← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

49

လုရှီမန်မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

ယုတ္တိကျကျစဉ်းစားကြည့်လျှင် ဤမျှရယ်စရာကောင်းလောက်အောင် အဓိပ္ပာယ်မဲ့လှသော အဖြစ်အပျက်မျိုးကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

သို့သော်လည်း သူမကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရလေ၏။ အသားဟင်းဆိုလို့ ခန့်မှန်းခြေအားဖြင့် ကတ်တီဝက်ခန့်သာရှိမည်ထင်သည်။

ဤကဲ့သို့ဧည့်ခံပွဲမျိုးက အနည်းဆုံး စားပွဲနှစ်ဝိုင်းစာတော့ရှိရမည်ဖြစ်ရာ တစ်ယောက်ကို အသားဖတ်လေးတစ်ဇွန်းခန့်သာရဖို့လမ်းမြင်သည်။

မဟုတ်သေးဘူး။ အသားဖတ်လေးတောင်ရချင်မှရမှာပဲ။

ထိုအသားများကို သူမ၏အသည်းနှလုံးတမျှ အဖိုးတန်လှသောမြေးကလေးအတွက် ချန်ထားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

သူမသိချင်နေမိသည်က တစ်ခုတည်းသာ။

‘ကလေးတွေကို ဒီလောက်တောင် အချစ်ကြီးချစ်တတ်တဲ့သူက ဘာဖြစ်လို့များ သူ့သားအရင်းခေါက်ခေါက်ဖြစ်တဲ့ ဒုတိယတပ်မှူးကျန်းကိုကျတော့ မချစ်ရတာလဲ'

သူမပြောလိုက်သည်။

“မနက်ကဈေးထဲမှာ အဲဒီအဘွားကိုတွေ့လိုက်တယ်၊ ဟင်းသီးဟင်းရွက်တွေတစ်ထုပ်ကြီး ဝယ်လာတာပဲ၊ မုန်ညင်းဖြူသုံးကျင်းလောက်ဝယ်တာကိုတောင် ပိုက်ဆံနှမြောနေသေးတယ်၊ ဆင့်သုံးဆယ်လောက်ပဲ ပစ်ချခဲ့ပြီး ဟင်းရွက်တွေဆွဲထွက်ပြေးသွားတာလေ၊ ဒုတိယတပ်မှူးကျန်းက အရက်ဝယ်ခိုင်းလိုက်တယ် ထင်ပါရဲ့၊ ရေသောက်လို့ရနေတာကို ဘာလို့အရက်သောက်ချင်ရတာလဲဆိုပြီး ပွစိပွစိနဲ့ ငြီးငြူသွားတာ ကြားလိုက်သေးတယ်”

စုန့်ကျီပိုင် ထိုစကားများကိုကြားသောအခါ ဆွံ့အတိတ်ဆိတ်သွားရသည်။

‘ဟင်းရွက်ဝယ်တာလေးတောင် ဒီလောက်စေးနှဲနေမှတော့ အဲဒီယောက်ျားသားတွေအတွက် တကယ်ရောစားစရာရှိပါ့မလား’

ထမင်းနည်းနည်းပိုချက်ဖို့တောင် သူမက နှမြောတွန့်တိုနေဦးမည်သာဖြစ်သည်။

ရထားပေါ်တွင်ပြသခဲ့သည့် ရိုင်းစိုင်းလွန်းသောအပြုအမူများကို ပြန်လည်တွေးတောမိရင်း ထိုအဘွားအိုသည် ဤကဲ့သို့ အောက်တန်းကျသောလုပ်ရပ်မျိုးကို အမှန်တကယ်ပင်လုပ်ရက်မည်ဟု စုန့်ကျီပိုင်တစ်ယောက် အလိုလို သံသယဝင်သွားမိသည်။ စုန့်ကျီပိုင် ခေါင်းညိတ်လိုက်၏။

“ကိုယ်နားလည်ပြီ”

သူသည် မိမိကိုယ်ကိုနှိပ်စက်ညှဉ်းပန်းတတ်သူမျိုး မဟုတ်ပေ။ မည်သည့်အချိန်တွင် ပြန်ထွက်ခွာရမည်ကို အတိအကျမသိရသေးသဖြင့် အရင်ဆုံး တစ်ခုခုစားထားလိုက်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်သည်။ လုရှီမန် သူ့ကို သတိပေးလိုက်သည်။

“အံဆွဲထဲမှာ မုန့်တွေနဲ့ ဘီစကွတ်တွေ အများကြီးရှိတယ်နော်”

စုန့်ကျီပိုင် ရေစိုနေသောလက်များကိုသုတ်ရင်း စကားစလိုက်၏။

“ဒါနဲ့ ကိုယ် မင်းကိုပေးစရာတစ်ခုရှိတယ်”

စုန့်ကျီပိုင်သည် ဆေးကြောနေသော အသားများကိုချထားခဲ့ကာ လက်ကို ခြောက်သွေ့သွားအောင် သုတ်လိုက်သည်။

ထို့နောက် အခန်းထဲသို့ပြန်ဝင်သွားပြီး အံဆွဲထဲမှ ဘဏ်စာအုပ်တစ်အုပ်ကို ယူဆောင်လာကာ လုရှီမန်လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒါက ဒီနှစ်တစ်လျှောက်လုံး ကိုယ်စုဆောင်းထားခဲ့တဲ့ လစာငွေတွေ သိပ်တော့မများပါဘူး၊ အိမ်အတွက်လိုအပ်တဲ့ ပရိဘောဂတွေဝယ်ပြီးတဲ့နောက်မှာတော့ ယွမ်သုံးထောင်လောက်ကျန်သေးတယ်၊ ဝူဟုန်ဖေးကလည်း မင်းပေးလိုက်တဲ့ငွေတွေကို ပြန်ပေးလာတယ်၊ ကိုယ့်ဆီမှာ အကြွေလေးနည်းနည်းပါ ထပ်ရှိသေးတာဆိုတော့ စုစုပေါင်း ယွမ်လေးထောင်လောက်တော့ရှိမယ်”

ပါးလွှာသော ထိုဘဏ်စာအုပ်လေးထဲတွင် သူ နှစ်ပေါင်းများစွာကြိုးကြိုးစားစားစုဆောင်းထားခဲ့သည့် ချွေးနည်းစား ငွေကြေးလေးများ ပါဝင်နေ၏။ သူ့အတွက် သီးသန့်အသုံးစရိတ်ဟူ၍ကြီးကြီးမားမားမရှိသကဲ့သို့ တစ်လလုံးနေမှ တစ်ယွမ်တောင်ကုန်အောင် မသုံးတတ်သူဖြစ်သည်။

ယခုတော့ ထိုပိုင်ဆိုင်မှုလေးများကို လုံလုံခြုံခြုံသိမ်းဆည်းထားနိုင်ရန် သခင်မလေးထံသို့ အပ်နှံရမည့်အချိန် ကျရောက်လာပြီဖြစ်သည်။

သူတို့နှစ်ဦး၏ဆက်ဆံရေးသည် အပြန်အလှန် အကျိုးတူပူးပေါင်းမှုတစ်ခုသာဖြစ်ခဲ့သော်ငြားလည်း သူမက သူ့အားတရားဝင်လက်ထပ်ခဲ့ပြီးဖြစ်ရာ သခင်မလေးအတွက် အကောင်းဆုံးဖြစ်စေရန် သူအစွမ်းကုန် ကြိုးစားပေးရမည်။

ရည်မှန်းချက်ကြီးမားသော ယောက်ျားတစ်ယောက်အနေဖြင့် ကိုယ့်ဇနီးသည်ကို မျက်နှာငယ်စေမည်မဟုတ်ပေ။

“နောက်ပိုင်းလစာထုတ်တိုင်း ကိုယ် မင်းကို အကုန်အပ်ပါ့မယ်၊ မင်းသဘောကျတာမှန်သမျှကိုသာ လွတ်လွတ်လပ်လပ်၀ယ်ပါ၊ အကယ်၍ မလောက်ငှဘူးဆိုရင်လည်း ပိုရအောင် ကိုယ် အစွမ်းကုန်ကြိုးစားရှာပေးမယ်”

အပိုဆုကြေးများ ပိုမိုရရှိနိုင်ရန်အတွက် တာဝန်များကို ပိုမိုထမ်းဆောင်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သခင်မလေးကိုတော့ ဒုက္ခမရောက်စေချင်ပေ။

လုရှီမန် ငွေများအား တစ်လှည့် စုန့်ကျီပိုင်ကို တစ်လှည့် ကြည့်လိုက်သည်။

ဤငွေများသည် စုန့်ကျီပိုင်တစ်ဘဝစာ ပိုင်ဆိုင်မှုအားလုံးနီးပါးဖြစ်နေသော်ငြား သူမကို ဤကဲ့သို့လွယ်လွယ်ကူကူ ပေးအပ်လိုက်သည်ပင်။

လုရှီမန် ပြုံးစစဖြင့်မေးလိုက်သည်။

“ကျွန်မက လက်လွတ်စပယ်သုံးဖြုန်းပစ်လိုက်မှာကို ရှင်မကြောက်ဘူးလား”

တကယ်တော့ သူမတွင် ငွေကြေးချို့တဲ့မှုမရှိပေ။ ငွေသုံးသည့်နေရာတွင်လည်း သူမက အလွန်ရဲတင်းသူဖြစ်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုငွေများ၏ထက်ဝက်ကျော်ကို အလွယ်တကူ ဖြုန်းတီးပစ်နိုင်စွမ်းရှိသည်။ စုန့်ကျီပိုင် နူးညံ့စွာတုံ့ပြန်လာသည်။

“မင်းက လက်လွတ်စပယ်သုံးဖြုန်းမယ့်သူမျိုး မဟုတ်ပါဘူး၊ မင်း သဘောကျလို့ လိုအပ်လို့ဝယ်တာတွေပဲဖြစ်မှာကို အဲဒါကို ဘယ်လိုလုပ်သုံးဖြုန်းတယ်လို့ ခေါ်နိုင်မှာလဲ၊ တကယ်လို့ သုံးစရာမလောက်ငှဘူးဆိုရင် အဲဒါကိုယ် ကြိုးစားမှုမလုံလောက်သေးလို့ပဲ ဖြစ်ရမယ်”

စုန့်ကျီပိုင် ခေါင်းယမ်းလိုက်၏။ သူနှင့်အတူလက်တွဲနေထိုင်ရခြင်းကပင် သခင်မလေးအတွက် အဆင့်အတန်း လျှော့ချလိုက်ရခြင်းဖြစ်ရာ သူမငွေသုံးစွဲမှုကို မည်ကဲ့သို့သုံးဖြုန်းသည်ဟု သူ စွပ်စွဲရက်မည်နည်း။

လုရှီမန်၏နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားပြီး ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူသည် တစ်ပြားတစ်ချပ်ကိုမျှလက်မလွှတ်နိုင်လောက်အောင် ကပ်စေးနှဲတွန့်တိုတတ်သော တခြားယောင်္ကျားများနှင့် လုံးဝမတူညီသည့် စံပြခင်ပွန်းကောင်း တစ်ယောက်ပင်။

အိမ်မှုကိစ္စများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်သည်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှုကိုလည်း အပြည့်အဝပေးစွမ်းနိုင်၏။

ထို့အပြင် သူမအတွက်ဆိုလျှင် ငွေကြေးသုံးစွဲရန်လည်း ဝန်မလေးတတ်ပေ။ ပို၍အရေးကြီးသည်က သူ့ရုပ်ရည်သွင်ပြင်သည် လွန်စွာကြည့်ကောင်းနေခြင်းပင်။

ဤမျှပြည့်စုံသောယောင်္ကျားကောင်းတစ်ယောက်ကို အခြားဘယ်နေရာမှာများ ရှာတွေ့နိုင်ဦးမည်နည်း။

သူမကတော့ အဖိုးတန်ရတနာတစ်ပါးကို အပိုင်ရလိုက်ပြီဖြစ်သည်။

သူမ ငွေအချို့ကိုဆွဲထုတ်ကာ သူ့ထံသို့ကမ်းပေးလိုက်၏။

“ဒီငွေတွေကိုတော့ ကျွန်မပဲယာယီ သိမ်းထားလိုက်ပါ့မယ်၊ ဒါပေမဲ့ ဒါကတော့ ရှင့်အတွက်မုန့်ဖိုးပဲ၊ နောက်ပြီးတော့ ဒီယွမ်ငါးရာကို ဝူဟုန်ဖေးဆီပြန်ပေးလိုက်ပါ၊ သူ့ခြေထောက်ကို သေသေချာချာ ကုသနိုင်ဖို့အတွက် ဒီငွေကိုပေးမယ်လို့ ကျွန်မတို့သဘောတူထားခဲ့ပြီးသား”

သူမတွင် ငွေရေးကြေးရေးအခက်အခဲ မရှိသည့်အတွက် ဤမျှလောက် သေးငယ်သောပမာဏလေးအပေါ် တွန့်တိုနေစရာအကြောင်းမရှိပေ။ စုန့်ကျီပိုင် ငြင်းဆန်လိုက်သည်။

“ကိုယ့်အတွက် မုန့်ဖိုးမလိုပါဘူး၊ ဝူဟုန်ဖေးကလည်း ဒီငွေတွေကိုလက်ခံမှာမဟုတ်ဘူး”

စုန့်ကျီပိုင်သည် ငွေများအားယူမသွားဘဲ မီးဖိုချောင်ဘက်သို့လှည့်ကာ သူ့အလုပ်များကိုသာ ဆက်လုပ်နေတော့သည်။

ထိုအပြုအမူကိုမြင်သောအခါ လုရှီမန် ဘာမှထပ်မပြောတော့ဘဲ ငွေများကို သူ့အင်္ကျီအိတ်ကပ်ထဲသို့ အတင်းထိုးထည့်ပေးလိုက်၏။

အပြင်သို့သွားလာရာတွင် ငွေတစ်ပြားတစ်ချပ်မျှမပါဘဲ ခြေတစ်လှမ်းရွှေ့ရန်ပင်မဖြစ်နိုင်ပေ။ အကယ်၍ သူသာ အရေးပေါ်လိုအပ်လာခဲ့လျှင် မည်သို့လုပ်မည်နည်း။

လုရှီမန် လက်ခုပ်တီးကာထွက်သွားသော်လည်း စုန့်ကျီပိုင်နားရွက်ဖျားလေးများကမူ ချက်ချင်းပင်ရှက်သွေးဖြာကာ ရဲတက်လာတော့သည်။

‘သခင်မလေးရဲ့ ဒီအကျင့်လေးကတော့ တကယ်ကို လွန်လွန်းနေပြီပဲ'

လုရှီမန် အဝေးမှလှမ်းအော်၍ သတိပေးလိုက်သည်။

“ရေတွေ လျှံကျတော့မယ်နော်”

All Chapters