အခန်း ၅၆
Vol. 6 Ch. 56
56
စုန့်ကျီပိုင်၏ ဦးနှောက်ထဲတွင်လည်း လုရှီမန် ယခုလေးတင်ပေးလိုက်သော အမိန့်ကို အပူတပြင်းအလုပ်လုပ်ကာ စဉ်းစားနေမိသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အဆုံးတွင်တော့ သူခေါင်းညိတ်လိုက်ပြီး စက်ရုပ်တစ်ရုပ်အလား အသက်မပါဘဲ ရေချိုးလိုက်တော့သည်။
ရေနွေးနွေးလေး၏အကူအညီကြောင့် သူ့စိတ်အာရုံများ အနည်းငယ် ရှင်းလင်းသွားသော်လည်း စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးတောမိသောအခါ သူ ထပ်မံ၍မှင်တက်သွားရပြန်၏။
‘သခင်မလေး’
ထိတ်လန့်သွားမှုနှင့်အတူ သူခြေချော်သွားပြီး အောက်သို့တန်းတန်းမတ်မတ် ပြုတ်ကျသွားတော့သည်။
ဘုန်းခနဲမြည်သံကြီးနှင့်အတူ အပြင်ဘက်ရှိ လုရှီမန်ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် တင်းကြပ်သွားရတော့သည်။
လုရှီမန် တံခါးခေါက်ကာ စိုးရိမ်တကြီး မေးလိုက်၏။
“အဆင်ပြေရဲ့လား”
စူးရှသောနာကျင်မှုအောက်တွင် စုန့်ကျီပိုင်ခေါင်းထဲ၌ ပိုမိုရှင်းလင်းလာခဲ့သည်။ သခင်မလေး သူ့အပေါ် ပြုမူခဲ့သည်များက သူ့စိတ်ထဲတွင် နောက်ပြန်ရစ်နေသော ရုပ်ရှင်တစ်ကားသဖွယ် ထပ်ခါတလဲလဲ ပေါ်လာနေတော့သည်။
သူ လန့်ဖြတ်သွားပြီး ကိုယ့်ခေါင်းကို ပြန်ရိုက်လိုက်မိ၏။
‘သခင်မလေးမှာ သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပေါ့၊ ငါကရော ဘာတွေများ လျှောက်တွေးနေမိတာပါလိမ့်'
စုန့်ကျီပိုင် အသံတိုးတိုးလေးဖြင့်ပြန်ဖြေလိုက်သည်။
“ကိုယ်အဆင်ပြေပါတယ်”
သို့သော်လည်း ပြုတ်ကျသွားသဖြင့် သူ ယူဆောင်လာခဲ့သော အဝတ်အစားများအားလုံးရေစိုရွှဲသွားခဲ့ပြီဖြစ်သည်။
‘အင်္ကျီတင်မကဘူး၊ ဘောင်းဘီပါစိုသွားတာပဲ'
သူမရှေ့တွင် အပေါ်ပိုင်းဗလာကျင်းဖူးပြီးသားဆိုသည်ကို တွေးမိလိုက်သဖြင့် သူ သိပ်ဂရုမစိုက်တော့ဘဲ ဘောင်းဘီကိုသာ ကမန်းကတန်းဆွဲစွပ်ကာ အပြင်သို့ ထွက်လာခဲ့တော့၏။
တံခါးပွင့်လာသည်နှင့်တစ်ပြိုင်နက် လုရှီမန်မျက်စိရှေ့တွင် အလွန်တရာရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက ဆီးကြိုနေတော့သည်။
မှိန်ပျပျ ဝါကျင့်ကျင့်မီးရောင်အောက်တွင် သူ့ဆံပင်များဆီမှရေပေါက်လေးများ တစ်ပေါက်ချင်းကျဆင်းနေပြီး ရင်အုပ်ကြွက်သားများပေါ်မှတစ်ဆင့် ဗိုက်ကြွက်သားများဆီသို့ လျှောဆင်းသွားကာ ထိုလျှို့ဝှက်ဆန်းကြယ်သော နေရာဆီသို့ ပျောက်ကွယ်သွားကြသည်။
ရေစိုနေသော ဘောင်းဘီကြောင့် ထိုနေရာက ပို၍ပင်သိသာထင်ရှားနေတော့၏။ သူမ မသိစိတ်၏စေ့ဆော်မှုကြောင့် လှမ်းကြည့်လိုက်မိသော်လည်း ချက်ချင်းပင် မျက်နှာကို အလန့်တကြား လွှဲဖယ်လိုက်သည်။
‘ငါက ညစ်ညမ်းတဲ့အတွေးတွေနဲ့ ပြည့်နေတဲ့ မိန်းကလေးတစ်ယောက်လား၊ ဘာတွေများ လျှောက်တွေးနေမိတာလဲ'
စုန့်ကျီပိုင်သည် သူမ၏မှင်တက်နေသော အမူအရာကိုကြည့်ရင်း သူမ သူ့ခေါင်းကို ပွတ်သပ်ဆော့ကစားခဲ့ပုံများနှင့် ယမန်နေ့က သူမပြောခဲ့သော အနည်းငယ်အဓိပ္ပာယ်မဲ့သည့် စကားများကို ပြန်လည်သတိရသွား၏။
အရက်အရှိန်ကြောင့် သူမစဉ်းစားမဆင်ခြင်ဘဲ လွှတ်ခနဲမေးလိုက်မိသည်။
“မင်း ကိုယ့်ဗိုက်ကြွက်သားတွေကို စမ်းကိုင်ကြည့်ချင်လို့လား”
ထိုစကားကြောင့် လုရှီမန်မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူမပြန်မဖြေနိုင်ခင်မှာပင် စုန့်ကျီပိုင်သည် အသိစိတ်ပြန်ဝင်လာဟန်ဖြင့် ထွက်ပြေးရန် ပြင်လိုက်၏။
သို့သော်လည်း လုရှီမန်က ဤမျှကောင်းမွန်သော ရွှေရောင်အခွင့်အရေးကြီးကို အလွတ်ခံမည်မဟုတ်ပေ။
‘ဒါ စုန့်ကျီပိုင်ကိုယ်တိုင်ပေးအပ်လာတဲ့ ရွှေရောင်အခွင့်အရေးကြီးလေ၊ မွေးကတည်းက ရည်းစားမထားဖူးတဲ့ အပျိုလေးတစ်ယောက်အနေနဲ့ ငါ့လက်တွေနဲ့ ဗိုက်ကြွက်သားတွေကို တစ်ခါမှမစမ်းသပ်ဖူးခဲ့ဘူး’
လုရှီမန် အလျင်အမြန်ပြန်ဖြေလိုက်သည်။
“စမ်းချင်တာပေါ့”
စကားပြောနေစဉ်မှာပင် သူမလက်က ထိုဗိုက်ကြွက်သားများကို စမ်းသပ်ရန် ရောက်ရှိနေပြီဖြစ်သည်။
ကျောက်တုံးတစ်တုံးပမာ မာကျောနေသော ဗိုက်ကြွက်သားများသည် မီးသဖွယ် ပူလောင်နေ၏။
အထိအတွေ့က တကယ်ကိုအံ့မခန်းကောင်းမွန်လှပြီး သူမစိတ်ကူးယဉ်ထားသည်ထက်ပင် ပိုကောင်းကာ ပိုမိုစိတ်ဝင်စားစရာကောင်းနေသည်။
စုန့်ကျီပိုင် ချက်ချင်းပင်ရှက်သွေးဖြာသွားတော့သည်။ အရိုးမပါသကဲ့သို့ နူးညံ့လှသော ထိုလက်လေးက သူ့ကို ထိတွေ့လိုက်သည်နှင့် ရှင်းပြ၍မရနိုင်သော မီးတောက်တစ်ခုက ခန္ဓာကိုယ်အနှံ့ လျှပ်စီးလက်သလိုစီးဆင်းသွားပြီး ဦးနှောက်ဆီသို့ တန်းတန်းမတ်မတ် တက်သွားတော့၏။
သူ့ခန္ဓာကိုယ်သည်လည်း ထူးဆန်းစွာဂနာမငြိမ်ဖြစ်လာပြီး ထွက်ပေါက်မရှိသကဲ့သို့ ပူလောင်လာခဲ့သည်။
သူ စိတ်ထဲမှကြိတ်တွေးလိုက်မိသည်။
‘ငါတော့ ဒုက္ခပဲ’
ဤခံစားချက်ကြီးနှင့်ဆိုလျှင် သူ့အပူများကို ငြိမ်းအေးစေရန်အတွက် ငါးကီလိုမီတာခန့်ပြေးလွှားဖို့ လိုအပ်နေပြီဖြစ်၏။
သူ့အခြေအနေကိုမြင်သောအခါ လုရှီမန် အလျင်အမြန်လက်လွှတ်လိုက်သည်။ သူမသာ နောက်ထပ်အကြိမ်အနည်းငယ်မျှ ထပ်ထိလိုက်လျှင် စုန့်ကျီပိုင်တစ်ယောက် အမှန်တကယ်ပင် မီးလောင်သွားနိုင်သည်ဟု သူမခံစားလိုက်ရ၏။
ဗိုက်ကြွက်သားများ၏အထိအတွေ့က မည်သို့ရှိသည်ကို သူမ ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိသွားပြီဖြစ်ရာ ထိုအကြောင်းကို ဆက်လက်တွေးတောနေတော့မည်မဟုတ်ပေ။
သူမ ချောင်းဟန့်လိုက်ပြီး သူ့နဖူးကို နောက်ပြောင်သောဟန်ဖြင့် ခပ်ဖွဖွလေးပုတ်လိုက်သည်။
“ဥုံဖွ ဥုံဖွ အားလုံးကိုမေ့ပစ်လိုက်စမ်း”
သူမ၏နောက်ပြောင်နေသောလေသံကြောင့် စုန့်ကျီပိုင်ဦးနှောက်မှာ နောက်ထပ်အတန်ကြာသည်အထိ အလုပ်မလုပ်နိုင်တော့ဘဲ ရပ်တန့်သွားရတော့သည်။
သူ ကူကယ်ရာမဲ့စွာပြုံးလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပါပြီ၊ အားလုံးကို မေ့ပစ်လိုက်ပါ့မယ်”
သူ၏အလိုလိုက်ထားသောအကြည့်များနှင့် လေသံကြောင့် လုရှီမန်၏ နားရွက်ဖျားလေးများ ချက်ချင်းပင် ရှက်သွေးဖြာကာ နီရဲသွားတော့သည်။
‘အဟမ်း အဟမ်း'
သူတို့နှစ်ဦးကြားရှိ ရေရာမှုမရှိသော ဆက်ဆံရေးက အနည်းငယ်တော့ လွန်ကျူးသွားပြီဟု သူမခံစားလိုက်ရသည်။
သူမက စုန့်ကျီပိုင်ကိုမျက်လုံးထောင့်မှနေ၍ ခိုးကြည့်လိုက်ပြီးနောက် ဆိုဖာဆီသို့ အမြန်ပြေးသွားကာ ထိုင်ချလိုက်ပြီး သူမ၏ အနည်းငယ်ပူထူနေသော ပါးပြင်လေးများကို ခပ်ဖွဖွပုတ်လိုက်၏။
လုရှီမန် သူ့ကိုယ်သူသတိပေးလိုက်သည်။
“အကုန်လုံးက ထင်ယောင်ထင်မှားတွေပဲ၊ ထင်ယောင်ထင်မှားတွေ”
စုန့်ကျီပိုင်သည် သူ့အခန်းထဲသို့ပြန်ဝင်သွားကာ အဝတ်အစားလဲလှယ်ပြီးနောက် ပြတင်းပေါက်ပေါ်ရှိ ပျော်ရွှင်ခြင်းစာလုံး စတစ်ကာများကိုကြည့်ရင်း သူ့ရင်ထဲတွင် ထူးဆန်းစွာယားကျိကျိ ဖြစ်လာရသည်။
သူသည် ရင်ဘတ်ကိုဖိထားကာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်၏။
လုရှီမန်သည် ခေတ္တမျှသာငြိမ်သက်သွားခဲ့ပြီးနောက် ချက်ချင်းပင်ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ ခေတ်မီပြီး အတွေ့အကြုံများစွာရှိသော ခေတ်သစ်လူငယ်တစ်ယောက်အနေဖြင့် သူမက ဤမျှလောက်သေးငယ်သော ကိစ္စလေးတစ်ခုကြောင့် အဘယ်ကြောင့် အကျပ်ရိုက်သွားနိုင်မည်နည်း။
သူမက ဆိုဖာပေါ်တွင်ကွေးကွေးလေးထိုင်ရင်း သမ်းဝေလိုက်သည်။ သူမ ရေချိုးရန်အတွက် ပစ္စည်းများကို ပြင်ဆင်တော့မည့်ဆဲဆဲမှာပင် တံခါးအပြင်ဘက်မှ ကြမ်းတမ်းရိုင်းစိုင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
အဘွားအိုဝေက အော်ဟစ်လိုက်သည်။
“နင်တို့နှစ်ယောက်က ဘာသဘောလဲ၊ ကျန်းမိသားစုရဲ့မျက်နှာကိုနင်းပြီး အထက်ကို တက်ချင်နေကြတာလား”
အဘွားအိုဝေ မကျေမနပ်ဆက်ပြောသည်။
“ဘာလဲ၊ ငါတို့ကို အထင်သေးနေတာလား၊ ငါတို့ မနေ့က နင်တို့ကိုထမင်းကျွေးထားရက်နဲ့ ဘာလို့ ငါတို့ကိုမဖိတ်ရတာလဲ”
သူမ ကျိန်ဆဲလိုက်ပြန်၏။
“စုတ်ပြတ်နေတဲ့ဖိနပ်အဟောင်းကြီးကို လက်ထပ်ထားပြီး ရတနာတစ်ပါးလို သဘောထားနေတယ် သတိထားဦး၊ အဖေဘယ်သူမှန်းမသိတဲ့ တကောင်ကြွက်လေးမွေးလာလိမ့်မယ်”
အဘွားအိုဝေ ဆက်လက်ဆဲဆိုနေသည်။
“နင်တို့လိုအောက်တန်းစားတွေ၊ ဒီလောက်ထိ လူကိုအနိုင်ကျင့်တာမျိုး ငါ တစ်ခါမှမမြင်ဖူးဘူး”
သူမကိုမဖိတ်ကြားခဲ့ခြင်းအပေါ် အစပိုင်းတွင် သူမသိပ်ပြီးဂရုမစိုက်ခဲ့သော်လည်း အသားဟင်းချည်းဆယ်မျိုးကျော်သည်ဟု သူမကြားလိုက်ရသည်။
ကျန်နေခဲ့သောအသားဟင်းများကို ထိုမြုံနေသောကောင်စုတ်နှစ်ကောင်က လူများကို ထုပ်ပိုးယူဆောင်သွားခွင့်ပြုလိုက်သည်တဲ့လေ။
ဤမျှကောင်းမွန်သောကိစ္စမျိုးကို သူမ အဘယ်ကြောင့်များ မသိခဲ့ရသနည်း။
သူမ ဤစော်ကားမှုကို လုံးဝမျိုသိပ်မထားနိုင်ချေ။ မနေ့ညကကိစ္စအတွက် သူမ ဒေါသထွက်နေခဲ့ရသည်မှာကြာပြီဖြစ်သည်။
ကုန်းရှန်းကသာ ငွေကြေးဖြင့်မခြိမ်းခြောက်ခဲ့လျှင် ထိုကောင်မစုတ်လေး၏ပါးစပ်ကို သူမဆွဲဖြဲပစ်လိုက်မည်မှာ အသေအချာပင်။
သည်းခံနိုင်ဖွယ်မရှိသော ကျိန်ဆဲသံများက သူတို့နားထဲသို့ဝင်ရောက်လာသောအခါ သူတို့နှစ်ဦးလုံး မျက်မှောင်ကြုတ်သွားကြသည်။
လုရှီမန်၏ဒေါသမီးတောက်သည် ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့၏။
‘ဒီအဘွားကြီးက အရိုက်မခံရသေးလို့ သင်ခန်းစာ မရသေးတာများလား'
လုရှီမန် ဒေါသတကြီး ရေရွတ်လိုက်သည်။
“ပါးချခံချင်လွန်းလို့ အိမ်တံခါးဝထိလာပြီး တောင်းဆိုနေတဲ့သူမျိုးကိုမြင်ရတာ တကယ့်ကို ရှားတာပဲ”
သူမသည် အင်္ကျီလက်ကိုပင့်တင်လိုက်ပြီး ဘေးတွင်မှီထားသော တံမြက်စည်းအားဆွဲယူကာ အပြင်ထွက်လာခဲ့သည်။
လုရှီမန် အထင်အမြင်သေးစွာ ပြောလိုက်၏။
“ဒီလောက်အကျယ်ကြီးဟောင်နေတာ ဘယ်ကရောက်လာတဲ့ လမ်းဘေးခွေးလဲ”
သူမ ရွံရှာဖွယ်ကောင်းအောင် လှောင်ပြောင်လိုက်သည်။
“ဒွါရခုနစ်ပေါက်ကနေ ပြည်တွေယိုစိမ့်နေတဲ့ အရိုးအိုကြီး ရှင့်ပါးစပ်ထဲမှာ အိမ်သာထဲက ကျောက်ခဲတွေသိပ်ထည့်ထားလို့လား၊ ရှင့်ပါးစပ်နံ့က အရမ်းနံစော်နေတာပဲ၊ အဲဒီလိုအစွမ်းအစမျိုး ရဖို့အတွက် မစင်ဆယ်ပေါင်လောက်တော့ စားထားရမယ်ထင်တယ်”
သူမသည် နားကိုကလော်လိုက်ပြီး ရန်ပွဲတစ်ပွဲအတွက် အပြည့်အဝပြင်ဆင်ထားလိုက်၏။
အဘွားအိုဝေ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“နင် မိန်းမပျက် ငါ့အသက်ကိုပေးရမယ်ဆိုရင်တောင် ဒီနေ့ နင့်ရဲ့နံစော်နေတဲ့ ပါးစပ်ကြီးကို ဆွဲဖြဲပစ်မယ်”
လုရှီမန်၏အရှက်ခွဲဆဲဆိုခြင်းကို ခံလိုက်ရသောအခါ အဘွားအိုဝေသည်လည်း ဒေါသကိုမထိန်းချုပ်နိုင်တော့ချေ။ မိန်းမပျိုလေးတစ်ယောက်၏ ပါးစပ်က ဤမျှလောက်မရိုင်းစိုင်းသင့်ပေ။
လုရှီမန် လှောင်ပြုံးပြုံးလိုက်ပြီး တံမြက်စည်းကို ဝှေ့ယမ်းကာ အဘွားအိုဝေကို ရိုက်ချလိုက်တော့သည်။ သူမ သည်းခံအောင့်အည်းနေခဲ့ရသည်မှာ ကြာမြင့်နေပြီဖြစ်၏။
သူမလှုပ်ရှားမှုများက အလွန်လျင်မြန်လှသည်။
သူမခွန်အားက သိပ်မကြီးမားသော်လည်း တံမြက်စည်းဖြင့်အရိုက်ခံရခြင်းက လုံလောက်အောင်နာကျင်စေသည်။
သူမ အားကုန်ရိုက်ချလိုက်ရာ အဘွားအိုဝေသည် ပြန်လည်မခုခံနိုင်တော့ဘဲ ဟိုဘက်ဒီဘက် ခုန်ပေါက်ကာ ရှောင်တိမ်းနေရတော့၏။
ရှောင်တိမ်းနေရသည့်တိုင် သူမပါးစပ်ကတော့ ရပ်မသွားခဲ့ပေ။
အဘွားအိုဝေက ဆက်လက်ဆဲဆိုနေသည်။
“ဘုရားစူးမိုးကြိုးပစ်မယ့် မိန်းမယုတ်၊ အရှက်မရှိတဲ့ကောင်မ၊ သတိထားဦး၊ ဒီည နင့်ကိုငရဲမင်းကြီးလာခေါ်သွားလိမ့်မယ်၊ နင် မိန်းမပျက်”
အဘွားအိုဝေ ကျိန်ဆဲလိုက်ပြန်သည်။
“ဥမဥနိုင်တဲ့ ကြက်မ၊ နင့်မျိုးဆက်က နင့်ဆီမှာတင် ပြတ်တောက်သွားပါစေ”
အဘွားအိုဝေ ညစ်ညမ်းစွာဆဲဆိုလိုက်၏။
“နင့်ခြေထောက်တွေကို ကားပြီးတော့သာစောင့်နေလိုက်”
ညစ်ညမ်းသောစကားလုံးများက အဆုံးအစမရှိ ထွက်ပေါ်လာသော်လည်း ၎င်းတို့သည် နောက်ခံတေးဂီတတစ်ခုအလား လုရှီမန်ကို ပို၍ပင်အားပါးတရ ရိုက်နှက်ချင်စိတ် ဖြစ်ပေါ်လာစေသည်။
အံ့ဩစရာကောင်းလောက်အောင် သန်မာတောင့်တင်းလှသော အဘွားအိုဝေ၏ခန္ဓာကိုယ်ကို အောက်သို့ဖိမချနိုင်မည်ကိုသာ သူမ မကြောက်ရွံ့ခဲ့လျှင် သူမအပေါ် တည့်တည့်ခွထိုင်ကာ ပါးကို ဖြတ်ရိုက်ပစ်လိုက်ချင်သည်။
အခြားတစ်ဖက်တွင်တော့ လုရှီမန် အရေးနိမ့်မနေသည်ကိုမြင်သောအခါ စုန့်ကျီပိုင်က အကူအညီရှာရန် အလျင်အမြန် ထွက်သွားခဲ့၏။
ဖြစ်နိုင်မည်ဆိုလျှင် ထိုအဘွားကြီး၏ပါးစပ်ကို ဆေးကြောပစ်ရန် မစင်ကျင်းထဲသို့ ကန်ချပစ်လိုက်ချင်သည်။
အသက်ကြီးသည်ကို အားကိုးကာ ရမ်းကားပြဿနာရှာရန်လောက်သာ သူမ သိထားသည်။
‘ငါတို့က သူ့မျက်နှာကိုဖြတ်ရိုက်တယ်လို့ သူကဘယ်လိုများ ပြောထွက်ရက်တာလဲ’
အဘွားအိုဝေကသာ သူမတို့မျက်နှာကို လာနင်းနေခြင်းဖြစ်သည်။
သူမကိုသာ သေချာပညာမပေးလိုက်လျှင် ခြံဝင်းထဲရှိလူတိုင်းက သူတို့မိသားစုကို အလွယ်တကူ အနိုင်ကျင့်၍ရသည်ဟု ထင်မှတ်သွားကြပေလိမ့်မည်။
စုန့်ကျီပိုင် ထွက်သွားသည်ကိုမြင်သောအခါ အဘွားအိုဝေက ပို၍ပင် ကျယ်လောင်စွာအော်ဟစ်ကာ ခေါင်းထဲပေါ်လာသမျှ အရာအားလုံးကိုလျှောက်ပြောတော့သည်။
“မိန်းမပျက် နင်မနိုင်တော့လို့ အကူအညီလှမ်းခေါ်နေတာပေါ့လေ၊ နင် ခေါ်လိုက်တဲ့လူက နင့်ရဲ့လင်ငယ်လား”
နိုင်ငံရေးဌာနမှူး၏ဇနီးသည် အချိန်ကိုက်ရောက်ရှိလာပြီး ထိုစကားများကိုကြားလိုက်ရသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဘယ်လောက်တောင် ရိုင်းစိုင်းတဲ့ ပါးစပ်လဲ”
သူမသည် လုရှီမန်ကဲ့သို့အလုပ်မလုပ်ဘဲအလိုလိုက်ခံထားရသော သခင်မလေးတစ်ဦးမဟုတ်ပေ။ သူမသည် ရှေ့တက်သွားပြီး အဘွားအိုဝေအား အောက်သို့ဖိချကာ ပါးကိုတည့်တည့် ဖြတ်ရိုက်လိုက်တော့သည်။
နိုင်ငံရေးဌာနမှူးသည်လည်း အပြေးအလွှား ရောက်ရှိလာခဲ့သည်။ သူသည် မည်းမှောင်နေသော မျက်နှာထားဖြင့် ယခုမှရောက်လာသော ကျန်းဖူရှန်းကိုကြည့်ကာ အေးစက်စက် ပြောလိုက်၏။
“ကိုယ့်အိမ်ကိုတောင် သေချာမအုပ်ချုပ်နိုင်ဘဲနဲ့ ဘယ်လိုလုပ်နိုင်ငံကို အုပ်ချုပ်နိုင်မှာလဲ၊ ဒုတိယတပ်ရင်းမှူးကျန်းက ကိုယ့်မိသားစုကိုတောင်မထိန်းသိမ်းနိုင်မှတော့ ရက်အနည်းငယ်လောက် တာဝန်ကနေရပ်ဆိုင်းခံထားရတာ ပိုကောင်းမယ်ထင်တယ်”