← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

60

ရှောင်ထောင်း မယုံကြည်နိုင်သလို ရေရွတ်လိုက်သည်။

“ဒါ တကယ်ပဲ အဲဒီလောက်အထိမခက်ဘူးလား”

ရှောင်ထောင်း တစ်ချက်မျှဆွံ့အသွားရသည်။ ယေဘုယျအားဖြင့် ပြုပြင်ရေးဆိုသည်မှာ ရေဒီယိုကဲ့သို့သောပစ္စည်းများလောက်သာဖြစ်ပြီး ရေခဲသေတ္တာကဲ့သို့သော စက်ပစ္စည်းမျိုးမှာ နိုင်ငံပိုင် စက်ပြင်စခန်းများမှ ကျွမ်းကျင်သူများမှလွဲ၍ သာမန်လူအများစုအတွက် အလွန်အမင်းရှုပ်ထွေးလွန်းလှလေသည်။

စုန့်ကျီပိုင် သူ့ထံသို့အစောပိုင်းကလာရောက်အကူအညီတောင်းစဉ်က သူ ငြင်းပယ်ချင်ခဲ့မိ၏။

သို့သော် သေချာပြန်လည်စဉ်းစားကြည့်ပြီးနောက်တွင်တော့ သူသည် ရေခဲသေတ္တာကို တစ်ခါမျှမပြင်ဖူးသေးသဖြင့် ဤစိန်ခေါ်မှုကစိတ်ဝင်စားစရာကောင်းသည်ဟုထင်မှတ်ကာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုတော့ မရီးဖြစ်သူက ထိုသို့ပြောလာ၏။

သူမက တစ်စုံတစ်ခုကိုသွယ်ဝိုက်ပြီး နှိမ်ချပြောဆိုလိုက်ခြင်းများလား။

လုရှီမန် ပေါ့ပေါ့ပါးပါးပင်လက်ကိုဝှေ့ယမ်းပြလိုက်သည်။

“လက်ရှိတဲ့သူ ဘယ်သူမဆို ဒီလိုရိုးရှင်းတဲ့စက်မှုသဘောတရားတွေကို နားလည်နိုင်မယ်လို့ ကျွန်မထင်တာပဲ”

သူမ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

ဤပစ္စည်းက တကယ်ကိုရှုပ်ထွေးမှုမရှိချေ။

သူမ အသက်ဆယ်နှစ်အရွယ်တုန်းက အခြေအနေကို ပြန်လည်တွေးတောမိသည်။

ထိုစဉ်ကတည်းက သူမသည် အိမ်တွင်းရှိအသေးအဖွဲမှစ၍ ကြီးမားသော စက်ပစ္စည်းဟူသမျှကို တစ်စစီဖြုတ်ကာ ဆော့ကစားခဲ့ဖူးပြီးဖြစ်ရာ ၎င်းတို့၏အတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံများကို သူမလက်ဝါးပြင်လို အလွတ်မှတ်မိနေခဲ့ပြီဖြစ်သည်။ ထိုအချိန်မှစ၍ သူမအိမ်မှာရှိနေသရွေ့ မည်သည့်ပစ္စည်းမဆို ပျက်စီးသွားခဲ့လျှင် ပြင်ဆင်သူမှာ သူမသာဖြစ်ခဲ့ရ၏။

ထိုစဉ်ကဆိုလျှင် Taobaoပေါ်မှနေ အစိတ်အပိုင်းများကို ဝယ်ယူလိုက်ရုံမျှဖြင့် အားလုံးကလွယ်ကူရိုးရှင်းလှလေသည်။

နောက်ပိုင်းတွင် သူမပိုမိုလေ့လာသင်ယူခဲ့ပြီးနောက် ပိုမိုရှုပ်ထွေးသောအဆင့်သို့ ရောက်ရှိလာချိန်၌ သူမသည် ကိုယ်ပိုင်စက်ပစ္စည်းအစိတ်အပိုင်းများကို စက်ဖြင့်ကိုယ်တိုင်ထုတ်လုပ်ခဲ့ရုံမျှမက စက်ရုပ်အသေးစားလေးတစ်ရုပ်ကိုပင် ကိုယ်တိုင် တီထွင်ဖန်တီးရန်ကြိုးစားခဲ့သေးသည်။

ထို့ကြောင့် နည်းပညာအဆင့်အတန်း နိမ့်ပါးလွန်းလှသော ဤကဲ့သို့သော ရေခဲသေတ္တာမျိုးကို ပြင်ဆင်ရန်မှာ သူမအတွက်တော့ အမှန်တကယ်ပင်ခက်ခဲခြင်းမရှိချေ။

စုန့်ကျီပိုင်နှင့် ရှောင်ထောင်းတို့နှစ်ဦးလုံး ဆွံ့အတိတ်ဆိတ်သွားကြတော့သည်။ သူမသည် အလွန်ရိုးရှင်းပြီး ယုံကြည်မှုအပြည့်ဖြင့်ပြောဆိုနေခြင်းဖြစ်ရာ သူတို့ဘက်မှပြန်လည်ငြင်းခုံချင်သော်လည်း ဘယ်ကနေစပြီး ပြောရမည်ကို မသိကြတော့ချေ။

သူတို့က သူမအား မယုံကြည်နိုင်သေးသည်ကိုမြင်သောအခါ လုရှီမန်သည် အနားသို့လျှောက်သွားပြီး ပျက်စီးနေသောနေရာကို လက်ညှိုးထိုးပြလိုက်သည်။

စုန့်ကျီပိုင်သည် သူမ၏ရှင်းပြချက်များနှင့် စက်မှုသဘောတရားများကို နားထောင်နေသော်လည်း သူ့နားထဲတွင်တော့ အရာအားလုံးကဝေဝါးရှုပ်ထွေးနေဆဲဖြစ်သည်။

သို့သော်လည်း ရှောင်ထောင်းအတွက်မူ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးကို ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူမပြောသမျှ စကားတိုင်းက ကွက်တိမှန်ကန်လွန်းနေတော့၏။

ဆယ်မိနစ်ကျော်ခန့်အချိန်အတွင်းမှာပင် ရှောင်ထောင်းတစ်ယောက် မရီးဖြစ်သူ၏အရည်အချင်းအပေါ် လုံးဝဥဿုံ အညံခံကာ လေးစားသွားရတော့သည်။

ရှောင်ထောင်း လေးစားအားကျစွာဖြင့် အကြံပြုလိုက်သည်။

“မရီး ဒီလောက်တောင်နားလည်တတ်ကျွမ်းနေတာ စက်မှုစက်ရုံမှာ အလုပ်တစ်ခုခုဘာလို့သွားမလုပ်တာလဲ”

စက်မှုစက်ရုံများသည် ဤကဲ့သို့သော ပါရမီရှင်မျိုးကို အလွန်အမင်းလိုလားတောင့်တနေကြသည်ကို သူသိထား၏။ နိုင်ငံခြားမှ တင်သွင်းလာသော စက်ပစ္စည်းကြီးများကို သေသေချာချာ ကိုင်တွယ်ထိန်းချုပ်နိုင်ရန်အတွက် သူမကဲ့သို့သောလူစားမျိုးကို မဖြစ်မနေ လိုအပ်လေသည်။

ထိုစက်ရုံရှိလူများသည် စက်ပစ္စည်းအစိတ်အပိုင်းတစ်ခုတည်းကို ကျွမ်းကျင်ပိုင်နိုင်ရန် သို့မဟုတ် စက်တစ်လုံးကို ပြုပြင်နိုင်ရန်အတွက် မည်မျှအထိ ရူးသွပ်စွာအားထုတ်ကြရသည်ကို သူသိထားသောကြောင့်ပင်။

စက်မှုစက်ရုံဆိုသည့်စကားလုံးကို ကြားလိုက်ရချိန်တွင်တော့ လုရှီမန်သည် ခေတ္တမျှမှင်တက်သွားပြီး ခေါင်းကို ပန်ကာလည်သလိုတရစပ်ယမ်းခါပစ်လိုက်တော့သည်။

သူမအတိတ်ဘဝတုန်းက သူမသည် ထူးချွန်လှသောဆရာကောင်းတစ်ဦးထံတွင်သင်ယူခဲ့ပြီး အသက်ဆယ့်လေးနှစ် အရွယ်ကတည်းက စက်ပစ္စည်းအစိတ်အပိုင်းများနှင့်သာ အချိန်ကုန်ခဲ့ရသည်။ ထိုအချိန်မှစ၍ ကျောင်းပြီးဆုံးကာ အလုပ်ခွင်ဝင်သည့်တိုင်အောင် သူမနေ့ရက်တိုင်းကို ထိုစက်ကိရိယာများနှင့်သာ ကုန်လွန်စေခဲ့ရသည်။

နိုင်ငံတော်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ရခြင်းက ဂုဏ်ယူစရာကောင်းလှသော်လည်း တကယ်ကို ပင်ပန်းနွမ်းနယ်လွန်းလှလေသည်။

ထိုစဉ်က ကိန်းဂဏန်းအချက်အလက်များကို တွက်ချက်ရလွန်းသဖြင့် သူမဆံပင်များပင် အဆုပ်လိုက်ကျွတ်ထွက်ခဲ့ရဖူးရာ ဤကဲ့သို့သောကြောက်မက်ဖွယ်ကောင်းလှသည့် အဖြစ်ဆိုးမျိုးကို သူမ နောက်တစ်ကြိမ်ထပ်မံမခံစားချင်တော့ချေ။

ဤဘဝတွင်တော့ သူမသည် အဆုံးမရှိသောငွေကြေးများကို စိတ်ကြိုက်သုံးဖြုန်းနိုင်သည့် ချမ်းသာကြွယ်ဝသောသခင်မလေးတစ်ဦးသာ ဖြစ်ပြီး စက်ရုံထဲတွင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရမည့် ခေါင်းပြောင်မလေးတစ်ဦးလုံးဝမဟုတ်ချေ။

လုရှီမန် သူမစိတ်ကူးရည်မှန်းချက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလိုက်သည်။

“ကျွန်မကတော့ စုန့်ကျီပိုင်ကပဲ ကျွန်မရဲ့တစ်ဘဝလုံးကို ရှာဖွေကျွေးမွေးထားတာကိုလိုချင်တာ၊ အလုပ်လုံးဝမလုပ်ချင်ဘူး”

အကယ်၍ အလုပ်လုပ်ရမည်ဆိုလျှင်ပင် စက်မှုစက်ရုံသို့တော့ သူမလုံးဝသွားမည်မဟုတ်ပေ။ စက်မှုစက်ရုံကိုတော့ ခွေးတောင်မသွားချေ။

ထိုစကားကိုကြားပြီးနောက် ရှောင်ထောင်းသည် ခေတ္တမျှဆွံ့အသွားပြီး စုန့်ကျီပိုင်အား သနားစရာကောင်းလှသော အကြည့်ဖြင့်လှမ်းကြည့်လိုက်မိသည်။

‘ရှောင်ပိုင်ခမျာ ဘယ်လောက်အထိ စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရပါလိမ့်’

သို့သော်လည်း မရီးဖြစ်သူ၏ပါရမီစွမ်းရည်မျိုးနှင့် အလုပ်မလုပ်ဘဲနေခြင်းမှာ တကယ်ကို နှမြောစရာကောင်းလှသည်။

သူမသည် အလေးအနက်ထား၍ သေသေချာချာမလေ့လာခဲ့ရဘဲနှင့်ပင် ဤမျှလောက်အထိ နားလည်တတ်ကျွမ်းနေသည်ဆိုလျှင် အကယ်၍ စိတ်နှစ်ပြီးသာတကယ်လုပ်ဆောင်မည်ဆိုပါက မည်မျှအထိအံ့ဩစရာကောင်းလောက်အောင် ထူးချွန်လာမည်ကို စိတ်ကူးကြည့်ရုံမျှဖြင့် သိနိုင်လေ၏။

စုန့်ကျီပိုင်က ရှောင်ထောင်းကို ခြေထောက်ဖြင့် တစ်ချက်ကန်ကာ ဆူပူလိုက်သည်။

“ငါ့ဇနီးကို ငါကိုယ်တိုင်ရှာကျွေးမှာပေါ့ဟ၊ မင်းက ဘာတွေလာပြီးစိတ်ပူနေတာလဲ”

‘ဒါက သူဝင်ရောက်စွက်ဖက်စိတ်ပူနေရမယ့် ကိစ္စမျိုးဟုတ်လို့လား’

အကယ်၍ သူသာ လုရှီမန်ကိုအလုပ်ထွက်လုပ်ခွင့်ပြုလိုက်မည်ဆိုပါက သခင်ကြီးလုသည် တစ္ဆေအဖြစ် ပြောင်းလဲသွားပြီး သူ့ကိုလာရောက်သတ်ပစ်ပေလိမ့်မည်။

သူတို့က ရတနာတစ်ပါးလို ပြုစုပျိုးထောင်ထားခဲ့သည့် အဖိုးတန်မိန်းမငယ်လေးကို အလုပ်ကြမ်းလုပ်ဖို့စေလွှတ်လိုက်ရန်မှာ အကယ်၍ သူ့ကိုယ်ပိုင်သမီးအရင်းဆိုလျှင်ပင် သူလည်း ရက်စက်နိုင်မည်မဟုတ်ချေ။

ရှောင်ထောင်း နှုတ်ခမ်းတွန့်လိုက်သည်။

‘ငါ ဘယ်လိုဝဋ်ကြွေးမျိုးရှိခဲ့လို့များ သူတို့ကို ကူညီပေးဖို့ ဇွတ်လာခဲ့မိပါလိမ့်’

All Chapters