အခန်း ၆၂
Vol. 7 Ch. 62
62
မွန်းလွဲပိုင်းအချိန်တွင် လုရှီမန်သည် သူမဟင်းသီးဟင်းရွက်စိုက်ခင်းလေးကို အေးအေးလူလူ ပြုစုပျိုးထောင်ရင်း အလွန်ပင် စိတ်လက်ပေါ့ပါးနေလေသည်။
သို့သော်လည်း အချိန်များ တဖြည်းဖြည်းကုန်လွန်သွားသည်ကိုကြည့်ရင်းနှင့် မီးမမွှေးရသေးသောမီးဖိုကို လှမ်းမြင်လိုက်ရသောအခါ သူမတစ်ယောက်တိတ်ဆိတ်သွားရတော့သည်။
‘ငါ ဟင်းချက်နည်းကို သင်ယူသင့်နေပြီထင်တယ်'
စုန့်ကျီပိုင်တစ်ယောက် မည့်သည့်အရာများကြောင့် အလုပ်ရှုပ်နေသည်ကို သူမ မသိသော်လည်း ထမင်းစားချိန်ရောက်သည့်တိုင်အောင် သူပြန်မရောက်လာသေးချေ။
ခဏတဖြုတ် ဗိုက်ဆာခံရခြင်းက သူမအတွက် ကြီးမားသောပြဿနာတစ်ခု မဟုတ်သော်ငြား တစ်နေကုန်အလုပ်လုပ်ကာ ပင်ပန်းနွမ်းနယ်နေသူကို အိမ်ပြန်လာပြီး သူမလိုအားယားနေသူတစ်ယောက်အတွက် ဟင်းချက်ခိုင်းရခြင်းမှာမူ အနည်းငယ်တော့လွန်ရာကျလွန်းသည်ဟု သူမခံစားလိုက်ရသည်။
သူမသည် ခုံတန်းလေးတစ်ခုပေါ်တွင် ထိုင်ကာ အချိန်အတော်ကြာ စဉ်းစားခန်းဝင်နေပြီးနောက် အဆုံးတွင်တော့ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချလိုက်တော့သည်။
လုရှီမန် ယုံကြည်မှုအပြည့်ဖြင့်ကြေညာလိုက်၏။
“ငါ ဟင်းချက်သင်တော့မယ်”
သူမသည် ချက်ချင်းပင်မတ်တတ်ရပ်လိုက်ပြီး မျက်လုံးများထဲတွင် ယုံကြည်မှုများအပြည့်လင်းလက်တောက်ပနေသည်။
ဟင်းချက်ရုံလောက် သေးငယ်လှသော ကိစ္စလေးတစ်ခုက သူမကဲ့သို့ပါရမီရှင်တစ်ယောက်ကို အဘယ်ကြောင့်အခက်တွေ့စေနိုင်မည်နည်း။
ဟင်းချက်ရခြင်းက အလွန်တိကျသေချာမှုရှိသော စက်အစိတ်အပိုင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ရခြင်းထက်တော့ သေချာပေါက်ပိုမခက်ခဲနိုင်ချေ။
သူမသည် မီးဖိုကိုစိုက်ကြည့်လိုက်ပြီး မီးခြစ်ဆံတစ်ချောင်းခြစ်ကာ အတွင်းသို့ပစ်ထည့်လိုက်သော်လည်း ထိုသေးငယ်လှသော မီးတောက်လေးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ညကောင်းကင်ယံက မီးရှူးမီးပန်းများကဲ့သို့ပင် လင်းလက်သွားပြီးနောက် ချက်ချင်းငြိမ်းသတ်သွားခဲ့၏။
လုရှီမန်သည် မီးဖိုကိုကြောင်ငေးကြည့်ရင်း ခေတ္တမျှတိတ်ဆိတ်သွားခဲ့သည်။ သူမ၏ဟင်းချက်ခြင်းခရီးစဉ်လေးသည် တကယ်တမ်းမစတင်ရသေးခင်မှာပင် ဤသို့နိဂုံးချုပ်သွားရတော့၏။
‘ဒါက တကယ်ရောယုတ္တိကျရဲ့လား'
လုရှီမန် ခေါင်းယမ်းကာရေရွတ်လိုက်သည်။
“မဟုတ်သေးဘူး မဟုတ်သေးဘူး၊ တစ်ခုခုတော့မှားနေပြီ”
သူမသည် မီးဖိုထဲရှိကျောက်မီးသွေးတုံးများကို စိုက်ကြည့်ကာ အလေးအနက် စဉ်းစားနေတော့သည်။ စက္ကန့်သုံးဆယ်ခန့်အကြာတွင်တော့ သူမသည်စိတ်လှုပ်ရှားစွာဖြင့် ကိုယ့်နဖူးကိုရိုက်လိုက်တော့၏။ လုရှီမန် အော်ဟစ်လိုက်သည်။
“ငါ တကယ်တုံးတာပဲ၊ မီးမွှေးဖို့ လောင်စာမပါဘဲနဲ့ ဘယ်လိုလုပ်မီးကတောက်မှာလဲ”
စုန့်ကျီပိုင် ဟင်းချက်စဉ်က လုပ်ဆောင်ခဲ့သောအဆင့်များကို ပြန်လည်စဉ်းစားကြည့်သောအခါ သူသည် မီးစတင်မွှေးရန်အတွက် စက္ကူအစုတ်များ သို့မဟုတ် ထိုကဲ့သို့သောအရာတစ်ခုခုကို အမြဲတမ်း အသုံးပြုလေ့ရှိကြောင်း သတိရသွားသည်။ သူမ ထိုအဆင့်ကို ကျော်သွားခဲ့ခြင်းဖြစ်ရမည်။
သူမသည် သတင်းစာဟောင်းအချို့ကို ရှာဖွေတွေ့ရှိသွားပြီး မီးဖိုထဲသို့ထည့်ကာ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်လိုက်သည်။
မီးတောက်များ စတင်တောက်လောင်လာသော်လည်း ကျောက်မီးသွေးတုံးများကိုတော့ လုံးဝကူးစက်လောင်ကျွမ်းခြင်း မရှိသေးချေ။ သို့သော်လည်း အနည်းငယ်တော့ တိုးတက်မှုရှိလာခဲ့ပြီဖြစ်သည်။
နောက်ထပ်တစ်ကြိမ်လောက် ထပ်ကြိုးစားကြည့်လိုက်ရင် သေချာပေါက် အဆင်ပြေသွားတော့မည်။
သူမ၏မလျှော့သော ဇွဲလုံ့လဖြင့် ကြိုးပမ်းအားထုတ်မှုများကြောင့် နောက်ဆုံးတွင်တော့ လုရှီမန်တစ်ယောက် မီးမွှေးခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
မီးဖိုထဲမှထွက်ပေါ်လာသော နွေးထွေးသည့် အပူဓာတ်ကို ခံစားလိုက်ရချိန်တွင်တော့ သူမယုံကြည်မှုများက ချက်ချင်းပင် ကောင်းကင်ယံသို့ထိုးတက်သွားတော့သည်။
အကြိမ်ကြိမ်ကြိုးစားပြီးနောက်တွင်တော့ သူမသည် ဤနည်းလမ်းကိုလုံးဝ ကျွမ်းကျင်ပိုင်နိုင်သွားခဲ့ပြီဖြစ်၏။ အမှားများမှတစ်ဆင့် သင်ယူခြင်းက အောင်မြင်မှုအတွက် အတွေ့အကြုံများကို တည်ဆောက်ပေးခြင်းသာဖြစ်သည်။
နောက်တစ်ကြိမ်တွင်တော့ သူမအနေဖြင့် တစ်ကြိမ်တည်းနှင့် မီးမွှေးနိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိနေတော့သည်။
စုန့်ကျီပိုင်သည် အိမ်သို့မရောက်ခင်မှာပင် မီးခိုးနံ့သင်းသင်းလေးရှူရှိုက်မိလိုက်သည်။ ထိုအခါ သူ့ရင်ထဲတွင်မကောင်းသော နိမိတ်တစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
အိမ်ထဲသို့ရောက်လာပြီး ကျားပေါက်လေးတစ်ကောင်ပမာ မျက်နှာတွင် အမည်းကွက်များပေကျံနေသော လုရှီမန်ကိုမြင်လိုက်ရချိန်တွင်တော့ သူ ငိုရခက် ရယ်ရခက် ဖြစ်သွားရတော့သည်။
လုရှီမန် သူ့ကိုမြင်သည်နှင့်ဂုဏ်ယူဝင့်ကြွားစွာဖြင့် လှမ်းပြောလိုက်သည်။
“စုန့်ကျီပိုင် ကြည့်ဦး၊ ကျွန်မ မီးမွှေးတတ်သွားပြီ”
ချီးကျူးစကားကို မျှော်လင့်တောင့်တနေသော သူမ၏ထိုအမူအရာလေးကြောင့် စုန့်ကျီပိုင်အနေဖြင့် လိုက်လျောရန်သာရှိတော့၏။
သခင်မလေးသည် ဤကဲ့သို့သော အလုပ်မျိုးကို တစ်ခါမျှမလုပ်ဖူးခဲ့ချေ။ ယခုလို မီးမွှေးနိုင်ခြင်းကပင်လျှင် တကယ်ကို ချီးကျူးထိုက်သောအရာတစ်ခုဖြစ်သည်။
စုန့်ကျီပိုင် ဂုဏ်ယူကျေနပ်စွာဖြင့် ချီးကျူးလိုက်သည်။
“အရမ်းတော်တာပဲ”
လုရှီမန် မျက်ခုံးပင့်ကာဝင့်ကြွားစွာ ပြန်ပြောလိုက်၏။
“ဒါပေါ့၊ ဒီလို ကိစ္စသေးသေးလေးက ကျွန်မကို အခက်တွေ့အောင်မလုပ်နိုင်ဘူးဆိုတာ ကျွန်မသိပြီးသားပါ”
သို့သော်လည်း ထိုအချိန်မှာပင် သူမလက်များပေါ်ရှိ မည်းနက်နေသော မီးသွေးခဲအစအနများကို သတိပြုမိသွားပြီး သူမစဉ်းစားနေစဉ်တုန်းက ခေါင်းကုတ်နေခဲ့မိသည်ကို ပြန်လည်သတိရသွားသောအခါ...
‘ဒုက္ခပါပဲ’
သူမ တစ်ကိုယ်လုံးတုန်တက်သွားပြီး မှန်ဆီသို့ အပြေးအလွှားသွားရောက်ကြည့်ရှုလိုက်တော့သည်။
မှန်ထဲရှိ မိမိကိုယ်ကိုမြင်လိုက်ရချိန်တွင်တော့ သူမရင်ထဲတွင် ကြေကွဲသွားရတော့၏။
သူမမျက်နှာတစ်ခုလုံးတွင် မည်းနက်နေသော ပြာအစအနများပေကျံနေပြီး ရယ်စရာကောင်းသော လူပြက်တစ်ယောက်နှင့် တူနေတော့သည်။
သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး မြေကြီးဟက်တက်ခွဲကာ ထိုအထဲသို့ ဝင်ပုန်းချင်စိတ်များပင် ပေါက်လာခဲ့သည်။
‘ဒီလိုမျက်နှာကြီးနှင့် ငါက ဘယ်လိုလုပ်ပြီး ချီးကျူးစကားကိုတောင်းဆိုရဲခဲ့တာလဲ'
‘ငါရဲ့ဂုဏ်သိက္ခာတွေတော့ အကုန် ရေစုန်မျောပါပြီ'
ပြာယာခတ်နေသော သူမအခြေအနေကိုကြည့်ရင်း စုန့်ကျီပိုင်သည် မနေနိုင်တော့ဘဲ တိုးတိုးလေးရယ်မောလိုက်မိ၏။ သခင်မလေးသည် တကယ်ကို ချစ်စရာကောင်းလွန်းလှသည်။
သူ ကလေးဘဝတုန်းကမြင်ဖူးခဲ့သော ကြောင်ပေါက်လေးများနှင့် တူနေကာ သူ့ကိုလက်လှမ်းပြီး ပွတ်သပ်ယုယချင်စိတ်များဖြစ်ပေါ်လာစေ၏။
သို့သော်လည်း သူသည်တွေးရုံသာတွေးရဲပြီး လက်တွေ့တော့ မလုပ်ရဲချေ။ စုန့်ကျီပိုင်သည် ခေါင်းငုံ့ကာ မီးဖိုချောင်ကိုသာ တိတ်တဆိတ်ရှင်းလင်းနေတော့သည်။
အချိန်လည်း အတော်လေးလင့်နေပြီဖြစ်ရာ သူသည်ဟင်းများချက်ပြုတ်နေရန် မကြိုးစားတော့ဘဲ ရိုးရှင်းသော ခေါက်ဆွဲပြုတ်လေးကိုသာ ပြင်ဆင်လိုက်တော့သည်။
လုရှီမန်၏စိတ်တွင်းပဋိပက္ခများ ပြီးဆုံးသွားချိန်တွင်တော့ ခေါက်ဆွဲပြုတ်များလည်း အသင့်ဖြစ်နေပြီဖြစ်၏။
လုရှီမန် မွှေးကြိုင်သောရနံ့ကိုရှူရှိုက်ရင်း စုန့်ကျီပိုင်အနီးသို့ကပ်သွားကာ ပြောလိုက်သည်။
“အရမ်းမွှေးတာပဲ”
လုရှီမန် ကျေးဇူးတင်စကားဆိုလိုက်သည်။
“စုန့်ကျီပိုင် ရှင့်လိုလူရှိနေတာ ကျွန်မ တကယ်ကံကောင်းတာပဲ”