အခန်း ၅၅
Vol. 6 Ch. 55
55
ဟင်းသီးဟင်းရွက်ဟူ၍ မပါသလောက်နည်းပါးပြီး အသားဟင်းများကိုသာ အဓိကထား၍ ရက်ရက်ရောရော ပြင်ဆင်ပေးနိုင်မည့်သူ မည်သူများရှိနိုင်ဦးမည်နည်း။ ဤသည်မှာ တကယ်ကို ခမ်းနားကြီးကျယ်သောဧည့်ခံပွဲတစ်ခုပင်။
သူထည့်ထားသော လက်ဖွဲ့ငွေမှာ နည်းလွန်းနေသည်ဟု ခံစားရသဖြင့် နောက်ပိုင်းတွင် အခြားသူများနှင့် တိုင်ပင်ကာ ထပ်မံပေါင်းထည့်ရန် သူ ဆုံးဖြတ်လိုက်သည်။
“သေချာတာပေါ့၊ မရီးပြင်ဆင်ထားတဲ့ အစားအသောက်တွေကို မြင်ရုံနဲ့တင် သွားရည်ကျနေပြီ”
အနည်းငယ် စကားစမြည်ပြောဆိုပြီးနောက်တွင်တော့ ရှောင်ထောင်းနှင့် ကျိုးဟောင်ယီတို့သည် စုန့်ကျီပိုင်နှင့် အခြားသူများကို ဝင်ရောက်ကူညီပေးကြတော့သည်။ သူတို့အားလုံးသည် မီးဖိုချောင်အလုပ်များကို အနည်းအကျဉ်းစီ နားလည်ကြသဖြင့် လူအင်အားများပြားလာသည်နှင့်အမျှ ဟင်းချက်ရသည်မှာလည်း ပိုမိုမြန်ဆန်လာခဲ့၏။
အချိန်များမှာ မြှားတစ်စင်းလိုကုန်လွန်သွားခဲ့ပြီး မကြာမီမှာပင် ညနေငါးနာရီကျော်သွားခဲ့ပြီဖြစ်သည်။
ဧည့်သည်များလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြတော့သည်။
သူတို့အိမ်လေးသည် လူသူကင်းဝေးပြီး နေရာကျယ်ဝန်းသဖြင့် စားပွဲနှင့် ကုလားထိုင်များကို အပြင်ဘက်ခြံဝင်းငယ်လေးထဲတွင် တိုက်ရိုက်ပင် ခင်းကျင်းထားလိုက်၏။
ယွင်ကျီတသည် အလုပ်ဆင်းဆင်းချင်းမှာပင် မင်္ဂလာသကြားလုံးဆယ်ကျင်းခန့်ကို ကိုင်ဆောင်ကာ စုန့်မိသားစုအိမ်သို့ ရောက်ရှိလာခဲ့သည်။
လုရှီမန်သည် ပျော်ရွှင်ခြင်းစာလုံးကြီးများကို တစ်လှည့် သကြားလုံးများကို တစ်လှည့်ကြည့်ရင်း တကယ့်မင်္ဂလာပွဲတစ်ခုကျင်းပနေသည့်အလား ပိုခံစားလာရသည်။
ယခင်က အိမ်ပြောင်းရွှေ့ခြင်း အထိမ်းအမှတ်ဧည့်ခံပွဲလေးကျင်းပမည်ဟု စီစဉ်ထားခဲ့သော်ငြား ယခုတော့ မင်္ဂလာဧည့်ခံပွဲအဖြစ်သို့ လုံးလုံးပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း လုရှီမန်အတွက် လွမ်းဆွေးကြေကွဲနေရန်အချိန်များစွာ မရလိုက်ချေ။ လူစုံတက်စုံရောက်ရှိလာချိန်တွင်တော့ စုန့်ကျီပိုင်သည် သူမကို ခေါ်ဆောင်ကာ သူ့ရဲဘော်ရဲဘက်များနှင့် အထက်လူကြီးများကို လိုက်လံမိတ်ဆက်ပေးတော့သည်။
ဧည့်ခံပွဲပြီးဆုံးသွားချိန်တွင်တော့ လုရှီမန်မျက်နှာသည် ပြုံးရလွန်းသဖြင့် လုံးဝတောင့်တင်းနေပြီဖြစ်သည်။
မင်္ဂလာသကြားလုံးများကို ဝေငှပေးပြီးနောက် ကျန်ရှိနေသော အစားအသောက်များကို လူအများအား ထုပ်ပိုးယူဆောင်သွားစေလိုက်၏။ မနက်ဖြန်တွင် အခြားသူများအားပျော်ရွှင်မှုဝေမျှရန်အတွက် သကြားလုံးအနည်းငယ်သာ ကျန်ရှိတော့သည်။
စုန့်ကျီပိုင်သည် အချိန်အတော်ကြာကတည်းက အရက်များတစ်ခွက်ပြီးတစ်ခွက်အတိုက်ခံခဲ့ရသဖြကင့် မူးယစ်ဝေဝါးနေပြီဖြစ်ကာ ယခုအခါတွင်တော့ ဘေးဘက်တစ်နေရာတွင်ထိုင်လျက် မျက်တောင်မခတ်ဘဲ ငေးမောနေတော့သည်။
လူတိုင်းက အနည်းငယ်ဝင်ရောက်ကူညီရှင်းလင်းပေးကြပြီးနောက် သူတို့လက်ဖွဲ့ငွေများနှင့် လက်ဆောင်များကို တိတ်တဆိတ်ချန်ထားရစ်ခဲ့ကာ အသီးသီးပြန်လည်ထွက်ခွာသွားကြ၏။
လူအားလုံးထွက်သွားကြပြီးနောက် လုရှီမန်သည် ဆိုဖာပေါ်သို့ပစ်လှဲချလိုက်သည်။
“အရမ်းပင်ပန်းတာပဲ၊ နောက်ဆုံးတော့ပြီးသွားပြီ”
စုန့်ကျီပိုင် အားတင်းပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် အရက်မူးနေချိန်တွင် အလွန်တိတ်ဆိတ်ငြိမ်သက်နေတတ်သူဖြစ်၏။
သူ အမှန်တကယ် မူးနေသလားဆိုသည်ကိုပင် လုရှီမန် သံသယဝင်သွားမိသည်။
သူမသည် သူ့လက်ရှိအခြေအနေကို ကြည့်ကာ အလွန်ရယ်စရာကောင်းသည်ဟုထင်မိသဖြင့် သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချကာ ခေါ်လိုက်သည်။
“စုန့်ကျီပိုင်”
သူမသည် လက်လှမ်းကာ စုန့်ကျီပိုင်၏လက်ကို ခပ်ဖွဖွလေးဆိတ်လိုက်သည်။ စုန့်ကျီပိုင်သည် ခေါင်းစောင်းကာ သူမထံလှမ်းကြည့်လိုက်၏။
သူ့မျက်လုံးများသည် ဖန်ပုလဲလုံးလေးများကဲ့သို့ ကြည်လင်တောက်ပနေပြီး အညစ်အကြေးကင်းစင်လွန်းလှသည်။
ဤကဲ့သို့သော ထုံအအနှင့် ချစ်စရာကောင်းနေသည့်ဟန်ပန်လေးက လုရှီမန်အတွက် သူ့ကို ပို၍ပင်စိတ်ဝင်စားသွားစေသည်။ သူမ အသံတိုးတိုးလေးဖြင့် မေးလိုက်၏။
“ရှင်မူးနေတာလား”
စုန့်ကျီပိုင်သည် တစ်စုံတစ်ခုကိုစဉ်းစားနေပုံရသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ သူခေါင်းညိတ်ပြလိုက်သည်။ လုရှီမန် သူ့ကို စမ်းသပ်ကြည့်ရန် မေးခွန်းထုတ်လိုက်၏။
“တစ် အပေါင်း တစ်က ဘယ်လောက်လဲ”
သူသည် ကူကယ်ရာမဲ့နေပုံပေါက်နေသော်လည်း အရက်မူးနေချိန်တွင် သူ၏နှေးကွေးလေးတွဲနေသော စကားပြောဟန်လေးက သူ့ကို ပို၍ပင်ချစ်စရာကောင်းနေစေသည်။
“သခင်မလေး၊ ကိုယ်ကမူးနေပေမယ့် အရူးမဟုတ်ပါဘူး”
လုရှီမန် မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။
ယခုတော့ သူမသေချာပေါက်သိသွားချေပြီ။ သူကမူးနေခြင်းသာဖြစ်ပြီး တုံးအမနေချေ။
သို့သော်လည်း ဤကဲ့သို့သော စုန့်ကျီပိုင်၏ပုံစံလေးက တကယ်ကို ဥပဒေနှင့်မလွတ်ကင်းလောက်အောင် ချစ်စရာကောင်းလွန်းနေသည်။
သူမသည် သူ့ကိုရင်ခွင်ထဲဆွဲသွင်းကာ ဆံပင်များကို သပ်တင်ပေးရင်း ယုယကြင်နာချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။
သူမသည် အကယ်၍ သူသာ မည်သည့်အရာကိုမျှမမှတ်မိနိုင်လောက်အောင် အရက်မူးတတ်သူဆိုလျှင် သူမအနေဖြင့် မသင့်တော်သောအပြုအမူတစ်ခုခုလုပ်ဆောင်မိမည်ကို စိုးရိမ်နေသော်လည်း သူ့ဆံပင်များကိုဆော့ကစားရုံမျှကတော့ သိပ်လွန်မည်မထင်မိရာ သွယ်ဝိုက်သောနည်းဖြင့် စမ်းသပ်မေးမြန်းလိုက်၏။
“စုန့်ကျီပိုင် ဒီနေ့ဖြစ်ခဲ့တာတွေကို မနက်ဖြန်ကျရင် ရှင်မှတ်မိနိုင်ဦးမလား”
စုန့်ကျီပိုင်သည် အမြဲတမ်းမိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသူဖြစ်ပြီး ဤမျှလောက် အများကြီး တစ်ခါမျှမသောက်ဖူးခဲ့ချေ။ လူတိုင်းက ယနေ့သည် သူ၏အရေးကြီးသောနေ့တစ်နေ့ဖြစ်သည်ဟုဆိုကာ သူ့ကို အရက်များ အတင်းအဓမ္မတိုက်ခဲ့ကြခြင်းဖြစ်သည်။
စုန့်ကျီပိုင် ခေါင်းယမ်းကာ ရိုးရိုးသားသားဖြေလိုက်သည်။
“ကိုယ် မသိဘူး”
လုရှီမန် အမိန့်ပေးသည့်ဟန်ဖြင့် ပြတ်သားစွာပြောလိုက်၏။
“ကောင်းပြီလေ၊ ဒါဆိုရင် အရာအားလုံးကို မေ့ပစ်လိုက်ဖို့ ရှင့်ကို ကျွန်မအမိန့်ပေးတယ်”
လုရှီမန်သည် သီချင်းသံလေး ညည်းတွားရင်း သူ့ဆံပင်များကို စတင်ဆော့ကစားတော့သည်။
သူမလက်ချောင်းများကြားရှိ ဖောင်းပွနေသောဆံနွယ်မျှင်လေးများသည် ခွေးပေါက်လေးတစ်ကောင်၏အမွှေးများကဲ့သို့ နူးညံ့ပျော့ပျောင်းခြင်းမရှိသော်လည်း အံ့ဩစရာကောင်းလောက်အောင် စိတ်ဖိစီးမှုများကိုပြေလျော့သွားစေသည်။
အထူးသဖြင့် ဆံပင်များအဖွခံရပြီးနောက် သူ၏မှင်တက်နေသော အမူအရာလေးသည် ချစ်စရာကောင်းပြီး ထုံအအနိုင်လှသောခွေးပေါက်စလေးတစ်ကောင်နှင့်တူနေကာ သူ့ကို ပို၍ပင် အလိုလိုက်အကြိုက်ဆောင်ချင်စိတ်များကို ဖြစ်ပေါ်လာစေ၏။
လုရှီမန်သည် အားရပါးရဆော့ကစားပြီးနောက်တွင်တော့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လက်လွှတ်လိုက်ကာ သူ့ခေါင်းကို ခပ်ဖွဖွလေးပုတ်လိုက်သည်။
အကယ်၍ မနက်ဖြန်တွင် သူပြန်လည်မှတ်မိနေလျှင်ပင် သူမလုံးဝငြင်းဆိုပစ်မည်ဖြစ်သည်။
လုံခြုံရေးကင်မရာများမရှိသည့်အတွက် ဘာမှမဖြစ်ခဲ့ဘူးဟုပင် သတ်မှတ်၍ရလေ၏။
“ဘာမှမဖြစ်ခဲ့ဘူးနော် မေ့လိုက်တော့၊ အားလုံးကိုမေ့ပစ်လိုက်”
သူမ ဆက်လက်ညွှန်ကြားလိုက်သည်။
“အခု ရေသွားချိုးတော့၊ ပြီးရင် ကုတင်ပေါ်မှာ သွားအိပ်တော့”