ်ခွင့်တင်ပြစာနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးယွင်ထံသို့ သူ စောစောက ဖုန်းဆက်ထားခဲ့ပြီးဖြစ်ရာ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီကို သူမသိရှိပေ။

ယွင်ကျီတက အပြေးအလွှားရောက်လာသော စုန့်ကျီပိုင်ကိုကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်လေသည်။

“ရှောင်စုန့် မင်းတကယ်ဆုံးဖြတ်ပြီးပြီလား”

သူက လုဟန်ရှန်းနှင့် အနည်းငယ် ပတ်သက်မှုရှိခဲ့ဖူးရာ လုဟန်ရှန်း၏နောက်ခံသမိုင်းကြောင်းကို သဘာဝကျကျပင် နားလည်ထားသည်။ ဤကဲ့သို့ အကဲဆတ်သောအချိန်ကာလမျိုးတွင် ဤအရာက အစီအစဉ်ကောင်းတစ်ခုတော့မဟုတ်ပေ။

လုမိသားစုက ဖြုတ်ချရှင်းလင်းမခံရသေးသော်ငြား သူတို့အဆင့်အတန်းက အရင်းရှင်အဖြစ်ရှိနေဆဲဖြစ်သည်။ အကယ်၍ သူတို့သာပစ်မှတ်ထားခံရမည်ဆိုလျှင်...

စုန့်ကျီပိုင် အလွန်တရာလေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ၊ ကျွန်တော့်ရဲ့အသက်နဲ့ အနာဂတ်အားလုံးကို သခင်ကြီးလုက စီစဉ်ပေးခဲ့တာပါ၊ ဒီတာဝန်ကို ကျွန်တော်ယူသင့်ပါတယ်၊ ရှီမန်ရဲ့ဖခင်က နိုင်ငံတော်အတွက် အကျိုးဆောင်ခဲ့ဖူးသလို အခုလည်း မြေယာဖော်ထုတ်ရေးအတွက် အနောက်မြောက်ဒေသကိုသွားဖို့ ကိုယ်တိုင်ကမ်းလှမ်းခဲ့တာပါ၊ သူတို့နောက်ခံသမိုင်းကြောင်းနဲ့ပတ်သက်ပြီး ဘာပြဿနာမှရှိလာမယ်လို့ ကျွန်တော် မထင်ပါဘူး”

အကယ်၍ သူသာ လုရှီမန်အပေါ် လျစ်လျူရှုနေမည်ဆိုပါက သူသည် ကျေးဇူးကန်းသော လူမိုက်တစ်ယောက် ဖြစ်သွားပေလိမ့်မည်။ သူသာ ကျေးဇူးကန်းသူတစ်ယောက်ဖြစ်နေပါက နိုင်ငံတော်က သူ့ကိုမည်သို့ ယုံကြည်စိတ်ချနိုင်မည်နည်း။

ယွင်ကျီတသက်ပြင်းချလိုက်လေသည်။ ဖုန်းပြောပြီးနောက်တွင် သူက ထိုတင်ပြစာကို ဖိထားခဲ့သည်။ အမှန်တကယ်တော့ သူက စုန့်ကျီပိုင်ကို ဖျောင်းဖျချင်ခဲ့၏။ အကယ်၍ ဤမိန်းကလေးကိုသာ လက်ထပ်လိုက်မည်ဆိုလျှင် ဤတစ်သက်တွင် ရာထူးတိုးရန် အခွင့်အရေးရရှိနိုင်တော့မည်မဟုတ်ပေ။

‘ဒါက တကယ်ပဲတန်ရဲ့လား'

သူက ငယ်ရွယ်သေးပြီး စွမ်းဆောင်ရည်များကလည်း ပြည့်ဝနေကာ ပိုမိုမြင့်မားသောနေရာသို့ တက်လှမ်းရန် အခွင့်အရေးရှိနေသေးသည်။

သို့သော် ယခု သူ့မျက်ဝန်းထဲမှ ပြတ်သားသော အရိပ်အယောင်များကို မြင်တွေ့လိုက်ရချိန်တွင်တော့ သူအကုန်နားလည်သွားပြီပင်။

ကျေးဇူးဆပ်ရန်အတွက် မိမိအနာဂတ်ကို စွန့်လွှတ်ရဲခြင်းက သူသည် သိက္ခာရှိပြီး သံယောဇဉ်ကြီးမားသူတစ်ဦးဖြစ်ကြောင်း ဖော်ပြနေသည်။ ဤကဲ့သို့သောလူမျိုးက ပို၍ပင်ထူးကဲကောင်းမွန်လှသည်။

“ငါနားလည်ပြီ၊ သန်ဘက်ခါပေါ့၊ တပ်မိသားစုအိမ်ရာအတွက် သွားလျှောက်လိုက်၊ အချိန်ကျရင် လုရှီမန်ကို ငါ့ဆီခေါ်လာခဲ့ဦး၊ ပြောရမယ်ဆိုရင် သူ ငယ်ငယ်လေးတုန်းက ငါတောင်ချီခဲ့ဖူးသေးတယ်”

စုန့်ကျီပိုင် ခေါင်းညိတ်ပြလိုက်လေသည်။

“ဟုတ်ကဲ့ပါ၊ ကျွန်တော် ခေါ်လာခဲ့ပါ့မယ်”

မည်သို့ပင်ဆိုစေ သူကအထက်လူကြီးတစ်ယောက်ဖြစ်လေ၏။

တပ်မိသားစုအိမ်ရာသို့ ပြောင်းရွှေ့ပြီးသည်နှင့်တစ်ပြိုင်နက် ညွှန်ကြားရေးမှူးယွင်ကို အိမ်သစ်တက်ပွဲအတွက် ဖိတ်ကြားရမည်ဖြစ်သည်။

ယွင်ကျီတ၏ခွင့်ပြုချက်ရရှိပြီးနောက် ထောက်ပံ့ပို့ဆောင်ရေးဌာနကလည်း သူ့ကို တားဆီးခြင်းမပြုတော့ပေ။ သို့သော် ထောက်ပံ့ပို့ဆောင်ရေးရုံးခန်းတွင် စုန့်ကျီပိုင်က ရင်းနှီးနေသောပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ဒုတိယတပ်မှူးကျန်းပင်ဖြစ်၏။

သူသည်လည်း တပ်မိသားစုအိမ်ရာ လျှောက်ထားရန် ရောက်ရှိနေကြောင်း မြင်လိုက်ရချိန်တွင် စုန့်ကျီပိုင်ခေါင်းထဲ၌ သတိပေးခေါင်းလောင်းသံများ မြည်ဟည်းသွားခဲ့သည်။

ကြည့်ရသည်မှာ ထိုအဘွားအိုနှင့် ကလေးငယ်တို့က တကယ်ပဲ ဒုတိယတပ်မှူးကျန်း၏မိသားစုဝင်များ ဖြစ်နေပုံရသည်။ သူဘေးသို့တိုးရပ်ကာ အချိန်အနည်းငယ် စောင့်ဆိုင်းနေလိုက်၏။

ဒုတိယတပ်မှူးကျန်းလျှောက်ထားမှု ပြီးစီး၍ ထွက်ခွာသွားမှသာ သူရှေ့တက်သွားလိုက်သည်။

“ကျွန်တော့်ကို ဒုတိယတပ်မှူးကျန်းနဲ့ အတတ်နိုင်ဆုံး အဝေးဆုံးမှာနေရာချထားပေးပါ”

အကယ်၍ ရှီမန်နှင့် ထိုအဘွားအိုသာ အိမ်နီးချင်းများဖြစ်သွားခဲ့လျှင် တပ်မိသားစုအိမ်ရာတွင် ငြိမ်းချမ်းသောအချိန်ရှိတော့မည်မဟုတ်ပေ။ ဒေါသထွက်လာသောအခိုက်အတန့်တွင် ရှီမန်တစ်ယောက် ထိုအဘွားအိုအား ဓားဖြင့် ထိုးသတ်ပစ်လိုက်မည်ကိုလည်း သူ စိုးရိမ်နေမိသည်။

ဤစကားကို ကြားလိုက်ရချိန်တွင် စာရေးက မျက်မှောင်အသာကြုတ်သွားခဲ့သည်။ သူတို့နှစ်ဦးကြားတွင် မည်သည့် ရန်ငြိုးရန်စရှိကြောင်း သူမကြားဖူးခဲ့သော်လည်း ပထမဆုံးတောင်းဆိုမှုကပင် အဝေးဆုံးကိုတောင်းဆိုနေခြင်းဖြစ်၏။ စာရေးက မေးမြန်းလိုက်လေသည်။

“အဝေးဆုံးနေရာကတော့ ရှိပါတယ်၊ ဒါပေမဲ့ နည်းနည်းတော့ခေါင်တယ်၊ သေချာပြီလား တပ်ရင်းမှူးစုန့်”

All Chapters