အခန်း ၅၀
Vol. 5 Ch. 50
50
သူ ကြောင်ငေးနေသည်ကိုမြင်သဖြင့် သူမ အလျင်အမြန်သတိပေးလိုက်၏။
စုန့်ကျီပိုင်သည် အတွေ့အကြုံမရှိသေးသော ချစ်စရာကောင်လေးတစ်ယောက်နှင့် အလွန်တူနေလေသည်။
သာမန်အပြုအမူလေးတစ်ခုခုဆိုလျှင်ပင် သူ့ခမျာ ရှက်သွေးဖြာသွားတတ်သည်။ သူသည် အလွန်အမင်း ဖြူစင်လွန်းလှ၏။
သူမကိုယ်တိုင် ချစ်သူရည်းစားမထားဖူးခဲ့သော်လည်း အနည်းဆုံးတော့ အချစ်ရေးအတွေ့အကြုံများကို ဝတ္ထုတွေထဲတွင်ဖြစ်စေ ဇာတ်ကားတွေထဲ၌ဖြစ်စေ မြင်ဖူးတွေ့ဖူးထားလေသည်။
နေ့လယ်စာစားပြီးနောက် အိုးထဲတွင် ကြက်သားစွပ်ပြုတ်ကို ပွဲတည်ထားပြီး ဝက်သားနှပ်ကိုလည်း သီးသန့်ဖယ်ထားလိုက်သည်။
ဟင်းနံ့သင်းသင်းလေးက အိမ်ကလေးကို နွေးထွေးမှုအပြည့်ပေးစွမ်းနေ၏။
တစ်ရေးတစ်မောအိပ်စက်ပြီးနောက်တွင်တော့ လုရှီမန်သည် ခြံဝင်းငယ်လေးထဲ၌ အလုပ်စတင်လုပ်ကိုင်တော့သည်။
သူမ ဝယ်လာခဲ့သော ပေါက်ပြားငယ်လေးကို အသုံးပြုကာ မြေပြင်အား တဖြည်းဖြည်းချင်းတူးဆွနေသည်။ မြေသင်းနံ့လေးက သူမနှာခေါင်းဝတွင် သင်းပျံ့နေ၏။
သို့သော်လည်း သူမ၏နုနယ်သော လက်ဖဝါးလေးများက ထိုကြမ်းတမ်းသော အလုပ်ဒဏ်ကို မခံနိုင်ခဲ့ချေ။
သုံးမိနစ်ခန့်သာ အလုပ်လုပ်ရသေးသော်ငြား လက်ဝါးတွင်အရည်ကြည်ဖုငယ်လေးတစ်ခု ထွက်ပေါ်လာတော့သည်။
သူမသည် ခေတ္တမျှငြိမ်သက်သွားပြီးနောက် ပေါက်ပြားကိုဘေးသို့ပစ်ချလိုက်သည်။
သူမသည် မြင့်မြတ်သောသခင်မလေးတစ်ဦးအဖြစ် နေထိုင်ရန်သာ သင့်တော်၏။ အရှေ့ဘက်ခြံစည်းရိုးတွင် ဂန္ဓမာပန်းများခူးကာ တောင်ဘက်တောင်တန်းများကို အေးအေးဆေးဆေး ငေးမောကြည့်ရှုသည့် ကျောင်းနေရသေ့သူတော်စင်ဘဝမျိုးမှာ သူမနှင့်လုံးဝမကိုက်ညီပါချေ။
မြေတူးသည့်အလုပ်ကို စုန့်ကျီပိုင်နှင့်သာ လွှဲထားလိုက်ခြင်းက အကောင်းဆုံးဖြစ်မည်။ သူမကတော့ မျိုးစေ့ချ၊ ရေလောင်းရန်နှင့် အသီးအပွင့်များ ရိတ်သိမ်းရန်အတွက်လောက်သာ တာဝန်ယူလိုက်တော့မည်။
သူမ အလိုရှိနေသော စပျစ်နွယ်စင်အတွက်ကိုလည်း စုန့်ကျီပိုင်ကိုပင် အကူအညီတောင်းရမည်။
ခဏတဖြုတ်မျှသာ လုပ်ကိုင်လိုက်ရသော ထိုအလုပ်ကြောင့် သူမလက်တွင် အရည်ကြည်ဖုတစ်ခုရရှိလာရုံသာမက ချွေးသီးချွေးပေါက်များပါ ထွက်လာခဲ့သည်။
ရေမိုးချိုးသန့်စင်ပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာချိန်တွင်တော့ လုရှီမန်စိတ်ထဲ၌ အခြားအတွေးတစ်ခုထပ်မံပေါ်ပေါက်လာပြန်၏။
သူမသည် ရုပ်မြင်သံကြားစက်တစ်လုံးသာ လိုအပ်နေသည်မဟုတ်ပေ။ အဝတ်လျှော်စက်တစ်လုံးလည်း လိုအပ်နေသေးသည်။
ယခုအချိန်တွင် အဝတ်အစားများသိပ်မများလှသလို လေးလံမှုလည်းမရှိလှသော်ငြား ကိုယ်တိုင်လျှော်ဖွပ်ရသည်မှာ တကယ်ကိုပင်ပန်းနွမ်းနယ်စရာပင်။
အဝတ်များကို ပွတ်တိုက်လျှော်ဖွပ်ရင်း သူမ သက်ပြင်းချလိုက်သည်။ မနက်ဖြန်တွင် ကုန်ပစ္စည်းထောက်ပံ့ရေးနှင့် ရောင်းချရေးသမဝါယမသို့ သွားရောက်လေ့လာရန် ကြိုတင်စီစဉ်နေမိ၏။
နေ့စဉ်ဘဝကို ပိုမိုအဆင်ပြေလွယ်ကူစေနိုင်မည့် မည်သည့်အရာကိုမဆို မဖြစ်မနေဖြည့်တင်းရမည်။
အချိန်များက မြှားတစ်စင်းအလား ကုန်လွန်သွားခဲ့ပြီး မကြာမီမှာပင် ညနေစောင်းသို့ ရောက်ရှိလာခဲ့သည်။ ကျန်းဖူရှန်းသည် သူ့ရဲဘော်ရဲဘက် တစ်စုကိုခေါ်ဆောင်ကာ အိမ်သို့ပြန်လာခဲ့၏။
အိမ်ပေါက်ဝသို့ နီးကပ်လာချိန်တွင် တံခါးဝ၌မျက်နှာထားခပ်တင်းတင်းဖြင့် ရပ်စောင့်နေကြသော စစ်သားဇနီးသည်များကို မြင်လိုက်ရသောအခါ သူ့ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုတစ်ခုကို မသိမသာခံစားလိုက်ရသည်။
သူ စကားတစ်ခွန်းမျှမဟရသေးခင် အဘွားဝေက သူ့ကိုမြင်သွားပြီး အပြင်သို့ ကမန်းကတန်းပြေးထွက်လာသည်။ အဘွားဝေက အော်ဟစ်လိုက်၏။
“ဖူရှန်း မင်းဘယ်လိုလူတွေကို အကူအညီတောင်းလိုက်တာလဲ၊ ဘာတစ်ခုမှလည်း ဖြစ်မြောက်အောင်မလုပ်တတ်ကြဘူး၊ ဒါ့အပြင် ငါ့ကိုတောင် အထင်သေးတဲ့အကြည့်တွေနဲ့ ကြည့်သွားကြသေးတယ်၊ ငါ ပြင်ဆင်ပေးထားတာတွေက မကောင်းလို့လား”
အဘွားအိုဝေသည် ခါးထောက်လျက်ရပ်နေပြီး ဆဲရေးတိုင်းထွာတော့မည့်အနေအထားသို့ပင် ရောက်ရှိနေသည်။
ကျန်းမိသားစု၏အရှုပ်တော်ပုံများအတွက် လုရှီမန် သီးသန့်အာရုံစိုက်နေစရာပင်မလိုချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခြံဝင်းတစ်ခုလုံးသို့ သတင်းများက ပျံ့နှံ့သွားခဲ့ပြီးဖြစ်သည်။
အိမ်နီးချင်းများက ဤအဖြစ်အပျက်ကို ကွင်းကွင်းကွက်ကွက်သရုပ်ဖော်ပြောဆိုနေကြသည်အား နားထောင်ရင်း လုရှီမန်တစ်ယောက် အသံထွက်ကာ ရယ်မောလိုက်မိ၏။
အဘွားအိုဝေသည် တကယ်ကို ထူးခြားဆန်းကြယ်သောလူစားမျိုးပင်။
ရောက်လာသည်မှာ ရက်ပိုင်းမျှသာရှိသေးသော်လည်း လူတိုင်း၏အမုန်းကို ဆွဲဆောင်နိုင်ခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က အနီးအနားတွင်နေထိုင်ကြသော အိမ်နီးချင်းများကို စော်ကားခဲ့ပြီး ယနေ့တွင်တော့ ဒုတိယတပ်မှူးကျန်း၏ အထက်လူကြီးများနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကိုပါ စော်ကားလိုက်ပြန်သည်။
နောက်ထပ်နာရီဝက်ခန့်အကြာတွင်တော့ စုန့်ကျီပိုင်သည် မျက်နှာထက်စိတ်အနှောင့်အယှက်ဖြစ်နေသော ဟန်ပန်ဖြင့် ပြန်လည်ရောက်ရှိလာ၏။
သူ စိတ်ရှုပ်နေရခြင်းသည် အစားအသောက်များကို ငြီးငွေ့သွား၍မဟုတ်ပေ။ ထိုစိတ်ပျက်ဖွယ်ကောင်းသော အဘွားအိုဝေက ရထားပေါ်တွင် သူမကိုနေရာမဖယ်ပေးခဲ့သည့် ကိစ္စရပ်များကို ပြန်လည်ဆွဲထုတ်လာကာ သူ့အားတပ်မတော်မှ ထုတ်ပယ်ပစ်ရန် ကျန်းဖူရှန်းအား တောင်းဆိုခဲ့သောကြောင့်ပင်။
သူမ ထိုသို့ပြောလိုက်ပြီးနောက်တွင်တော့ သူသည် မည်သည့်ယဉ်ကျေးမှုမျိုးကိုမျှ ထပ်မံပြသလိုစိတ်မရှိတော့ဘဲ ထိုနေရာမှ ချက်ချင်းပင်ထွက်ခွာလာခဲ့သည်။ သူက အလွယ်တကူ အနိုင်ကျင့်လို့ရမည့် လူစားမျိုးမဟုတ်ပေ။ ဤမျှလောက် အေးစက်ခက်ထန်သော လူတစ်ယောက်အပေါ် သူဘာအတွက်ကြောင့် ယဉ်ကျေးပျူငှာနေရမည်နည်း။
သူ့စိတ်အခြေအနေကို မြင်သောအခါ လုရှီမန် စောစောက အိမ်နီးချင်းနှင့် လဲလှယ်ထားသော အအေးပန်းကန်ကို ယူလာပေးလိုက်သည်။ လုရှီမန် ပြုံးလျက်ကမ်းပေးသည်။
“မြန်မြန်လေး၊ ဒါကိုမြည်းကြည့်လိုက်ဦး၊ အိမ်နီးချင်းဆီကနေလဲလာတဲ့ ချင်းလျန်ပုလေ အရမ်းအရသာရှိတယ်”
ရေခဲတုံးလေးများသာ နည်းနည်းပါလိုက်လျှင် ဤထက်ပိုလန်းဆန်းသွားစေနိုင်မည်ဖြစ်၏။
“ဒါလေးစားပြီးရင် အတူတူလမ်းလျှောက်ထွက်ကြမလား”
စုန့်ကျီပိုင်သည် ချင်းလျန်ပုအအေးကို သောက်သုံးလိုက်စဉ် သူ့ရင်ထဲရှိဒေါသများမှာ အတော်အတန်လျော့ပါးသွားခဲ့သည်။ ချိုမြိန်အေးမြသောအရသာက သူ၏စိတ်အိုက်နေမှုများကို ပြေလျော့စေသည်။
“ကိုယ် ရေမြန်မြန်သွားချိုးလိုက်ဦးမယ်၊ ဒီည ရုပ်ရှင်ပြမှာဆိုတော့ ကိုယ်တို့ အတူတူသွားကြည့်ကြတာပေါ့”
စုန့်ကျီပိုင် ခေါင်းညိတ်ပြကာ ရေချိုးခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွားသည်။ ဒေါသကြောင့် မှင်တက်နေ၍လား သို့မဟုတ် အကျင့်ပါနေ၍လားမသိပေ။ ရေချိုးပြီးမှသာ အဝတ်အစားများယူလာရန် မေ့ကျန်ခဲ့ကြောင်း သူသတိထားမိတော့သည်။
သူ နှုတ်ခမ်းကိုစေ့ကာ အကြိမ်ကြိမ် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီးနောက် အဆုံးတွင်တော့ အကူအညီတောင်းရန်သာ ဆုံးဖြတ်လိုက်သည်။ ရေချိုးခန်းထဲမှ အသံထွက်လာ၏။
“အဟမ်း ရှီမန် မင်းရှိနေလား၊ ကိုယ့်ကို နည်းနည်းလောက် ကူညီပေးလို့ရမလား၊ ကိုယ့်အတွက် အဝတ်အစားတစ်စုံလောက် ယူလာပေးပါလား”
လုရှီမန် ချက်ချင်းတုံ့ပြန်လိုက်သည်။
“ရတာပေါ့”
သူမ အဝတ်အစားများကိုယူကာ ရေချိုးခန်းတံခါးကို ခေါက်လိုက်သည်။ ထိုအခါ တောင့်တင်းခိုင်မာသော ကြွက်သားအမြောင်းတို့ဖြင့် ပြည့်နှက်နေသည့် လက်တစ်ဖက်က အပြင်သို့ ထွက်လာ၏။
အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့်လားတော့မသိ ပြာယာခတ်နေသော စုန့်ကျီပိုင်သည် အဝတ်များကို သေချာမဖမ်းဆုပ်နိုင်ခဲ့ဘဲ အောက်သို့ပြုတ်ကျသွားလေသည်။
ကံကောင်းထောက်မစွာဖြင့် ဘောင်းဘီကတော့ ရေမစိုသွားခဲ့ပေ။
သူ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ဘောင်းဘီကို ကမန်းကတန်းဝတ်ကာ တံခါးဖွင့်လိုက်သည်။ ဆပ်ပြာနံ့သင်းသင်းနှင့်အတူ ရေနွေးငွေ့များက အပြင်သို့ လျှံထွက်လာ၏။
ဆိုဖာပေါ်တွင်ထိုင်နေသော လုရှီမန်သည် အပေါ်ပိုင်းဗလာကျင်းနေသော ကျစ်လျစ်ခိုင်မာသည့် သူ့ဗိုက်ကြွက်သားများကို ရုတ်တရက်မြင်လိုက်ရသောအခါ မသိစိတ်၏စေ့ဆော်မှုကြောင့် လွတ်ခနဲနှုတ်မှထွက်သွားသည်။
“ဗိုက်ကြွက်သားတွေက သိပ်ကြည့်ကောင်းတာပဲ၊ ကျွန်မ စမ်းကြည့်လို့ရမလား”