← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

47

“ဒီငတုံးကောင်၊ မင်းက မင်္ဂလာဆောင်ဖို့တောင် အစီအစဉ်မရှိဘူးလား၊ ငါသာမင်းရဲ့ဇနီးဆိုရင် မင်းကိုသေအောင်ရိုက်သတ်မိမှာပဲ”

ရှောက်ထောင်းက စုန့်ကျီပိုင်ကို မျက်လုံးလှန်ပြလိုက်လေသည်။ မင်္ဂလာဆောင်ဆိုသည်မှာ အလွန်အရေးကြီးသောပွဲတစ်ပွဲဖြစ်သည်။

သိပ်ပြီးအတွေ့အကြုံမရှိသော သူကဲ့သို့ လူမျိုးကပင် မင်္ဂလာပွဲ၏အရေးပါမှုကို နားလည်ထားသေးသည်။

စုန့်ကျီပိုင်က မသိထားခြင်းလား သို့မဟုတ် မိန်းကလေးများကို အေးစက်စက် ဆက်ဆံလွန်းအားကြီးသဖြင့် သူ့ကိုယ်သူဘာလုပ်ရမည်မှန်းပင် မသိတော့သည်လား။

‘မရီးက သူ့ကိုဘာကြည့်ကြိုက်တာပါလိမ့်'

စုန့်ကျီပိုင် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်လေသည်။ သခင်မလေး၏စကားများကို ပြန်လည်အမှတ်ရမိချိန်တွင် သူခေါင်းကိုသာ ထပ်ယမ်းပြလိုက်၏။

သူတို့က ပူးပေါင်းဆောင်ရွက်နေသူများသာဖြစ်သည်။ အကယ်၍ ဤမင်္ဂလာပွဲဟုခေါ်သောအရာကိုသာ ကျင်းပမည်ဆိုပါက သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပင်ဖြစ်လာနိုင်ပေလိမ့်မည်။

“မလိုပါဘူးကွာ၊ မင်းတို့မရီးက ဒီလို အနှစ်သာရမရှိတဲ့ထုံးစံတွေကို ဂရုမစိုက်ပါဘူး”

“သန်ဘက်ခါညကျရင် ငါတို့အိမ်မှာ ထမင်းလာစားကြလေ၊ ငါတို့ အခုလေးတင် ပြောင်းလာတာ”

စုန့်ကျီပိုင် သူတို့ကိုကြည့်ကာ ဖိတ်ကြားလိုက်လေသည်။ ကျိုးဟောင်ယီနှင့် ရှောက်ထောင်းတို့က အချင်းချင်း အဓိပ္ပာယ်ပါပါကြည့်လိုက်ကြ၏။

“သန်ဘက်ခါညကတော့ အဆင်ပြေမှာမဟုတ်ဘူး၊ ဒုတိယတပ်မှူးကျန်းက မနက်ဖြန်ည ညွှန်ကြားရေးမှူးယွင်တို့ကို ထမင်းစားဖိတ်ထားတယ်လေ၊ မင်း တခြားရက်ပြောင်းသင့်တယ်”

အကယ်၍ ရှောင်ပိုင်ကသာ အိမ်ရှင်အဖြစ်ဖိတ်ကြားမည်ဆိုပါက သူသည်လည်း ညွှန်ကြားရေးမှူးယွင်၊ တပ်မှူးဟယ်နှင့် အခြားသူများကို သေချာပေါက် ဖိတ်ကြားချင်မည်ဖြစ်သည်။ သူတို့က မနက်ဖြန်တွင် အားလပ်မည်မဟုတ်ချေ။

“ဒါဆိုရင်လည်း နောက်တစ်နေ့ကို အချိန်ရွှေ့လိုက်မယ်”

ကိစ္စများကို တစ်ချိန်တည်းမှာပင် ကြိတ်မှိတ်လုပ်ဆောင်နေစရာမလိုပေ။ ဒုတိယတပ်မှူးကျန်းက အိမ်ရှင်အဖြစ် ဖိတ်ကြားထားသည်ဖြစ်ရာ သူစောင့်ပေးလိုက်မည်။

မည်သို့ပင်ဖြစ်စေ သူတို့က အလောတကြီးလုပ်စရာမလိုပေ။ ရက်ပြောင်းရွှေ့လိုက်ခြင်းက သူတို့အတွက် အချိန်ပင်ပိုရစေမည်ဖြစ်သည်။

စုန့်ကျီပိုင်က သူတို့နှင့်အတူ နောက်ထပ်မိနစ်အနည်းငယ်ခန့်စကားပြောဆိုပြီးနောက် ထမင်းချိုင့်ကို ကောက်ကိုင်ကာ ပြန်လာခဲ့သည်။ သူတို့ခြံဝင်းငယ်လေးဆီသို့ လျှောက်လာစဉ် စင်္ကြံလမ်းအောက်တွင် သူ့အားစောင့်ဆိုင်းနေသော လုရှီမန်ကိုမြင်လိုက်ရချိန်၌ သူ့ရင်ထဲတွင်အပြစ်ရှိသလို ခံစားချက်လေးတစ်ခုက တဖျပ်ဖျပ်လှုပ်ရှားလာခဲ့၏။

‘ငါ တစ်ကယ့်မင်္ဂလာပွဲလေးတစ်ခု ပြင်ဆင်သင့်သလား’

သူက ထိုကိစ္စအတွက် အတော်လေး စိတ်ဒုက္ခရောက်နေခဲ့သော်လည်း ဘာမှထုတ်မပြောဘဲ သူ့အတွေးများကို စိတ်ထဲတွင်သာ သိမ်းဆည်းထားလိုက်သည်။

သို့သော်လည်း သခင်မလေးက ထိုကိစ္စကို လုံးဝထုတ်ဖော်ပြောဆိုခြင်းမရှိသည်ကိုကြည့်လျှင် ၎င်းက သိပ်ပြီး လိုအပ်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ပူးပေါင်းဆောင်ရွက်နေသူများသာဖြစ်သည်။

သူက သူမအတွက် အကောင်းဆုံးပတ်ဝန်းကျင်နှင့် အ‌ကောင်းဆုံးအခြေအနေများ ဖန်တီးပေးနိုင်ရန် ကြိုးစားအားထုတ်ရုံသာ လိုအပ်သည်။ ဤကဲ့သို့ သေးငယ်သောကိစ္စရပ်များဖြင့် သူမကို ဒုက္ခမပေးသည်က အကောင်းဆုံးပင်။

ယခု လက်ထပ်ခွင့်တင်ပြစာကလည်း အတည်ပြုချက်ကျလာပြီဖြစ်ရာ သူတို့က တရားဝင်ဇနီးမောင်နှံဖြစ်သွားကြပြီဖြစ်သည်။ ပြင်ပလူများ မည်သို့ပင် ပြောဆိုကြပါစေ သူကြောက်ရွံ့နေမည်မဟုတ်ပေ။

အခြားတစ်ဖက်တွင်မူ ရှောက်ထောင်းနှင့် ကျိုးဟောင်ယီတို့က ရင်းနှီးသော ညီအစ်ကိုရဲဘော်အချို့နှင့် စုစည်းကာ ထိုကိစ္စအား ဆွေးနွေးတိုင်ပင်နေကြလေသည်။

ရှောင်ပိုင်က ဘာတစ်ခုမျှနားမလည်လျှင်ပင် သူတို့ကသိသိကြီးနှင့်မကူညီဘဲနေမည်ဆိုပါက သူတို့ဘက်က တကယ့်ကို စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့လွန်းရာ ကျပေလိမ့်မည်။

သူတို့က ရဲဘော်များကိုသာမက ကြိုတင်ပြင်ဆင်မှုများအတွက် အကြံပေးအဖြစ် ဆောင်ရွက်ပေးရန် ညွှန်ကြားရေးမှူးယွင်ကို သွားရောက်ရှာဖွေခဲ့ကြသည်။ မင်္ဂလာပွဲဟု ခေါ်ဆိုခြင်းက ကြီးကျယ်ခမ်းနားသယောင် ထင်ရသော်လည်း တကယ်တမ်းတွင်မူ အလွန်တရာ ရိုးရှင်းလှ၏။

ယနေ့ခေတ် မင်္ဂလာပွဲများတွင် ‌အရင်ခေတ်ကကဲ့သို့ ရှုပ်ထွေးသောလုပ်ငန်းစဉ်များမရှိတော့ချေ။

ရိုးရှင်းသောအလှဆင်မှု အနည်းငယ် ပြုလုပ်ရန်နှင့် လူအများရှေ့တွင် တရားဝင်ဇနီးမောင်နှံဖြစ်ကြောင်း ကြေညာရန်သာ လိုအပ်သည်။

ထို့နောက်တွင် လူတိုင်းပျော်ရွှင်မှုကို မျှဝေခံစားနိုင်ရန်အတွက် မင်္ဂလာသကြားလုံးအနည်းငယ် ဝယ်ယူရမည်ဖြစ်၏။

သေးငယ်သော အခမ်းအနားလေးတစ်ခု ဖြစ်မြောက်ရေးအတွက်မျှသာဖြစ်သည်။ ထို့အပြင် နောက်ထပ်သုံးရက်ကြာလျှင် သူတို့ကအိမ်တက်ပွဲ ပြုလုပ်မည်ဖြစ်ရာ ၎င်းကိုပင်မင်္ဂလာပွဲအဖြစ် သတ်မှတ်လိုက်၍ရပေ၏။

ဆွေးနွေးတိုင်ပင်မှုပြီးဆုံးသွားပြီးနောက် လူတိုင်းက ချက်ချင်းပင် လှုပ်ရှားကြလေတော့သည်။

ယွင်ကျီတက စုန့်ကျီပိုင်အတွက် မင်္ဂလာသကြားလုံးများ ၀ယ်ယူရန် ဝန်ဆောင်မှုဌာနသို့ထွက်သွားပြီး ကျန်သူများကမူ ပျော်ရွှင်မှု နှစ်ထပ်ကွမ်းစာလုံးများ ညှပ်ရန်အတွက် အနီရောင်စက္ကူများကို သွားရောက်ဝယ်ယူကြလေသည်။

အချိန်တိုလေးအတွင်းမှာပင် သူတို့က စာလုံးပုံစံ အများအပြားကိုညှပ်ပြီးသွားခဲ့ကာ ထိုနေ့ရောက်လာလျှင် စောစောသွားရောက်၍ သူတို့အတွက် အလှဆင်ပေးနိုင်ရန် စောင့်ဆိုင်းနေကြလေ၏။

လုရှီမန်ကမူ ညစာစားပွဲအချိန်ရွှေ့ဆိုင်းခြင်းအပေါ် မည်သည့်ကန့်ကွက်မှုမျှမရှိခဲ့ပေ။

မည်သို့ပင်ဆိုစေ ဧည့်သည်များက စုန့်ကျီပိုင်၏ရဲဘော်များသာဖြစ်သည်ပင်။

“ချက်ပြုတ်တဲ့နေရာမှာ ကူညီပေးဖို့ ယောင်းမတွေကို ကြိုပြီးတော့ အကူအညီတောင်းထားဖို့ မမေ့နဲ့နော်၊ ကုန်ခြောက်တွေ ဝယ်ဖို့ကိစ္စကိုတော့ ကျွန်မတာဝန်သာထားလိုက်၊ လူတိုင်း ကောင်းကောင်းမွန်မွန်စားသောက်ပြီး ပျော်ရွှင်ရစေရမယ်လို့ ကျွန်မအာမခံတယ်”

နိုင်ငံတော်ပိုင်စားသောက်ဆိုင်သို့ တိုက်ရိုက်သွားရောက်ရန်မှာ လက်တွေ့မကျသော်လည်း အရာအားလုံးကို စုန့်ကျီပိုင်ထံ လွှဲအပ်ထားရန်ကလည်း အနည်းငယ်လွန်ကဲလွန်းသည်ဟု သူမ ခံစားရသည်။

သူမ တတ်နိုင်သလောက်တော့ ကူညီပေးရမည်ဖြစ်သည်။ ကုန်ခြောက်များ ဝယ်ယူခြင်းက အလွန်တရာလွယ်ကူရိုးရှင်းသော ကိစ္စရပ်တစ်ခုပင်။

တပ်မိသားစုအိမ်ရာသို့ ပြောင်းရွှေ့လာပြီးနောက် စုန့်ကျီပိုင်ဝယ်ယူထားသော ကုတင်အသစ်ပေါ်တွင် အိပ်စက်ရသဖြင့် လုရှီမန်တစ်ယောက် ရှားရှားပါးပါး ချိုမြိန်သောအိပ်မက်များ မက်ခွင့်ရခဲ့လေသည်။

တည်းခိုခန်းများရှိကုတင်များက ကွမ်ကျိုး၏လက္ခဏာရပ်များအတိုင်း အိပ်ရာခင်းအောက်တွင် သစ်သားပြားများသာ ခင်းထားခြင်းဖြစ်သည်။ သူမ နိုးလာချိန်တွင် တစ်ကိုယ်လုံးကိုက်ခဲနေခဲ့၏။

သူမ၏လျှို့ဝှက်သိုလှောင်ရုံအတွင်းမှ စောင်တစ်ထည်ကိုထုတ်ကာ ကုတင်ပေါ်တွင် ခင်းထားခဲ့သော်လည်း မသက်မသာဖြစ်နေဆဲပင်။

နောက်တစ်နေ့ နံနက်စောစော သူမ အိပ်မက်ကမ္ဘာထဲ၌ လွင့်မျောနေဆဲအချိန်တွင် တပ်တွင်းတံပိုးမှုတ်သံကြောင့် သူမလန့်နိုးသွားခဲ့ရသည်။

သူမခေါင်းကို ပွတ်သပ်လိုက်ရင်း မျက်နှာပေါ်တွင် စိတ်ပျက်အားလျော့နေသောအပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒါကို ငါတကယ်မေ့နေခဲ့တာပဲ”

ပုံသေသတ်မှတ်ထားသော နိုးထရမည့် အချိန်ရှိနေသည်ဖြစ်ရာ ဤသည်က သူမအအိပ်မက်ရန် အခွင့်အရေးအားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းပင်။

သူမသက်ပြင်းချလိုက်ပြီး အချိန်အနည်းငယ်ကြာအောင် လူးလှိမ့်နေပြီးနောက် အိပ်ရာထဲမှ ခက်ခက်ခဲခဲထလာခဲ့ရသည်။

သူမ နောက်ကျမှထ၍မရနိုင်တော့သည်ဖြစ်ရာ ဈေးသို့သွားရောက်လည်ပတ်ပြီး ဒေသထွက်နံနက်စာလေးများ ရှိမရှိ သွားရောက်ကြည့်ရှုရပေမည်။ ထို့အပြင် လယ်ယာသုံးကိရိယာအချို့၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် အသား၊ ဟင်းသီးဟင်းရွက်အချို့ကိုလည်း ဝယ်ယူနိုင်မည်ဖြစ်သည်။

စုန့်ကျီပိုင်၏ဟင်းချက်လက်ရာက အတော်ကောင်းမွန်သည်ဖြစ်ရာ သူ့ကို အသင့်စားဟင်းလျာအချို့ပြင်ဆင်ခိုင်းထားနိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမအနေဖြင့် ထမင်းပေါင်းပြီး အရွက်ပြုတ်လိုက်ရုံဖြင့် နေ့စဉ်ဘာစားရမလဲဆိုသည့် စိုးရိမ်ပူပန်မှုမှကင်းဝေးသွားမည်ဖြစ်၏။

သူမအစီအစဉ်များကို တွေးတောမိချိန်တွင် သူမအတွက် ခွန်အားအချို့ရရှိလာသော်လည်း ယနေ့အတွက်တော့ နံနက်စာကို စိတ်ပူနေရန်မလိုတော့ပေ။ စုန့်ကျီပိုင်က စားသောက်ဆောင်မှ အစားအသောက်အချို့ဝယ်လာခဲ့ပြီးဖြစ်သည်။

သို့သော်လည်း အရသာမရှိသော ဆန်ပြုတ်နှင့် ဟင်းသီးဟင်းရွက်များကို ကြည့်ကာ လုရှီမန်တစ်ယောက် ခံတွင်းပျက်သွားခဲ့သည်။ ဤသည်မှာ သူမနေမကောင်းချိန်မှသာ စားလေ့ရှိသော နံနက်စာမျိုးပင်။

သူမက အသားပါသောဖက်ထုပ်များကိုသာ ကြိုက်နှစ်သက်သည်။

“ကျွန်မ အပြင်သွားပြီး ပတ်ဝန်းကျင်ကို လေ့လာရင်း စက်ဘီးတစ်စီးဝယ်လိုက်ဦးမယ်၊ နေ့လယ်ကျရင် ရှင်နည်းနည်းလောက် စောပြန်လာပေးလို့ရမလား”

သူမ မျှော်လင့်ချက်အပြည့်ပါသော မျက်ဝန်းများဖြင့် စုန့်ကျီပိုင်ကိုကြည့်လိုက်လေသည်။ ထိုကဲ့သို့အကြည့်ခံလိုက်ရသဖြင့် စောစောပြန်လာရန်မဆိုထားနှင့် မည်သည့်အရာကိုမဆို စုန့်ကျီပိုင်လုပ်ဆောင်ပေးရန် ဆုံးဖြတ်လိုက်လေ၏။

“ရတယ်လေ”

သူခေါင်းညိတ်ပြလိုက်လေသည်။

“ရှင်ကြိုက်တဲ့ ဟင်းလျာတွေရှိလား၊ ကျွန်မ ဈေးသွားဝယ်မလို့လေ”

စုန့်ကျီပိုင်က ဤမျှလောက်အလိုက်သိနေသည်ဖြစ်ရာ သူမက သူ့ကိုဆုလာဘ်သေးသေးလေးတစ်ခုပေးရမည်ဖြစ်သည်။

“မင်းကြိုက်တာမှန်သမျှ ကိုယ်လည်းကြိုက်တယ်”

စုန့်ကျီပိုင်မျက်နှာပေါ်တွင် ဖျော့တော့တော့ အပြုံးလေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ လုရှီမန် မျက်ခုံးတစ်ဖက် ပင့်လိုက်လေ၏။

‘ယောက်ျားတွေဆိုတာ အစားအသောက် သိပ်မရွေးပါဘူး၊ ဝက်စာဆိုရင်တောင် အားရပါးရစားကြမယ့်သူတွေချည်းပဲ’

နံနက်စာ စားသောက်ပြီးနောက် စုန့်ကျီပိုင်က စက်ဘီးတစ်စီးငှားရမ်းကာ လုရှီမန်ကို မြို့ထဲသို့လိုက်ပို့ပေးပြီးနောက် ပြန်လည်ထွက်ခွာသွားလေသည်။ မြို့ထဲသို့ရောက်သည်နှင့်တစ်ပြိုင်နက် လုရှီမန်က နိုင်ငံတော်ပိုင်စားသောက်ဆိုင်သို့ အရင်ဆုံးသွားရောက်ကာ အသားဖက်ထုပ်အတော်များများကို ဝယ်ယူလိုက်လေသည်။

အသားစားရမှသာ သူမဗိုက်ထဲပြည့်ဝသွားသလို ခံစားရလေ၏။

ဗိုက်ဝသွားပြီးနောက် သူမက စက်မှုထုတ်ကုန်ဝယ်ယူခွင့်လက်မှတ်နှင့် စက်ဘီးဝယ်ယူခွင့်လက်မှတ်တို့ကို ယူဆောင်ကာ ဖော်အဲဗားအမှတ်တံဆိပ် စက်ဘီးတစ်စီးကို ယွမ် ၁၈၀ဖြင့် ဝယ်ယူလိုက်လေသည်။

သူမက ဖီးနစ်အမှတ်တံဆိပ်ကို မျက်စိကျနေခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထိုအမှတ်တံဆိပ်အတွက် စောင့်ဆိုင်းစာရင်းရှိနေခဲ့သည်။

သူမက ချက်ချင်းအသုံးပြုရန် လိုအပ်နေသည်ဖြစ်ရာ ဖော်အဲဗားအမှတ်တံဆိပ်ကိုသာရွေးချယ်လိုက်ရတော့၏။

သို့သော် ဖော်အဲဗားကလည်း အဆင်ပြေပေသည်။ ပစ္စည်းများ သယ်ဆောင်ရန်အတွက် ပိုမိုသင့်လျော်ပေ၏။

စက်ဘီးရရှိပြီးနောက် လုရှီမန် ဈေးဆီသို့ တန်းတန်းမတ်မတ်ထွက်လာခဲ့လေသည်။

ထိုနေရာရှိ ကုန်ပစ္စည်းများက အလတ်ဆတ်ဆုံးဖြစ်သည်။ ဟိုင်နန်ကျွန်းမှာ ပင်လယ်စာပေါကြွယ်ဝ၏။ အချိန်တိုလေးအတွင်းမှာပင် သူမ လက်ထဲတွင် ပစ္စည်းများ ပြည့်နှက်သွားခဲ့သည်။

ပုစွန်လုံးတစ်အိတ်၊ ပုစွန်တစ်အိတ်၊ ကြက်တစ်ကောင်၊ ဝက်သားပေါင်အနည်းငယ်နှင့် ဟင်းသီးဟင်းရွက်အတော်များများ ပါဝင်သော်လည်း သူမက ဟင်းရွက်နှစ်မျိုးကိုသာ ကျပန်းရွေးချယ်လိုက်သည်။

“ဒါက ဘာလို့ ဒီလောက်တောင်ဈေးကြီးနေရတာလဲ၊ တစ်ကျင်းကို ဆင့်သုံးဆယ်ဟုတ်လား၊ ဓားပြတိုက်လိုက်ပါလား၊ မရဘူး သုံးကျင်းကိုမှ ဆင့်သုံးဆယ်ပဲ၊ တစ်ပြားမှ ပိုမပေးနိုင်ဘူး၊ ငါ ဒီလောက်ပဲပေးနိုင်မယ်"

အဘွားအိုဝေ ခါးထောက်လျက်ရပ်နေပြီး ဆင့်သုံးဆယ်ပစ်ချလိုက်ကာ ဟင်းရွက်အစည်းကိုဆွဲယူပြီး ထွက်ပြေးသွားလေတော့၏။

ထိုဘက်သို့လှမ်းကြည့်လိုက်ချိန်တွင် ကလေးငယ်ကလည်း ဟင်းရွက်အချို့ သယ်ဆောင်သွားသည်ကိုမြင်တွေ့လိုက်ရသည်။

“ပစ္စည်းတိုင်း ပိုက်ဆံပေးဝယ်ရတဲ့ ဘုရားတောင်စွန့်ပစ်ထားတဲ့ ဒီနေရာမျိုးကို ငါနားကိုမလည်နိုင်တော့ဘူး၊ ပြီးတော့ သူကအရက်သောက်ချင်သေးတယ် ဟုတ်လား၊ ဒီလောက်ပိုက်ဆံများနေတာတောင် သူ့ညီကိုမိန်းမယူပေးဖို့မစဉ်းစားဘဲ သူကအရက်သောက်ချင်တယ်တဲ့လား၊ သူက ရေပဲသောက်လို့မရဘူးလား၊ လူကြီးလူကောင်းတစ်ယောက်လိုများ ဟန်ဆောင်ချင်နေသေးတယ်”

လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။ ရထားပေါ်ရှိအဘွားအိုသည် ဒုတိယတပ်မှူးကျန်၏မိခင်ဖြစ်ကြောင်း စုန့်ကျီပိုင်ပြောပြသဖြင့် သူမသိရှိထားခဲ့ပြီးဖြစ်သည်။

‘ဒါဆို သူတို့က ဒီနေ့ညစာစားပွဲကို အိမ်ရှင်အဖြစ် ဖိတ်ကြားထားတာပေါ့'

ညစာစားပွဲအတွက် ဟင်းရွက်တစ်အိတ်ကိုသာဝယ်ယူပြီး အသားတစ်ဖတ်မျှပင်မပါဝင်သည်ဖြစ်ရာ သူ့အိမ်တွင် ထမင်းလာစားရမည့်သူများ၏မျက်နှာများမှာ ဆာလောင်မွတ်သိပ်မှုကြောင့် စိမ်းဖန့်သွားကြမည်မှာ သေချာလှသည်။

သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး သိမ်းဆည်းထားနိုင်သော ကုန်ခြောက်အချို့နှင့် သူမလိုအပ်သော မျိုးစေ့များ၊ ကိရိယာများကို ဝယ်ယူလိုက်ကာ အိမ်သို့ အေးအေးလူလူစက်ဘီးစီး၍ ပြန်လာခဲ့လေ၏။

သို့သော်လည်း သူမအိမ်ရှေ့တံခါးသို့ ရောက်ရှိချိန်မှာပင် ကျစ်ဆံမြီးနှစ်ဖက်နှင့် မိန်းကလေးတစ်ဦးရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

အသံကြားသဖြင့် ဟော်စီစီက နောက်သို့လှည့်ကြည့်လိုက်လေသည်။ လုရှီမန်၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရချိန်တွင်တော့ သူမမျက်နှာက ပို၍ပင်ဖြူဖျော့သွားခဲ့ရတော့၏။

All Chapters