အခန်း ၅၄
Vol. 6 Ch. 54
54
အဘယ်ကြောင့် ရုတ်တရက်ကြီး အနီရောင် နှစ်ထပ်ကွမ်း ပျော်ရွှင်ခြင်းစာလုံးကြီးများသယ်ကာ ရောက်လာရသနည်း။
ထိုအရာများကိုကြည့်ရင်း မင်္ဂလာပွဲတစ်ပွဲကျင်းပတော့မည့်အလား ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
‘နေပါဦး’
လုရှီမန်ဦးနှောက်ထဲတွင် တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိသွားပြီးနောက် အတွေးများ ခေတ္တမျှရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေကာမူ သူမသည် အမှန်တကယ်ပင် လက်ထပ်ရတော့မည့်ပုံပေါက်နေလေ၏။
ဤလူများက သူမကိုလန့်ဖြပ်သွားအောင်များ တမင်တကာလုပ်ဆောင်နေကြခြင်းဖြစ်နိုင်၏။ ဤမျှကြီးမားလှသော အနီရောင်စာလုံးကြီးများကို သယ်ဆောင်လာခြင်းက သူမနှင့် စုန့်ကျီပိုင်တို့၏ဆက်ဆံရေးအပေါ် အမှန်တကယ်ပင် အထင်အမြင်လွဲမှားသွားစေနိုင်သည်။
လုရှီမန်သည် ဖြစ်လာနိုင်ခြေရှိသော လက်တွေ့အခြေအနေအား ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေဆဲဖြစ်ကာ မယုံကြည်ချင်သေးသောဟန်ဖြင့် မေးလိုက်သည်။
“ရှင်တို့အားလုံး ဘာတွေလုပ်နေကြတာလဲ”
ရှောင်ထောင်း မျက်လုံးများထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေကာ ပြုံးဖြီးဖြီးလုပ်ရင်းရှင်းပြလိုက်သည်။
“မရီး၊ မရီးနဲ့ ရှောင်ပိုင်တို့ရဲ့လက်ထပ်ခွင့်တောင်းခံလွှာက အခုလေးတင် အတည်ပြုချက်ကျလာတာဆိုတော့ မရီးတို့ မင်္ဂလာဧည့်ခံပွဲမလုပ်ရသေးတာ သေချာတယ်လေ၊ ဟိုကောင်ငမိုက် ရှောင်ပိုင်ကတော့ မရီးကဒါတွေကို ဂရုစိုက်မှာမဟုတ်ဘူးလို့ ပြောနေပေမယ့် ဘယ်မိန်းကလေးကများ ဂရုမစိုက်ဘဲနေပါ့မလဲ၊ ဒါကြောင့်ကျွန်တော်တို့ညီအစ်ကိုတွေက သူ့အတွက်နည်းနည်းပါးပါးပြင်ဆင်ပေးဖို့ ဆုံးဖြတ်လိုက်ကြတာ၊ ညွှန်ကြားရေးမှူးယွင်ကလည်း မင်္ဂလာသကြားလုံးတွေတောင် ပြင်ဆင်ပြီးသွားပြီ၊ မရီးပျော်ရဲ့လား”
သူတို့သည် တကယ်ကို ကောင်းမွန်သောအလုပ်တစ်ခုကို လုပ်ဆောင်ခဲ့ကြသည်မှာ အသေအချာပင်။
အမြဲတမ်းလိုလို လူများကို ဆူပူကြိမ်းမောင်းတတ်သော ညွှန်ကြားရေးမှူးယွင်ပင်လျှင် သူတို့လုပ်ဆောင်ချက်ကို ကောင်းမွန်ကြောင်း ချီးကျူးစကား ဆိုခဲ့သေးသည်။
လုရှီမန်မျက်နှာပေါ်ရှိ အပြုံးများမှာ အေးခဲတောင့်တင်းသွားရတော့သည်။
သူမအနေဖြင့် ဝမ်းသာပျော်ရွှင်နေသင့်သည်လား။ အကယ်၍သာ ဤအရာသည် အမှန်တကယ်လက်ထပ်ပွဲတစ်ခု ဖြစ်ခဲ့မည်ဆိုလျှင်တော့ သူမ သေချာပေါက်ပျော်ရွှင်နေမိမည်ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ဦး၏ဆက်ဆံရေးသည် အပေါ်ယံမြင်တွေ့နေရသလောက် ရိုးရှင်းမှုမရှိခဲ့ချေ။
လုရှီမန်၏နေရခက်နေသော အမူအရာကိုမြင်လိုက်ရသောအခါ စုန့်ကျီပိုင်ရင်ထဲတွင် အလွန်တရာစိတ်ပျက်ဝမ်းနည်းသွားရသည်။
အားကိုးမရသောသကောင့်သားများက ဤကဲ့သို့သောအလုပ်မျိုးကို လုပ်ဆောင်လာလိမ့်မည်ဟု သူတစ်ခါမျှ မမျှော်လင့်ခဲ့ဖူးပေ။
သူတို့သည် နှစ်ထပ်ကွမ်း ပျော်ရွှင်ခြင်းစာလုံးကြီးများကိုပင် ယူဆောင်လာခဲ့ကြရာ သခင်မလေး သေချာပေါက် ဒေါသထွက်နေတော့ပေမည်။
သို့သော်လည်း သူတို့ကိုထိုစာလုံးများမကပ်ခိုင်းလျှင်လည်း အလွန်ထူးဆန်းနေပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းအမြင်တွင် သူတို့နှစ်ဦးသည် အမှန်တကယ် တရားဝင်လက်ထပ်ထားကြပြီးဖြစ်လေသည်။
ဤအခြေအနေသည် တကယ်ကိုခက်ခဲလှသော အကြပ်အတည်းတစ်ခုပင်။
သူသည် နဖူးကိုပွတ်သပ်လိုက်ပြီး ရှောင်ထောင်းတို့ရှိရာသို့ လျှောက်သွားကာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။
“မင်းတို့ကောင်တွေ အတော်လေးအားနေကြတာလား”
လုရှီမန်သည် ကူညီလုပ်ကိုင်ပေးနေကြသော အန်တီလုနှင့် တခြားအမျိုးသမီးနှစ်ဦးတို့ထံမှ အဓိပ္ပာယ်ပါပါပြုံးစစဖြင့် လှမ်းကြည့်နေကြသည်ကိုမြင်သောအခါ ရင်ထဲမှနေ၍ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ အခြားရွေးချယ်စရာ နည်းလမ်းရှိပုံမရတော့ချေ။
သူတို့ကို ကပ်ခွင့်ပြုလိုက်တော့မည်။ မည်သို့ပင်ဆိုစေကာမူ ဤအရာသည် စက္ကူအပိုင်းအစအနည်းငယ်မျှသာ ဖြစ်ရာ ထိခိုက်နစ်နာစရာအကြောင်းမရှိပေ။
လုရှီမန် တောက်ပသောအပြုံးတစ်ခုကို အတင်းအဓမ္မဖန်တီးကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
သူမအနေဖြင့် မငြင်းဆန်နိုင်တော့လျှင်လည်း လိုလိုလားလားလက်ခံလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။
“ကျေးဇူးတင်ပါတယ်၊ ကျွန်မ အရမ်းသဘောကျတယ်”
ရှောင်ထောင်းက မာနတခွဲသားဖြင့် မျက်ခုံးပင့်ကာကြုံးဝါးလိုက်သည်။
“တွေ့လား ရှောင်ပိုင်၊ မရီးကပျော်နေတဲ့ဟာကို အခုဘေးဖယ်နေတော့၊ ငါတို့အလုပ်ကို လာမရှုပ်နဲ့”
သူသည် စုန့်ကျီပိုင်ကို ဘေးသို့တွန်းဖယ်လိုက်ပြီး ကျိုးဟောင်ယီနှင့်အတူ နှစ်ထပ်ကွမ်း ပျော်ရွှင်ခြင်းစာလုံးများ စတင်ကပ်ကြတော့သည်။
ဤအခြေအနေကို မြင်သောအခါ စုန့်ကျီပိုင်သည်လည်း သက်ပြင်းချလိုက်ပြီး လုရှီမန်အနီးသို့ လျှောက်သွားကာ တောင်းပန်လိုက်၏။ တခါတရံတွင် အလွန်အမင်းအားကိုးရလွန်းသော ညီအစ်ကိုများရှိနေခြင်းကလည်း ပြဿနာတစ်ခုပင်။
“တောင်းပန်ပါတယ်၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကိုယ်မမျှော်လင့်ထားခဲ့ဘူး”
လုရှီမန် နားလည်သည့်ဟန်ဖြင့် ခေါင်းယမ်းပြလိုက်သည်။
သကြားလုံးဆိုသည်မှာ ဈေးပေါသောအရာမဟုတ်ပေ။ ညွှန်ကြားရေးမှူးတစ်ဦးအတွက်ပင်လျှင် ဤသည်မှာ ကြီးမားသောကုန်ကျစရိတ်တစ်ခုဖြစ်ရာ သူတို့မင်္ဂလာပွဲအတွက် သကြားလုံးဆိုလျှင်တော့ ပြောဖွယ်ရာပင်မလိုတော့ချေ။ အခြားသူတစ်ဦးကို ငွေရှင်းခိုင်းခြင်းက မသင့်တော်သည့်လုပ်ရပ်တစ်ခုဖြစ်သည်။
“သူတို့က စေတနာနဲ့လုပ်ပေးကြတာဆိုတော့လည်း ဒီအတိုင်းပဲလိုက်လျောလိုက်ကြတာပေါ့၊ ဒါနဲ့ သူတို့ပြောပုံအရဆို ညွှန်ကြားရေးမှူးယွင်က မင်္ဂလာသကြားလုံးတွေ ဝယ်ပေးထားတာတဲ့၊ နောက်မှ သူ့ကိုပိုက်ဆံပြန်ဆပ်လိုက်ကြတာပေါ့”
စုန့်ကျီပိုင် ခေါင်းညိတ်သဘောတူလိုက်သည်။ လုရှီမန်ဘက်မှ ဘာတစ်ခုမျှမပြောခဲ့လျှင်ပင် သူက ညွှန်ကြားရေးမှူးယွင်ကို ကျိန်းသေပေါက်ငွေပြန်ပေးမည်ဖြစ်သည်။
ရှောင်ထောင်းနှင့် ကျိုးဟောင်ယီတို့သည် တံခါးများနှင့်ပြတင်းပေါက်များပေါ်တွင် ပျော်ရွှင်ခြင်းစာလုံးများကို ကပ်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အိမ်ငယ်လေးသည် မင်္ဂလာပွဲကျင်းပတော့မည့်အလား ပျော်ရွှင်ဖွယ်အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။ ရှောင်ထောင်းသည် နောက်ဆုံးစာလုံးကို ကပ်ပြီးသည်နှင့် လုရှီမန်ဘက်လှည့်ပြီး ကိုယ်ကိုကိုင်းညွတ်ကာ ပြုံးဖြီးဖြီးဖြင့် ဆုတောင်းပေးလိုက်၏။
“မင်္ဂလာပါ မရီးနဲ့ ရှောင်ပိုင်၊ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲလေးဖြစ်ပါစေ”
ကျိုးဟောင်ယီသည် တည်ငြိမ်သူဖြစ်သော်ငြား သူ့မျက်နှာပေါ်တွင်လည်း အပြုံးများ ဝေဆာနေကာဆုတောင်းပေးလိုက်သည်။
သူ့ညီအစ်ကိုအရင်းချာသဖွယ် ခင်မင်ရသူ ပျော်ရွှင်နေသည်ကိုမြင်ရခြင်းက သူ့ကိုလည်း အလိုလိုပျော်ရွှင်သွားစေသည်။
“ပျော်ရွှင်စရာ မင်္ဂလာပွဲလေးဖြစ်ပါစေ”
လက်တွေ့အခြေအနေကို လက်ခံလိုက်ပြီဖြစ်ရာ လုရှီမန်သည် ဤအခြေအနေကို အကောင်းဆုံးရင်ဆိုင်နေပြီဖြစ်၏။ ယနေ့ညတွင် ဤကဲ့သို့သောမှတ်ချက်စကားများစွာကိုကြားရလိမ့်မည်ဟု သူမ ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။
အကယ်၍ သူမသာ မျက်နှာထားတင်းတင်းဖြင့်နေမည်ဆိုလျှင် လူအများက တစ်စုံတစ်ခုကို သံသယဝင်လာကြပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ်၊ ဒီညတော့ ဗိုက်ပြည့်တဲ့အထိ စားသောက်သွားကြပါဦး”
ရှောင်ထောင်း ရွှင်မြူးစွာအာမခံလိုက်သည်။ သာမန်ပွဲများတွင်ဆိုလျှင် ဤဟင်းလျာများဖြင့် ဧည့်ခံပွဲနှစ်ပွဲစာခန့်ပင် တည်ခင်းဧည့်ခံနိုင်ပေလိမ့်မည်။