← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

53

အဘွားအိုဝေ တစ်စက္ကန့်မျှပင် စဉ်းစားမနေဘဲ ချက်ချင်းပက်ခနဲပြန်ပြောလိုက်သည်။

“အဲဒီလိုတော့ အဖြစ်မခံနိုင်ဘူး”

စစ်တပ်က သူမကိုတစ်လလျှင် ယွမ်ဆယ်ဂဏန်းကျော်ထောက်ပံ့ပေးနေခြင်းဖြစ်သည်။ ရွာတွင် တစ်နှစ်ပတ်လုံး လယ်လုပ်လျှင်ပင် ထိုမျှလောက် ငွေကြေးပမာဏကို ရရှိနိုင်မည်မဟုတ်ပေ။

သူသာ စစ်တပ်မှအနားယူသွားခဲ့လျှင် သူတို့မိသားစုတစ်စုလုံးကို မည်သူက ရှာဖွေကျွေးမွေးမည်နည်း။

ကျန်းဖူရှန်းသည် သွေးကြောများနီရဲနေသောမျက်လုံးများဖြင့် သူမကို စိုက်ကြည့်ကာပြန်မေးလိုက်သည်။

“ဒါဆိုရင် အမေက ဘာလိုချင်နေတာလဲ”

သူသည် မိဘများအပေါ်အလွန်သိတတ်လိမ်မာခဲ့ပြီး သူတို့ဖြစ်ချင်သမျှဆန္ဒအားလုံးကို အမြဲတမ်းဖြည့်ဆည်းပေးခဲ့သူဖြစ်သည်။ သို့ပါလျက်နှင့် အဘယ်ကြောင့် သူ့အပေါ် ဤမျှလောက် ရက်ရက်စက်စက်ဆက်ဆံရက်သနည်း။

သူမသည် လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်များရှေ့တွင် သူ့ဂုဏ်သိက္ခာကို အရှက်ကွဲအောင် အပြတ်အသတ် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ယခုလည်း စစ်တပ်ခြံဝင်းထဲတွင် ပြဿနာရှာနေပြန်သည်။ လူတိုင်း၏စေတနာနှင့် သည်းခံနိုင်စွမ်းများလည်း ကုန်ခမ်းနေလောက်ပြီဖြစ်၏။

ဤအခြေအနေအရဆိုလျှင် သူ အဝတ်အစားများအား သိမ်းဆည်းပြီး ဤဒီနေရာမှ ထွက်သွားလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်မည်။

အဘွားအိုဝေက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါက ဘာလိုချင်ရမှာလဲ၊ နင်က ကိုယ့်အမေဘက်ကမရပ်တည်ဘဲ အပြင်လူတွေကို သွားကူညီပေးနေတယ်ပေါ့လေ”

သူမ မကျေမနပ်ဆက်ပြောသည်။

“ကျေးဇူးကန်းတဲ့ကောင်၊ နင် ဒီလိုကောင်မှန်း ငါကြိုသိခဲ့ရင်တော့လေ....”

သူမ စကားမဆုံးခင်မှာပင် ကျန်းဖူရှန်း အေးစက်ခက်ထန်သော မျက်နှာထားဖြင့် ဖြတ်ပြောလိုက်၏။

“အမေက ကျွန်တော့်ကို သေးအိုးထဲနှစ်သတ်ပစ်လိုက်မှာမဟုတ်လား”

ကျန်းဖူရှန်း ပြတ်သားစွာဆက်ပြောသည်။

“အဲဒီတုန်းက မသတ်ခဲ့ရရင်လည်း အခုပဲ သတ်လိုက်ပါတော့၊ ကျွန်တော် ဓားသွားယူလိုက်မယ်၊ လာပြီးသာ ထိုးသတ်လိုက်”

သူမသည် တစ်ခွန်းမျှကြိုတင်အသိမပေးဘဲ ဤနေရာသို့ရောက်ချလာခြင်းကပင် ဆိုးရွားနေပြီဖြစ်ရာ ယခုပါးစပ်ဟလိုက်သည်နှင့် မွေးကျေးဇူး ကျွေးကျေးဇူးများကိုသာ အမြဲတမ်း ထုတ်ဖော်ပြောဆိုနေတော့သည်။ သူ ကြီးပြင်းလာသည့်တစ်လျှောက်လုံးတွင် သူတို့အပေါ် မည်သည့်အချိန်ကများ စိတ်ပျက်အောင်လုပ်ခဲ့ဖူးသနည်း။

စစ်တပ်ထဲ စတင်ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ သူ့ကိုယ်ပိုင်အသုံးစရိတ်အတွက် ငါးယွမ်သာချန်ထားပြီး ကျန်ရှိနေသော လစာငွေတစ်ပြားမကျန် အိမ်သို့ပြန်ပို့ပေးခဲ့သော်လည်း သူတို့ကတော့ မကျေနပ်နိုင်ကြသေးချေ။

ယခု ကလေးသည်ပင်လျှင် သူ့အစ်ကိုဖြစ်သူ၏သားအရင်းဖြစ်သည်။

သူတို့က သူ့အတွက်အမွေဆက်ခံမည့်သူထားရစ်ချင်သည်ဟု အကြောင်းပြကာ သူမိန်းမ မယူရသေးခင်မှာပင် ထိုကလေးကို သူ့နာမည်ဖြင့်သားအဖြစ် မွေးစားစေခဲ့သည်။

ထိုကလေးကြောင့် သူသည် အိမ်ထောင်ပြုရန် တစ်ခါမျှမတွေးခဲ့ဖူးချေ။ သူတို့ မည်သည့်အရာများလိုချင်နေကြသေးသနည်း။

လုရှီမန်သည် စိတ်ပိုင်းဆိုင်ရာပြိုလဲပျက်စီးနေသော ကျန်းဖူရှန်းကိုကြည့်ကာ သက်ပြင်းချရင်းခေါင်းယမ်းလိုက်မိသည်။

‘ဒါ တကယ်ပဲ သူ့ကိုမွေးထားတဲ့မိခင်အရင်းဟုတ်ရဲ့လား'

မိမိသားသမီးများကို မချစ်သောမိဘများရှိသည်ဆိုသည်ကို သူမသိထားပြီး သူမကိုယ်တိုင်လည်း ထိုအဖြစ်ဆိုးမျိုးကို ကိုယ်တိုင်ကိုယ်ကျခံစားခဲ့ရဖူးသော်ငြား ဤကဲ့သို့သောမိဘမျိုးကိုတော့ သူမ တကယ်ကို စိတ်ကူးနှင့်ပင်ပုံမဖော်တတ်အောင်ဖြစ်ရသည်။

‘ဒုတိယတပ်ရင်းမှူးကျန်းက ဒီရာထူးနေရာအထိရောက်အောင် ကြိုးစားနိုင်ခဲ့တာတောင် သူ့မိဘတွေကိုမထိန်းသိမ်းနိုင်ဘူးလား၊ ယောက်ျားတစ်ယောက်က ဒီလောက်တောင် အသုံးမကျရသလား'

အဘွားအိုဝေက မာန်မာနအပြည့်ဖြင့် ခြိမ်းခြောက်လိုက်၏။

“လေကြီးမိုးကြီးတွေ ပြောမနေနဲ့၊ ငါမလုပ်ရဲဘူးလို့ မထင်နဲ့”

သူမနှာခေါင်းရှုံ့ကာ ကလေးကိုလှမ်းခေါ်လိုက်သည်။

“ဟမ့် ယောင်ဇူ လာသွားကြမယ်”

အဘွားအိုဝေသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် ချက်ချင်းလှည့်ကာ ကလေးလက်ကိုဆွဲ၍ ထွက်သွားတော့သည်။ တကယ်တော့ သူမသည် ကုန်း*ရှန်းကို သတ်ပစ်ချင်သည့်ဆန္ဒမရှိချေ။

(ကုန်း* - ခွေးကိုပြောတာနော်။ ခွေးကောင်ရှန်းလို့ သူ့သားကို အဘွားဝေကခေါ်တာ)

သူသာသေသွားခဲ့လျှင် သူမကိုမည်သူက ငွေပေးတော့မည်နည်း။ ငွေကြောင့်သာမဟုတ်လျှင် သူမသည် သူ့ကို တိုက်ရိုက်ပင် သတ်ပစ်လိုက်မည်မှာ အသေအချာပင်။

အဘွားအိုဝေထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျန်းဖူရှန်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

သူသည် ပတ်ဝန်းကျင်ရှိလူအားလုံးကို ကြည့်လိုက်ပြီးနောက် နှစ်ပေါင်းများစွာ မတ်မတ်ရပ်လာခဲ့သော ကျောပြင်ကို ကွေးညွှတ်လိုက်တော့၏။

သူသည် လူအုပ်ကြီးကိုဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် မော့ကြည့်ကာ တောင်းပန်စကားဆိုလိုက်သည်။

“အားလုံးကို တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော့်အမေက နားမလည်လို့ပါ၊ သူမကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်”

တောင်းပန်ပြီးနောက် သူသည် စုန့်ကျီပိုင်နှင့် လုရှီမန်တို့ရှိရာသို့ လျှောက်သွားကာ သူတို့ကိုလည်း ဦးညွှတ်တောင်းပန်လိုက်ပြန်သည်။

“ကျီပိုင် တောင်းပန်ပါတယ်ကွာ၊ ငါ့အမေကို ငါသေသေချာချာပြန်ပြောပြလိုက်ပါ့မယ်၊ နောက်ကို ပြဿနာထပ်မရှာစေရပါဘူး”

စုန့်ကျီပိုင် အသာခေါင်းညိတ်ပြကာ တည်ငြိမ်စွာတုံ့ပြန်လိုက်၏။

“ရပါတယ်၊ ဒုတိယတပ်ရင်းမှူးကျန်းလည်း ကိုယ့်အလုပ်ကိုယ်ဆက်လုပ်တော့၊ ကျွန်တော်ကတော့ ဇနီးကိုခေါ်ပြီး လမ်းလျှောက်ထွက်လိုက်ဦးမယ်”

သူသည် အနည်းငယ်အနေခက်နေသော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။ ကျန်းဖူရှန်းထွက်သွားပြီးနောက် လုရှီမန် မျက်ခုံးတစ်ဖက်ပင့်ကာ သံသယဖြင့် မေးလိုက်၏။

“ဒုတိယတပ်ရင်းမှူးကျန်းက သားအရင်းမဟုတ်ဘူးလို့ ကျွန်မဘာလို့များ ခံစားနေရတာပါလိမ့်”

သူမ ပိုကြည့်မိလေလေ သူတို့အကြား သွေးသားတော်စပ်မှုရှိပုံမရလေလေပင် ဖြစ်သည်။

စုန့်ကျီပိုင် ခေါင်းယမ်းလိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။

“သည်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သခင်မလေးသည် ချက်ချင်းတိုက်ခိုက်ခြင်းမပြုဘဲ ထိုကလေးဆိုးကို ခြေထောက်ဖြင့် တစ်ချက်ကန်ရုံသာ ကန်ခဲ့ခြင်းဖြစ်သည်။ သူမသည် အလွန် သဘောထားကြီးလွန်းနေပြီဖြစ်၏။

လုရှီမန် ဂရုမစိုက်ဟန်ဖြင့်လက်ဝှေ့ယမ်းပြလိုက်သည်။

“ဒါက ကိစ္စမရှိပါဘူး၊ ထားလိုက်တော့ ဒီကိစ္စက ပျင်းစရာကောင်းတယ်၊ အိမ်ပြန်အိပ်ကြတာပေါ့”

အဘွားအိုဝေ၏ပြဿနာရှာမှုပြီးဆုံးသွားပြီးနောက်တွင်တော့ လူတိုင်း စိတ်ဝင်စားမှုလျော့ကျသွားခဲ့ကြသည်။

ဆက်လက်ဆော့ကစားချင်သေးသော ကလေးငယ်များမှလွဲ၍ ကျန်သူများအားလုံး မိမိတို့အိမ်သို့အသီးသီး ပြန်သွားကြ၏။

အချို့သောကိစ္စရပ်များသည် တံခါးပိတ်ပြီး ကွယ်ရာတွင်ဆွေးနွေးရမည့်အရာများဖြစ်လေသည်။

စုန့်ကျီပိုင်ပြောသွားခဲ့သော သည်းခံပေးခြင်းဆိုသည့်စကားနှင့် ပတ်သက်၍မူ သူမဘက်တွင် လုံးဝဖြစ်နိုင်ခြေမရှိသောအရာတစ်ခုသာဖြစ်သည်။

အဘွားအိုဝေအား မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းရမည်နည်းဆိုသည်ကို သူမ ဆုံးဖြတ်ချက်မချရသေးသော်လည်း ထိုကလေးဆိုးလေးအတွက်မူ သူမခေါင်းထဲတွင် အကြံအစည်ကောင်းများ ရှိနေပြီဖြစ်၏။

နောက်နေ့နံနက်စောစောတွင် လုရှီမန်သည် အသားနှင့်ဟင်းသီးဟင်းရွက်များဝယ်ယူရန်အတွက် ဈေးသို့ဦးစွာ ထွက်လာခဲ့သည်။

သူတို့သည် ဧည့်သည်နှစ်ဝိုင်းစာဧည့်ခံရမည်ဖြစ်ရာ အနည်းဆုံးဟင်းလျာဆယ်မျိုးခန့် ပြင်ဆင်ထားရမည်ဖြစ်သည်။

လာရောက်ကူညီကြမည့် ယောင်းမများအပြင် ဧည့်သည်များအားလုံးသည်လည်း အသက်ပြည့်ပြီးသူများဖြစ်ကြရာ သူတို့ကိုဗိုက်ဟောင်းလောင်းဖြင့် အိမ်ပြန်လွှတ်လိုက်၍ မဖြစ်နိုင်ပေ။

သူမသည် အရင်ဆုံးဝက်လက်ကြီးနှစ်ခုကို ဝယ်ယူခဲ့ပြီးနောက် ဝက်နံရိုးကျင်းနှင့် ဝက်သားသုံးကျင်းခန့်ကို ထပ်မံဝယ်ယူခဲ့သည်။ ထို့နောက် ကြက်နှစ်ကောင်၊ ဘဲနှစ်ကောင်၊ သုံးကျင်းခန့် အရွယ်အစားရှိသော ငါးကြီးနှစ်ကောင်အပြင် ပုစွန်၊ ဂဏန်းနှင့် ကမာများ အပြည့်ပါဝင်သော ခြင်းတစ်တောင်းကိုပါ ဝယ်ယူခဲ့၏။

ကြက်ဥခြင်းတောင်းကြီးတစ်တောင်းကိုလည်း သယ်ဆောင်လာခဲ့သေး၏။ ဟင်းရွက်စိမ်းများကတော့ မပါမဖြစ်ပင်။ ထိုအရာများအားလုံးကို ဝယ်ယူပြီးနောက် အိမ်သို့အရင်ပြန်သယ်သွားကာ အရက်ဝယ်ရန်အတွက် အပြင်သို့ ထပ်မံထွက်လာခဲ့သည်။ ဧည့်ခံပွဲအတွက် အဖျော်ယမကာများကလည်း လိုအပ်လေ၏။

အုန်းသီးရာသီမရောက်သေးသဖြင့် ယခုလောလောဆယ်တွင် အုန်းရည်တော့မရနိုင်သေးချေ။ သို့သော် ဆိုဒါများတော့ရနိုင်သဖြင့် ဆိုဒါအချို့ကို ဝယ်ယူခဲ့သည်။

ထို့အပြင် ပဲတီစိမ်းပြုတ်ရည်ပြုလုပ်ရန်အတွက် ပဲတီစိမ်းနှင့် ကျောက်သကြားအချို့ကိုပါ သူမဝယ်ယူခဲ့သည်။

ဈေးဝယ်ပြီးနောက် လုရှီမန်တစ်ယောက် အိမ်သို့ပြန်လာခဲ့၏။ လာရောက်ကူညီပေးမည့် ယောင်းမများကတော့ ရောက်မလာကြသေးပေ။

လုရှီမန်သည် အချိန်ကိုကြည့်လိုက်ပြီးနောက် နို့သကြားလုံးများကို အိတ်ကပ်ထဲအပြည့်ထိုးထည့်ကာ အပြင်သို့ထွက်လာခဲ့သည်။

သူမသည် ကလေးအများဆုံးကစားလေ့ရှိသည့်နေရာသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး သကြားလုံးများကို ထုတ်ပြလိုက်၏။

သကြားလုံးရဖို့အတွက်က လွယ်ကူရိုးရှင်းလှသည်။ ကလေးများဘက်မှ လုပ်ဆောင်ပေးရမည့်အရာကလည်း သေးငယ်လှသည်။

အချိန်တိုလေးအတွင်းမှာပင် လုရှီမန်သည် ကလေးများ၏ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။ သူမအမိန့်တစ်ခွန်းတည်းဖြင့် ကလေးများသည် သူမအတွက် မီးတောင်ကိုဖြတ်ကာ ပင်လယ်ထဲဆင်းရမည်ဆိုလျှင်ပင် ဆင်းသွားရဲမည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။

လက်တစ်ဖက်မြှောက်ရုံမျှ အလုပ်လေးဆိုလျှင်တော့ ထည့်ပြောစရာပင်မလိုတော့ချေ။

ယောင်ဇူသည် တကယ်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော ကလေးဖြစ်သည်ဟု လူတိုင်းခံယူထားကြသည်။

လုရှီမန်၏သကြားလုံးများ မပါလျှင်ပင် သူတို့သည် ထိုကလေးဆိုးကို အချိန်မရွေးပညာပေးကြမည်ဖြစ်၏။

လုရှီမန်သည် ကလေးများ၏အကြံအစည်များကို နားထောင်ရင်း သူမနှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် ကွေးတက်သွားတော့သည်။ ဤကောင်လေးကို အရင်ဆုံး ရှင်းပစ်ရမည်။

အလုပ်ကိစ္စ အားလုံးပြီးစီးသွားပြီးနောက်တွင်တော့ ထိုအဘွားကြီးကိုပါ ဆက်လက်ကိုင်တွယ်မည်ဟု သူမ ဆုံးဖြတ်ထားသည်။

စုန့်ကျီပိုင်သည် အိမ်မှုကိစ္စများကို တွေးတောနေမိသလို လုရှီမန်တစ်ယောက် အန်တီလု၊ တခြားယောင်းမများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသေးကြောင်းကိုလည်း သိထား၏။

သူမတို့ကို အိမ်တွင်သီးသန့်ထားရစ်ခဲ့ရန် မသင့်တော်ဟုတွေးမိသဖြင့် သူသည် နေ့လယ်ပိုင်းခွင့်ယူကာ အိမ်သို့ ပြန်လာခဲ့သည်။

လုရှီမန် ပြင်ဆင်ထားသော အစားအသောက်များကိုကြည့်ကာ သူ့ရင်ထဲတွင် နွေးထွေးမှုကိုခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် သခင်မလေးသည် ကပ်စေးနှဲတွန့်တိုတတ်သူမျိုး မဟုတ်ပေ။ သို့မဟုတ်လျှင် သူ အခက်တွေ့လာနိုင်သည်။ သို့သော်လည်း အစားအသောက်များကို ဤမျှအများကြီးဝယ်ထားသဖြင့် အားလုံးကို ပြင်ဆင်ချက်ပြုတ်ရမည့်ကိစ္စကတော့ အတော်လေးခေါင်းခဲစရာပင်။

‘ဒါကို ချိုမြိန်သော ဝန်ထုပ်ဝန်ပိုးလို့ ခေါ်ကြတာလား’

ခဏအကြာတွင် သူ့စိတ်ခံစားမှုများကို ပြန်လည်ထိန်းချုပ်လိုက်သည်။ ဤအရာအားလုံးသည် သခင်မလေးက အသေးစိတ်ဂရုတစိုက်ပြင်ဆင်ထားခဲ့ခြင်းဖြစ်ရာ သူမစေတနာကိုတော့ အလဟဿအဖြစ်မခံနိုင်ချေ။

သူသည် ပါဝင်ပစ္စည်းများကို အရင်ဆုံး ကြိုတင်သန့်စင်ပြင်ဆင်ထားလိုက်သည်။ အန်တီလုနှင့် မရီးနှစ်ယောက်ရောက်ရှိလာချိန်တွင်တော့ သူတို့အားလုံး မီးဖိုချောင်ထဲ၌အလုပ်ရှုပ်သွားကြတော့သည်။

ချန်ကျောက်ယီ၏စိုးရိမ်ပန်မှုများသည် စားပွဲပေါ်တွင် အပြည့်တင်ထားသော အစားအသောက်များကို မြင်လိုက်ရချိန်တွင် လုံးဝပျောက်ကွယ်သွားတော့၏။

မနေ့က ဖြစ်ပွားခဲ့သော ကျန်းဖူရှန်းမိသားစု၏သတင်းများက နေရာအနှံ့ ပျံ့နှံ့သွားခဲ့ပြီးဖြစ်သည်။

ဤကဲ့သို့သောဖြစ်ရပ်မျိုးကို မည်သူကမျှ တစ်ခါမှမမြင်တွေ့ခဲ့ဖူးကြပေ။

ချန်ကျောက်ယီသည် ထန်ချိုးလျန်၊ လီဟွာဆွေ့တို့နှင့်အတူ အလုပ်များကို အပူတပြင်းစတင်လုပ်ဆောင်ကြတော့၏။ လုရှီမန်တွင် ဟင်းချက်ခြင်းနှင့်ပတ်သက်၍ ပါရမီမပါသော်လည်း သူမသည် အလုပ်မလုပ်ဘဲထိုင်နေခြင်းမျိုးမရှိပေ။

သူမသည် ဟင်းကူလှီးပေးခြင်း၊ လိုအပ်သည့်ပစ္စည်းများ ထွက်၀ယ်ပေးခြင်းစသည့် အသေးအဖွဲအလုပ်များကို ဝင်ရောက်လုပ်ကိုင်ပေးသည်။

မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြစဉ် ကျိုးဟောင်ယီနှင့် ရှောင်တျောင်းတို့သည် သူတို့ပြင်ဆင်ထားသော ပစ္စည်းများကို ယူဆောင်လာကာ စုန့်မိသားစုအိမ်သို့ ရောက်ရှိလာကြသည်။

စုန့်မိသားစု၏ခြံတံခါးဝသို့ မဝင်ခင်မှာပင် အသားမျိုးစုံမှထွက်ပေါ်လာသော မွှေးကြိုင်လှသည့် ရနံ့ပေါင်းစုံကို သူတို့ ရှူရှိုက်လိုက်ရ၏။

ရှောင်ထောင်း တံတွေးမျိုချကာစိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ဟေ့ လောင်ကျိုး၊ ရှောင်ပိုင်က ငါတို့ကို အစားအသောက်ကောင်းတွေနဲ့ တခမ်းတနားဧည့်ခံတော့မယ်ထင်တယ်”

ဤရနံ့ကရွာမှာကျင်းပသည့် မင်္ဂလာဆောင် ဧည့်ခံပွဲတွေထက်ပင် ပိုပြီး မွှေးကြိုင်နေသေးသည်။

ကျိုးဟောင်ယီ ခပ်တည်တည်ဖြင့်ပြန်ဖြေလိုက်၏။

“တခမ်းတနားဧည့်ခံပွဲ ဟုတ်မဟုတ်တော့ ငါမသိဘူး၊ ဒါပေမဲ့ မင်းကို ဟင်းရွက်ချည်းပဲတော့ ကျွေးမှာမဟုတ်တာ သေချာတယ်၊ စားဖို့သောက်ဖို့ချည်း တွေးမနေနဲ့၊ အလုပ်ကိစ္စကို အရင်အာရုံစိုက်စမ်းပါ”

သူတို့က ရှောင်ပိုင်ကိုအိမ်အလှဆင်ရာတွင် ကူညီပေးရန်ရောက်လာကြခြင်းဖြစ်ပြီး အငမ်းမရစားသောက်ကြရန် လာခဲ့ခြင်းမဟုတ်ပေ။

ရှောင်ထောင်း ရယ်မောကာ သဘောတူလိုက်၏။

“မင်းပြောတာ မှန်တယ်”

သူသည် နှစ်ထပ်ကွမ်း ပျော်ရွှင်ခြင်းစာလုံးစတစ်ကာများကို ကိုင်ဆောင်ကာ အိမ်ထဲသို့လျှောက်ဝင်လာခဲ့သည်။

ဘေးဘက်တွင် ဟင်းသီးဟင်းရွက်များ ရွေးချယ်ပေးနေသော လုရှီမန်ကိုမြင်လိုက်ရချိန်တွင်တော့ သူမှင်တက်သွားရတော့သည်။ အခြား မည်သည့်အကြောင်းပြချက်ကြောင့်မှ မဟုတ်ပေ။ မရီးဖြစ်သူက အလွန်တရာလှပလွန်းနေသောကြောင့်ပင်ဖြစ်သည်။

ရှောင်ထောင် ပြာပြာသလဲနှုတ်ဆက်လိုက်၏။

“မင်္ဂလာပါ မရီး”

လုရှီမန် သူတို့ကိုမော့ကြည့်လာပြီး သူ့လက်ထဲမှ တောက်ပသောအနီရောင် ‘နှစ်ထပ်ကွမ်း ပျော်ရွှင်ခြင်းစာလုံးစတစ်ကာများကို မြင်လိုက်ရသောအခါ သူမကိုယ်တိုင်လည်း အံ့သြမှင်တက်သွားရတော့သည်။

All Chapters