အခန်း ၆၁
Vol. 7 Ch. 61
61
အခြားအရာများကို သူမသိသော်လည်း သူတို့ဇနီးမောင်နှံ၏ရိုမန်တစ်ဆန်လှသော ချစ်ခြင်းမေတ္တာ ခွေးစာများကိုတော့ ၀၀လင်လင်ကျွေးမွေးခြင်း ခံလိုက်ရပြီဖြစ်သည်။
စုန့်ကျီပိုင် သူ့ကိုညွှန်ကြားလိုက်၏။
“မင်းမရီးကို သေသေချာချာကူညီပေးလိုက်ဦး၊ ငါ မင်းတို့အတွက် ဟင်းသွားချက်လိုက်ဦးမယ်”
စုန့်ကျီပိုင်သည် စက်မှုပိုင်းဆိုင်ရာကိစ္စရပ်များကို သိပ်နားမလည်လှသဖြင့် ဟင်းချက်ရခြင်းက သူ့အတွက် ပိုလွယ်ကူရိုးရှင်းလှလေသည်။
ရှောင်ထောင်းသည် ဖျူးစ်နှင့် ကော်ပတ်စက္ကူတို့ကို အလျင်အမြန်ပင် ယူဆောင်လာခဲ့သည်။ လုရှီမန်၏လမ်းညွှန်ပြသမှုအောက်တွင် ယခင်ကအကြမ်းထည်ပြင်ဆင်ထားခဲ့သောနေရာများကို ပြန်လည်မွမ်းမံရန်နှင့် ရေထုတ်ပိုက်အတွင်းရှိ ပိတ်ဆို့နေသောအမှိုက်များကို သန့်စင်ရန်အတွက် နာရီဝက်ခန့်သာ အချိန်ပေးလိုက်ရ၏။
Sealအတွက်မူ ဝယ်ယူခွင့်လျှောက်လွှာ တင်ရဦးမည်ဖြစ်ရာ အချိန်အနည်းငယ် စောင့်ဆိုင်းရဦးမည်ဖြစ်သည်။
ရှောင်ထောင်း စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ပြီးပြီ၊ အလုပ်လုပ်မလုပ်စမ်းကြည့်ကြရအောင်”
ရှောင်ထောင်းသည် ရေခဲသေတ္တာကို ကြည့်ကာ ရင်တထိတ်ထိတ်ဖြစ်နေပြီး အမှန်တကယ် အလုပ်လုပ်နိုင်ပါ့မလားဟူ၍ မသေချာဖြစ်နေ၏။
အကယ်၍ အဆင်မပြေခဲ့ပါက ယနေ့မွန်းလွဲပိုင်းတစ်နေ့လုံး ကြိုးစားခဲ့သမျှ အားထုတ်မှုအားလုံးသည် အလဟဿ ဖြစ်သွားရတော့မည်။
လုရှီမန်၏မျက်နှာကတော့ တည်ငြိမ်အေးဆေးနေပြီး အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်ခြင်းမရှိချေ။
လျှပ်စစ်ပလပ်ကိုထိုးလိုက်ချိန်တွင်တော့ ကွန်ပရက်ဆာသည် ချက်ချင်း စတင်လည်ပတ်တော့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ လုရှီမန်သည် ပို၍ပင်တည်ငြိမ်သွားတော့သည်။ ကွန်ပရက်ဆာသာစတင်အလုပ်လုပ်ပြီဆိုလျှင် ကျန်ရှိနေသောကိစ္စရပ်များမှာ သေးငယ်သောပြဿနာမျှသာ ဖြစ်လေ၏။
ရှောင်ထောင်းကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် အော်လိုက်သည်။
“အဆင်ပြေသွားပြီ”
သူ့ဘဝအတွေ့အကြုံများထဲတွင် နောက်ထပ် ထူးခြားလှသောအသိပညာတစ်ခုထပ်မံတိုးပွားသွားခဲ့ပြီဖြစ်သည်။
လုရှီမန်သည် ရေတစ်ခွက်ကိုယူဆောင်ကာ ရေခဲသေတ္တာထဲသို့တိုက်ရိုက်ထည့်လိုက်၏။ အအေးဓာတ်သာ ကောင်းမွန်နေမည်ဆိုလျှင် အားလုံးအဆင်ပြေသွားပြီဖြစ်သည်။
စုန့်ကျီပိုင် သူတို့ကိုလှမ်းခေါ်လိုက်သည်။
“ထမင်းစားလို့ရပြီ၊ နောက်မှပဲ ဆက်လေ့လာကြတော့”
လုရှီမန်သည် အစားအသောက်နှင့် ပတ်သက်လျှင် မိမိကိုယ်ကိုမည်သည့်အခါမျှအလိုမကျဖြစ်အောင် မထားတတ်ပေ။
စားပွဲပေါ်တွင် ငါးဟင်း၊ အသားဟင်းများနှင့် ဟင်းသီးဟင်းရွက်များ အစုံအလင် ရှိနေသည်။ ရှောင်ထောင်းသည် ရုတ်တရက် ရောက်ရှိလာသောဧည့်သည်တစ်ဦးဖြစ်သော်ငြားလည်း သူတို့သည်ကပ်စေးနှဲတွန့်တိုမှုမရှိဘဲ ရက်ရက်ရောရောဧည့်ခံခဲ့ကြသည်။
ရှောင်ထောင်းသည် နောက်ထပ် အစားအသောက်ကောင်းများကို အားရပါးရ စားသောက်လိုက်ရရာ ကျေနပ်အားရစွာဖြင့် မျက်လုံးများပင် မှေးစင်းသွားတော့၏။
မရီးဖြစ်သူနှင့် အတူတူနေထိုင်ရသော ဘဝသည် တကယ်ကိုကောင်းမွန်လှသည်။
သူ အိမ်ထောင်ပြုသည့်အခါတွင်လည်း ဤမျှလောက်အထိ ပျော်ရွှင်နိုင်ပါ့မလားဟူ၍ တွေးတောမိသည်။ သူ သေချာပေါက် ပျော်ရွှင်ရလိမ့်ပေမည်။
အကယ်၍ မရီးဖြစ်သူကဲ့သို့လှပချောမောလှသော ဇနီးသည်မျိုးကိုသာ ရရှိမည်ဆိုပါက သူသည် ရှောင်ပိုင်ကဲ့သို့ပင် မည်မျှပင်ပန်းပါစေ ကြိုးစားရှာဖွေကျွေးမွေးရန် လိုလိုလားလားရှိနေမည်။
သူတို့ ထမင်းစားနေစဉ်အတွင်းမှာပင် ရေခဲသေတ္တာသည် ဆက်လက်လည်ပတ်နေခဲ့သည်။ ထမင်းစားပြီးနောက် ရေခဲသေတ္တာတံခါးကိုဖွင့်လိုက်ချိန်တွင်တော့ သူတို့သည်အေးမြလှသော အအေးဓာတ်ကိုသိသိသာသာခံစားလိုက်ရတော့သည်။
ရှောင်ထောင်း အံ့ဩဝမ်းသာစွာဖြင့် ရေရွတ်လိုက်၏။
“တကယ်အေးနေပြီပဲ”
ဤရေခဲသေတ္တာက တကယ်ကို ကောင်းမွန်လွန်းလှသည်။
ရှောင်ထောင်း မျှော်လင့်ချက်အပြည့်ဖြင့် တောင်းဆိုလိုက်သည်။
“မရီး၊ ကျွန်တော် ရေခဲချောင်းအချို့ဝယ်ပြီး မရီးတို့အိမ်မှာလာသိမ်းထားလို့ရမလား၊ နွေရာသီရောက်ရင် အချိန်မရွေးထုတ်စားလို့ရတာပေါ့၊ လျှပ်စစ်မီတာခအတွက်လည်း ကျွန်တော် ပိုက်ဆံနည်းနည်းထည့်ပါ့မယ်”
ပူပြင်းလှသောနွေရာသီတွင် စစ်သင်တန်းဆင်းပြီးနောက် ပူအိုက်လာလျှင် ရေခဲချောင်းအေးအေးလေးတစ်ချောင်း စားသုံးလိုက်ရခြင်းက တကယ်ကို အံ့ဩစရာကောင်းလောက်အောင် စိတ်အပန်းပြေစေလိမ့်မည်။
သူသည် မျှော်လင့်ချက်များနှင့် တောက်ပနေသောမျက်လုံးများဖြင့် လုရှီမန်ကို စိုက်ကြည့်လိုက်သည်။
လုရှီမန် ခေတ္တမျှစဉ်းစားဟန်ပြုပြီးနောက် ခေါင်းညိတ်ပြကာ သဘောတူလိုက်သည်။
“ရတာပေါ့၊ ရေခဲချောင်းလေး သိမ်းထားတာပဲဥစ္စာ”
မည်သို့ပင်ဆိုစေကာမူ ရေခဲသေတ္တာဆိုသည်မှာ ရေခဲမုန့်နှင့်အခြားအရာများကို အေးမြအောင်သိမ်းဆည်းရန်အတွက် တီထွင်ထားခြင်းဖြစ်သည်။
စုန့်ကျီပိုင်၏သူငယ်ချင်းကောင်းတစ်ဦးဖြစ်သဖြင့် သူသည် ဤကဲ့သို့သော အခွင့်အရေးအနည်းငယ်ကို ရရှိထိုက်ပေသည်။ သူသည် အားကိုး၍မရသော တခြားလူများနှင့်မတူညီချေ။ အကယ်၍သာ ထိုသို့သောလူမျိုးဆိုလျှင် သူမအနေဖြင့် လုံးဝအဖတ်လုပ်မည်မဟုတ်ပေ။
ရှောင်ထောင်း ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်လိုက်သည်။
“မရီးက အကောင်းဆုံးပဲ”
သူက စုန့်ကျီပိုင်ဘက်သို့လှည့်ကာ သတိပေးလိုက်ပြန်သည်။
“ရှောင်ပိုင်၊ မင်းကတော့ ဒီလိုဇနီးမျိုးနဲ့ လက်ထပ်ခွင့်ရဖို့ ဘဝပေါင်းရှစ်ဘဝလောက်ကံကောင်းမှုတွေ စုဆောင်းခဲ့ရတာဖြစ်ရမယ်၊ သူမအပေါ် သေသေချာချာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါ၊ အကယ်၍ မင်းသာသူမကို အနိုင်ကျင့်မယ်ဆိုရင်တော့ ငါတို့ တပ်ရင်းက ညီအစ်ကိုတွေကိုခေါ်လာပြီး မင်းကို အဝတ်ဆုတ်ဖြစ်အောင်ဝိုင်းရိုက်ကြမှာနော်”
ရှောင်ထောင်းသည် သူ့ကို အစားအသောက်ကောင်းများ ကျွေးမွေးသူ၏အကျိုးအတွက် သူ့သူငယ်ချင်းကောင်းကို ချက်ချင်းပင် သစ္စာဖောက်လိုက်တော့၏။
စစ်တပ်ထဲတွင် ရဲဘော်ရဲဘက် ညီအစ်ကိုများစွာရှိသော်လည်း ဤမျှလောက် ကောင်းမွန်လှသောမရီးမျိုးကိုတော့ အခြားမည်သည့်နေရာမှာမှ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ချေ။
လုရှီမန်သည် ရှောင်ထောင်းကိုကြည့်ကာ အလွန်ရယ်စရာကောင်းသည်ဟု ထင်မှတ်နေမိသည်။
စုန့်ကျီပိုင်အနေဖြင့် ဤကဲ့သို့သော သူငယ်ချင်းတစ်ဦးရှိနေခြင်းက တကယ်ကို ကံကောင်းလှသည်။ စုန့်ကျီပိုင်ကတော့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်မိ၏။
ယခုလိုဖြစ်လာမည်မှန်းကြိုသိခဲ့လျှင် သူ အခြားလူတစ်ဦးကိုသာ အကူအညီတောင်းခဲ့ပေလိမ့်မည်။ ရှောင်ထောင်းမှာ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလွန်းလှ၏။
ရေခဲသေတ္တာကိုပြင်ဆင်ပြီးနောက် ထမင်းစားသောက်ကာ အတန်ကြာအောင် စကားပြောခဲ့ကြသည်။
ရှောင်ထောင်းသည်လည်း အကြာကြီး ဆက်မနေတော့ဘဲ လင်မယားနှစ်ဦးလုံး သီးသန့်အချိန်ရရှိစေရန်အတွက် နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
လုရှီမန် စကားစလိုက်သည်။
“စုန့်ကျီပိုင်၊ ကျွန်မတို့ အခုအချိန်ဆိုရင် လျှပ်စစ်ပန်ကာတစ်လုံး ဝယ်လို့ရပြီထင်တယ်”
ဟိုင်နန်ကျွန်း၏ဧပြီလရာသီတွင် နေရောင်ခြည်အပူရှိန်က တဖြည်းဖြည်း ပြင်းထန်လာခဲ့ပြီဖြစ်သည်။ နောက်ထပ် နှစ်လခန့်ကြာမြင့်ပြီးနောက်တွင်တော့ ယခုထက်ပို၍ ပူပြင်းလာတော့မည်မှာ အသေအချာပင်။
လေအေးပေးစက်ရရှိနိုင်ရန် မျှော်လင့်ချက်မရှိသဖြင့် သူမအနေဖြင့် လျှပ်စစ်ပန်ကာတစ်ခုကိုသာ စဉ်းစားနိုင်တော့သည်။ သို့သော်လည်း ဤစကားကို စုန့်ကျီပိုင်အား ပြောဆိုလိုက်ခြင်းမှာ သူ့ကိုအသိပေးရုံမျှသာပင်။ စုန့်ကျီပိုင်သည် လုရှီမန်၏အကြံဉာဏ်နှင့် အလိုဆန္ဒမှန်သမျှကို မည်သည့်အခါမျှ ငြင်းပယ်လေ့မရှိချေ။
သူတို့နှစ်ဦးအိမ်ထဲတွင် စကားပြောဆိုနေကြစဉ်မှာပင် ခြံဝင်းငယ်လေး၏ တံခါးဝအနီးတွင် တစ်စုံတစ်ယောက်က ဆောင့်ကြောင့်ထိုင်လျက် ချောင်းမြောင်းနေခဲ့သည်။
သူမသည် အိမ်ထဲရှိရေခဲသေတ္တာကို စိုက်ကြည့်လိုက်ရင်း မနေ့က သူမခိုးနားထောင်ခဲ့သောစကားများကို ပြန်လည်သတိရသွားကာ သူမမျက်လုံးများထဲတွင် ရက်စက်ယုတ်မာလှသော အလင်းတန်းတစ်ခုဖြတ်သန်းသွားတော့သည်။
‘ဒီဆဲပစ်ချင်စရာကောင်းတဲ့ ကောင်မ၊ သူတို့ကို ဘယ်လိုမျိုးဖျက်ဆီးပစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်တော့'