အခန်း ၅၂
Vol. 6 Ch. 52
52
လူအုပ်ထဲမှ ဆူညံသံများကိုကြားသောအခါ လုရှီမန်သည်လည်း ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။
စုန့်ကျီပိုင်သည် ထိုအဘွားအိုကိုမြင်သောအခါ သူ့မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားတော့သည်။ ထိုအဘွားအိုသည် တကယ်ကိုစက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏။
သူမကိုသာ အမြန်ဆုံးပြန်မလွှတ်လိုက်လျှင် ဒုတိယတပ်မှူးကျန်းဘဝသည်လည်း သူမလက်ချက်ဖြင့် သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
ကျန်းယောင်ဇူက လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ပြောလိုက်သည်။
“အဘွား ဟိုနေ့က မိန်းမယုတ်ကြီးကို သားမြင်တယ်”
သူ မကျေမနပ်ဖြင့်ဆက်ပြောသည်။
“မိန်းမယုတ်တွေအကုန်လုံး ထောင်ထဲသွားရမှာ၊ သူက သားကိုအရသာရှိတဲ့ အစားအစာတွေတောင် ခွဲမကျွေးဘူး ဟမ့်”
သူဒေါသတကြီးဖြင့် ထပ်မံအော်ဟစ်လိုက်ပြန်သည်။
“သူက သားတို့ကို အိပ်စင်နေရာတောင် မပေးဘူး၊ သူတို့ကို သေအောင်ရိုက်ပစ်”
ကလေးငယ်များ၏အမြင်အာရုံက အလွန်ကောင်းမွန်လှ၏။ သူသည် ကုလားထိုင်ပေါ်တွင် မောက်မာစွာ ရပ်နေရင်း လုရှီမန်နှင့် စုန့်ကျီပိုင်တို့ကို လှမ်းမြင်သွားသည်။
သူတို့ကိုမြင်လိုက်ရခြင်းကပင် သူ့ကို ဒေါသထွက်စေခဲ့သည်။ လုရှီမန် လက်ပိုက်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ လုရှီမန် အသံကိုနှိမ့်ကာ မေးလိုက်သည်။
“စုန့်ကျီပိုင် ကျွန်မ သူ့ကိုရိုက်လိုက်ရင် ရှင့်အလုပ်ကိုများ ထိခိုက်သွားနိုင်မလား”
မည်သို့ပင်ဆိုစေကာမူ သူတို့သည် စစ်တပ်နယ်မြေထဲတွင် ရောက်ရှိနေခြင်းဖြစ်သည်။ အကယ်၍ သူမလုပ်ရပ်က သူ့အလုပ်အကိုင်ကို ထိခိုက်စေမည်ဆိုလျှင် သူမအနေဖြင့် ပိုမိုနူးညံ့သော နည်းလမ်းကိုသာ အသုံးပြုရမည်ဖြစ်၏။ စုန့်ကျီပိုင် တည်တည်ငြိမ်ငြိမ်ဖြေကြားလိုက်သည်။
“မထိခိုက်ပါဘူး၊ ကိုယ်က ဒုတိယတပ်မှူးကျန်းနဲ့ တစ်တပ်တည်းမှမဟုတ်တာ”
သူ့အထက်လူကြီးမှာ တပ်မှူးချန်ဖြစ်သည်။ သူနှင့် ကျန်းဖူရှန်းတို့သည် အများအမြင်တွင် ဟန်လုပ်ထားသော အပေါ်ယံသူငယ်ချင်းဆက်ဆံရေးလောက်သာ ရှိကြ၏။
သို့သော် ယခုအခြေအနေအရဆိုလျှင် ထိုအပေါ်ယံ ဆက်ဆံရေးကိုပင် ဆက်လက်ထိန်းသိမ်းထားရန် မလိုအပ်တော့ချေ။
လုရှီမန် စိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်လည်း ကောင်းတာပေါ့”
သူမသည် ထိုနေရာသို့ တန်းတန်းမတ်မတ်လျှောက်သွားပြီး ကျန်းယောင်ဇူကို ကုလားထိုင်ပေါ်မှ ပြုတ်ကျသွားအောင် ခြေထောက်ဖြင့် ကန်ချလိုက်သည်။ လုရှီမန် ခနဲ့တဲ့တဲ့လေသံဖြင့်ဆူလိုက်၏။
“ရှင်တို့နှစ်ယောက်က ရာဇဝတ်ဂိုဏ်းက လူမိုက်တွေလား၊ စစ်တပ်ခြံဝင်းထဲမှာတောင် ဒီလောက်အနိုင်ကျင့် ဗိုလ်ကျရဲတာ၊ လူတွေက ရှင်တို့ပဲ ဒီနေရာကို အပိုင်စားရထားတယ်လို့တောင်ထင်သွားကြဦးမယ်”
လုရှီမန် စူးရှသောအကြည့်ဖြင့် ဆက်ပြောသည်။
“သူများပစ္စည်းကို အမြဲတမ်းလိုချင်တပ်မက်နေတာ၊ လက်တွေခြေတွေက မသန့်ရှင်းဘူးဆိုရင်လည်း ခုတ်ဖြတ်ပြီးသာထားလိုက်တော့ သိမ်းထားလည်း အလကားပဲ၊ ကျွန်မသာဆိုရင် ရှင်တို့လို လူစားမျိုးတွေကို ပညာပေးစခန်းဆီသွားပို့ပစ်လိုက်ပြီ”
လုရှီမန်သည် အဘွားအိုဝေကိုစွေကြည့်ကာ စကားလုံးရိုင်းရိုင်းများဖြင့်ဖိနှိပ်လိုက်သည်။
“ကလေးက အခုကတည်းက ခိုးတတ်လုတတ်နေပြီ၊ ကြီးလာရင် ထောင်ကျတာ ဒါမှမဟုတ် သေဒဏ်ပေးခံရတာမျိုးဖြစ်မလာနိုင်ဘူးလို့ ထင်နေလား၊ အဘွားတစ်ယောက်ဖြစ်နေပြီးတော့ ကလေးကိုတောင် လိမ္မာအောင်မဆုံးမတတ်ဘူး၊ ရှင် ဘာလို့ အခုထိမသေသေးတာလဲ”
လုရှီမန် အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
“အသက်ရှင်နေတာက လေဖြုန်းတီးရာကျပြီး သေသွားရင်တောင် မြေနေရာ နှမြောစရာကောင်းတယ်”
လုရှီမန်၏စကားများကို ကြားသောအခါ အနိုင်ကျင့်ခံခဲ့ရသူများကလည်း အသိတရားရသွားကြသည်။ ဒုတိယတပ်မှူးကျန်းသည် သူတို့ခင်ပွန်းများထက် ရာထူးပိုကြီးသည်ဆိုလျှင်ပင် ထိုအာဏာသည် စစ်တပ်အတွင်း၌သာ သက်ရောက်မှုရှိပြီး မိသားစုရေးရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။
‘ဒီလူတွေက သူတို့ကိုယ်သူတို့ ဘာတွေများမှတ်နေကြတာလဲ'
‘သူတို့ ဘယ်လောက်ပဲ အာဏာကြီးကြီး နိုင်ငံရေးဌာနဆီသွားတိုင်လို့ရတာပဲ’
အဘွားအိုဝေ ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်လိုက်သည်။
“နင်က ဘာကောင်မမို့လို့ ငါ့ကိုလာဆုံးမနေရတာလဲ”
အဘွားအိုဝေသည် ခါးထောက်လျက် လုရှီမန်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သော်လည်း ရထားပေါ်တွင် စုန့်ကျီပိုင်က အင်အားသုံးခဲ့သည်ကို သတိရသွားကာ သူမနောက်ကျောတွင် ရပ်နေသော စုန့်ကျီပိုင်ကိုလည်း သတိထားကာ အကဲခတ်နေမိ၏။
လုရှီမန် ရွဲ့စောင်းစောင်းဖြင့်ပြန်ပက်လိုက်သည်။
“ကျွန်မက ရှင့်အဖေလေ အဲဒါကြောင့်ပေါ့”
လုရှီမန် မထီမဲ့မြင်ပြုကာ ဆက်ပြောသည်။
“ဦးနှောက်မကောင်းတာကို အကြောင်းပြပြီး ဒီမှာပြဿနာလာမရှာနဲ့၊ ရှင်တို့နှစ်ယောက်လုံးကို ဆေးရုံသွားပြဖို့ အကြံပေးချင်တယ်၊ ဦးနှောက်ကြီးရော ဦးနှောက်ငယ်ပါ ဖွံ့ဖြိုးမှုအားနည်းနေတယ်ဆိုရင် အရှင်လတ်လတ်မြေမြှုပ်ပစ်လိုက်တာပိုကောင်းမယ်”
လုရှီမန် နောက်သို့လှည့်ကာအမိန့်ပေးလိုက်၏။
“စုန့်ကျီပိုင် သူ့ကို သေချာကြည့်ထား၊ တကယ်လို့ သူကိုယ်ထိလက်ရောက် ကျူးလွန်လာရင် ကျွန်မတို့လည်းပြန်ချမယ်”
ထိုစကားကိုကြားသောအခါ အဘွားအိုဝေသည် ဒေါသကြောင့် ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားရသည်။
‘ဒီကောင်မစုတ်လေးက ဘာလို့အခုထိ မသေသေးတာလဲ'
အဘွားအိုဝေ ပြန်လည်ဆဲဆိုလိုက်သည်။
“နင့်ဦးနှောက်ကသာ ပြဿနာရှိနေတာ၊ နင်ကသာ ဂေါက်သီးမ”
အဘွားအိုဝေက မနာလိုဝန်တိုမှုအပြည့်ဖြင့် ထပ်ပြော၏။
“နင့်လိုမိန်းမပျက်က ဒီလိုအဝတ်အစားမျိုးတွေဝတ်ပြီး ဘယ်သူ့ကိုမြှူဆွယ်ချင်နေတာလဲ၊ စစ်တပ်ခြံဝင်းထဲမှာ ယောက်ျားတွေ ဒီလောက်ပေါတာ၊ နင် ဖောက်ပြန်ဖို့ ကြံစည်နေတာ အသေအချာပဲ”
သူမသည် စကားနိုင်မလုနိုင်တော့သဖြင့် လိင်ပိုင်းဆိုင်ရာ အတင်းအဖျင်းများကို စတင်ဖြန့်ဝေကာ လုပ်ကြံစွပ်စွဲတော့သည်။
စိတ်ဓာတ်ခိုင်မာမှုမရှိသော မိန်းကလေးတစ်ယောက်သာဆိုလျှင် ဤစကားများကိုကြားပြီး မြစ်ထဲသို့ ခုန်ချသွားလောက်သည်။
‘ဟမ့် ငါ့ကိုများလာပြီး ယှဉ်ချင်နေသေးတယ်၊ သွားသေလိုက်တော့'
လုရှီမန်၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မှောင်မိုက်သွားတော့၏။
လုရှီမန် အေးစက်စက်လေသံဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။
“ရှင့်ပါးစပ်ကထွက်လာသမျှ စကားတိုင်းက ဖောက်ပြန်တဲ့အကြောင်းတွေချည်းပဲ၊ ရှင်ငယ်ငယ်တုန်းက နေ့တိုင်းဖောက်ပြန်နေခဲ့လို့များလား”
လုရှီမန် ခနဲ့တဲ့တဲ့အပြုံးဖြင့်ဆက်ပြောသည်။
“ဖောက်ပြန်တယ်ဆိုရင်တောင် လုံလုံခြုံခြုံလေးဖုံးကွယ်ထားသင့်တာပေါ့”
လုရှီမန် သံသယဝင်ဟန်ဖြင့်ထပ်မံနှိမ်ချလိုက်သည်။
“ရှင်က ဒီကလေးအပေါ်ဒီလောက်တောင်ကောင်းနေတာ၊ ဒါပေမဲ့ ကလေးက ဒုတိယတပ်မှူးကျန်းနဲ့သိပ်မတူပါလား၊ ရှင်ဖောက်ပြန်ပြီးရလာတဲ့ ကလေးကို ဖွက်စရာနေရာမရှိလို့ ဒုတိယတပ်မှူးကျန်းရဲ့ကလေးပါလို့ လိမ်ပြောထားတာများလား”
လုရှီမန် အံ့သြသွားဟန်ဖြင့်ဆက်ပြောလာသည်။
“မဖြစ်နိုင်ပါဘူး၊ တကယ်ကြီးများလား”
လုရှီမန်သည် အလွန်အံ့သြသွားဟန် ဟန်ဆောင်ကာ သူမမျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အဘွားအိုဝေနှင့် ကျန်းယောင်ဇူတို့နှစ်ဦးလုံးကို တစ်လှည့်စီ ကြည့်နေလေ၏။
အဘွားအိုဝေသည် မျက်လုံးပြူးသွားကာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
“တောက် နင် ပြီးပြီးရောလျှောက်ပြောမနေနဲ့”
လုရှီမန် ပခုံးတွန့်ကာ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“ကျွန်မက ဘယ်လိုလုပ်ပြီးပြီးရော လျှောက်ပြောရမှာလဲ၊ အမှန်တရားကို ဖွင့်ပြောနေတာလေ”
သူမသည် အပြစ်ကင်းစင်သောဟန်ပန်ဖြင့် ပခုံးတွန့်ပြလိုက်၏။ ကောလာဟလဖြန့်ရသည်လောက်တော့ မည်သူက မလုပ်တတ်ဘဲနေမည်နည်း။
သူမကို နောက်ထပ်စကားနှစ်ခွန်း သုံးခွန်းလောက်သာ ထပ်ပြောခွင့်ပေးလိုက်လျှင် ထိုဖောက်ပြန်မှုက မည်သည့်နေရာတွင်ဖြစ်ပွားခဲ့သည်ကိုပင် ကွက်ကွက်ကွင်းကွင်း ဖန်တီးပြောဆိုနိုင်စွမ်းရှိသည်။
ကျန်းဖူရှန်းသည်လည်း အပြေးအလွှား ရောက်ရှိလာခဲ့သည်။
ပြဿနာရှာနေသော သူ့မိခင်ဖြစ်သူကို ကြည့်ရင်း ကျန်းဖူရှန်းတစ်ယောက် သေချင်စိတ်ပင် ပေါက်သွားရ၏။
ကျန်းဖူရှန်း စိတ်ပျက်လက်ပျက်ဖြင့် ဟန့်တားလိုက်သည်။
“အမေ၊ ဘယ်အချိန်အထိ ပြဿနာ ဆက်ရှာနေဦးမှာလဲ”
ကျန်းဖူရှန်း စိတ်ပျက်လက်ပျက်ဖြင့်ဆက်ပြောလာသည်။
“ကျွန်တော် အလုပ်ပြုတ်ပြီး တောမှာလယ်ပြန်လုပ်ရမှပဲ ကျေနပ်တော့မှာလား”