အခန်း ၄၅
Vol. 5 Ch. 45
45
ထိုအဘွားအိုအကြောင်းကို စဉ်းစားမိပြီးနောက် ရှီမန်၏ပုံမှန်မဟုတ်သောဒေါသကို တွေးမိချိန်တွင် စုန့်ကျီပိုင်တစ်ယောက် တစ်စက္ကန့်မျှပင်တုံ့ဆိုင်းမနေခဲ့ပေ။ ရှီမန် ဒေါသမထွက်စေရန်အတွက် အနည်းငယ်ဝေးကွာသော နေရာဖြစ်လျှင်ပင် အဆင်ပြေပေသည်။
ဝေးကွာခြင်းက ငြိမ်းချမ်းတိတ်ဆိတ်မှုကို ဖြစ်စေပြီး မည်သူကမျှ သူတို့ကို အရေးတယူလုပ်ကာ ဂရုစိုက်နေမည် မဟုတ်ပေ။
“အဆင်ပြေပါတယ် အလုပ်ရှုပ်သွားရပြီ”
အခြားတစ်ဖက်တွင်မူ စုန့်ကျီပိုင်ထွက်သွားသည်နှင့်တစ်ပြိုင်နက် လုရှီမန်မှာ အားအင်များပြည့်ဝလာခဲ့သည်။ မည်သည့်ကန့်သတ်ချုပ်ချယ်မှုမျှမရှိတော့သဖြင့် သူမသည် ကြိုးလွတ်သွားသော မြင်းရိုင်းတစ်ကောင်နှယ် ပတ်ဝန်းကျင်တစ်ဝိုက်တွင် လှည့်လည်ကျက်စားရန် စတင်လိုက်လေ၏။
တပ်စခန်းမှာ ခရိုင်မြို့ငယ်လေးတစ်ခုနှင့် ဆင်တူသောနေရာမျိုးတွင် တည်ရှိနေသည်။ ရွေးချယ်စရာပစ္စည်းအမြောက်အမြားမရှိသော်ငြား လုရှီမန်ကတော့ စိတ်ဝင်စားဖွယ်ရာကောင်းသည်ဟု ထင်မြင်နေဆဲပင်။
ယုန်ဖြူသကြားလုံးငါးလုံးဖြင့် လဲလှယ်ဝယ်ယူလာသော ကမာကိတ်မုန့်တစ်ခုကို ကိုင်ဆောင်ကာ မြိန်ရေယှက်ရေစားသောက်နေခဲ့သည်။
“ဒါက အရမ်းစားလို့ကောင်းတာပဲ”
လမ်းလျှောက်ရင်း စားသောက်လာကာ တစ်စုံတစ်ဦးညွှန်ပြလိုက်သော လမ်းကြောင်းအတိုင်း အနီးအနားရှိ ပင်လယ်ကမ်းစပ်ဘက်သို့ ဦးတည်ထွက်လာခဲ့သည်။
နေဝင်ဆည်းဆာအချိန်တွင် နေမင်းကြီးက ပင်လယ်ပြင်အတွင်းသို့ တဖြည်းဖြည်း နစ်မြုပ်သွားပြီး ကောင်းကင်ယံကို အလင်းရောင်များဖြင့်ရွှဲနှစ်သွားစေကာ လိမ္မော်နီရောင်ပဝါပါးလေးတစ်ထည် ဖုံးလွှမ်းထားသကဲ့သို့ဖြစ်နေ၏။
ပန်းရောင်တိမ်တိုက်များ အပြည့်ရှိနေသော ကောင်းကင်ကြီးက ရင်သပ်ရှုမောဖွယ်ကောင်းကာ လှပလွန်းလှသည်။
လုရှီမန် ကမ်းစပ်တွင်ထိုင်ကာကျယ်ပြောလှသော သမုဒ္ဒရာပြင်ကြီးမှ လိမ့်တက်လာသော လှိုင်းလုံးများကိုငေးမောကြည့်ရှုရင်း သူမရင်ထဲတွင်လည်း ကျယ်ပြန့်လွတ်လပ်သွားသလို ခံစားလိုက်ရသည်။
“အရမ်းလှတာပဲ၊ အရင်ဘဝတုန်းက ငါ ဘာလို့စာအုပ်ကြီးသမားဖြစ်ခဲ့ရတာလဲ၊ စာလေ့လာတာကလွဲပြီး ခိုင်းနွားတစ်ကောင်လို အလုပ်လုပ်ဖို့ပဲသိခဲ့တယ်”
သူမသည် ကြီးကျယ်ခမ်းနားလှသော မြစ်ကြီးများနှင့် တောင်တန်းကြီးများကို သေချာမခံစားခဲ့ဖူးဘဲ အသက်မပါသော ကိန်းဂဏန်းအချက်အလက်များအပေါ်တွင်သာ အာရုံစိုက်နေခဲ့၏။
အကယ်၍ဖြစ်နိုင်မည်ဆိုပါက ဤဘဝတွင် ငါးဆားနယ်တစ်ကောင်ကဲ့သို့ အေးအေးဆေးဆေးနှင့် ပျင်းပျင်းရိရိ နေထိုင်သွားချင်မိသည်။
လိပ်တက်လာလိုက် ပြန်လည်ပြေးဆင်းသွားလိုက်ဖြစ်နေသော တိမ်လွှာများကို ကြည့်ရှုရင်း ဤရှားပါးလှသော ငြိမ်းချမ်းမှုကို ခံစားနေလိုက်၏။
“အစ်မ ငါးဝယ်ချင်လို့လား၊ သမီးတို့အိမ်ကငါးတွေက အရမ်းကောင်းတယ်၊ နည်းနည်းလောက်ဝယ်မလား”
အနီးအနားမှ ကလေးမလေးတစ်ယောက်က ကြည်လင်ပြတ်သားသော အသံလေးဖြင့် မေးမြန်းလာခဲ့သည်။
လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်လေ၏။ ဟိုင်နန်ကျွန်းက ပင်လယ်နှင့်နီးသည်ဖြစ်ရာ အလတ်ဆတ်ဆုံးပင်လယ်စာများကို စားနိုင်လေသည်။
“တစ်ကတ်တီကို ဘယ်လောက်လဲ၊ ဝယ်ယူခွင့်လက်မှတ်တွေရော လိုသေးလား”
သူမက ကျစ်ဆံမြီးလေးကျစ်ထားသော ကလေးမလေးကိုကြည့်ကာ နူးနူးညံ့ညံ့လေသံဖြင့်မေးလိုက်သည်။
“တစ်ကတ်တီကို ၁၀ဆင့်ပါ၊ နည်းနည်းလောက်ဝယ်ပါလား အစ်မ၊ သမီးတို့အိမ်ကငါးတွေက အလတ်ဆတ်ဆုံးတွေချည်းပဲ၊ ပင်လယ်ထဲကနေ အခုလေးတင်ဖမ်းလာတာ”
လုရှီမန် အမှန်တကယ် ဝယ်ယူလိုစိတ်ရှိနေကြောင်း မြင်လိုက်ရသဖြင့် ကလေးမလေးက သူမကုန်ပစ္စည်းများကို အလျင်အမြန် မိတ်ဆက်ပေးလေ၏။
ဤနေရာတစ်ဝိုက်တွင် မည်သူကမျှငါးရှားပါးခြင်းမရှိပေ။ ငါးဖမ်းရာသီ အထွတ်အထိပ်ရောက်ချိန်ဆိုလျှင် ငါးများ များလွန်းသဖြင့် ရောင်းမကုန်တော့ဘဲ မြေသြဇာအဖြစ်လယ်ကွင်းများထဲသို့သာ ပစ်ချရသည့် အခြေအနေပင်ဖြစ်သည်။
ယခု တစ်စုံတစ်ယောက်ကဝယ်ယူလိုသည်ဆိုသဖြင့် တကယ့်ကိုကောင်းမွန်လှသည်။ တစ်ကတ်တီ၊ နှစ်ကတ်တီမျှ ရောင်းရလျှင်ပင် ဆန်အနည်းငယ်နှင့် သွားရောက်လဲလှယ်နိုင်မည်ဖြစ်၏။
‘ဆယ်ဆင့် ဟုတ်လား'
ဤဈေးနှုန်းကိုကြားလိုက်ရချိန်တွင် လုရှီမန်မျက်လုံးများ အရောင်လက်သွားခဲ့သည်။
‘ပင်လယ်ငါးတစ်ကတ်တီကိုမှ ဆယ်ဆင့်တဲ့လား'
ဤဈေးနှုန်းက လုပ်အားခပင်ကာမိမည်မဟုတ်ပေ။ သူမယခင်ဘဝကဆိုလျှင် ဤကဲ့သို့ဈေးနှုန်းမျိုးကို အိပ်မက်ပင် မက်ရဲမည်မဟုတ်ချေ။
သူမစုပ်သပ်လိုက်ပြီး စိတ်ထဲတွင်ပစ္စည်းစုဆောင်းသိမ်းဆည်းချင်စိတ်များ တသသဖြစ်လာခဲ့သည်။ သို့သော်လည်း လတ်ဆတ်သော ပင်လယ်စာများကို သိမ်းဆည်းထားရန်မှာ လက်တွေ့မကျကြောင်း သူမသိထား၏။
အချိန်မရွေး၊ နေရာမရွေးဝယ်ယူနိုင်သောအရာတစ်ခုကို စုဆောင်းသိမ်းဆည်းနေခြင်းက အဓိပ္ပာယ်မရှိလှပေ။
“အစ်မ ဝယ်တော့ဝယ်ချင်ပါတယ်၊ ဒါပေမဲ့ အစ်မက အခုတည်းခိုခန်းမှာပဲ နေရသေးတယ်၊ နေစရာနေရာရပြီဆိုရင် ညီမလေးဆီကနေ သေချာပေါက်ဝယ်ပါ့မယ်၊ ဒီရွာမှာ ကမ်းခြေသွားပြီး ပင်လယ်စာရှာလို့ရလား၊ ခဏနေကျရင် အစ်မကို အဲဒီခေါ်သွားပေးနိုင်မလား”
သူမ ခပ်တိုးတိုးမေးလိုက်သည်။ ပင်လယ်ကမ်းစပ်သို့ ရောက်ရှိနေပြီဖြစ်ရာ သို့ယင်းအက်ပ်တွင် လူအများ စွဲလမ်းရလောက်အောင် ခေတ်စားနေသော ကမ်းခြေတွင် ပင်လယ်စာရှာသည့်အတွေ့အကြုံကို သူမ အဘယ်ကြောင့် လက်လွှတ်ခံနိုင်မည်နည်း။
တစ်ချိန်ကဆိုလျှင် သူမသည် ထိုဗီဒီယိုများကို စွဲလမ်းလွန်းအားကြီးသဖြင့် အိပ်မက်ထဲတွင်ပင် ကမ်းခြေ၌ ပင်လယ်စာများ လိုက်လံရှာဖွေနေခဲ့ဖူးသည်။
“ရတာပေါ့၊ သမီးနာမည်က ဟွမ်ရှောင်ဝေပါ၊ တယွီရွာမှာနေတယ်၊ အစ်မ ငါးဝယ်မယ်ဆို သမီးတို့အိမ်ကိုလာဖို့မမေ့နဲ့နော်”
ဟွမ်ရှောင်ဝေမှာ သူမချက်ချင်းမဝယ်ယူသော်လည်း စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ၊ အစ်မ သေချာပေါက လာခဲ့ပါ့မယ်”
လတ်ဆတ်သော ငါးများကို စုဆောင်းသိမ်းဆည်းရန်မှာ မဖြစ်နိုင်သော်ငြား အိမ်သို့ဒေသထွက်ကုန်များ ပေးပို့မည်ဟူသော အကြောင်းပြချက်ဖြင့် ငါးခြောက်များကိုတော့ သိမ်းဆည်းထားနိုင်သည်ပင်။
ငါးခြောက်များက ကိုင်တွယ်ထိန်းသိမ်းရန် ပိုမိုလွယ်ကူပြီး အခြားသူများ၏ အာရုံစိုက်မှုကိုလည်းခံရမည်မဟုတ်ပေ။
သူမစိတ်လှုပ်ရှားစွာဖြင့် နဖူးကိုရိုက်လိုက်ပြီး မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူမက ဟွမ်ရှောင်ဝေကိုပြန်ကြည့်ကာ ပြောလိုက်၏။
“ဒါဆိုရင် အစ်မငါးခြောက်နည်းနည်းလောက် ဝယ်မယ်လေ”
ဤစကားကိုကြားလိုက်ရချိန်တွင် ဟွမ်ရှောင်ဝေမှာ ဝမ်းသာလွန်းသဖြင့် ပြုံးရွှင်သွားခဲ့သည်။ ဤကဲ့သို့ အလှည့်အပြောင်းဖြစ်သွားမည်ဟု သူမလုံးဝမျှော်လင့်မထားခဲ့ပေ။
သူမခေါင်းညိတ်ပြပြီး လုရှီမန်ကို သူမနေအိမ်သို့ ခေါ်ဆောင်သွားလေသည်။
ဟိုင်နန်ကျွန်းမှာ ပင်လယ်ငါးသယံဇာတ ပေါကြွယ်ဝပြီး ငါးခြောက်အမျိုးအစားများမှာလည်း မျက်စိကျိန်းလောက်အောင် များပြားလှသည်။
ငါးနီခြောက်၊ ငါးရှဉ့်ခြောက်၊ ကင်းမွန်ခြောက်၊ ငါးမန်းခြောက်၊ ငါးမုတ်ခြောက်၊ ငါးတံခွန်ခြောက်၊ ငါးနုသန်းခြောက် လုရှီမန်တစ်ယောက် ငါးခြောက်စက်ရုံတစ်ခုထဲသို့ ပြောင်းရွှေ့ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။
အမျိုးအစားစုံလင်လှသောငါးခြောက်များက ရင်သပ်ရှုမောဖွယ်ရာပင်။
“အစ်မတစ်မျိုးကို ကျင်းငါးဆယ်စီယူမယ်၊ ကျဲ့မြို့မှာ အစ်မရဲ့ဆွေမျိုးသူငယ်ချင်းတွေ အများကြီးရှိတယ်လေ၊ တစ်ယောက်ကို နည်းနည်းစီ လက်ဆောင်ပေးမလို့”
ဝယ်ယူပြီးသွားပါက သူမအမှန်တကယ် ပေးပို့ခြင်းရှိမရှိကို မည်သူကမျှသိနိုင်မည်မဟုတ်ပေ။
သူမက ၎င်းတို့ကို အရင်ဆုံးစုဆောင်းသိမ်းဆည်းထားမည်ဖြစ်ပြီး အကယ်၍ အနာဂတ်တွင်မြောက်ပိုင်းဒေသသို့သွားရောက်ရန် အခွင့်အရေးရရှိပါက ၎င်းတို့ကိုပြန်လည်ရောင်းချပြီး အမြတ်အစွန်းကြီးကြီးမားမားရယူနိုင်မည်ဖြစ်သည်။
အနိမ့်ဆုံးဈေးနှုန်းဖြင့်ဝယ်ယူပြီး အမြင့်ဆုံးဈေးဖြင့် ပြန်လည်ရောင်းချခြင်းမှာ ပြီးပြည့်စုံလှသည်။
သူမသိုလှောင်ရုံအတွင်းတွင် ရွှေတုံးရွှေခဲများ အလျှံပယ်ရှိနေသော်ငြား မည်သူကများ ငွေပိုငွေလျှံရသည်ကို ညည်းတွားနေမည်နည်း။
ဤငါးခြောက်ကျင်းရာနှင့်ချီ ဝယ်ယူစုဆောင်းခြင်းက သူမအတွက် ယွမ်တစ်ရာခန့်သာကုန်ကျခဲ့သည်။
တည်းခိုခန်းသို့ပြန်ရောက်လာချိန်တွင် လုရှီမန်မျက်နှာပေါ်ရှိ အပြုံးများက ပို၍ပင်တောက်ပလာတော့သည်။
လအနည်းငယ်ကြာတိုင်း ဆွေမျိုးများက ကြိုက်နှစ်သက်ကြသည်ဟူသော အကြောင်းပြချက်ဖြင့် ငါးခြောက်များကို ထပ်မံဝယ်ယူနိုင်ပြီး မည်သူကမှ သံသယ၀င်မည်မဟုတ်ပေ။
“လတ်ဆတ်တဲ့ငါးတွေကိုပါ စုဆောင်းသိမ်းဆည်းလို့ရရင် သိပ်ကောင်းမှာပဲ”
သူမသက်ပြင်းချလိုက်လေသည်။ ကံမကောင်းစွာဖြင့် သူမက ဤအနီးအနားတွင်နေထိုင်ကာ အလုပ်လုပ်ကိုင်ရမည်ဖြစ်ရာ လတ်ဆတ်သောငါးများနှင့် ပင်လယ်စာအမြောက်အမြားကို တစ်ကြိမ်တည်း ဝယ်ယူခြင်းက သံသယဖြစ်စရာ ကောင်းနေလိမ့်မည်။
သို့မဟုတ်ပါက လတ်ဆတ်သောငါးများက တကယ့်ရွှေတွင်းကြီးဖြစ်လာပေလိမ့်မည်။
စုဆောင်းသိမ်းဆည်းမှုပြီးစီးသွားပြီး သူမ အိပ်ပျော်နေစဉ်မှာပင် မျက်နှာပေါ်တွင် အပြုံးလေးတစ်ခုရှိနေခဲ့သည်။
စုန့်ကျီပိုင်မှာ တပ်စခန်းသို့ပြန်ရောက်နေပြီဖြစ်သော်လည်း ခွင့်ယူထားဆဲဖြစ်ပြီး အတော်လေးအားလပ်နေသဖြင့် နေ့ခင်းဘက်တွင် လုရှီမန်နှင့်အတူ အချိန်ဖြုန်းရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။
သိပ်မကြာမီမှာပင် လက်ထပ်ခွင့်တင်ပြစာမှာ အတည်ပြုချက်ကျလာခဲ့ပြီး တပ်မိသားစုအိမ်ရာ၏သော့များက စုန့်ကျီပိုင်လက်ထဲသို့ ရောက်ရှိလာခဲ့၏။ လုရှီမန်ကိုစဉ်းစားမိပြီး သူကစစ်တပ်မှ ထုတ်ပေးသော စံသတ်မှတ်ချက်ပရိဘောဂများကို တစ်ခုမျှမယူလိုခဲ့ပေ။
တပ်မိသားစုအိမ်ရာအတွက် သူက ပရိဘောဂအသစ်စက်စက်များကိုသာ ဝယ်ယူခဲ့သည်။
အရာအားလုံး အဆင်သင့်ဖြစ်သွားချိန်တွင် စုန့်ကျီပိုင်က ညာဘက်အစွန်ဆုံးတွင်ရှိသောခြံဝင်းငယ်လေးကိုကြည့်ကာ ကျေနပ်အားရနေမိသည်။ ရှီမန်ရော ကျေနပ်ပါ့မလားဆိုသည်ကိုတော့ သူ မသိနိုင်ပေ။
နောက်တစ်နေ့တွင် လုရှီမန်ကို တပ်မိသားစုအိမ်ရာသို့ တရားဝင်ခေါ်ဆောင်လာခဲ့သည်။
“ပစ္စည်းတွေအားလုံး ဝယ်ပြီးပြီ၊ သန့်ရှင်းရေးလည်း လုပ်ပြီးသွားပြီ၊ တစ်ချက်လောက် လိုက်ကြည့်ပြီး ဘာတွေလိုသေးလဲဆိုတာပြောဦး၊ နောက်မှ သွားဝယ်လို့ရတယ်”
စုန့်ကျီပိုင် စကားပြောပြီးချိန်တွင် သူ့ရင်ထဲ၌စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ သူက လုရှီမန်ကိုမျက်လုံးထောင့်ကနေ အကဲခတ်ကြည့်လိုက်ပြီး သူမဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့သည်။
တပ်မိသားစုအိမ်ရာ၏ အပြင်ပန်းသွင်ပြင်က သာမန်မျှသာဖြစ်သော်လည်း အထဲသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လုရှီမန်က ခြားနားချက်ကိုမြင်တွေ့လိုက်ရသည်။
အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသော အိမ်ငယ်လေးကိုပြောင်စင်နေအောင် သန့်ရှင်းထားပြီး အထဲရှိပစ္စည်းများကလည်း အသစ်စက်စက်များသာဖြစ်သည်။ သူက မှန်တင်ခုံတစ်ခုကိုပင် ပြင်ဆင်ထားပေးခဲ့၏။
မှန်တင်ခုံနားသို့လျှောက်သွားကာ အပေါ်ရှိ သေတ္တာငယ်လေးကိုဖွင့်ကြည့်လိုက်ချိန်တွင် ပုလဲခရင်မ်နှင့် မျက်နှာလိမ်းခရင်မ်ကဲ့သို့သော မျက်နှာလိမ်းဆေးများကိုပင် ပြင်ဆင်ပေးထားကြောင်း တွေ့ရှိလိုက်ရသည်။
ရေချိုးခန်းထဲရှိ သွားတိုက်တံနှင့် သွားတိုက်ဆေးများကလည်း လုရှီမန်ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေသည့်အလား သေသေသပ်သပ်စီစဉ်ထားလေသည်။
“မလိုတော့ပါဘူး၊ ရှင်က အရာအားလုံးကို သေချာဂရုတစိုက်ပြင်ဆင်ထားပေးတာပဲ”
လုရှီမန်ခေါင်းခါပြလိုက်လေ၏။ အရာအားလုံးကို သေသေသပ်သပ်စီစဉ်ထားပြီးဖြစ်ရာ သူမအနေဖြင့် ခရီးဆောင်အိတ်များဆွဲကာ ဝင်လာရုံသာလိုတော့သည်။
“မင်းရဲ့ပစ္စည်းတွေကို ကိုယ်မထိထားဘူး၊ မင်း အရင်ဆုံးထုတ်လိုက်လေ၊ ပြီးရင် ဘယ်နေရာမှာထားချင်လဲဆိုတာ ကိုယ့်ကိုပြော”
သူမစကားကိုကြားလိုက်ရချိန်တွင် စုန့်ကျီပိုင်တစ်ယောက် စိတ်အေးသွားခဲ့သည်။ စကားပြောပြီးနောက် သူက ဘေးဘက်ရှိ ပါဆယ်ထုပ်များကို လက်ညှိုးထိုးပြလိုက်လေ၏။ ဤပစ္စည်းအိတ်ကြီးသုံးအိတ်လုံးမှာ ကျဲ့မြို့မှ ပေးပို့လိုက်ခြင်းဖြစ်သည်။
သူတို့နှစ်ဦးလုံး၏ကြိုးစားအားထုတ်မှုများဖြင့် ပစ္စည်းများက အိမ်တစ်အိမ်လုံးပြည့်နှက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် လူနေထိုင်သောအိမ်တစ်လုံး၏ခံစားချက်မျိုးကို ရရှိသွားစေသည်။
အလုပ်ရှုပ်ပြီးနောက် လုရှီမန်မှ စုန့်ကျီပိုင်ကိုကြည့်လိုက်ချိန်တွင် မေးခွန်းတစ်ခုခေါင်းထဲသို့ ရုတ်တရက်ဝင်ရောက်လာခဲ့၏။
အကယ်၍ သူတို့နှစ်ဦးသာ သီးခြားစီ အိပ်စက်ကြမည်ဆိုပါက သူ့ရဲဘော်များ လာရောက်လည်ပတ်သည့်အခါ ချက်ချင်းသတိထားမိသွားနိုင်၏။
သူမ စကားမပြောနိုင်မီမှာပင် အပြင်ဘက်မှ စိတ်လှုပ်ရှားနေသော အော်ခေါ်သံတစ်သံထွက်ပေါ်လာခဲ့လေသည်။