← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

46

ဆူညံသံများကို ကြားလိုက်ရသဖြင့် စုန့်ကျီပိုင်အပြင်ထွက်လာခဲ့သည်။

ညွှန်ကြားရေးမှူးယွင်ကိုမြင်လိုက်ရချိန်တွင် သူ့မျက်နှာပေါ်၌နားမလည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။

“ရှောင်စုန့် သတင်းကောင်းပဲ၊ ရဲဘော်လု ချီးကျူးဂုဏ်ပြုခံရတယ်”

ယွင်ကျီတက လူတစ်စုကိုခေါ်ဆောင်လာခဲ့ပြီး သူ့မျက်နှာထက်တွင် ဝမ်းသာကြည်နူးမှုများက အတိုင်းသားပေါ်လွင်နေလေ၏။ လုရှီမန်ကို လက်ထပ်ပြီးနောက် ရှောင်စုန့်အနာဂတ်လမ်းဆုံးသွားပြီဖြစ်ကာ ရှေ့ဆက်တက်လှမ်းနိုင်ရန်နေရာမရှိတော့ဟု အစပိုင်းက သူထင်မြင်ခဲ့မိသော်လည်း ယခုကဲ့သို့ အခြေအနေများက ပြဇာတ်ဆန်ဆန် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူထင်ထားခဲ့မည်နည်း။

လွန်ခဲ့သောတစ်နာရီခန့်က စစ်ဒေသ၏စာပို့ခန်းသို့ ရှန်ဟိုင်းမြို့တော် နိုင်ငံတော်လုံခြုံရေးဌာနထံမှ စာတစ်စောင်နှင့် ပါဆယ်ထုပ်တစ်ထုပ်ရောက်ရှိလာခဲ့သည်။

အပေါ်တွင်ရေးသားထားသော လိပ်စာမှာ သူတို့စစ်ဒေသဖြစ်သော်ငြား သူတို့အနေဖြင့် ရှန်ဟိုင်းမြို့နိုင်ငံတော်လုံခြုံရေးဌာနနှင့် မည်သည့်အချိန်ကများ အဆက်အသွယ်ရှိခဲ့ဖူးသနည်း။

သို့သော်လည်း စာကစစ်ဒေသသို့ ပို့ထားခြင်းဖြစ်ပြီး ပါဆယ်ထုပ်ကမူ လုရှီမန်အတွက်ဖြစ်နေခဲ့၏။

စာကိုဖွင့်ဖတ်ကြည့်လိုက်ချိန်တွင် လုရှီမန်သည် ရထားပေါ်၌ ရန်သူ့သူလျှိုတစ်ဦးကို ဖမ်းဆီးရာတွင် ရှန်ဟိုင်းမြို့နိုင်ငံတော်လုံခြုံရေးဌာနကို ကူညီပေးခဲ့ပြီး အဖိုးတန်စာရွက်စာတမ်းများကို ကာကွယ်ပေးကာ ရန်သူ့သူလျှို၏အကြံအစည်များကို ဟန့်တားနိုင်ခဲ့ကြောင်းသိလိုက်ရသည်။

ဤသည်မှာ တကယ့်ကိုကြီးမားလှသော အောင်မြင်မှုကြီးတစ်ခုပင်။

ရှန်ဟိုင်းမြို့တော်မှ လုရှီမန်၏နောက်ခံသမိုင်းကြောင်းကို စုံစမ်းစစ်ဆေးခဲ့ရာတွင် ပြဿနာအချို့တွေ့ရှိခဲ့ရသော်လည်း သူမကနယ်ဆင်းရသူ မဟုတ်သဖြင့် ကိစ္စကြီးကြီးမားမားတော့မဟုတ်ခဲ့ပေ။

လုရှီမန်ကို ဟိုင်နန်ကျွန်းတွင်အခြေချနေထိုင်နိုင်ရန်ကူညီပေးခြင်းက သူတို့အတွက် ကျေးဇူးဆပ်ခြင်း၏အမှတ်လက္ခဏာသေးသေးလေးတစ်ခုသာဖြစ်ပြီး လက်တစ်ဖက်လှုပ်ရှားရုံမျှဖြင့် ပြီးမြောက်နိုင်သော ကိစ္စလေးတစ်ခု ဖြစ်လေသည်။

ယွင်ကျီတလက်ထဲတွင် ပိုးသားဂုဏ်ပြုအလံတစ်ခုကို ကိုင်ဆောင်ထားပြီး သူ့နောက်တွင်ပါလာသူက ကြီးမားသော ပါဆယ်ထုပ်ကြီးတစ်ခုကို သယ်ဆောင်လာခဲ့သည်။ ထိုသူများအပြင် ဝါဒဖြန့်ချိရေးဌာနမှလူများပါ လိုက်ပါလာကြ၏။

ဤမျှကောင်းမွန်သောအခွင့်အရေးကို သူတို့ ဘယ်လိုလုပ်လက်လွှတ်ခံနိုင်မည်နည်း။ ဤသည်မှာ အသင့်သုံးနိုင်သော သတင်းကောင်းတစ်ပုဒ်ပင်။

လုရှီမန်က လူအုပ်ကြီးကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

‘ချီးကျူးဂုဏ်ပြုတယ်ဟုတ်လား’

ဤကိစ္စနှင့်ပတ်သက်၍ သူမနားမလည်နိုင်သေးပေ။

“ရဲဘော်လု၊ ရှန်ဟိုင်းမြို့နိုင်ငံတော်လုံခြုံရေးဌာနကိုယ်စား ရဲဘော်ကို ချီးကျူးဂုဏ်ပြုဖို့ ကျွန်တော်တို့လာခဲ့တာပါ”

ယွင်ကျီတက သွယ်လျကျော့ရှင်းသော လုရှီမန်ကိုကြည့်ရင်း ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ အနည်းဆုံးတော့ သူမကအသုံးမကျသော အရင်းရှင်သခင်မလေးတစ်ယောက် မဟုတ်ခဲ့ပေ။

ရန်သူ့သူလျှိုကို ဖမ်းဆီးရာတွင် ကူညီပေးနိုင်ခဲ့သည်ဖြစ်ရာ ရှောင်စုန့်ရာထူးကို တည်ငြိမ်အောင်ကူညီပေးရာတွင်လည်း သေချာပေါက်ပြဿနာရှိမည်မဟုတ်ချေ။

သေချာတွေးကြည့်လျှင်လည်း အဓိပ္ပာယ်ရှိလှသည်။ သခင်ကြီးလုကိုယ်တိုင်ပျိုးထောင်ခဲ့သော ကလေးတစ်ယောက်က မည်သို့ဖြစ်၍ အသုံးမကျသူတစ်ယောက် ဖြစ်နေနိုင်မည်နည်း။

လုရှီမန်မှာ ကြင်နာယုယဟန်ဖြင့်ပြုံးနေသော ယွင်ကျီတကိုကြည့်ရင်း ပို၍ပင် ထူးဆန်းနေသလို ခံစားလိုက်ရသည်။

သူ့အကြည့်များက အဘယ်ကြောင့် သားသမီးအတွက် ဂုဏ်ယူနေသော မိဘတစ်ဦး၏အကြည့်များနှင့် ဆင်တူနေရသနည်း။

“ဒါက ကျွန်မရဲ့တာဝန်ပါပဲ၊ အခုလို တကူးတကလာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

သူတို့စကားပြောဆိုနေစဉ်မှာပင် ဤကြီးကျယ်ခမ်းနားလှသော ဇာတ်ကွက်ကြီးကြောင့် တပ်မိသားစုအိမ်ရာမှ လူအများအပြား ရောက်ရှိလာကြပြီး လူတိုင်းက လုရှီမန်ကိုသိချင်စိတ်ပြင်းပြသောမျက်ဝန်းများဖြင့် ငေးကြည့်နေကြလေသည်။

“ဒါ ရှန်ဟိုင်းမြို့နိုင်ငံတော်လုံခြုံရေးဌာနကပေးပို့လိုက်တဲ့ ဆုချီးမြှင့်မှုတွေပါ”

ယွင်ကျီတက ပစ္စည်းအားလုံးကို လုရှီမန်ထံသို့လွှဲပြောင်းပေးအပ်လိုက်ပြီး နောက်ဆုံးတွင်တော့ သူ့တာဝန် ပြီးမြောက်သွားခဲ့ပြီပင်။ သို့သော် အရာအားလုံးက မပြီးဆုံးသေးပေ။

လုရှီမန် ပါဆယ်ထုပ်ကိုဖွင့်ရန်ပြင်နေစဉ်မှာပင် ဝါဒဖြန့်ချိရေးဌာနမှလူများက သူမအနားသို့ဝိုင်းအုံလာကြလေသည်။ လုရှီမန်က ရန်သူ့သူလျှိုကို ဖမ်းဆီးခဲ့ကြောင်းကိုသာ သူတို့သိရှိထားပြီး မည်သို့ဖမ်းဆီးခဲ့သည်ကိုမူမသိကြသေးပေ။

အခြားရွေးချယ်စရာမရှိတော့သဖြင့် လုရှီမန်က အဖြစ်အပျက်ကို အကျဉ်းချုံး၍သာ ပြောပြလိုက်ရလေသည်။ သို့သော်လည်း ဤတိုတောင်းလှသောဇာတ်လမ်းလေးကပင် အနီးနားရှိ အမျိုးသမီးကြီးများနှင့် ကလေးငယ်များကို အပြည့်အ၀ဆွဲဆောင်နိုင်ခဲ့၏။

“ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရဲဘော်လု”

ဝါဒဖြန့်ချိရေးဌာနမှလူများက လုရှီမန်ကိုကြည့်ကာ နောက်တစ်ကြိမ် အလေးပြုလိုက်ကြလေသည်။ ရဲဘော်လုသည် အသေးစိတ်ဂရုစိုက်တတ်ပြီး ရဲစွမ်းသတ္တိရှိကာ ဉာဏ်ရည်ထက်မြက်လှ၏။

တပ်ရင်းမှူးစုန့်က တကယ့်ကို ဇနီးကောင်းတစ်ယောက်ရရှိခဲ့ခြင်းပင်။ ယွင်ကျီတက ဘေးတွင်ရပ်နေရင်းပို၍ပင် ကျေနပ်အားရနေခဲ့သော်လည်း လူများလွန်းနေသဖြင့် စကားများများစားစား မဆိုတော့ဘဲ သူ့အဖွဲ့နှင့်အတူ ပြန်လည်ထွက်ခွာသွားလေတော့သည်။

သတင်းများက ဖုံးကွယ်ထား၍မရနိုင်တော့ပေ။ နာရီဝက်အတွင်းမှာပင် တပ်ရင်းမှူးစုန့်ဇနီးက ရန်သူ့သူလျှိုတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟူသော သတင်းက တပ်မိသားစုအိမ်ရာတစ်ခုလုံးတွင် တောမီးပမာပြန့်နှံ့သွားခဲ့သည်။

လုရှီမန်ကို မမြင်တွေ့ဖူးသူများကပင် မနေနိုင်တော့ဘဲ သိချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာကြလေသည်။

ယဉ်ကျေးမှုကပွဲအဖွဲ့အတွင်းတွင်မူ ဟော်စီစီတစ်ယောက် ထိုသတင်းကို ကြားလိုက်ရချိန်၌ သူမလက်များက အလိုအလျောက် တင်းကြပ်စွာ ဆုပ်ကိုင်မိသွားပြီး မျက်နှာပေါ်ရှိအပြုံးများကလည်း ဟန်ဆောင်အပြုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။

“စီစီ၊ စုန့်ကျီပိုင်ကလည်း လက်ထပ်သွားပြီဆိုတော့ နင် ဘာလို့”

“မရဘူး ငါသွားကြည့်မှဖြစ်မယ်”

ထိုကဲ့သို့ပြောဆိုခံလိုက်ရသဖြင့် ဟော်စီစီက ဆက်လက်သည်းမခံနိုင်တော့ဘဲ နေရာမှ ဝုန်းခနဲမတ်တတ်ရပ်လိုက်လေသည်။

ခွင့်ရက်ဖြင့် အိမ်ပြန်လာသော တပ်ရင်းမှူးစုန့်ကို ဤမျှလောက်အထိ အချစ်ကြီးသွားစေရန် ဖမ်းစားနိုင်သော မိန်းမက မည်သည့်ပုံစံမျိုးရှိမည်ကို သူမ သိချင်မိ၏။

အမြင့်ဆုံးနေရာအထိ တက်လှမ်းရန် ရည်မှန်းချက်ကြီးမားသော သူမ ဟော့စီစီက ထိုမိန်းမထက် ဘယ်နေရာများ လျော့ကျနေသနည်း။

“စီစီ”

လျန်ယွီက အပြင်းအထန်ဆူပူကြိမ်းမောင်းလိုက်သဖြင့် မတ်တတ်ရပ်နေသော ဟော်စီစီမှာ နေရာတွင်ပြန်ထိုင်လိုက်ရလေသည်။

“လေ့ကျင့်ရေး ဆက်ဆင်းကြစမ်း၊ နင်တို့အတွက် လေ့ကျင့်ရေးက အရမ်းလွယ်ကူနေလို့လား”

သူမက စကားဖောင်ဖွဲ့နေသောလူငယ်တစ်စုကို စူးစူးရဲရဲစိုက်ကြည့်လိုက်လေသည်။ ဤမိန်းမငယ်လေးများသည် လုပ်ငန်းခွင်အပေါ် အလေးအနက်မထားဘဲ အချည်းနှီး အချစ်ရေးကိစ္စများတွင်သာ အာရုံစိုက်နေကြ၏။

ယဉ်ကျေးမှုကပွဲအဖွဲ့အတွင်းမှ ရုတ်ရုတ်သဲသဲအခြေအနေများကို လုရှီမန် လုံးဝမသိခဲ့ပေ။

သူမက အပြင်ဘက်မှအကြည့်များကို ကွယ်ရန်အတွက် ခြံဝင်းငယ်လေး၏တံခါးကို ပိတ်လိုက်ပြီး ပါဆယ်ထုပ်ကို စတင်ဖွင့်လိုက်လေသည်။

ပါဆယ်ထုပ်ထဲတွင် ပစ္စည်းအတော်များများ ပါဝင်လေသည်။ ကြွေခွက်တစ်စုံ၊ မျက်နှာသုတ်ပဝါနှစ်ထည်နှင့် ထိုပဝါများအတွင်း၌ ရစ်ပတ်ထုပ်ပိုးထားသော စက်မှုထုတ်ကုန်ဝယ်ယူခွင့်လက်မှတ်ဆယ်ခုကျော်၊ စက်ဘီးဝယ်ယူခွင့်လက်မှတ်တစ်ခုနှင့် ဆယ်ယွမ်တန်ငွေစက္ကူဆယ်ရွက်တို့ ပါဝင်သည်။

လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်လေ၏။ ရှန်ဟိုင်းမြို့နိုင်ငံတော်လုံခြုံရေးဌာနက တော်တော်လေး ရက်ရောလှသည်။ သို့သော်လည်း ငွေများကို ဤကဲ့သို့ပေါ့ပေါ့ဆဆ ထည့်သွင်းပေးလိုက်ခြင်းက အခိုးခံရမည်ကို သူတို့မစိုးရိမ်ကြပုံပင်။

“အခု ကျွန်မတို့ စက်ဘီးတစ်စီးဝယ်လို့ရပြီ၊ ပြီးတော့ ရေဒီယိုတစ်လုံးလောက်ပါ ဝယ်ရင်ကောင်းမယ်၊ တီဗီတစ်လုံးလည်း ဝယ်ရမယ်၊ အချိန်ဖြုန်းဖို့အတွက် အသုံးတည့်တာပေါ့”

ကံမကောင်းစွာဖြင့် ရေခဲသေတ္တာများတော့ မရှိသေးချေ။ ယခင်က လုမိသားစုအိမ်တွင် ရေခဲသေတ္တာတစ်လုံး ရှိခဲ့ဖူးသော်လည်း ထိုပစ္စည်းများက သူမ၏လျှို့ဝှက်သိုလှောင်ရုံအတွင်း၌ ရှိနေပြီး အပြင်သို့ ထုတ်ယူ၍မရနိုင်ပေ။

သူမ ဝယ်ချင်လျှင်ပင် သာမန်လူတစ်ယောက်အနေဖြင့် ရေခဲသေတ္တာတစ်လုံး ရရှိရန်မှာ မလွယ်ကူလှချေ။

လက်ရှိအချိန်တွင် ရေခဲသေတ္တာများကို ဆေးရုံများနှင့် နိုင်ငံတော်ပိုင်စားသောက်ဆိုင်များကဲ့သို့သောနေရာများတွင်သာ တွေ့ရလေ့ရှိပြီး အိမ်သုံးအဖြစ်ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

“ကောင်းပြီလေ၊ တီဗီဝယ်ခွင့်လက်မှတ်ကို ဘယ်နေရာမှာလဲလို့ရမလဲဆိုတာ သွားမေးကြည့်လိုက်အုံးမယ်”

စုန့်ကျီပိုင် ခေါင်းညိတ်ပြလိုက်လေသည်။ သူက သခင်မလေး၏သေးငယ်သော ဆန္ဒလေးများကို သေချာပေါက် ဖြည့်ဆည်းပေးမည်ဖြစ်၏။

ကောင်းကင်ယံမှကြယ်များကို ခူးဆွတ်ပေးရမည်ဆိုလျှင်ပင် သူ နည်းလမ်းရှာ၍ ဖြစ်အောင်လုပ်ပေးမည်ပင်။

“ဒါနဲ့ စောစောက ဦးဆောင်လာတဲ့ ညွှန်ကြားရေးမှူးဆိုတဲ့တစ်ယောက်က ရှင်နဲ့ အရမ်းရင်းနှီးလို့လား”

သို့မဟုတ်လျှင် သူက အဘယ်ကြောင့် ထိုကဲ့သို့သော မျက်နှာအမူအရာမျိုးဖြင့် သူတို့ကိုကြည့်ရှုနေမည်နည်း။

“ညွှန်ကြားရေးမှူးယွင်က နိုင်ငံရေးဌာနရဲ့အကြီးအကဲပါ၊ အရမ်းသဘောကောင်းတဲ့ လူကြီးတစ်ယောက်၊ သခင်ကြီးလုရဲ့ မိတ်ဆွေ‌လေ၊ နောက်ရက်အနည်းငယ်လောက်နေရင် အားလုံးကို ထမင်းစားဖိတ်ရမယ်၊ အိမ်တက်ပွဲလေး လုပ်တဲ့အနေနဲ့ပေါ့”

လုရှီမန် စဉ်းစားတွေးတောနေဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ သခင်ကြီးလု၏မိတ်ဆွေဆိုရာ သူ ထိုကဲ့သို့ပြုမူနေသည်မှာ အံ့သြစရာတော့မဟုတ်ပေ။

“ဒါဆိုလည်း လုပ်ကြတာပေါ့၊ ထမင်းတစ်နပ်စားရုံလောက်က ကိစ္စကြီးကြီးမားမားမှ မဟုတ်တာ”

ထို့အပြင် သူတို့အနေဖြင့် လူတိုင်းကို ထမင်းတစ်နပ်တော့ ကျွေးမွေးသင့်သည်။

သူမဘဝကို သူမကိုယ်ယ်တိုင် လွတ်လပ်ယုံကြည်စွာ ရပ်တည်သွားမည်ဖြစ်၏။ သူမက ပုန်းအောင်းနေရမည့်သူတစ်ယောက် မဟုတ်ပေ။

“အင်း အဲဒါကို ကိုယ့်တာဝန်သာထားလိုက်၊ ကျန်တဲ့အရာတွေအတွက် မင်း စိတ်ပူနေစရာမလိုဘူး”

အကယ်၍ ဟင်းချက်သည့်အလုပ်ကိုသာ သခင်မလေးထံလွှဲအပ်ထားလိုက်ပါက သူမ သေချာပေါက် ဖျက်ဆီးပစ်လိမ့်မည်ဖြစ်သည်။ နောက်မှ အန်တီချန်နှင့် မရီးနှစ်ယောက်ကို အကူအညီတောင်းရပေမည်။

သူတို့နှစ်ဦး ပွဲအတွက်အချိန်ကို တိုင်ပင်ဆွေးနွေးပြီးနောက်မှသာ စုန့်ကျီပိုင်က ထမင်းချိုင့်ကို ကောက်ကိုင်ကာ အစားအသောက်သွားယူရန် ပြင်ဆင်လေသည်။ လုရှီမန် ဆိုဖာပေါ်တွင်ထိုင်လျက် ခြံဝင်းငယ်လေးဆီသို့ ငေးကြည့်နေလိုက်၏။

ညနေခင်း၏နွေးထွေးသော လေပြေလေးများက သူမပါးပြင်ကို လာရောက်ပွတ်သပ်သွားပြီး သစ်ရွက်လေးများထံမှ တရှဲရှဲမြည်သံများက သဘာဝ၏ တေးသွားတစ်ခုနှယ် သာယာနာပျော်ဖွယ် ကောင်းလှသည်။

“ဒီနေရာက ကောင်းတယ်၊ ငါ ပိုက်ဆံပေးပြီး ကစားခဲ့ရတဲ့ Happy Farmဂိမ်းထဲကထက်တောင် အများကြီးပိုကျယ်သေးတယ်၊ ဒီနေရာမှာ ဟင်းသီးဟင်းရွက်တွေ စိုက်လို့ရပြီ”

ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဆိုသည်မှာ အငြိမ်းစားဘဝအတွက်မရှိမဖြစ်လိုအပ်သော လှုပ်ရှားမှုတစ်ခုဖြစ်သည်။

သူမ မည်သည့်အရာများအား အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်မည်ကိုမသိရှိသော်လည်း အရင်ဆုံးတော့ စမ်းကြည့်ရမည်ဖြစ်သည်။

ဤမျှကျယ်ပြန့်သော မြေကွက်ကြီးဖြင့်ဆိုလျှင် ဟင်းသီးဟင်းရွက်များသာမက သစ်သီးဝလံအချို့ကိုပါ စိုက်ပျိုးနိုင်မည်ဟု သူမခံစားရသည်။

စပျစ်သီးများရော စိုက်လို့ရနိုင်မလားဟု သူမတွေးတောနေမိ၏။ အကယ်၍ ရနိုင်မည်ဆိုပါက စပျစ်နွယ်စင်တစ်ခုကို ဆောက်လုပ်ရပေမည်။ နွေရာသီရောက်လျှင် ထိုစပျစ်စင်အောက်၌ လက်ဖက်ရည်သောက်ရင်း လေညင်းခံနိုင်ပြီး ရာသီဥတုကောင်းမွန်သောနေ့ရက်များတွင် ပန်းချီဆွဲရန်စင်လေးတစ်ခုကိုပင် ဖန်တီးထားနိုင်သည်ဖြစ်ရာ တကယ့်ကို အပန်းပြေဖွယ်ရာပင်။

သူမကိုယ်ပိုင်အင်ပါယာသေးသေးလေးတစ်ခုကို တည်ဆောက်ရန်အတွက် စိတ်ကူးယဉ်အိပ်မက်များက လွင့်ပျံနေလေ၏။

သူမ စိတ်လှုပ်ရှားစွာဖြင့် အစီအစဉ်များဆွဲနေစဉ်မှာပင် ထမင်းသွားယူရန် စားသောက်ဆောင်သို့ ရောက်ရှိနေသော စုန့်ကျီပိုင်က သူ့ညီအစ်ကိုရဲဘော်အချို့နှင့် ဆုံတွေ့နေခဲ့သည်။

“ရှောင်ပိုင် မင်းက မတရားဘူးကွာ၊ ငါတို့ကို မရီးနဲ့မိတ်တောင်မဆက်ပေးဘူး”

“ငါတို့ကို မင်္ဂလာဆောင်အရက် ဘယ်တော့တိုက်မှာလဲ”

ရှောက်ထောင်းနှင့် ကျိုးဟောင်ယီတို့က စုန့်ကျီပိုင်ကို အဓိပ္ပာယ်ပါပါမျက်စိမှိတ်ပြလိုက်ကြသည်။ ညီအစ်ကိုများ အတူတူ လူပျိုကြီးများအဖြစ်နေသွားကြမည်ဟု သူတို့ထင်မှတ်ထားခဲ့သော်လည်း ရှောင်ပိုင်သည်တော့ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လက်ထပ်သွားခဲ့ပြီပင်။

တကယ့်ကို တရားမမျှတပေ။

မင်္ဂလာဆောင်အရက်ဟူသော စကားကို ကြားလိုက်ရချိန်တွင် စုန့်ကျီပိုင်မှာမှင်သက်သွားခဲ့ရသည်။

သူနှင့် သခင်မလေးက ပူးပေါင်းဆောင်ရွက်နေကြရုံမျှသာဖြစ်ရာ သူတို့ တစ်ကယ်ကြီး မင်္ဂလာဧည့်ခံပွဲလုပ်ရန် လိုအပ်သည်လား မသိပေ။

All Chapters