← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

59

လုရှီမန်သည် ထိုဘက်သို့လျှောက်သွားကာ အလျင်အမြန်ပင် စကားစလိုက်သည်။

“အစ်ကိုကြီး၊ ဒါကို အဟောင်းဆိုင်မှာ ရောင်းမလို့လား”

ကျန်းလီသည် လုရှီမန်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

“ဒါက ပစ္စည်းအဟောင်းကြီးပါ၊ ကျွန်တော်လည်း ပြင်လို့မရတော့ဘူး၊ အဲဒါကြောင့် အဟောင်းပုံထဲပဲရောင်းပစ်တော့မလို့”

မနှစ်ကလည်း သူကိုယ်တိုင်တစ်ကြိမ် ပြင်ခဲ့ဖူးသလို အခြားလူတစ်ယောက်ကိုလည်းငွေပေးပြီး ထပ်မံပြင်ခိုင်းခဲ့သေး၏။ သို့သော်လည်း ယခုနှစ်တွင် ထပ်မံပျက်စီးသွားပြန်သည်။

သူကိုယ်တိုင်ပြင်ဆင်ရခြင်းက အချိန်အနည်းငယ် ပုပ်သွားသည်မှအပ ကိစ္စမရှိသော်လည်း မနှစ်ကအခြားလူကို ပြင်ခိုင်းစဉ်က ယွမ်ဆယ်ဂဏန်းကျော်ပေးခဲ့ရသည်။

ယခု ထပ်မံပျက်စီးသွားပြန်သောအခါ သူ့ရင်ထဲတွင် နှမြောတသလွန်းလှသဖြင့် သွေးထွက်မတတ်ခံစားလိုက်ရ၏။

ယခုအခါ ထိုစက်ပျက်ကြီးကိုကြည့်ရုံရုံဖြင့်ပင် သူဒေါသထွက်နေရပြီဖြစ်ရာ စိတ်အနှောင့်အယှက်မဖြစ်ရလေအောင် အဟောင်းဆိုင်သို့ အမြန်ဆုံး ရောင်းချပစ်လိုက်ခြင်းကသာ ပိုကောင်းမွန်ပေလိမ့်မည်။

လုရှီမန်မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုထွက်ပေါ်လာပြီး စိတ်ဝင်တစားပြောလိုက်သည်။

“အဟောင်းဆိုင်မှာ ရောင်းမယ့်အစား ကျွန်မကိုပဲ ရောင်းလိုက်ပါလား၊ ကျွန်မ ဒါကိုစိတ်ဝင်စားလို့ အိမ်ယူသွားပြီး တစ်စစီဖြုတ်ဆော့ချင်လို့ပါ”

တကယ်တော့ သူမသည် သာမန် စက်မှုပညာရှင်တစ်ဦးသာဖြစ်သော်လည်း ရေခဲသေတ္တာတစ်လုံးကို ပြုပြင်ရန်မှာ သူမစွမ်းဆောင်ရည်အတိုင်းအတာအတွင်း၌သာရှိနေသေးသည်။

အခြေအနေသာပေးမည်ဆိုလျှင် သူမအနေဖြင့် ရေခဲသေတ္တာတစ်လုံးကို အစကနေ အဆုံးအထိ အသစ်အတိုင်းတီထွင်ဖန်တီးနိုင်စွမ်းရှိ၏။

သို့သော် ထိုသို့လုပ်ဆောင်ရန်မှာ အလွန်အမင်း အလုပ်ရှုပ်လှသည်။

ယခုလို အသင့်ရှိနေသောအရာမှာ အလွန်ဆုံးရှိလှ အစိတ်အပိုင်းအချို့သာ ပျက်စီးနေခြင်းဖြစ်ပေလိမ့်မည်။

သူမ သေသေချာချာလေ့လာဆန်းစစ်ပြီးနောက်တွင်တော့ ကျိန်းသေပေါက် ပြန်လည်ပြင်ဆင်နိုင်မည်ဖြစ်သည်။

အကယ်၍ ပြင်ဆင်၍မရခဲ့လျှင်ပင် ၎င်းသည် မူလကတည်းက အဟောင်းအစုတ်ပုံထဲရောက်ရမည့် ပစ္စည်းဖြစ်ရာ သူမအတွက် ဘာတစ်ခုမျှထူးခြားနစ်နာသွားမည်မဟုတ်ပေ။

ဤအရာသည် ငွေအနည်းငယ်ပိုကုန်သည့်ကိစ္စမျှသာဖြစ်ပြီး သူမအနေဖြင့် ဤမျှလောက် ပမာဏလေးကိုဂရုစိုက်မနေချေ။

အိမ်တွင် ရေခဲသေတ္တာတစ်လုံးရှိနေပါက ပူပြင်းလှသောနွေရာသီကာလတွင် အေးမြလှသောအဖျော်ယမကာများအား အားရပါးရ သောက်သုံးနိုင်မည်ဖြစ်ရာ တကယ်ကိုအဆင်ပြေလိမ့်မည်။

ကျန်းလီသည် လုရှီမန်ကိုအကဲခတ်သည့်အကြည့်ဖြင့်သေချာကြည့်လိုက်သည်။ သူမ ဝတ်ဆင်ထားသော အဝတ်အစားသစ်များကိုကြည့်ခြင်းအားဖြင့် သူမတွင် ငွေကြေးတတ်နိုင်စွမ်းရှိကြောင်း သူသိလိုက်သော်လည်း အဟောင်းအစုတ်ပင်ဖြစ်ပါစေ ငွေကြေးအနည်းနှင့်အများတော့ ကုန်ကျမည်သာဖြစ်၏။

အကယ်၍ သူသာ ဤပစ္စည်းကို သူမထံ တကယ်ရောင်းချလိုက်ပါက ဤမိန်းကလေး၏မိသားစုဝင်များရောက်လာပြီး သူ့အားရန်ရှာကြမည်ကို စိုးရိမ်မိသွားသည်။

ကျန်းလီ မဝံ့မရဲဖြင့်ငြင်းဆန်လိုက်သည်။

“ဒါက နောက်စရာမဟုတ်ဘူးနော်”

သူဆက်ပြောလာ၏။

“ကျွန်တော် အဟောင်းဆိုင်ကိုပဲသွားရောင်းလိုက်တာ ပိုကောင်းပါလိမ့်မယ်”

သူသည် မည်သည့်စွန့်စားမှုမျိုးကိုမျှမလုပ်ချင်သဖြင့် ခေါင်းယမ်းလိုက်သည်။ သူသည် အသက်ကြီးရင့်နေပြီဖြစ်ရာ ပြဿနာများကို ရင်မဆိုင်ချင်တော့ချေ။

လုရှီမန် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“ဆယ်ယွမ်ပေးမယ်”

ထိုရေခဲသေတ္တာသည် နိုင်ငံခြားမှတင်သွင်းလာသောပစ္စည်းတစ်ခုဖြစ်ကြောင်း သူမသတိပြုမိလိုက်သည်။ ထိုခေတ်အခါက နိုင်ငံခြားဖြစ် ပစ္စည်းများသည် အရည်အသွေး အလွန်ကောင်းမွန်လှလေ၏။

သူမက ထိုလူ၏စိုးရိမ်ပူပန်မှုများကို အရည်ဖျော်ရန် ထပ်မံပြောဆိုလိုက်သည်။

“ဆယ်ယွမ်အတွက်တော့ ကျွန်မကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်ပါတယ်၊ စိတ်ပူမနေပါနဲ့”

ငွေကြေးဟူသည် သူမအတွက် ကြီးမားသောပြဿနာတစ်ခုမဟုတ်ပေ။ ကျန်းလီ အံ့ဩတကြီးပြန်ပြောလာသည်။

“ဒီပစ္စည်းက ဆယ်ယွမ်အထိတန်ဖိုးမရှိပါဘူး”

လုရှီမန်ပြုံးလျက် ဆိုလိုက်သည်။

“ဒါဆိုရင် ငါးယွမ်ပေါ့”

တကယ်တော့ သံတိုသံစအဖြစ် ရောင်းချလျှင်ပင် ငါးယွမ်အထိရရှိနိုင်ရန် မလွယ်ကူချေ။

သူမသည် ငွေကိုချက်ချင်းထုတ်ယူကာ ကျန်းလီရှေ့မှောက်သို့ ချပြလိုက်သည်။ လက်တွေ့လုပ်ဆောင်ချက်က စကားလုံးများထက် ပိုမိုထိရောက်သည်ပင်။

ငါးယွမ်ဆိုသည်မှာ သူမအတွက်သေးငယ်သောပမာဏဖြစ်ပြီး ယွမ်ငါးဆယ်ပင်လျှင် အသေးအဖွဲမျှသာဖြစ်သည်။

ကျန်းလီသည် ထိုငါးယွမ်ကိုကြည့်ကာ ဆွံ့အအံ့ဩသွားရသည်။ ဤမိန်းကလေးက အမှန်တကယ်ပင် ငွေကို လွယ်လွယ်ကူကူထုတ်ပေးလိုက်သည်။

ငါးယွမ်ဆိုသည်မှာ သာမန်လူများအတွက် အတော်အတန်များပြားသော ပမာဏဖြစ်သည်။ မည်သည့်မိသားစုက ကလေးဖြစ်၍များ ငွေကို ဤကဲ့သို့ လွယ်လင့်တကူ သုံးဖြုန်းနေနိုင်ရသနည်း။

သူမမိဘများသာသိသွားပါက သူမကို ဆူပူကြိမ်းမောင်းကြမည်ပင်။

လုရှီမန် နူးညံ့သောလေသံဖြင့်တောင်းဆိုလိုက်သည်။

“ဦးလေး၊ ကျွန်မကိုပဲရောင်းလိုက်ပါ၊ ကျွန်မ ဒါကိုတကယ်လိုချင်လို့ပါ”

ကျန်းလီသည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီးနောက် အဆုံးတွင်တော့ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ”

သူ ဆက်ပြောလာသည်။

“ငါးယွမ်နဲ့ပဲယူသွားလိုက်တော့”

ဤစက်ပျက်ကြီးက ယခုအတိုင်းရှိနေလျှင်လည်း အသုံးမဝင်ဘဲမြင်ရသူကို စိတ်အနှောင့်အယှက်သာဖြစ်စေလေသည်။

အကယ်၍ အိမ်တွင်ဆက်ထားပါက သူသည် အခြားကျွမ်းကျင်သူများကို ငွေပေးပြီး ထပ်မံပြင်ခိုင်းမိဦးမည်ဖြစ်ရာ ငွေကြေးများ ပိုမိုဖြုန်းတီးရာရောက်ပေလိမ့်မည်။

လုရှီမန်မျက်လုံးများမှာ ဝင်းပသွားတော့သည်။ ငါးယွမ်တည်းဖြင့် ရေခဲသေတ္တာတစ်လုံးကို ရရှိလိုက်ခြင်းက တကယ်ကိုတန်ဖိုးမဖြတ်နိုင်လောက်အောင် အမြတ်ထွက်သွားခြင်းပင်။

လုရှီမန် နောက်ထပ်အကြံတစ်ခု ပေးလိုက်သည်။

“ဦးလေး၊ အနီးနားက စစ်ဌာနချုပ်ရဲ့ မိသားစုလိုင်းခန်းဆီကို ဒါကို သယ်ဆောင်ပေးဖို့ ကူညီမယ်ဆိုရင် ကျွန်မ ဦးလေးကို မုန့်ဖိုးငါးဆင့်ထပ်ပေးပါ့မယ်”

သူမတစ်ဦးတည်းအင်အားဖြင့် ဤမျှကြီးမားသောပစ္စည်းကို မသယ်ဆောင်နိုင်သလို စုန့်ကျီပိုင်ကို လာရောက်သယ်ခိုင်းရန်မှာလည်း လက်တွေ့မကျလှချေ။

ငွေကြေးအနည်းငယ်သုံးစွဲပြီး ပြဿနာကို ဖြေရှင်းလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ကျန်းလီ ဝမ်းမြောက်ဝမ်းသာဖြင့် သဘောတူလိုက်သည်။

“အိုကေ၊ သဘောတူတယ်”

ကျန်းလီသည် လုရှီမန်ကိုကြည့်လိုက်၏။ သူမပြောဆိုလိုက်သော နေရာသည် စစ်တပ်၏မိသားစုလိုင်းခန်းဖြစ်နေကြောင်း ကြားလိုက်ရသဖြင့် သူ တစ်ခွန်းမှထပ်မပြောတော့ချေ။

စစ်တပ်အသိုင်းအဝိုင်းက လူတစ်ယောက်ဖြစ်နေ၍သာ ဤမျှလောက် ချမ်းသာကြွယ်ဝနေခြင်းဖြစ်ပေလိမ့်မည်။ ယနေ့တော့ သူသည် အသုံးအဖြုန်းကြီးသော အပြင်လူတစ်ယောက်နှင့် တွေ့ဆုံခွင့်ရခဲ့သဖြင့် တကယ့်ကို ကံကောင်းလှသည်။

အကယ်၍ ဤကဲ့သို့သောလူစားမျိုးနှင့်သာမတွေ့ခဲ့ပါက ဤရေခဲသေတ္တာအပျက်ကြီးသည် အလွန်ဆုံးရှိလှတစ်ယွမ် သို့မဟုတ် နှစ်ယွမ်ခန့်ဖြင့်သာ ရောင်းချရပေလိမ့်မည်။

စစ်တပ်ဝင်းသည်လည်း ဤနေရာနှင့် သိပ်မဝေးလှသလို အပိုထပ်ဆောင်းငွေ ငါးဆင့်ပါရရှိမည်ဖြစ်ရာ ဤသည်မှာ သူ့တစ်နေ့တာလုပ်အားခနှင့် ညီမျှနေသည်။

လက်တွန်းလှည်းပေါ်တွင် တင်ဆောင်ထားသော ရေခဲသေတ္တာကြီးကိုကြည့်ရင်း လုရှီမန်တစ်ယောက် သွားများပေါ်သည်ထိ အားရပါးရပြုံးပျော်နေတော့သည်။

ခြံဝင်းအဝင်ဝသို့ ရောက်ရှိချိန်တွင်တော့ သူမသည် ဘီစကွတ်မုန့်တစ်ဘူးကိုအသုံးပြုကာ ကင်းစောင့်စစ်သည်များအား အကူအညီတောင်းပြီး အိမ်အရောက်သယ်ဆောင်ခဲ့၏။

ရေခဲသေတ္တာကြီးကို အိမ်ထဲသို့ချလိုက်ချိန်တွင်တော့ အတော်လေးကြီးမားလှသောပစ္စည်းကြီးက အိမ်နီးနားချင်းအချို့၏စူးစမ်းလိုစိတ်ကို နှိုးဆွပေးခဲ့သည်။

သို့သော်လည်း ယခုအချိန်သည် ထမင်းဟင်းချက်ရမည့်အချိန်မဟုတ်သေးသဖြင့် လာရောက်ကြည့်ရှုသူ အလွန်အမင်းမများပြားလှချေ။

ပစ္စည်းကိုနေရာချပြီးနောက် သူမသည် ကူညီပေးခဲ့ကြသော စစ်သည်နှစ်ဦးကို ကျေးဇူးတင်စကားဆိုလိုက်ပြီး ခြံဝင်းတံခါးကို သေချာလုံလုံခြုံခြုံပိတ်လိုက်တော့သည်။

သူတို့အိမ်ပြောင်းလာခဲ့သည်မှာ မကြာသေးသော်လည်း အိမ်တွင်လိုအပ်သော ကိရိယာတန်ဆာပလာများရှိနေလေ၏။

လူတိုင်းက ကိုယ်ပိုင်ပြုပြင်ရေးသမားများဖြစ်ကြသော ထိုခေတ်တွင် ဝက်အူလှည့်ကဲ့သို့သော ပစ္စည်းများမှာ အလွယ်တကူ ရှာဖွေရရှိနိုင်လေသည်။

လုရှီမန်သည် ခုံတန်းလျားငယ်လေးတစ်ခုပေါ်တွင်ထိုင်ကာ ဝက်အူလှည့်ကို အသုံးပြု၍ ရေခဲသေတ္တာ၏ အကာအကွယ်များကို စတင်ဖြုတ်ချတော့သည်။

အပြင်ဘက်မျက်နှာစာ အကာအကွယ်များကို ဘေးသို့ဖယ်ရှားလိုက်ရာ အတွင်းဘက်ရှိ စက်ပစ္စည်း အစိတ်အပိုင်းများ ထွက်ပေါ်လာခဲ့၏။

သူမသည် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ပျက်စီးနေသောနေရာကို ချက်ချင်းတွေ့လိုက်ရတော့သည်။

တကယ်တော့ ပျက်စီးမှုကကြီးကြီးမားမား မဟုတ်ချေ။ ဖျူးစ်ပြတ်သွားခြင်းဖြစ်၏။ ထိုခေတ်အခါက ဖျူးစ်များသည် ခေတ်မီဆားကစ်ဘရိတ်ကာများကဲ့သို့မဟုတ်သဖြင့် အလွယ်တကူ ပျက်စီးတတ်ကြ၏။

ထို့အပြင် ဆားကစ်လေးတွင်လည်း ချို့ယွင်းချက်ရှိနေသော်လည်း လုံးဝ ပျက်စီးသွားခြင်းမျိုးတော့မဟုတ်ပေ။

လျှပ်စစ်စီးဆင်းမှုအပိုင်းတွင် အဆက်အသွယ်မကောင်းသဖြင့် ကွန်ပရက်ဆာကို စတင်အလုပ်မလုပ်နိုင်အောင် တားဆီးထားခြင်းသာဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လျှပ်စစ်ပလပ်ထိုးထားလျှင်ပင် စက်ကအလုပ်လုပ်မည်မဟုတ်ချေ။

ပြင်ဆင်ရခြင်းက မခက်ခဲလှသော်လည်း ယခင်လဲလှယ်ထားခဲ့သော စက်ပစ္စည်းအစိတ်အပိုင်းများကို ကြည့်ရင်း သူမဆွံ့အသွားရတော့သည်။ လက်ရာက တကယ်ကိုကြမ်းတမ်းလွန်းလှပြီး အလုပ်သင်တစ်ယောက်၏ လက်ရာနှင့် ပိုတူနေ၏။

ရေနှုတ်ပိုက်တွင်လည်း အမှိုက်သရိုက်များပိတ်ဆို့နေသဖြင့် သန့်စင်ပေးရန် လိုအပ်နေသည်။ ထို့အပြင် ပိုမိုအေးမြသောအပူချိန်ကိုရရှိစေရန်အတွက် အလုံပိတ်ရာဘာပတ်လမ်းကို အသစ်လဲလှယ်ပေးလိုက်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ချို့ယွင်းချက်များကို သေချာနားလည်သဘောပေါက်သွားပြီးနောက် လုရှီမန်ရင်ထဲတွင် ယုံကြည်မှုများအပြည့်ရှိနေတော့သည်။

သူမအတွက် ဖျူးစ်အသစ်တစ်ခုနှင့် ရီလေးစ်ကိုပွတ်တိုက်ရန် ကော်ပတ်စက္ကူ အနည်းငယ်သာ လိုအပ်နေတော့သည်။

စုန့်ကျီပိုင်သည်လည်း သူမ၏ထူးခြားဆန်းပြားလှသောလုပ်ရပ်အသစ်အကြောင်းကို အခြားသူများထံမှတစ်ဆင့် ကြားလိုက်ရ၏။

ငါးယွမ်ဖြင့် ရေခဲသေတ္တာအပျက်ကြီးတစ်လုံးကို ဝယ်ယူလာခဲ့ခြင်းက ကြီးမားသောကိစ္စတစ်ခုမဟုတ်ချေ။ သူမ တောင့်တနေသောအရာများကို အသစ်စက်စက်ဝယ်ယူပေးနိုင်စွမ်းမရှိသော သူ၏အသုံးမကျမှုကြောင့်သာ သခင်မလေးသည် ဤကဲ့သို့သောစက်ပျက်ကြီးကို အိမ်သို့သယ်ဆောင်လာခဲ့ရခြင်းလားဟုတွေးမိကာ သူစိတ်မကောင်းဖြစ်ရပြန်သည်။

သူသည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်ပြီးနောက် ရှောင်ထောင်းကို သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်၏။

ရှောင်ထောင်းသည် ဆက်သွယ်ရေးစစ်သည်တစ်ဦးဖြစ်သဖြင့် စက်ပစ္စည်းပြုပြင်ရေးအပိုင်းကို အနည်းငယ် နားလည်သော်လည်း ရေခဲသေတ္တာ ပြုပြင်ခြင်းနှင့်ပတ်သက်၍မူ သူ နားလည်မှုရှိမရှိကို စုန့်ကျီပိုင်မသေချာချေ။

သူ့ကို အရင်ဆုံးလာရောက်ကြည့်ရှုခိုင်းရပေမည်။ အကယ်၍မရခဲ့ပါက နိုင်ငံပိုင်စက်ပြင်စခန်းသို့ ပို့ဆောင်ကာ ငွေကြေးအချို့အကုန်အကျခံပြီး ပြင်ဆင်ခိုင်းရမည်ဖြစ်သည်။

အကယ်၍ ပြင်ဆင်ရသည်မှာ လွယ်ကူပါက ရှောင်ထောင်းကိုသာပြင်ခိုင်းပြီး သူ့ကို လက်ခယွမ်အနည်းငယ်ပေးကာ အစားအသောက်ကောင်းကောင်းဖြင့် ဧည့်ခံလိုက်ပေမည်။

သူသည် နေ့လယ်စာစားချိန်အားလပ်ချိန်အတွင်း ရှောင်ထောင်းကို သွားရှာခဲ့ပြီး အိမ်သို့ခေါ်ဆောင်လာခဲ့သည်။

လုရှီမန်သည် စက်ကိုမပြင်ဆင်ရသေးချေ။ ပြင်ရန်အတွက် ဖျူးစ်လိုအပ်နေသော်လည်း ၎င်းအားမည်သည့်နေရာမှ ဝယ်ယူရမည်ကိုမသိသဖြင့် စုန့်ကျီပိုင် ပြန်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ရှောင်ထောင်းသည် တစ်စစီဖြုတ်ချထားသော ရေခဲသေတ္တာကြီးကိုမြင်လိုက်ရချိန်တွင်တော့ မှင်တက်သွားရတော့သည်။

နုနယ်လှသော ဤမရီးဖြစ်သူက ဤမျှကြီးမားသောစက်ကြီးကို ဖြုတ်ပစ်လိုက်သည်လား။

‘သူမက စက်ကိုပိုပြီးပျက်စီးအောင် လုပ်လိုက်တာများလား’

သူသည် စိုးရိမ်စိတ်ဖြင့်ရေခဲသေတ္တာကို ကြည့်လိုက်ပြီးနောက် စစ်ဆေးရန်အတွက်အနားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

စုန့်ကျီပိုင်ကတော့ တိတ်ဆိတ်နေခဲ့သည်။

‘ထားလိုက်ပါတော့လေ’

သခင်မလေးပျော်ရွှင်နေဖို့သာ အရေးကြီးသည်ပင်။ သူ့တွင်တာဝန်အသစ်တစ်ခု ထပ်မံတိုးပွားလာခဲ့ပြီဖြစ်သည်။

ရုပ်မြင်သံကြားစက်အပြင် ရေခဲသေတ္တာအသစ်တစ်လုံးကိုပါ မရရအောင် ရှာဖွေပေးရန် နည်းလမ်းများကို သူစတင်စဉ်းစားရတော့မည်။

သခင်မလေး၏အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးနိုင်ရန် သူအစွမ်းကုန် ကြိုးစားရပေလိမ့်မည်။

လုရှီမန် သူတို့ကိုမြင်သည်နှင့် လှမ်းမေးလိုက်သည်။

“ရှင်တို့ ပြန်လာကြပြီလား၊ ရေခဲသေတ္တာအတွက် ဖျူးစ်ကိုဘယ်နေရာမှာဝယ်လို့ရလဲသိလား၊ ပြီးတော့ ကျွန်မ ကော်ပတ်စက္ကူနည်းနည်းလည်း လိုချင်သေးတယ်”

ရှောင်ထောင်း မျက်လုံးများပြူးကျယ်သွားကာ အံ့ဩတကြီးမေးလိုက်၏။

“မရီး ဘယ်နေရာကပျက်နေလဲဆိုတာကို မရီးသိပြီးသားပေါ့လေ”

သူကိုယ်တိုင်ပင် ဤစက်၏ဖွဲ့စည်းတည်ဆောက်ပုံကို သေသေချာချာနားမလည်သေးသော်ငြား သူမကမူ ပျက်စီးနေသောနေရာကို သိရှိသွားပြီဖြစ်၏။

သူမ နောက်ပြောင်နေခြင်းများလား။

လုရှီမန် သာမန်အရာလေးတစ်ခုကို ပြုလုပ်နေသကဲ့သို့ ပြန်လည်မေးခွန်းထုတ်လိုက်သည်။

“ဒါက အဲဒီလောက်တောင်ခက်လို့လား”

All Chapters