← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

63

ဤသည်မှာ ဇနီးသည်၊ သားသမီးများနှင့် နွေးထွေးသောကုတင်တစ်လုံးဆိုသည့် ပျော်ရွှင်ဖွယ်ဘဝမျိုးပင်ဖြစ်သည်။

ယောက်ျားများအိမ်ထောင်ပြုချင်ကြသည်မှာ အံ့ဩစရာမဟုတ်တော့ချေ။ အိမ်ထောင်ပြုရခြင်းကလည်း တကယ်ကို ကောင်းမွန်သည့်အရာတစ်ခုဖြစ်ကြောင်း သူမယခုမှသာ ခံစားသိရှိလာရသည်။

သဘောထားပြည့်ဝပြီး အရည်အချင်းရှိသော လူငယ်လေးတစ်ယောက်ဆိုလျှင်တော့ပိုတောင်ကောင်းသေး၏။

လုရှီမန်သည် စုန့်ကျီပိုင်ထံ တွက်ချက် အကဲခတ်နေသောအကြည့်များဖြင့် ကြည့်လိုက်သော်လည်း ထိုအဓိပ္ပာယ်မဲ့လှသောအတွေးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

ဟန်ဆောင်လက်ထပ်ထားရခြင်းကပင်လျှင် စုန့်ကျီပိုင်အတွက် မတရားမှုတစ်ခု ဖြစ်နေပြီဖြစ်၏။

အကယ်၍ သူမကသာ သူ့ကိုအမှန်တကယ်ချုပ်နှောင်ထားမည်ဆိုလျှင် သူမသည် တကယ်ကိုဆိုးရွားသောလူတစ်ယောက်ဖြစ်သွားပေလိမ့်မည်။

စုန့်ကျီပိုင်ကလည်း နွေးထွေးစွာ ပြန်ပြောလိုက်သည်။

“ကိုယ်လည်း အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်”

စုန့်ကျီပိုင် ဂရုတစိုက်မှာလိုက်သည်။

“စားကြရအောင်၊ နောက်ပိုင်း မင်းဗိုက်ဆာလာခဲ့ရင် မုန့်နည်းနည်းပါးပါးအရင်စားထားပြီး ကိုယ်ပြန်လာမယ့်အချိန်ကို စောင့်နေလိုက်နော် ဟုတ်ပြီလား”

အကယ်၍ သခင်မလေး၏နုနယ်သော လက်ကလေးများ မီးလောင်သွားခဲ့လျှင် သူ့ရင်ထဲတွင် အရမ်းနာကျင်ရပေလိမ့်မည်။

ဤစကားများသည် နားထောင်လို့ ကောင်းလှသော်လည်း လုရှီမန်ကတော့ လိုက်နာရန် အစီအစဉ်မရှိချေ။

သူမသည် ဟင်းချက်ခြင်းကိုမဖြစ်မနေ တတ်မြောက်ရမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ မအောင်မြင်မချင်း သူမလုံးဝရပ်တန့်သွားမည်မဟုတ်ပေ။

လုရှီမန် ပြီးစလွယ် ခေါင်းညိတ်ပြလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

“အင်းပါ၊ အဲဒီအကြောင်းတွေမပြောပါနဲ့တော့ အရင်စားကြရအောင်၊ ကျွန်မ အရမ်းဗိုက်ဆာနေပြီ”

ခေါက်ဆွဲပြုတ်ထဲတွင် ပင်လယ်စာများ အပြည့်ပါဝင်နေပြီး အရသာမှာလည်း လတ်ဆတ်ချိုမြိန်လှရာ ဆယ်ယွမ်ကျော်ပေးရသော ပင်လယ်စာခေါက်ဆွဲများထက် လုံးဝညံ့ဖျင်းခြင်းမရှိချေ။

လုရှီမန် စိတ်အားထက်သန်စွာမေးလိုက်သည်။

“စုန့်ကျီပိုင် ရှင်ဖက်ထုပ်လုပ်တတ်လား”

ပင်လယ်စာခေါက်ဆွဲပြုတ်ကို စားသောက်နေရင်း သူမသည် ပင်လယ်စာ ဖက်ထုပ်များကို ရုတ်တရက် အလွန်အမင်းစားချင်စိတ်ပေါက်လာခဲ့သည်။

“ပုစွန်တစ်ကောင်လုံးပါတဲ့ အိုးကပ်ဖက်ထုပ်ကြော်လေ အရသာကတော့ သေချာပေါက် နတ်သုဒ္ဓါလိုကောင်းမွန်နေမှာပဲ”

လုရှီမန် ထပ်မံတောင်းဆိုလိုက်ပြန်သည်။

“ပြီးတော့ ပုစွန်ဖက်ထုပ်လေးတွေရောပဲ၊ အဲဒါလည်းစားချင်တယ်”

ဤအရာက ကွမ်တုန်းမနက်ခင်းလက်ဖက်ရည်ဝိုင်းတွင် သူမအနှစ်သက်ဆုံး အစားအစာတစ်ခုဖြစ်လေ၏။

စုန့်ကျီပိုင် ခေတ္တမျှငြိမ်ကျသွားသည်။

သူသည် ဖက်ထုပ်များကိုသိရှိထားပြီး ပုစွန်ဖက်ထုပ်ဆိုသည်ကိုလည်း နာမည်ကိုကြည့်၍ ခန့်မှန်းနိုင်သော်လည်း အိုးကပ်ဖက်ထုပ်ကြော်ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကိုမူ သူမသိချေ။

စုန့်ကျီပိုင် မသေချာသောလေသံဖြင့် ပြန်ပြောလိုက်သည်။

“ဖက်ထုပ်တွေနဲ့ ပုစွန်ဖက်ထုပ်ကိုတော့ ကိုယ်တို့ စမ်းလုပ်ကြည့်လို့ရပါတယ်၊ ဒါပေမဲ့ အိုးကပ်ဖက်ထုပ်ကြော်ဆိုတာက...”

လုရှီမန် အမြန်ရှင်းပြလိုက်သည်။

“အဲဒါကလည်း ဖက်ထုပ်နဲ့ခပ်ဆင်ဆင်ပါပဲ၊ ရှင် အလုပ်ဆင်းတဲ့အချိန်ကျရင် ဖက်ထုပ်လုပ်စားကြမယ်လေ”

သူမ စုန့်ကျီပိုင်ကိုမော့ကြည့်လိုက်ရာ သူမမျက်လုံးများထဲတွင် တောင်းဆိုမှုများ အပြည့်အဝပါဝင်နေသည်။

သူမသည် မည်သူ့ကိုမျှအလွယ်တကူ ခေါင်းငုံ့တတ်သူမျိုးမဟုတ်သော်ငြားလည်း အရသာရှိသော အစားအစာတစ်လုတ်အတွက် ခေါင်းငုံ့ရခြင်းက မဖြစ်နိုင်သည့်အရာတစ်ခုတော့ မဟုတ်ချေ။

အစားအသောက် ပို့ဆောင်ပေးသော ဝန်ဆောင်မှုများမရှိသေးသလို အိမ်အကူလည်း ငှားရမ်း၍မရနိုင်သော ဤခေတ်အခါမျိုးတွင် သူမကိုယ်တိုင်လည်း မသင်ယူရသေးသဖြင့် အရာရာကိုတတ်စွမ်းသော စုန့်ကျီပိုင်အား အကူအညီတောင်းရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ချေ။

စုန့်ကျီပိုင်သည် သူမ၏ထိုအကြည့်ကို လုံးဝမခုခံနိုင်ချေ။

သူမ စကားမဆုံးသေးခင်မှာ သူက ခေါင်းညိတ်ပြီးနေပြီဖြစ်သည်။

စုန့်ကျီပိုင် ချက်ချင်းသဘောတူလိုက်၏။

“ရတာပေါ့”

အကယ်၍ ယခုအချိန်တွင် အသားဝယ်စရာနေရာမရှိသောကြောင့်သာမဟုတ်လျှင် သူသည် သခင်မလေးအတွက် ချက်ချင်းလုပ်ပေးလိုက်မည်မှာ အသေအချာပင်။

လုရှီမန် ပျော်ရွှင်စွာဖြင့် လွှတ်ခနဲပြောလိုက်သည်။

“ရှင့်ကိုတော့ ချစ်သွားပြီ”

လုရှီမန်သည် သူ့ထံမျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးနောက် သူမ၏ခေါက်ဆွဲပြုတ်ကိုသာ ဆက်လက်စားသောက်နေတော့သည်။

သူမ မစဉ်းစားဘဲ လွှတ်ခနဲပြောလိုက်သော ထိုစကားများက စုန့်ကျီပိုင်အတွက်တော့ အလွန်ကြီးမားသော တုန်လှုပ်မှုကိုဖြစ်စေခဲ့၏။

‘ချစ်တယ်... ငါ့ကို ချစ်တယ်တဲ့လား'

‘ငါ ထင်ယောင်ထင်မှားများဖြစ်နေတာလား'

သူ့နားရွက်ဖျားလေးများသည် ချက်ချင်းပင် ရှက်သွေးဖြာကာ နီရဲသွားတော့သည်။

သူသည် အချိန်အတော်ကြာသည်အထိ ခေါက်ဆွဲများကိုပင် မစားနိုင်တော့ဘဲ သူ့ခေါင်းထဲတွင် သူမယခုလေးတင် ပြောသွားခဲ့သော စကားများကသာ ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေတော့သည်။

သူသည် လုရှီမန်ကိုကြည့်ရင်း နှုတ်ခမ်းသပ်လိုက်၏။

သူ့ရင်ထဲရှိ ဂနာမငြိမ်ဖြစ်နေမှုများက ပို၍ပင် သိသာထင်ရှားလာခဲ့သည်။

သူ့စိတ်ကူးထဲတွင်မြင်ကွင်းမျိုးစုံက ဖြတ်ပြေးသွားပြီး မနေ့ညက သူမ သူ့ဗိုက်ကြွက်သားများကို ထိတွေ့ခဲ့သော နေရာလေးသည်လည်း မီးလောင်နေသကဲ့သို့ ပူနွေးလာတော့သည်။

စုန့်ကျီပိုင်၏လှုပ်ရှားမှုများ အတန်ကြာ ရပ်တန့်နေသည်ကိုမြင်သောအခါ လုရှီမန် သူ့ကိုမော့ကြည့်လိုက်၏။

သူ၏ နီရဲနေသောမျက်နှာကို မြင်လိုက်ရချိန်တွင်တော့ သူမကိုယ်တိုင်လည်း ယခုလေးတင်ပြောခဲ့သည့်အရာကို ပြန်လည်သတိရသွားတော့သည်။

လုရှီမန်တစ်ယောက် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။

သူမသည် အလျင်အမြန်ခေါင်းငုံ့လိုက်ပြီး ကိုယ့်ပေါင်ကိုပြန်လိမ်ဆွဲလိုက်မိ၏။

‘ငါ့ရဲ့ဒီပါးစပ်က ဘာဖြစ်လို့များ အမှတ်မရှိရတာလဲ'

သူမသည် ပါးစပ်ထဲရှိရာကို လျှောက်ပြောတတ်သည်။ ယခင်က သူမ၏စီနီယာအစ်မကို ထိုသို့အမြဲတမ်းပြောလေ့ရှိရာ ယခုလည်း မစဉ်းစားမဆင်ခြင်ဘဲ လွှတ်ခနဲထွက်သွားခြင်းဖြစ်၏။

သူမ ရှင်းပြရန်အတွက်မော့ကြည့်လိုက်ချိန်တွင် စုန့်ကျီပိုင်ကလည်း သူမကို အကဲခတ်သည့်အကြည့်ဖြင့် လှမ်းကြည့်လာသည်နှင့် ကွက်တိဆုံသွားတော့သည်။

သူတို့နှစ်ဦး၏အကြည့်များ ဆုံသွားချိန်တွင်တော့ သူမ၏ရှင်းပြချက်များအားလုံး လည်ချောင်းဝတွင် တစ်ဆို့သွားပြီး ဘယ်ကနေ ဘယ်လိုစပြောရမည်ကိုပင် မသိတော့ချေ။

လုရှီမန် ချောင်းတစ်ချက်ဟန့်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ထို့နောက် အထစ်ထစ်အငေါ့ငေါ့ဖြင့်စပြောလိုက်၏။

“ဟို... ကျွန်မ... စောစောကပြောလိုက်တာကလေ...”

သူမသည် အချိန်အတော်ကြာအောင် ရုန်းကန်နေရသော်လည်း နစ်မြှပ်သေဆုံးသွားနိုင်လောက်အောင် နူးညံ့ညင်သာလွန်းလှသော စုန့်ကျီပိုင်၏အကြည့်များကို မြင်သောအခါ သူမ ဘာဆက်ပြောရမည်ကို မသိအောင်ဖြစ်သွားရတော့သည်။

အကယ်၍ သူမက စုန့်ကျီပိုင်ကိုမကြိုက်ဘူးဟုပြောလိုက်လျှင် သူ့အသည်းကို ခွဲလိုက်သလိုဖြစ်သွားမည်ပင်။

‘ဒါပေမယ့် သူ့ကိုမကြိုက်ဘူးလို့ပြောဖို့ကလည်း... တကယ်တမ်းကျတော့ ငါလည်း သူ့ကို နည်းနည်းလေးတော့ သဘောကျနေမိသလိုပဲ'

သူမသည် နောက်တစ်ကြိမ်ခေါင်းငုံ့လိုက်ပြန်ပြီး တစ်စုံတစ်ခုကိုစဉ်းစားနေသည့်အလား နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်သည်။

စုန့်ကျီပိုင်သည် သူမအခြေအနေကို ကြည့်ကာ စကားပြောရန်ပြင်လိုက်ချိန်မှာပင် အပြင်ဘက်မှ ဆူညံသံတစ်သံထွက်ပေါ်လာခဲ့သည်။ အပြင်ဘက်မှ အသံတစ်သံက စူးရှစွာထွက်ပေါ်လာသည်။

“ရေခဲသေတ္တာဝယ်ချင်နေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး၊ သူကအရင်းရှင်ရဲ့သမီးကိုး”

All Chapters