အခန်း ၅၁
Vol. 6 Ch. 51
51
စုန့်ကျီပိုင်မျက်နှာသည် ချက်ချင်းပင် ရှက်သွေးဖြာကာ နီရဲသွားတော့သည်။ သူ၏ကျစ်လျစ်သော ဗိုက်ကြွက်သားများကို ဖုံးကွယ်ရန် လက်လှမ်းလိုက်သော်လည်း ထိုအပြုအမူက အရမ်းသိသာလွန်းနေမည်ဟု သူခံစားလိုက်ရ၏။
သို့သော်လည်း သူလက်ပြန်ရုတ်လိုက်သည့်အခါ သူမ၏ စူးရှသောအကြည့်များအောက်၌ သူ ဘာလုပ်ရမှန်းမသိအောင် ဂနာမငြိမ်ဖြစ်သွားရတော့သည်။
သူ့မျက်နှာတစ်ခုတည်း နီရဲနေခြင်းမဟုတ်ဘဲ လည်ပင်းမှတစ်ဆင့် တစ်ကိုယ်လုံးဆီသို့ ထိုအနီရောင်က ကူးစက်ပျံ့နှံ့သွားခဲ့သည်။ သူ့ဗိုက်ကြွက်သားများပင်လျှင် ပန်းနုရောင်သန်းကာ အရှက်သည်းနေသည့်အလား ထင်မှတ်ရ၏။
လုရှီမန် ပါးစပ်ကိုအမြန်ပိတ်လိုက်ပြီးနောက် ကိုယ့်ကိုကိုယ် ခပ်ဖွဖွရိုက်လိုက်မိသည်။
‘တကယ့်ကို ဒုက္ခပေးတဲ့ပါးစပ်ပဲ၊ ဘာလို့များ ဒီလိုစကားမျိုးထွက်သွားရတာလဲ'
သို့သော်လည်း ထိုဗိုက်ကြွက်သားများသည် ယခုအချိန်တွင် ပို၍ပင်ဆွဲဆောင်မှုရှိနေပြီး စမ်းသပ်ကြည့်လိုက်လျှင် အလွန်ထိကောင်းမည့်ပုံပေါက်နေသည်။
စုန့်ကျီပိုင်ကဲ့သို့ ထုံအအယောက်ျားတစ်ယောက်တွင်ရှိနေခြင်းကတော့ နှမြောစရာပင်။ သူက သူမကိုတစ်ကြိမ်လေးတောင် စမ်းကြည့်ခွင့်ပြုမည်မဟုတ်ချေ။
လုရှီမန် ချောင်းဟန့်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
“အဟမ်း ကျွန်မပါးစပ်ဆော့ပြီး လျှောက်ပြောမိသွားတာပါ၊ ဘာမှမကြားလိုက်ဘူးလို့ပဲ သဘောထားလိုက်ပါတော့”
ထိုသို့ပြောလိုက်သော်ငြားလည်း သူမ မျက်လုံးများကမူ စုန့်ကျီပိုင်၏ဗိုက်ကြွက်သားများဆီမှ တစ်စက္ကန့်လေးမျှပင် အကြည့်မလွှဲနိုင်လောက်အောင် ကပ်ငြိနေဆဲဖြစ်သည်။
ဤခေတ်သို့ ကူးပြောင်းမလာခင်ကဆိုလျှင် သူမအနေဖြင့် Douyinပေါ်ရှိ ခန္ဓာကိုယ်အချိုးအစားလှပသော အလန်းလေးများကို ငေးမောကြည့်ရှုခွင့်ရခဲ့သည်။
ယခုအချိန်တွင်တော့ စုန့်ကျီပိုင်၏ ခန္ဓာကိုယ်ကိုသာ ခိုးကြောင်ခိုးဝှက် ကြည့်ရှုနိုင်တော့၏။ ထို့ကြောင့် အကြည့်တစ်ချက်စီတိုင်းမှာ အလွန်တန်ဖိုးရှိနေပြီး ယခုမှသေချာမကြည့်ထားလျှင် သူမအတွက်နစ်နာပေလိမ့်မည်။
စုန့်ကျီပိုင်သည် သူမ၏ပွင့်လင်းရဲတင်းလွန်းသောအကြည့်များအောက်တွင် ပို၍ပင် နေရခက်လာခဲ့သည်။ သခင်မလေးတွင် ဤကဲ့သို့သောဝါသနာထူးများရှိနေသည်ကို လုံးဝနားမလည်နိုင်အောင်ဖြစ်ရ၏။
‘ဒါက သာမန်ကြွက်သားတွေပဲလေ၊ ဘာများ ဒီလောက်တောင်ကြည့်စရာရှိနေလို့လဲ'
သူသည် အခန်းထဲသို့ကမန်းကတန်း ပြေးဝင်သွားပြီး အင်္ကျီတစ်ထည်ကိုဆွဲယူကာ အမြန်ကောက်စွပ်လိုက်သည်။
သူ ပြာပြာသလဲထွက်ပြေးသွားသည်ကို မြင်သောအခါ လုရှီမန်တစ်ယောက် လက်မှိုင်ချကာ သက်ပြင်းချလိုက်မိသည်။ ဤကဲ့သို့ဖြစ်လာမည်မှန်း ကြိုသိခဲ့လျှင် သူမ ဤမျှလောက် ပွင့်ပွင့်လင်းလင်းပြောခဲ့မည်မဟုတ်ပေ။
တိတ်တိတ်လေးနေလျှင် နောက်ထပ် ကြည့်ခွင့်ရနိုင်သေးသော်လည်း ယခုလို နှုတ်မှထုတ်ပြောလိုက်မိသောကြောင့် ဤအကောင်က သေချာပေါက် သတိထားကာကွယ်သွားတော့မည်မှာ အသေအချာပင်။
အဝတ်အစားဝတ်ဆင်ပြီးနောက် စုန့်ကျီပိုင်သည် စိတ်တည်ငြိမ်သွားစေရန် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးမှသာ အပြင်သို့ထွက်လာဖို့ရာသတ္တိမွေးလိုက်ရသည်။ စုန့်ကျီပိုင် ချောင်းတစ်ချက်ဟန့်ကာ မေးလိုက်သည်။
“အဟမ်း မင်းအပြင်သွားချင်သေးလား”
တကယ်တော့ သူသည် အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်သော်လည်း သခင်မလေးအနေဖြင့် သူမနှင့် စိမ်းသက်နေသောနေရာသစ်တစ်ခုတွင် ရောက်ရှိနေခြင်းဖြစ်ရာ သူသာ အပြင်သို့မခေါ်သွားလျှင် သူမအလွန်ပျင်းရိနေလိမ့်မည်ဟု တွေးတောမိသောကြောင့်ဖြစ်၏။
လုရှီမန် ချက်ချင်းပင် လက်ခံလိုက်သည်။
“သွားမယ်လေ၊ ရုပ်ရှင်သွားကြည့်ရတာလည်း စိတ်ဝင်စားစရာကောင်းမှာပဲ”
ညနေခင်းလေညင်းလေးကို ရှူရှိုက်ရင်း တော်လှန်ရေးခေတ်၏အငွေ့အသက်များကို ခံစားရခြင်းက အချိန်ဖြုန်းရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပင်။
အကယ်၍ ရုပ်မြင်သံကြားစက်သာ ဝယ်ပြီးသွားခဲ့လျှင်တော့ သူမသည် အခန်းငယ်လေးထဲတွင်သာ အောင်းနေတော့မည်ဖြစ်သည်။
အပြင်ဘက်တွင် မည်မျှစည်ကားနေပါစေ သူမထွက်လာမည်မဟုတ်တော့ချေ။
သူတို့နှစ်ဦးသည် လူအုပ်ကြီးရှိရာ ထောင့်ကျကျနေရာလေးဆီသို့ ရှေ့ဆင့်နောက်ဆင့်လျှောက်သွားခဲ့ကြသည်။
ထိုထောင့်နေရာလေးသည် အလွန်အမင်း စည်ကားလှသည်။ လူကြီးများရော ကလေးငယ်များပါ ခေါက်ကုလားထိုင်ငယ်လေးများပေါ်တွင်ထိုင်ကာ ရုပ်ရှင်ကိုအတူတူကြည့်ရှုနေကြ၏။
ထိုအထဲတွင် ရုပ်ရှင်ကြည့်ရသည်ကို ငြီးငွေ့သွားသော ကလေးငယ်အချို့ကတော့ အနီးအနားတွင်ပြေးလွှား ဆော့ကစားနေကြသည်။
လုရှီမန် ပတ်ဝန်းကျင်ကိုငေးကြည့်ရင်း မှတ်ချက်ချလိုက်သည်။
“တော်တော်လေး စည်ကားတာပဲ”
ယခုအကြိမ်သည် လုရှီမန်အတွက် ညဘက် ခြံဝင်းအပြင်သို့ ပထမဆုံးအကြိမ်ထွက်လာခြင်းဖြစ်၏။ ယခုလိုမျိုး နွေးထွေးစည်ကားသောလူနေမှုဘဝအငွေ့အသက်မျိုးကို ယခင်က သူမ မည်သည့်နေရာတွင်မျှမကြုံဖူးခဲ့ချေ။
‘ငါ ကလေးဘဝတုန်းက ဘာတွေများ လုပ်ခဲ့ရပါလိမ့်’
တူရိယာတစ်ခုခုကို သင်ယူနေခြင်းမရှိလျှင် ရေကူးခြင်း၊ အကသင်ခြင်း သို့မဟုတ် အခြားသော သင်တန်းပေါင်းစုံကို တက်ရောက်နေရသည်။ အရွယ်ရောက်လာပြီး သူမပါရမီစွမ်းရည်များထွက်ပေါ်လာချိန်တွင်တော့ သူမဘဝလမ်းကြောင်းတစ်ခုလုံးသည် စက်ယန္တရားအစိတ်အပိုင်းများဖြင့်သာ ပြည့်နှက်နေခဲ့တော့၏။
ထိုအရာများက စိတ်ဝင်စားစရာကောင်းသည်ဆိုသော်ငြားလည်း ယခုကဲ့သို့ လွတ်လပ်ပေါ့ပါးသော ကလေးဘဝ၏ပျော်ရွှင်မှုမျိုးကို သူမ တစ်ကြိမ်တစ်ခါမျှ အမှန်တကယ်မခံစားခဲ့ရဖူးချေ။ စုန့်ကျီပိုင် ဂရုတစိုက် မေးလိုက်သည်။
“မင်းလည်း သူတို့နဲ့အတူ ဝင်ကစားချင်လို့လား”
စုန့်ကျီပိုင်သည် ဆော့ကစားနေသော ကလေးငယ်များထံတွင် တဝဲလည်လည်ဖြစ်နေသည့် သူမအကြည့်ကိုမြင်သောအခါ သူမအတွက် အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းသွားမိသည်။
သခင်မလေးသည် ဤကဲ့သို့သော ကစားနည်းများကို တစ်ခါမျှမကစားဖူးခဲ့သဖြင့် အားကျနေသည်ဟု သူ ထင်မှတ်လိုက်၏။
လုရှီမန် အလျင်အမြန်ပင်ခေါင်းယမ်းလိုက်သည်။
“ဟင့်အင်း၊ ကျွန်မက ဒီကလေးတွေလောက် ဉာဏ်ကောင်းမယ်မထင်ပါဘူး”
သူတို့စကားပြောနေစဉ်မှာပင် အဘွားအိုဝေသည် သူမ၏အသည်းနှလုံးတမျှ အဖိုးတန်လှသော မြေးကလေးကို ဆွဲခေါ်ကာ အပြင်သို့ထွက်လာခဲ့သည်။
သူမသည် ကုလားထိုင်တစ်လုံးကို ကိုင်ဆောင်လျက် လူအုပ်ထဲသို့အတင်းတိုးဝှေ့ဝင်သွားပြီးနောက် နေရာချကာ မူလနေရာယူထားသူအား မောင်းထုတ်လိုက်တော့၏။ အဘွားအိုဝေက သူမမြေးကိုလှမ်းခေါ်လိုက်သည်။
“ယောင်ဇူ ဒီကိုလာခဲ့၊ ဒီနေရာက ရုပ်ရှင်ကြည့်လို့အကောင်းဆုံးပဲ”
ထို့နောက် ဘေးဘီဝဲယာရှိလူများကို ရင့်ရင့်သီးသီး အော်ဟစ်လိုက်သည်။
“နင်တို့က ဒါတွေကြည့်ရတာရိုးနေလောက်ပြီလေ၊ ငါတို့အတွက် နေရာဖယ်ပေးကြစမ်းပါ၊ ငါတို့ကတောကလာတာဆိုတော့ ဒါမျိုးတစ်ခါမှမမြင်ဖူးသေးဘူး”
အဘွားအိုဝေက မကျေမနပ်ဖြစ်နေသူများကို ထပ်မံရန်တွေ့ပြန်သည်။
“သိပ်ကပ်စေးနှဲတဲ့ ကောင်တွေပဲ၊ ငါ ဒီနေရာမှာထိုင်တော့ ဘာဖြစ်လဲ၊ နင်တို့ တတ်နိုင်ရင် သွားတိုင်လိုက်ကြလေ”
အဘွားအိုဝေက သူမမြေးဘက်သို့လှည့်ကာ အသံကိုချိုသာစွာပြောလိုက်၏။
“ယောင်ဇူ လာလေ၊ အဘွားက သားလေးအတွက် ဖရဲစေ့တွေလုလာခဲ့တယ်၊ မြန်မြန်စားကြည့်လိုက်ဦး”
ကျန်းယောင်ဇူသည် ကုလားထိုင်ပေါ်တွင် ဧကရာဇ်ငယ်လေးတစ်ပါးအလား မာနတခွဲသားဖြင့် မတ်တတ်ရပ်နေသည်။
သူ စားချင်သမျှအရာအားလုံးကို အဘွားအိုဝေအား အတင်းအဓမ္မလုယူခိုင်းတော့သည်။ ရန်တွေ့ကြမ်းတမ်းသော ထိုအဘွားအို၏အစွမ်းအောက်တွင် သူတို့မြေးအဘွားအား မည်သူကမျှမတားဆီးနိုင်ခဲ့ကြပေ။