အခန်း ၅၈
Vol. 6 Ch. 58
58
မည်သူကမျှ ပြန်မပြောသည်ကိုမြင်သောအခါ ကျန်းဖူရှန်းသည် ပို၍ပင် ရှက်ရွံ့ကာနေရခက်သွားတော့သည်။
သူသည် အနေခက်စွာဖြင့် ခေါင်းငုံ့ထားလိုက်၏။ သူ့ရင်ထဲရှိ နာကြည်းချက်များကလည်း ပိုမိုကြီးထွားလာခဲ့သည်။
သူသည် အဘွားအိုဝေကို အတင်းအဓမ္မဆွဲခေါ်သွားခဲ့ပြီး သူ ထွက်သွားသည်ကို မြင်သောအခါ လူအုပ်ကြီးသည်လည်း တဖြည်းဖြည်းလူစုကွဲသွားကြတော့သည်။
နိုင်ငံရေးဌာနမှူးသည် လူအုပ်ကြားထဲတွင် ပန်းတစ်ပွင့်အလား ထင်ထင်ရှားရှားရပ်နေသော လုရှီမန်ကိုကြည့်ရင်း စိတ်ထဲတွင် လှိုင်းပုတ်ခတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
အရင်းရှင်များက ပြုစုပျိုးထောင်ထားသော သခင်မလေးသည် အမှန်တကယ်ပင် အစွမ်းအစရှိသူတစ်ဦးဖြစ်သည်။
သူမသည် စုန့်ကျီပိုင်နှင့် အလွန်တရာလိုက်ဖက်ညီလှသည်။ အရည်အချင်းရှိသောယောကျ်ားနှင့် လှပသော မိန်းမပျိုလေးတို့၏ပေါင်းစပ်မှုက တကယ်ကို ပြီးပြည့်စုံလှ၏။
သူသည် လုရှီမန်ဘက်သို့ ခေါင်းညိတ်ပြကာ စုန့်ကျီပိုင်ကိုသတိပေးလိုက်သည်။
“ရှောင်စုန့် မင်းဇနီးကိုသေချာနှစ်သိမ့်ပေးလိုက်ပါဦး၊ ဒီလိုကိစ္စမျိုးတွေအတွက် ဒေါသထွက်နေစရာမလိုပါဘူး၊ ဒေါသအရမ်းထွက်တာက ကျန်းမာရေးအတွက် မကောင်းဘူးကွ”
နိုင်ငံရေးဌာနမှူးက ဆက်ပြောသည်။
“ဒုတိယတပ်ရင်းမှူးကျန်းက တွေဝေထုံထိုင်းနေတာပါ၊ မနက်ဖြန်ကျရင် ငါ သူ့ကိုသေချာပြန်ပြောလိုက်ပါ့မယ်၊ စိတ်ထဲ မထားပါနဲ့တော့”
ရှောင်စုန့်တွင် အလွန်တောက်ပသော အနာဂတ်တစ်ခုရှိနေပေသိ ကျန်းဖူရှန်းသည်လည်း သူကိုယ်တိုင်ကိုယ်ကျ သင်ကြားလမ်းပြပေးခဲ့သော သူတစ်ယောက်ဖြစ်၏။
အကြောင်းပြချက်မရှိ ရမ်းကားနေသော အဘွားအိုတစ်ယောက်ကြောင့် သူ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းခွင် ပျက်စီးသွားမည်ကို သူမမြင်တွေ့လိုသဖြင့် မနက်ဖြန်တွင် သူ့ကို သေသေချာချာ ခေါ်ယူဆွေးနွေးရန် ရည်ရွယ်ထားသည်။
ထိုစကားကိုကြားသောအခါ စုန့်ကျီပိုင်သည်လည်း ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။
“ကျွန်တော် နားလည်ပါပြီ၊ ဌာနမှူးကိုလည်း အလုပ်ရှုပ်သွားစေတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”
ဒုတိယတပ်ရင်းမှူးကျန်းသည် နိုင်ငံရေးဌာနမှူး၏လူယုံတစ်ဦးဖြစ်နေသည်ဖြစ်ရာ မည်သူကများ စောဒကတက်နိုင်မည်နည်း။
သူသည် ရာထူးမြင့်မြင့်မားမားမရရှိသေးသဖြင့် ဤကဲ့သို့သောမတရားမှုများကို ရင်ဆိုင်ရချိန်တွင် တိတ်ဆိတ်စွာဖြင့်သာ ခါးစည်းခံနိုင်စွမ်းရှိပေသည်။
လုရှီမန် နှုတ်ခမ်းတွန့်လိုက်သည်။
ဓားက ကိုယ့်အသားကိုလာမလှီးသေးသရွေ့ ဒေါသမထွက်ပါနဲ့ဟုပြောရန်က လွယ်ကူလှသည်။
အကယ်၍သာ ဤကိစ္စမျိုး သူ့ကိုယ်တိုင်ကြုံတွေ့ရမည်ဆိုလျှင် သူရော ဒေါသကြောင့်ရူးသွပ်မသွားဘဲနေမည်လား။
‘ဟမ့် သူတို့အားလုံးက သနားစရာကောင်းတဲ့ စုန့်ကျီပိုင်ကိုအနိုင်ကျင့်နေကြတာပဲ’
သို့သော်လည်း သူမ၏မကျေနပ်မှုများကို နိုင်ငံရေးဌာနမှူးရှေ့တွင် တိုက်ရိုက် ထုတ်ဖော်ပြသခြင်းတော့မပြုခဲ့ချေ။
သူသည် ဤနေရာတွင်အာဏာရှိသူတစ်ဦးဖြစ်နေဆဲဖြစ်ရာ စုန့်ကျီပိုင်အနာဂတ်အတွက်သည်းခံပေးလိုက်မည်။
နိုင်ငံရေးဌာနမှူးထွက်သွားသည်နှင့်တစ်ပြိုင်နက် လုရှီမန် သက်ပြင်းသဲ့သဲ့ချကာ စုန့်ကျီပိုင်၏လက်ကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။
လုရှီမန် ဂရုတစိုက်ပြောလိုက်၏။
“ရှင်က တကယ်ကိုသနားစရာကောင်းတာပဲ”
ဤပြဿနာများဖြစ်ပွားပြီးနောက်တွင်တော့ စုန့်ကျီပိုင်၏ယခင်ကခံစားခဲ့ရသော ရှက်ရွံ့အနေခက်မှုများအားလုံးသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး ထိုနေရာတွင် မိမိကိုယ်ကိုအပြစ်တင်မိသည့်ခံစားချက်များကသာ အစားထိုး ဝင်ရောက်လာခဲ့သည်။
လုရှီမန်၏ဒေါသက မြန်မြန်လာသလို မြန်မြန်ပင်ပြန်လည်ပျောက်ကွယ်သွားတတ်သည်။ ရေချိုးသန့်စင်ပြီးနောက်တွင်တော့ သူမရင်ထဲရှိ စိတ်ပျက်ဝမ်းနည်းမှုများအားလုံးသည် ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီဖြစ်၏။
သူမသည် မည်သည့်အရာကိုမျှထပ်မံမတွေးတောတော့ဘဲ ခေါင်းအုံးနှင့် ခေါင်းထိသည်နှင့်တစ်ပြိုင်နက် အိပ်ပျော်သွားခဲ့ရာ စုန့်ကျီပိုင်၏စိတ်ဓာတ်ကျနေသောအခြေအနေကိုပင် လုံးဝသတိမထားမိခဲ့ချေ။
နောက်နေ့နံနက်စောစောတွင် သူတို့နှစ်ဦးသည် ကျန်ရှိနေသောသကြားလုံးများကို အိမ်နီးချင်းများထံသို့ အလျင်အမြန် လိုက်လံဝေငှခဲ့ကြသည်။
ထိုအလုပ်များပြီးစီးသွားသည်နှင့် စုန့်ကျီပိုင်က သူ့အလုပ်ဆီသို့ပြန်လည်ထွက်ခွာသွားခဲ့သည်။
လုရှီမန်ကတော့ အလုပ်အကိုင်မရှိသဖြင့် ပျင်းရိနေသောကြောင့် သူမစက်ဘီးလေးကိုယူကာ မြို့ထဲသို့ နောက်တစ်ကြိမ်ထွက်လာခဲ့ပြန်၏။
သူမသည် လမ်းမများပေါ်တွင် လျှောက်လည်ရင်း သူမကြိုက်နှစ်သက်သော အစားအစာအချို့ကို ဦးစွာဝယ်ယူခဲ့ပြီးနောက် မည်သည့်ရည်ရွယ်ချက်မှမရှိဘဲ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေတော့သည်။
မည်သည့်ဦးတည်ချက်မှမရှိဘဲ လွတ်လပ်ပေါ့ပါးစွာဖြင့်သာ လေလွင့်နေလိုက်၏။
တစ်စုံတစ်ယောက်က စိတ်ပျက်လက်ပျက် ငြီးတွားလိုက်သည်။
“ပျက်သွားပြန်ပြီ၊ တော်သေးတာပေါ့ ရာသီဥတုက သိပ်မပူသေးလို့ မဟုတ်ရင် ဆိုင်ထဲကပစ္စည်းတွေ အကုန်ပုပ်ကုန်တော့မှာ”
ကျန်းလီသည် မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးမှုများအပြည့်ဖြင့် ရေခဲသေတ္တာကို ဒေါသတကြီး ကန်ကျောက်လိုက်သည်။
ဤကျိန်ဆဲချင်စရာကောင်းသော ရေခဲသေတ္တာကြီးက စိတ်အခြေအနေပေါ် မူတည်ပြီး အလုပ်လုပ်နေသကဲ့သို့ပင်။ ယခုတော့ လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။ အထဲတွင်အေးစက်သော အငွေ့အသက်ကိုပင် လုံးဝမခံစားရတော့ချေ။
ယခင်ကဆိုလျှင် အားပါးတရတစ်ချက်လောက် ကန်လိုက်ရုံဖြင့် ပြန်ကောင်းသွားတတ်သည်။
ယခုတော့ သူတစ်နေကုန် ကန်ကျောက်နေခဲ့သော်လည်း အလုပ်မဖြစ်တော့ချေ။ ဤစက်အပျက်ကြီးကို ပြင်ဆင်ရန်အတွက် သူသည် ကျွမ်းကျင်ပညာရှင်အများအပြားကို ခေါ်ယူခဲ့သော်လည်း မည်သူကမျှမပြင်နိုင်ခဲ့ကြပေ။
‘ဒီတစ်ခါတော့ တကယ်ကို အသစ်တစ်လုံးနဲ့ လဲလှယ်ရမယ့်အချိန်ရောက်နေပြီ’ဟု တွေးလိုက်မိ၏။
သို့သော်လည်း သေချာပြန်စဉ်းစားကြည့်လျှင် ထိုစက်၏သက်တမ်းက ကုန်ဆုံးသွားပြီဟု ဆိုနိုင်သည်။
ဤရေခဲသေတ္တာကို လွန်ခဲ့သောနှစ်အနည်းငယ်က ချမ်းသာသောမိသားစုတစ်စု၏အိမ်မှ သိမ်းဆည်းလာခဲ့ခြင်းဖြစ်ပြီး သူသည် ဤပစ္စည်းကောင်းကို ပထမဆုံးလုယက်ရယူနိုင်ခဲ့သူဖြစ်သည်။
ယခုတော့ သူတို့အနေဖြင့်ရေခဲသေတ္တာကို ဆက်လက်အသုံးပြုနိုင်တော့မည်မဟုတ်ချေ။
ထိုငြီးတွားသံကိုကြားသောအခါ လုရှီမန် စူးစမ်းလိုစိတ်များဖြင့် ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။
ရေခဲသေတ္တာဟုခေါ်ဆိုကြသော်လည်း အပြင်ပန်းသဏ္ဌာန်က ရှည်လျားသော ဗီရိုကြီးတစ်ခုနှင့် ပိုတူနေသည်။
အနာဂတ်ခေတ်မှ တံခါးအများအပြား ပါဝင်သော ရေခဲသေတ္တာကြီးများနှင့် လုံးဝမတူညီဘဲ အတွင်းဘက်ရှိ နေရာလွတ်များကလည်း အလွန်ကျဉ်းမြောင်းနေပုံရ၏။
အပြင်ပန်းကိုကြည့်ရုံဖြင့် ၎င်းသည် စက်ကိရိယာပိုင်းဆိုင်ရာ အပူချိန်ထိန်းချုပ်မှုကို အသုံးပြုထားပြီး သိပ်ပြီး စမတ်ကျလှသောပစ္စည်းတစ်ခု မဟုတ်ကြောင်း သိသာထင်ရှားနေသည်။
ကျန်းလီ စိတ်ပျက်လက်ပျက်ညည်းတွားလိုက်သည်။
“အဟောင်းအစုတ်ပုံထဲ သွားသွင်းလို့ပဲ ရတော့မယ်၊ နိုင်ငံခြားသားတွေဆီကလာတဲ့ ပစ္စည်းကောင်းဆိုပြီးပြောကြတာ၊ တကယ်တမ်းကျတော့ ဘာမှလည်း အကြမ်းမခံပါလား”
ကျန်းလီသည် တိတ်ဆိတ်ငြိမ်သက်နေသော ရေခဲသေတ္တာကြီးကိုကြည့်ကာ နောက်ထပ် အားပါးတရတစ်ချက် ထပ်မံရိုက်ချလိုက်ပြန်၏။
ရှေးကျပြီး ဒေသန္တရဆန်လွန်းလှသော ဤထူးခြားသည့်ပြုပြင်ရေးနည်းလမ်းကိုကြည့်ရင်း လုရှီမန်တစ်ယောက် ပို၍ပင်ဆွံ့အသွားရတော့သည်။
အတိတ်က သူမအဘွားဖြစ်သူ ရုပ်မြင်သံကြားစက်ကို ပြင်ဆင်နေသည့်မြင်ကွင်းမျိုး သူမမျက်စိထဲတွင် ပြန်မြင်ယောင်လာလေ၏။ တခါတရံတွင် ထိုသို့ရိုက်ချလိုက်ခြင်းက အမှန်တကယ်ပင်အလုပ်ဖြစ်တတ်သည်ပင်။
သို့သော်လည်း ဒေါသထွက် စိတ်ပျက်နေသော သူ့အမူအရာကိုကြည့်ခြင်းအားဖြင့် ဤနည်းလမ်းက အသုံးမဝင်တော့ကြောင်း သိသာလှသည်။
သူမ မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
‘ဒါ ငါ့အတွက်အခွင့်အရေးကောင်းတစ်ခုမဟုတ်လား’