← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

48

သူမရှေ့ရှိမိန်းကလေးမှာ အရပ်မြင့်မြင့်၊ အသားဖြူဖြူနှင့်ဖြစ်ပြီး အဝေးမှကြည့်လျှင်ပင် တောက်ပနေသယောင်ထင်ရလောက်အောင် ဖြူဝင်းနေလေသည်။

သူမ၏ရိုးရှင်းသောဝတ်စုံလေးက အထူးတလည် မျက်စိဖမ်းစားနိုင်လွန်းလှသဖြင့် ဟော်စီစီတစ်ယောက် နှိုင်းယှဉ်ကြည့်ရင်း မိမိကိုယ်ကိုပင် သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။

ဤကဲ့သို့သောမိန်းကလေးမျိုးက သူမထက် အဆပေါင်းများစွာသာလွန်ကောင်းမွန်လှ၏။

ဤမိန်းကလေး မည်သည့်အရာများ တော်စွမ်းကျွမ်းကျင်သည်ကို သူမ မသိသေးသော်ငြား စုန့်ကျီပိုင်ကဲ့သို့ထူးချွန်ထက်မြက်လှသော အမျိုးသားတစ်ဦး၏နှလုံးသားကို ဆွဲဆောင်နိုင်စွမ်းရှိသူ မည်သည့်မိန်းမသားမဆို သေချာပေါက် အလွန်တရာထူးခြားသူတစ်ဦးဖြစ်ရပေမည်။

သူမ တွေးတောနေစဉ်မှာပင် ထိုမိန်းကလေးက သူမအနီးသို့လျှောက်လာခဲ့ပြီဖြစ်သည်။

လုရှီမန် သူမကိုတောက်ပစွာပြုံးပြရင်း တည်ငြိမ်သောလေသံဖြင့် နှုတ်ဆက်လိုက်လေ၏။

“နင် စုန့်ကျီပိုင်ဆီလာတာလား”

စုန့်ကျီပိုင်ကိုရှာဖွေရန် ကိုယ်တိုင်ကိုယ်ကျလာသူ မည်သူမဆို သူ့ကိုသဘောကျနေသော မိန်းကလေးတစ်ဦးဖြစ်နိုင်ချေများလှသည်။

ထိုအကြောင်းကို စဉ်းစားမိချိန်တွင် စုန့်ကျီပိုင်အတွက် တကယ့်ကိုသနားစိတ်ဝင်မိသွား၏။

သူက တောအုပ်ကြီးတစ်ခုလုံးကို ပိုင်ဆိုင်နိုင်ခွင့်ရှိခဲ့ပါလျက်နှင့် နောက်ဆုံးတွင်တော့ သူမကဲ့သို့သော ကောက်ကွေ့နေသည့် သစ်ပင်တစ်ပင်တည်းတွင်သာကြိုးချည်ထားရန် အတင်းအကျပ်ဖိအားပေးခံခဲ့ရသည်ပင်။

ဟော်စီစီ တည်ငြိမ်ပြတ်သားစွာတုံ့ပြန်လိုက်လေသည်။

“မဟုတ်ဘူး၊ ငါက နင့်ဆီလာတာ၊ နင်က အရမ်းလှတာပဲ၊ စုန့်ကျီပိုင် နင့်ကို သဘောကျတာလည်း အံ့သြစရာမရှိပါဘူး၊ အခု နင့်ကိုမြင်ရပြီး သူလည်းလက်ထပ်သွားပြီဆိုတာသိရပြီဆိုတော့ ငါ အရှုံးပေးပါပြီ၊ သူ့အကြောင်း ငါ ဆက်ပြီးတွေးနေတော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ တခြားနေရာတွေမှာတော့ နင့်ကို ငါဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး”

စုန့်ကျီပိုင်အတွက်ပြိုင်ပွဲတွင် သူမ အနိုင်မရခဲ့လျှင်ပင် အခြားသောကဏ္ဍများတွင်မူ သူမလုံးဝအရှုံးပေးမည်မဟုတ်ချေ။

သူမသည် ယဉ်ကျေးမှုကပွဲအဖွဲ့၏အထူးချွန်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အနာဂတ်တွင် တောက်ပလာမည့် ကြယ်ပွင့်တစ်ပွင့်ဖြစ်လာရန် ကံကြမ္မာက ဖန်တီးပေးထားပြီးဖြစ်သည်။

စုန့်ကျီပိုင်မရှိလျှင်ပင် အခြားသော ထူးချွန်ထက်မြက်သည့် အမျိုးသားများရှိနေဦးမည်သာဖြစ်သည်။

လုရှီမန် သူမကိုပိုမိုလေးစားအားကျသောအကြည့်များဖြင့် ကြည့်လိုက်မိ၏။ ဤကဲ့သို့ပွင့်လင်းရိုးသားသော မိန်းကလေးမျိုးမှာ ရှားပါးလှသည်။ လုရှီမန်က ဟော်စီစီအား ဖိတ်ခေါ်လိုက်လေသည်။

“အထဲဝင်ပြီး လက်ဖက်ရည်တစ်ခွက်လောက် သောက်သွားမလား၊ ဒါမှမဟုတ် ကော်ဖီပိုကြိုက်လား”

ဟော်စီစီ မှင်တက်သွားခဲ့ရသည်။

“နင် ဒေါသမထွက်ဘူးလား”

သူမနေရာတွင်သာ ဝင်ကြည့်လိုက်မည်ဆိုပါက အကယ်၍ သူမသာစုန့်ကျီပိုင်၏ဇနီးသည်ဖြစ်ပြီး ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရမည်ဆိုလျှင် ဒေါသထွက်လွန်း၍ ရူးသွပ်သွားနိုင်သလို ဟစ်စတီးရီးယားရောဂါပင်ရသွားနိုင်လေသည်။

အဖွဲ့ခေါင်းဆောင်လျန်က သူမအား စိတ်မြန်ကိုယ်မြန်နိုင်လွန်းသည်ဟု အမြဲတမ်းဆူပူလေ့ရှိသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ ယခုပြန်လည်စဉ်းစားကြည့်ချိန်တွင် ယင်းကအမှန်တကယ်ဖြစ်နေပုံရသည်။

သူမတည်ငြိမ်ရင့်ကျက်ရန် လိုအပ်နေသေးသည်မှာ အသေအချာပင်။

လုရှီမန် ခေါင်းလေးကိုအသာစောင်းကာ မေးလိုက်လေသည်။

“ငါက ဘာလို့ဒေါသထွက်ရမှာလဲ၊ လာ အထဲဝင်ခဲ့ပါ”

သူမနှင့် စုန့်ကျီပိုင်တို့က ပူးပေါင်းဆောင်ရွက်နေသူများမျှသာဖြစ်ရာ သူမက အဘယ်ကြောင့်ဒေါသထွက်နေရမည်နည်း။

အကယ်၍သာ သူမက စုန့်ကျီပိုင်ကို အမှန်တကယ်ချစ်မြတ်နိုးနေမည်ဆိုလျှင်တော့ သူမသေချာပေါက် သဝန်တိုပေလိမ့်မည်။

သူမတံခါးဖွင့်လိုက်ပြီး ဝယ်လာသော ပစ္စည်းများကိုချထားလိုက်ကာ ကော်ဖီနှစ်ခွက်သွားဖျော်လေသည်။

သူမက အံဆွဲထဲမှဘီစကွတ်တစ်ဘူးကို ထုတ်ယူကာ အရာအားလုံးကို ဧည့်ခန်းဆီသို့သယ်ဆောင်လာခဲ့သည်။ ငယ်ရွယ်သော မိန်းကလေးတစ်ဦးအနေဖြင့် ဤကဲ့သို့သောခေတ်မီသည့် နိုင်ငံခြားဖြစ်ပစ္စည်းလေးများကို သဘောကျသင့်ပေ၏။

ဟော်စီစီက အခန်းတွင်းသို့ဝေ့ဝဲကြည့်ရှုလိုက်သည်။ အခန်းကို အလွန်တရာ သေသပ်သေချာစွာ အလှဆင်ထားပြီး နေရာတိုင်းတွင် သိမ်မွေ့လှပသော အထိအတွေ့များရှိနေကာ စားပွဲဘေးတွင်တောရိုင်းပန်းလေးများကိုပင် စိုက်ထားလေသည်။

ထို့နောက် သူမထံသို့ယူဆောင်လာပေးသော ကော်ဖီကိုကြည့်လိုက်ချိန်တွင် သပ်ရပ်လှပသော ကော်ဖီခွက်လေးမှာ အတော်လေးတန်ဖိုးကြီးမည့်ပုံပေါက်နေလေ၏။

လုရှီမန် ကော်ဖီခွက်ကို သူမရှေ့တွင် ချထားပေးလိုက်ပြီး အဖုံးဖွင့်ထားသော ဘီစကွတ်ဘူးကို ရှေ့သို့တွန်းပေးလိုက်လေသည်။

“မြည်းကြည့်လိုက်ပါဦး”

ထို့နောက် သူမကော်ဖီကို တစ်ငုံငုံသောက်လိုက်လေသည်။ အနည်းငယ် ခါးသက်သက်အရသာလေးက ပါးစပ်ထဲပျံ့နှံ့သွားချိန်၌ လုရှီမန်တစ်ယောက် ရုတ်တရက် ခွန်အားများပြည့်ဝသွားသလို ခံစားလိုက်ရ၏။

တကယ့်ကို ကောင်းမွန်လှသည်။ ညတစ်ညလုံး အချိန်ပိုအလုပ်ဆင်းနိုင်လောက်အောင် အားအင်များပြန်လည်ရရှိသွားသလိုပင်။

ဟော်စီစီသည် ကော်ဖီအကြောင်းကို ကြားဖူးသော်လည်း လက်တွေ့တွင် တစ်ခါမျှမသောက်ဖူးခဲ့ချေ။ တရုတ် တိုင်းရင်းဆေးရည်နှင့် ဆင်တူသော မည်းနက်နောက်ကျိနေသည့်အရည်ကို ကြည့်ကာ သူမရင်ထဲတွင်သံသယအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

‘ဒီဟာက တကယ်ရောသောက်လို့ကောင်းပါ့မလား’

သူမ ကော်ဖီခွက်ကိုကောက်ကိုင်ကာ အားပါးတရ တစ်ငုံမျိုချလိုက်ချိန်တွင် ခါးသက်လွန်းလှသောအရသာကြောင့် ချက်ချင်းပြန်ထွေးထုတ်ပစ်လုမတတ် ဖြစ်သွားခဲ့ရသည်။

တိုင်းရင်းဆေးရည်နှင့်တူရုံသာမက အရသာကလည်း ဆေးရည်အတိုင်းပင် ဖြစ်နေ၏။

‘လောကကြီးမှာ ဘယ်သူကများ ဒီလိုအရာမျိုးကို ကြိုက်နှစ်သက်ကြမှာလဲ'

သူမလျှာထုတ်လိုက်ပြီး ဘီစကွတ်တစ်ချပ်အား ကမန်းကတန်းဆွဲယူကာ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ရင်း ခါးသက်သက်အရသာကို ဖြေဖျောက်လိုက်ရလေသည်။

ဘီစကွတ်လေးများက အရသာရှိလှပြီး ချိုမြိန်ကာ နိုင်ငံခြားဖြစ်ပစ္စည်းများဟု ထင်ရလေသည်။ လုရှီမန် ရှင်းပြလိုက်လေ၏။

“ငါ နင့်ကိုသတိပေးဖို့မေ့သွားတယ်၊ အဲဒါက နည်းနည်းတော့ခါးတယ်၊ တကယ်တော့ လက်တေးဖြစ်သွားအောင် နို့နည်းနည်းထည့်လိုက်သင့်တာ၊ အဲဒါဆိုရင် အရသာက ပိုပြီးချောမွေ့သွားမှာ၊ ကြိုသိခဲ့ရင် ငါ နင့်အတွက် လက်ဖက်ရည်ပဲ ဖျော်ပေးလိုက်ပါတယ်၊ နင် ကော်ဖီကို သဘောကျမယ်ထင်လို့ပါ”

သူမက ဤအလေ့အကျင့်ဖြစ်နေသော ခါးသက်သက်အရသာကို ရင်းနှီးနေခဲ့ပြီး တစ်ဖက်လူအနေဖြင့် ၎င်းကို သောက်သုံးနိုင်မည်မဟုတ်ကြောင်း ထည့်သွင်းစဉ်းစားရန် မေ့လျော့နေခဲ့၏။ ဟော်စီစီ ပြန်ဖြေလိုက်လေသည်။

“မလိုပါဘူး၊ အသစ်အဆန်းတစ်ခုကို စမ်းကြည့်ရတာလည်း ကောင်းပါတယ်၊ ခါးသက်တယ်ဆိုပေမယ့် ဒါကဘဝနဲ့ တူမနေဘူးလား၊ ခါးသီးမှုဆိုတာ သာမန်ပါပဲ”

အကယ်၍ ဘဝကြီးက အမြဲတမ်း တစ်ပုံစံတည်းသာဖြစ်နေမည်ဆိုပါက မည်မျှပျင်းရိငြီးငွေ့ဖွယ် ကောင်းလိုက်မည်နည်း။

ကော်ဖီကခါးသော်ငြား ယင်းက သူမအား အသိအမြင်သစ်တစ်ခုကိုပေးစွမ်းနိုင်ခဲ့သည်။ ဖြစ်နိုင်သည်က သူမသည်လည်း ခြားနားသော လမ်းကြောင်းတစ်ခုဆီသို့ ဦးတည် ကြည့်ရှုသင့်ပေပြီ။ အချစ်ဆိုသည်မှာ မရှိမဖြစ်လိုအပ်သောအရာတစ်ခုမဟုတ်တော့ပေ။

သူမသည် တည်ငြိမ်စွာအခြေချပြီး အဖွဲ့ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ကာ တဖြည်းဖြည်းချင်းအမြင့်သို့ တက်လှမ်းသင့်ပေသည်။

ဟော်စီစီ ရိုးသားစွာဖြင့် ကျေးဇူးတင်စကားဆိုလိုက်လေသည်။

“ကျေးဇူးတင်ပါတယ်”

လုရှီမန် သူမကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်မိ၏။

‘သူမက ကော်ဖီတစ်ခွက်ထဲကနေ ဘဝသင်ခန်းစာတစ်ခုကို ဘယ်လိုလုပ်ရရှိသွားရတာလဲ။ ငါ ပထမဆုံးအကြိမ် ကော်ဖီသောက်ခဲ့တုန်းက ဘာလို့ဒီလိုအတွေးမျိုးတွေမရခဲ့ပါလိမ့်'

မျှော်လင့်ထားသော ထိပ်တိုက်ရင်ဆိုင်မှုများအစား သူတို့နှစ်ဦးမှာ စကားစမြည်ပြောဆိုနေခဲ့ကြသည်။

ဟော်စီစီသည် ယဉ်ကျေးမှုကပွဲအဖွဲ့မှ ဂီတပညာရှင်တစ်ဦးဖြစ်ပြီး စန္ဒရားနှင့် တယောထိုးခြင်းတို့တွင် ကျွမ်းကျင်သူဖြစ်သည်။ ဤအရာများသည် ယခင် လုရှီမန်ရော သူမ၏မူလကိုယ်ပိုင်ဘဝတွင်ပါ ထိတွေ့ဖူးသောအရာများဖြစ်ပြီး သူမသည် ထိုပညာရပ်များကို အတော်လေးကောင်းမွန်စွာ သင်ယူတတ်မြောက်ခဲ့၏။

လုရှီမန်သည် အသက်ရှစ်နှစ်အရွယ်တွင်ပင် စန္ဒရားတီးခတ်မှုအဆင့် ၁၀သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သူမ၏တီးခတ်မှုတွင် စိတ်ခံစားမှုများ လိုအပ်နေသော်ငြား သူမနည်းစနစ်များကမူ အလွန်တရာခိုင်မာလှသည်။ သူမ၏ကျောင်းသားဘဝ တစ်လျှောက်လုံးတွင် စင်မြင့်ထက်၌ဖျော်ဖြေတင်ဆက်ရန် မကြာခဏခိုင်းစေခံခဲ့ရ၏။

ဆွေးနွေးစရာတူညီသောအကြောင်းအရာများရှိလာသည်နှင့်အမျှ သူတို့စကားဝိုင်းလေးက ပို၍ပင် သဟဇာတဖြစ်လာခဲ့သည်။

သူတို့စကားပြောလေလေ ဟော်စီစီတစ်ယောက် သိမ်ငယ်လေလေဖြစ်လာခဲ့ရသည်။ ဤမိန်းကလေးကလှပရုံသာမက ဤအနုပညာရပ်များတွင်ပါ ကျွမ်းကျင်ပြီး ရန်သူ့သူလျှိုများကိုပင် ဖမ်းဆီးနိုင်သေးသည်ပင်။ ဤမျှ ထူးချွန်ထက်မြက်သော မိန်းကလေးကို ဘယ်သူကများ မကြိုက်ဘဲနေနိုင်မည်နည်း။

သူမကိုယ်တိုင်ပင် သဘောကျနေမိပြီဖြစ်သည်။ ဟော့စီစီက ရိုးသားစွာဖြင့် ဖိတ်ခေါ်လိုက်လေ၏။

“ရဲဘော်လု၊ ငါတို့ရဲ့ယဉ်ကျေးမှုကပွဲအဖွဲ့ထဲဝင်ဖို့ တစ်ကယ်စဉ်းစားမကြည့်ချင်ဘူးလား၊ နင်က အရမ်းသင့်တော်မယ်လို့ ငါထင်တယ်”

အဖွဲ့ထဲတွင် နောက်ထပ်ဖျော်ဖြေတင်ဆက်သူတစ်ဦး ထပ်တိုးလာမည်ဆိုပါက မည်မျှကောင်းမွန်လိုက်မည်နည်း။ ထိုစကားများကိုကြားလိုက်ရချိန်တွင် လုရှီမန် အဆက်မပြတ်ခေါင်းခါပြလိုက်လေသည်။

အချိန်ဖြုန်းရန် ဝါသနာတစ်ခုအနေဖြင့်ဆိုလျှင် အဆင်ပြေသော်လည်း ထိုနေရာတွင် အလုပ်လုပ်ရမည်ဆိုပါက သူမကို သေတွင်းပို့နေသလိုဖြစ်ပေလိမ့်မည်။

“ဟင့်အင်း၊ နင်တို့ရဲ့အလှတရားတွေကို ပရိသတ်နေရာကနေ ခံစားကြည့်ရှုရတာကပဲ ငါနဲ့ပိုပြီးသင့်တော်ပါတယ်”

စုန့်ကျီပိုင်တစ်ယောက် တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ အသံများကို ကြားလိုက်ရချိန်တွင် သူပထမဆုံးမှင်သက်သွားခဲ့ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

‘ဟော်စီစီက ဘာလို့ဒီနေရာကိုရောက်နေရတာလဲ’

သူ့နှလုံးသားမှာ တစ်ချက်ကျုံ့ဝင်သွားခဲ့ပြီး အထဲသို့ အလျင်အမြန်ဝင်လာခဲ့လေသည်။

လှုပ်ရှားသံများကိုကြားလိုက်ရသဖြင့် ဟော်စီစီ လှမ်းကြည့်လိုက်လေသည်။ စုန့်ကျီပိုင်ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် သူမ ကမန်းကတန်းမတ်တတ်ရပ်လိုက်လေ၏။

“ရဲဘော်လု၊ ငါပြန်တော့မယ်နော်”

စုန့်ကျီပိုင်က လက်ထပ်ပြီးပြီဖြစ်ရာ သူမအနေဖြင့် ခပ်ခွာခွာနေသင့်ပြီး သူနှင့်ဤမျှလောက်အထိ နီးနီးကပ်ကပ်မနေသင့်တော့ပေ။

လုရှီမန်၏တုံ့ပြန်မှုကိုပင် မစောင့်ဆိုင်းတော့ဘဲ ဟော်စီစီ အပြင်သို့ထွက်သွားခဲ့သည်။ စုန့်ကျီပိုင်ကို နောက်ထပ်တစ်ချက်မျှပင်လှည့်မကြည့်ခဲ့ချေ။

လုရှီမန်တစ်ယောက် အသံထွက်သည်ထိ ရယ်မောလိုက်မိလေသည်။

ကြည့်ရသည်မှာ ယခုအခါ စုန့်ကျီပိုင်က သူမအတွက် မည်သည့်ဆွဲဆောင်မှုမျှ မရှိတော့ပုံရသည်။ စုန့်ကျီပိုင် စိုးရိမ်တကြီး မေးလိုက်လေ၏။

“မင်း ဘာမှမဖြစ်ခဲ့ဘူးမဟုတ်လား”

လုရှီမန် မေးထောက်လျက် သူ့အား ကြည့်ကာ တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်လေသည်။

“ဘာကိုလဲ၊ ဟော်စီစီက တော်တော်လေး ပျော်စရာကောင်းပြီး အရမ်းသဘောကောင်းတဲ့ မိန်းကလေးပါ၊ အရင်က ရှင်ဘာလို့ သူ့ကိုမကြိုက်ခဲ့ရတာလဲ”

စုန့်ကျီပိုင် သက်ပြင်းချရင်းပြန်ဖြေလိုက်လေသည်။

“တစ်ယောက်ယောက်ကို မကြိုက်ဖို့အတွက် အကြောင်းပြချက်လိုလို့လား၊ ဒီအကြောင်း ဆက်မပြောကြရအောင်၊ မင်းအတွက် ကိုယ်ဟင်းချက်ပေးမယ်”

စုန့်ကျီပိုင်က ထိုမေးခွန်းကို နောက်တစ်ကြိမ် ထပ်မံမဖြေကြားလိုတော့ပေ။ တစ်ယောက်ယောက်ကို သဘောကျခြင်းက သဘောကျခြင်းသာဖြစ်ပြီး မကြိုက်ခြင်းက မကြိုက်ခြင်းသာဖြစ်သည်။

၎င်းအတွက် မည်သည့်အကြောင်းပြချက်မျှ မရှိချေ။ ဟော်စီစီက ထူးချွန်ထက်မြက်နေလျှင်ပင် သူက သူမကိုမကြိုက်ခဲ့ပေ။

သူ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့လေသည်။ သူမဝယ်လာသော ကုန်ခြောက်များကိုကြည့်ကာ ပင်လယ်စာများကို ပေါင်းရန်၊ ဝက်သားကို ကြာညို့ဖြင့် ချက်ရန်၊ အရွက်ကြော်ရန်နှင့် ကြက်ဟင်းရည်ချက်ရန် ဆုံးဖြတ်လိုက်လေသည်။

သူ့ခေါင်းထဲတွင် ရိုးရှင်းသော အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်ပြီးနောက် စတင်လုပ်ဆောင်လေတော့၏။ ဒုတိယတပ်မှူးကျန်းကလည်း ပြီးခဲ့သည့်ညက သူ့ကိုဖိတ်ကြားထားခဲ့သည်ဖြစ်ရာ ညနေခင်းတွင်ညစာစားပွဲသို့ တက်ရောက်ရမည်ဖြစ်သည်။

ထို့ကြောင့် သူမအတွက် ညစာကို ကြိုတင်ပြင်ဆင်ပေးထားရန် လိုအပ်နေသည်။

လုရှီမန် တံခါးဘောင်ကိုမှီလျက် လုံ့လဝီရိယရှိစွာ ဟင်းချက်နေသော အမျိုးသားကိုကြည့်ရင်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်လေ၏။ ယနေ့ နေ့လယ်က အဖြစ်အပျက်များကို သတိရသွား၍မေးလိုက်သည်။

“ဒါနဲ့ ရှင် ဒီနေ့ည ဒုတိယတပ်မှူးကျန်းရဲ့ အိမ်ကို ညစာစားဖို့သွားမှာလား”

စုန့်ကျီပိုင် ချက်ပြုတ်ရင်းပြန်ဖြေလိုက်သည်။

“သွားရမှာပေါ့၊ ကိုယ်တို့ဆက်ဆံရေးက သာမန်ပဲဆိုပေမယ့် အချိန်တိုင်း မျက်နှာချင်းဆိုင်တွေ့နေရတာဆိုတော့ သွားမှရမှာ”

လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။ ယနေ့ညတော့ သူတော်တော်လေး ဒုက္ခရောက်တော့မည်။

“ဒီနေ့ည အဲဒီကိုမသွားခင် တစ်ခုခုအရင်စားသွားဖို့ ကျွန်မအကြံပေးချင်တယ်၊ ဒါမှ ရှင့်ဗိုက်ထဲမှာ ဒေါသတွေအပြည့်နဲ့ ပြန်ရောက်မလာမှာ”

အရွက်အနည်းငယ်လောက်ဖြင့်ဆိုလျှင် သူ့မျက်နှာမှာလည်း စားရင်းနှင့်ပင်စိမ်းဖန့်သွားပေလိမ့်မည်။

စုန့်ကျီပိုင် ခဏတာတိတ်ဆိတ်သွားပြီးနောက် မသေချာမရေရာသောလေသံဖြင့် ပြန်လည်ပြောဆိုလိုက်လေသည်။

“ညစာစားပွဲ ဖိတ်တာပဲဟာ၊ သေချာပေါက် အဲဒီလောက်ကြီးတော့ လွန်လွန်းမှာမဟုတ်ပါဘူး”

All Chapters